Skip to main content

အဘိဓမ္မာကျေးဇူးဆပ်တရားဖြင့် နေ့စဉ်သီတင်းကျွတ်စေချင်ပါသည်

ဒေါက်တာမြတ်မိုး

ကျေးဇူးရှင်မြတ်စွာဘုရားသည် ခုနစ်ဝါမြောက်တွင် မယ်တော်မာယာဖြစ်ခဲ့ဖူးသည့် သုတိသာနတ်ပြည်ရှိ သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သည့်အနေဖြင့် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရားတော်ကြီးကို ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ထူးမြတ်သာလွန်သော ဤတရားတော်ကြီးသည် ကျေးဇူးဆပ်တရားတော်အဖြစ် ထူးခြားခဲ့သလို ကုသိုလ်တရား၊ သစ္စာတရား အားဖြင့်လည်း ကျယ်ဝန်းနက်နဲလှသည့် တရားဖြစ်သည်ဟု ဆိုကြပါသည်။

ဗုဒ္ဓ၏အမွေကို လက်ဆင့်ကမ်း

ယနေ့ခေတ် လူပုဂ္ဂိုလ်များစွာသည် အဘိဓမ္မာ၏ကျေးဇူးများကိုသိလို၍ အဘိဓမ္မာတရားတော်ကြီးကို သင်ကြားနာယူလာကြပြီဖြစ်သည်။ သိလို၍သင်၊ သင်ရာမှပို၍သိလာကြသည်။ ပို၍နာယူလာကြသည်။ ပါရမီရင့်သန်သူများက အကျင့်အထိသွားနေကြပြီကို လေ့လာမိသည်။ အသိနှင့်အကျင့်ပေါင်း၍ တရားရှိ လာကြသည်ကို တွေ့ရသည်။

ဓမ္မတရားတော် အဆုံးအမများကို စနစ်တကျလေ့လာသင်ကြားနာယူခြင်းသည်ပင် ဗုဒ္ဓအမွေကို လက်ဆင့်ကမ်းခြင်းဟုခံယူလာကြသည်။ ကျွန်တော်တို့ဗုဒ္ဓဘာသာ ဝင်တိုင်းမှာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသောသာသနာသုံးရပ် မပျောက်ကွယ်မကွယ်ပအောင်နှင့် သာသနာတော်အဓွန့် ရှည်တည်တံ့တိုးတက်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ယနေ့ခေတ်ကာလမျိုးတွင် ပို၍တာဝန်ရှိကြသည်ဟု ခံယူထားပါသည်။ ထို့ကြောင့်လည်း အဘိဓမ္မာနှင့်ပတ်သက်၍ ထပ်ကာထပ်ကာနာယူသည်။ အစဉ်မပြတ် မျှဝေသည်။ ဆွေးနွေးသည်။ ဤသို့ဖြင့် သာသနာတော်ကို ကျေးဇူးဆပ်လိုသည်။ မိဘကျေးဇူးဆပ်တရားကို ထပ်ဆင့်မျှဝေခြင်း၊ ထပ်ကာနာယူခြင်းသည်ပင် သာသနာတော်ကို ကျေးဇူးဆပ်နေသကဲ့သို့ဖြစ်သည်ဟု ခံယူမိပါသည်။

ကုသိုလ်နှင့်အကုသိုလ်အသိ

တရားတော်ကို သင်ကြားနာယူခြင်းသည် တရားတော်ကိုပူဇော်ခြင်းဖြစ်ပါသည်။ ပူဇော်မှုအထူးပြုထိုက်သောတရားတော်ကြောင့် တရားအသိများတိုးလာသည်။ ခန္ဓာမှလာသော အဘိဓမ္မာအသိဖြင့်မိမိခန္ဓာကို ပြန်လည်တိုက်ဆိုင်ဆင်ခြင်လာနိုင်သည့်အခါ ပညာဟူသောအရာကို ပိုင်ဆိုင်ရန်နီးကပ်ပြီဟု ခံစားမိနိုင်ပါသည်။ မည်သည့်အသိတရားများဖြင့် မည်သည့်အကျိုးများ ဖြစ်ထွန်းလာပါသနည်း။

အဘိဓမ္မာ၏ကျေးဇူးကြောင့် မိမိတို့သန္တာန်တွင် စက္ကန့်မလပ်ဖြစ်နေသော “ ရုပ်နာမ်တရားများ” ကို ပိုင်းခြားသရုပ်ခွဲ သိနားလည်ရန် အခြေအနေပေးလာသည်။ အနည်းဆုံးတော့ကုသိုလ်စိတ်များ၊ အကုသိုလ်စိတ်များကို သိခွင့်ရလာသည်။ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ စိတ်ကူးကြံစည်တွေးတောသမျှမှာ ဖြစ်လာရသည့်အာရုံကိုသာ သိသောစိတ်များ အပေါ် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဦးဆောင်သော အကုသိုလ်နှင့် ကုသိုလ်စေတသိက်များ၏ ခြယ်လှယ်မှုကြောင့် ကုသိုလ်၊ အကုသိုလ်စိတ်များ ဖြစ်လာရတာပါလားဆိုသည်ကို သိခွင့်ရလာသည်။

ကုသိုလ်နှင့် အကုသိုလ် ခွဲခြားသိလာသည့်အခါ အကုသိုလ်ကို ကုသိုလ်ထင်ပြီးမလုပ်သင့်သည်ကို မလုပ်မိတော့ဘဲ ရှောင်ကြဉ်လာတတ်မည်၊၊ ကုသိုလ်လုပ်ရင်း အကုသိုလ်ဖြစ်သွားပုံများ၊ အကုသိုလ်ကို အကုသိုလ်မှန်း ဆင်ခြင်မိလျှင်ပင် ကုသိုလ်ဖြစ်ပုံလေးများကို သိရှိလာရသည်မှာ ဓမ္မအကျိုးတရားတစ်ခုပင် ဖြစ်ပါတော့သည်။

အဘိဓမ္မာတရားကပေးသော အကျိုးတရားများ

ပရမတ်တရားများဖြစ်သော စိတ်နှင့်စေတသိက်တို့သည် ရောပြွမ်းနေသည်။ ဝေဒနာအလိုက်၊ ဒွါရဖြစ်တည်ရာအလိုက်၊ အာရုံအလိုက်၊ မှီရာဝတ္ထုအလိုက်၊ ဟိတ်အလိုက်ရောနှောနေကြသည်။ ထိုသို့ရောနေသည့်အပြင် ဒွါရနှင့် အာရုံတို့တိုက်၍ ဖြစ်ရသောစိတ်ဟူသည် အစဉ်အတန်းလိုက်ဖြစ်နေသည်။ ထိုသို့ဒွါရနှင့် အာရုံမတိုက်လျှင်ကော..။ စိတ်အသက်၊ ရုပ်အသက်နှင့် စိတ်တို့၊ ရုပ်တို့ဖြစ်ပျက်ပုံနှင့် နိဗ္ဗာန်အကြောင်း၊ ဇောများအကြောင်း၊ ဒွိဟိတ် တိဟိတ်ပုဂ္ဂိုလ်များအကြောင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ရုပ်ဖြစ်ရပုံ၊ ကိုယ်ပြုလိုက်သည့် ကုသိုလ်ကံ၊ အကုသိုလ်ကံများအပေါ်မူတည်၍ ရောက်ရသည့် ၃၁ ဘုံနှင့် ကြုံရဆုံရဘုံဘဝများ၊ ပဋိသန္ဓေစိတ်နဲ့ စုတိစိတ်များအကြောင်း၊ အကြောင်း တရားများဖွဲ့စည်း၍ အကျိုးတရားများဖြစ်ပုံချုပ်ပုံနှင့် ကြောင်းကျိုးဆက်စပ်ပဋိစ္စသမုပ္ပာဒ်၊ အကြောင်းအကျိုးနှင့်သတ္တိ ပါပါလာသည့် ပဋ္ဌာန်းနည်း၊ နောက်ဆုံး အပိုင်းမှာတော့ သမထနှင့် ဝိပဿနာ ကမ္မဋ္ဌာန်းတရားများအကြောင်း.. စသည် စသည်ဖြင့် စုံလင်လှပါသည်။ ချုပ်ရလျှင် နာမ်၊ ရုပ်၊ ပရမတ္ထတရားများ၏ အကြောင်းရင်းခံသည် မသိမှုအဝိဇ္ဇာကြောင့်ဖြစ်သည်။

တဏှာအရင်းခံ၍ဖြစ်ရသည်။ ထိုတရားနှစ်ခုအရင်းခံ၍ ပြုလိုက်သော ကံကြောင့်သာလျှင် အကြောင်းခံသည်ကို အပေါ်ယံသဘောမျှမဟုတ် နက်နက်နဲနဲ သိခွင့်ရလာပါလိမ့်မည်။ ကောင်းမြတ်သော အကျိုးကျေးဇူးများပင်ဖြစ်ပါတော့သည်။

မိဘကို ကျေးဇူးဆပ်သောတရားကို ဓမ္မအသိဖြင့် သင်ကြားနာယူပူဇော်ခြင်းသည် ယခုဘဝတွင်သာမက နောင်သံသရာတွင်ပါ ကောင်းသောကံများကို ဖြစ်ထွန်းစေပါသည်။ ကောင်းမြတ်သောဓမ္မတရား တို့မည်သည် မိခင်ဖခင်တို့အတွက်သာမက တရားနာယူခွင့်မရသူကိုရလာအောင်၊ သီလမရှိသူကို ရှိလာအောင်၊ သမာဓိမခိုင်သူကို ခိုင်လာအောင်၊ ပညာမပြည့်ဝသူကို ပြည့်လာအောင်ထပ်ဆင့်ပြုခြင်းဖြင့် လောကကြီးကိုပါ ကျေးဇူးပြုနေပါသည်။ သီတင်းကျွတ်ကာလတွင်း သာမကအချိန်နှင့်အမျှ နေ့စဉ်ပြုကျင့်ကာ ကျေးဇူးဆပ်နေရမည့်တရားများဖြစ်၍ ကောင်းကျိုးချမ်းသာ အစဉ်ဖြစ်ထွန်းခြင်းဖြင့် မိဘကျေးဇူးကျေမည်ဖြစ်သည်ဟုလည်း နာကြားဖူးပါသည်။

ကောင်းကံတရားများထူထောင်ရန်

ယခုလိုကာလတွင် အားလုံးအတွက် အကျပ်အတည်းကာလတစ်ခုကို ခါးသီးစွာဖြတ်ကျော်နေရသည်။ ကမ္ဘာ့လူသား အားလုံးရင်ဆိုင်နေရသောအရာချည်းမို့ မလွန်ဆန်နိုင်ဖြစ်ရသည်။ ကိုဗစ်ကြောင့် လူများစွာတိမ်းပါးကြရသည်။ ချစ်သူခင်သူများ များစွာပါသွားရသည်။ စစ်ဘေးများထူပြောနေသည်။ သဘာဝဘေးဒဏ်ကလည်းမလွတ်၊ မုန်တိုင်း၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ အပူဒဏ်ကို ပြင်းစွာခံစားနေကြရသည်။ အချို့နေရာများတွင် စားနပ်ရိက္ခာမဖူလုံ၊ အငတ်ဘေးကျနေသည်။ ကပ်ကြီးဘေးဒဏ်များနှင့်အတူ ပြိုကွဲကျသွားသည့် ဘဝများစွာနှင့်အတူ ကိုယ့်ပတ်ဝန်းကျင်မှာ သံဝေဂရစရာများက အပြည့်ဖြစ်သည်။ ထိုသို့သောအခြေအနေတွင် မကောင်းသည်များမလုပ်မိစေဖို့ ဆင်ခြင်ရန်သတိတရားများနှင့်အတူ ဤဝန်းကျင်မှာ အသက်ရှင်နေသည်ပင် မျှော်လင့်ချက်များဖြင့် ကောင်းသည်များလုပ်ဖြစ်ဖို့ အချိန်ရသေးသည်ဟု သတိချပ်သင့်ပါသည်၊၊ တရားတော်များကို နှလုံးသွင်းဆင်ခြင်ပြီး အတွေ့အကြုံနှင့် ပညာဉာဏ်ကိုအသုံးချ၍ ကုသိုလ်ကံတရားများကိုထူထောင်ရန် အခွင့်အလမ်းများစွာရှိနေသေးသည်ကို နှလုံးသွင်းထားရပေမည်။

အကုသိုလ်တရားဆိုးများ

သို့သော် ယခုလိုအခြေအနေများတွင် မြင်တွေ့ကြားသိနေရသည်က လောဘ၊ ဒေါသ၊ အကုသိုလ်ဒုစရိုက်တရားများကို အရှက်အကြောက်ကင်းစွာဖြင့် ကျူးလွန်နေကြသည့် ဝမ်းနည်းဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာအခြေအနေများပင်ဖြစ်သည်။ ယုတ်မာညစ်ညမ်း ဆိုးသွမ်းမှုအပြစ်များကို မသိမှုမောဟပိုက်ကွန်၏ ဖုံးလွှမ်းမှုအားကြီးလွန်းသောကြောင့် ရုန်းမထွက်နိုင်ဘဲ အကုသိုလ်၏ မကောင်းကျိုးများကို ခံစားနေကြရသည်။ လူအများစုသည် အကျဉ်းအကျပ်ထဲတွင် အာရုံများပြီးစိတ်မငြိမ်သက် တွေဝေပျံ့လွင့်နေကြကာ စိတ်လွင့်ပါး၍ လေလွင့်နေသူများစွာကို တွေ့နေရပါသည်။

အချို့က အသိအမြင်မှား၊ အယူမှား၊ မှားသောအမြင်ရှိနေကြသည်၊၊ မဟုတ်သည် ကိုအဟုတ်၊ ဟုတ်သည်ကို မဟုတ် အမှတ်မှားကြသည်ကို တွေ့မြင်ကြားသိနေရသည်။ ကုသိုလ်ကံ၊ အကုသိုလ်ကံဟူသည်မရှိဟု သိမြင်နေကြသည်။ မရှိသည်ကို သိနေမှတော့ ကံ၏အကျိုးဆိုသည်မှာမရှိကြောင်း၊ အမှားကိုတော့သိပြီး အမှန်ကိုမသိ၊ ဤသို့ မှားမှားယွင်းယွင်းသိနေခြင်းသည်ပင် ထိုသူတို့အတွက် အမှန်ဖြစ်နေသည်ကား မိစ္ဆာဒိဋ္ဌိ၏ သဘောတရားပင်ဖြစ်သည်ကို သူတို့ကိုယ်တိုင်မသိကြ။

ဤသို့အဆိုးများကြားတွင် အချို့ကကိုယ့်ထက်သာမနာလိုကြသည်လည်းရှိသည်။ အချို့တွင်ဝန်တိုစိတ်ဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းမှု မပြုနိုင်ကြဘဲ တွန့်တိုမှုများတွေ့နေရသည်။ နောင်တတစ်ဖန် ပူပန်မှုများလည်းရှိကြသေးသည်။ အကုသိုလ်ပြုပြီးမှ သို့မဟုတ် ကုသိုလ်မပြုလိုက်ရ၍ စသည်ဖြင့် နောင်တရတတ်ကြသူများဖြစ်သည်။ အချို့ကလည်း ကုသိုလ်အရာတွင် ထက်ထက်သန်သန်မရှိ၊ လေးလံထိုင်းမှိုင်း တွန့်ဆုတ်နေကြသည်။ အချို့ကား ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် ကံ၊ ကံ၏အကျိုးကို ယုံမှားခြင်း၊ မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေကြသည်ကို တွေ့ရသည်၊၊

အဆုံးတွင် လူအများ စိုးရိမ်မှုသောက၊ ငိုကြွေးမှုပရိဒေဝ၊ ကိုယ်ဆင်းရဲစိတ်ဆင်း ရဲမှုဒုက္ခဒေါမနဿ၊ မငိုကြွေးနိုင်လောက်အောင် ပြင်းစွာဖြစ်ရသော ဥပါယာသဒေါသများဖြင့် အမှောင်လွှမ်းသော အခြေအနေတစ်ရပ်ဆီသို့ ဦးတည်နေသည်ဆိုပါလျှင် ထိုအခြေအနေဆိုးများမှာ ဖော်ပြပါတရားဆိုးများကြောင့်ဖြစ်ရသည်ကို ဤသို့ထူးခြားလေးမြတ်သော ဗုဒ္ဓတရားတော်များကသာပြဆိုနေပါကြောင်း အလေးထားဖော်ပြလိုပါသည်။

ကံ ကံ၏အကျိုးခံရမည်

 ယခုလိုသာသနာတွင်းကာလတွင် ကုသိုလ်လုပ်လျှင် အင်မတန်အကျိုးများသလို အကုသိုလ်လုပ်မိလျှင်လည်း အလွန်တရာအကျိုးယုတ်ပါသည်။ သတိထားမိရန်ဖြစ်သည်။ သာသနာတွင်းက ပုဂ္ဂိုလ်များ အထူးသဖြင့် သီလ၊ သမာဓိ၊ ပညာပြည့်စုံသော ဆရာတော်၊ သံဃာတော်ကြီးများ၊ လူပုဂ္ဂိုလ်များကို ပြစ်မှားစော်ကားမိလျှင် ပို၍အပြစ်ကြီးပါသည်။

ကာယ၊ ဝစီ၊ မနောပြုမှားမိလျှင်၊ ကြံတွေးမိ ဝေဖန်မိလျှင်ပင် အကုသိုလ်ဝိပါက်များက အလွန်ကြောက်စရာကောင်းလှသည်။ ဆင်ခြင်ကြစေလိုပါသည်။ ဆိုချင်သည်က ကံကံ၏အကျိုးကို ဆင်ခြင်ရန်ဖြစ်သည်။

ကိုယ်လုပ်ခဲ့သမျှကောင်းသည်ကို လုပ်လျှင် ကိုယ်စံ၊ မကောင်းသည်ကိုလုပ်ခဲ့လျှင် ခံရမည်သာဖြစ်သည်။ ကိုယ်စိုက်ခဲ့သမျှ ကိုယ်ပြန်ရိတ်သိမ်းနေရသည်သာ ဖြစ်သည်ဟု မှတ်ယူရန်ဖြစ်သည်။ အချိန် မတန်သေး၍ ကိုယ်ခံ ကိုယ်စံရမည့် အကျိုးပေးချိန်တော့ကွာပါသည်။ ထို့ကြောင့် ယခုလိုအချိန်ကာလမျိုးတွင် မိမိစော်ကားပြစ်မှားမိသည့် ပုဂ္ဂိုလ်များအားအမှတ်ရ၍ မပျက်မကွက်ဝန်ချတောင်းပန် ရှိခိုးကန်တော့ကြစေလိုပါသည်။ 

ကောင်းမြတ်သောတရားများ

တရားကောင်းတရားမြတ်များကို လေ့လာသင်ယူနာကြား၊ ကျင့်ကြံအားထုတ်ရန်ဆိုသည်က ရတနာသုံးပါးနှင့် ကံကံ၏အကျိုးအပေါ်ယုံကြည်မှု “သဒ္ဓါ” နှင့် ကြည်လင်သော သဒ္ဓါတရားအားကောင်းမှုနှင့်အတူ မမေ့လျော့အပ်သော “သတိ” တရားသည်လည်း အလွန်အရေးကြီးပြန်ပါသည်။

ကောင်းမြတ်သော သဒ္ဓါတရားအပေါ်တွင် ကြိုးစားအားထုတ်မှု “ဝီရိယ”လည်းလိုက်ပါရမည်ဖြစ်သည်။ ကံကို ယုံကြည်ခြင်းနှင့် ရုပ်နာမ်ကို ပိုင်းခြားသိမြင်မှု၊ ရုပ်နာမ်တရားများ၏ မမြဲမှု၊ အဖန်တလဲလဲဖြစ်ပျက်ဆင်းရဲမှု၊ အစိုးမရမှုနှင့်အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟူသော သဘောတရားများက မောဟ၏ဆန့်ကျင်ဘက် ပညာဉာဏ်ရင့်သန်မှု “အမောဟ”တရားများကို ဖြစ်ထွန်းစေပါသည်။

ကောင်းမှုပြုခြင်းနှင့် အကျိုးတရားကို ယုံကြည်မှုကမကောင်းသည်ကို ပြုလုပ်ရမှာကို ရှက်တတ်ကြောက်တတ်စေသည်။ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်နှင့်အတူ ကုသိုလ်၊ အကုသိုလ်ကံနှင့်တကွ အကျိုးပေးပုံများ၊ မမြဲမှုနှင့် အစိုးမရမှု၊ ဒုက္ခချည်းသာဖြစ်သည်ကို ကွဲကွဲပြားပြားသိလာရလျှင် အလောဘ လိုချင်တပ်မက်မှုနည်းလာမည်၊ လိုချင်မှုလောဘနည်းလာလျှင် ပေးကမ်းစွန့်ကြဲမှုဒါနတရား ပေါများလာမည်သာဖြစ်သည်။ မတရားလိုချင်မှုနည်းလာလျှင် ကြမ်းတမ်းခက်ထန်မှုအဒေါသလည်း လျော့ပါးလာမည်ဖြစ်သည်၊၊ အဒေါသကသည်းခံခြင်းကို မွေးဖွားသလို မေတ္တာဓာတ်ကိုလည်း ပေးစွမ်းသည်ဟု ဆိုပါသည်။

ဗြဟ္မာစိုရ်တရားအလေးထား

ယခုလိုအချိန်ကာလမျိုးမှာ လူလူချင်းမေတ္တာတရားထားခြင်းမျိုးသည် မိမိပတ်ဝန်းကျင်ကို အကောင်းဆုံးငြိမ်းချမ်းခြင်းမျိုးဖြင့် ငြိမ်းအေးစေပါသည်။ သူ့အကျိုးကောင်းဖို့သူ့အကျိုးစီးပွားကို လိုလားနေခြင်းသည်ပင် မေတ္တာတရားတစ်ခုဖြစ်သည်။ ကိုယ့်ထက်ငယ်သူကိုယ့်ထက် အားနည်းနိမ့်ပါးသူအတွက်တော့ သနားကြင်နာစိတ်ဖြင့် ကရုဏာတရားထားရန် အရေးကြီးလှသည်။ ကိုယ့် ထက်သာနေလျှင်၊ တော်နေလျှင်၊ ချမ်းသာနေလျှင်တော့ မနာလိုမရှုဆိတ်မဖြစ် ဝမ်းမြောက်မုဒိတာပွားရန်ပင်ဖြစ်သည်။

ချမ်းသာမှုနှင့် ဆင်းရဲမှုအကြား၊ နှစ်သက်မှုနှင့် မနှစ်သက်မှုအကြားမည်သို့ မှမဖြစ်၊ မခံစားတတ်ခြင်း၊ ဝမ်းမြောက်ခြင်းလည်းမဖြစ်၊ ဒေါသလည်းမပွား၊ ကံကံ၏အကျိုးအတိုင်း လျစ်လျူရှုလိုက်လျှင် ပို၍မြင့်သောပို၍ကောင်းမွန်သော ဥပေက္ခာတရားအဖြစ်သို့ ရောက်သွားနိုင်ပါသည်။ ဤတရားများသည် ကောင်းမြတ်သော ဗြဟ္မာစိုရ်တရားများဖြစ်၍ အခြေအနေအရပ်ရပ်က တောင်းဆိုနေသော ယခုလိုကာလမျိုးတွင် ပို၍ပို၍ကျင့်ကြံ ကျင့်သုံးနေထိုင်သင့်ကြပါသည်။

သိက္ခာသုံးရပ်သာသနာတွင် ဆောင်ရန်၊ ရှောင်ရန်များအတွက် ဆောင်သီလ၊ ရှောင်သီလများသည်လည်း အရေးပါသည်ကိုမမေ့အပ်ပါ။ အဖန်တလဲလဲပွားများရ မည့်ဘာဝနာကိုလည်း ကြိုးစားအားထုတ်သင့်ကြပါသည်။ မိမိထက် သီလ၊ သမာဓိ၊ ပညာအသက်အရွယ်ကြီးသူကို အရိုအသေပြုခြင်းနှင့် ကူညီသင့်သည်ကို ကူညီရမည်ကိုလည်းမမေ့သင့်ပါ၊၊ မိမိပြုသမျှကုသိုလ် အမျှဝေတတ်ရမည်ဖြစ်သလို သူတစ်ပါး အလှူရှင်၏ ကုသိုလ်ကိုလည်း သာဓုခေါ်နိုင်ရမည်ဖြစ်ပါသည်။

အခြေအနေနှင့် အချိန်ပေးခိုက် နာယူသင့်သည်ကိုနာယူ၊ ဉာဏ်မီသမျှ ဟောကြားဝေမျှနေရမည်ဟုလည်း ခံယူထားသင့်ကြပါသည်။ ထို့ကြောင့်လည်း ဤသီတင်းကျွတ် အခါသမယကိုအခွင့်ကောင်းယူ၍ အချိန်ရှိခိုက်လုံ့လစိုက်နိုင်ရန် အဘိဓမ္မာတရားတော်မှ တရားအချို့ကိုထုတ်နုတ်၍ ပြုခဲ့ပြီးသောကုသိုလ်များ ပွားများသည် ထက်ပွားများစေရန်နှင့် မပြုရသေးသောကုသိုလ်များ ထူထောင်မိစေရန်၊ မပြုထိုက် သောအကုသိုလ်များ အသစ်တစ်ဖန်မပြုမိစေရန်နှင့် ပြုခဲ့ပြီးသောအကုသိုလ်များအတွက်လည်း ပူပန်မှုမဖြစ်စေရန် ဉာဏ်မီသမျှ ကြိုးစား၍ ကုသိုလ်ပြုလိုက်ရပါသည်။    ။