ခေတ်မီပြောင်းလဲတိုးတက်လာတော့မည့် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍ
ရဲခေါင် (စက်မှု)
ယခုအခါတွင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍကို တိုးတက်ပြောင်းလဲစေရန် နိုင်ငံတကာနှင့်အမီ ရင်ပေါင်တန်းနိုင်ရေးအတွက် လျှပ်စစ်ကား (EV-Electric Vehicle) များထုတ်လုပ်ရန် လမ်းညွှန်မှုတစ်ရပ်ကို နိုင်ငံတော်အကြီးအကဲ ဝန်ကြီးချုပ်က အမြော်အမြင်ကြီးမားစွာ ချမှတ်ခဲ့ပါသည်။ အဆိုပါ လမ်းညွှန်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် လုပ်ငန်းရှင်များ (လုပ်ငန်းရှင်ဆိုရာ၌ ပြည်တွင်း၊ ပြည်ပမှလုပ်ငန်းရှင်များကို ဆိုလိုပါသည်)။ ပညာရှင်များပူးပေါင်း၍ ဟန်ချက်ညီစွာ နည်းမှန်လမ်းမှန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ အကြီးအကဲအနေဖြင့် နိုင်ငံတော်၏ တိုးတက်ရာတိုးတက်ကြောင်း၊ ကောင်းရာကောင်းကြောင်း သက်သာရာသက်သာကြောင်း လမ်းညွှန်မူဝါဒချမှတ်ပေးသည့်အပေါ်တွင် အကောင်အထည်ဖော်မည့်သူများအနေဖြင့် နည်းစနစ်ကျစွာ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပေသည်။
မော်တော်ယာဉ်များသည် ICE (Internal Combustion Engine) နှင့် မောင်းနှင်နေသည့်စက်ယန္တရားများ ဖြစ်ကြပါသည်။ ထိုသို့ မောင်းနှင်နိုင်ရန်အတွက် စက်သုံးဆီ (Fuel) လိုအပ်သည်။ ထို့ပြင် အင်ဂျင်၏ အတွင်းအစိတ်အပိုင်းများ ချောမွေ့စွာလှုပ်ရှားနိုင်ရန်ချောဆီ(Oil) လိုအပ်ပါသည်။ စက်သုံးဆီဆိုရာမှာ ပုံသဏ္ဌာန်အမျိုးမျိုးတည်ရှိကြရာ ဓာတ်ဆီ(အောက်တိန်းဆီ)၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည်(LPG- Liquefied Petroleum Gas)၊ Bio Fuel၊ သဘာဝဓာတ်ငွေ့(CNG- Compressed Natural Gas) စသည်ဖြင့် လောင်စာအဖြစ်အသုံးပြု၍ ICE အင်ဂျင်ဖြင့် လည်ပတ်မောင်းနှင်သွားလာနေကြရပါသည်။
CNG ဓာတ်ငွေ့သုံးယာဉ်များ
မြန်မာနိုင်ငံ၌ ၁၉၈၉-၉၀ နှစ်များက တပ်မတော်ရှိ ဟီးနိုး၊ တီအီး ၁၁/၂၁ ၊ မာဇဒါဂျစ် x-2000 ၊ မာဇဒါ ဘီ ၃၆၀/၆၀၀၊ ဗင်/ပစ်ကပ်၊ မာဇဒါ T-2000၊ လိုက်ထရပ်၊ ဟီးနိုး/ဘီအမ်ဘတ်စ်စသည့်ယာဉ်များတွင် LPG၊ CNG၊ MGB (Methanol Gasoline Blends) စသည်တို့ဖြင့် ပြောင်းလဲစမ်းသပ်သုံးစွဲခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ ထို့နောက် အမှတ်(၂)စက်မှုဝန်ကြီးဌာန မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ် အင်ဂျင်ထုတ်လုပ်ရေးလုပ်ငန်းမှ လူစီးမော်တော်ယာဉ် (PV- Passenger Vehicle) နှင့် လုပ်ငန်းသုံးမော်တော်ယာဉ် (CV- Commercial Vehicle)တို့ကို ဆီသုံးယာဉ်များအဖြစ်မှ CNG ဓာတ်ငွေ့သုံးယာဉ်များအဖြစ် ပြုပြင်ပြောင်းလဲသုံးစွဲစေခဲ့ရာ ယခုအချိန်အထိ အငှားယာဉ်ငယ်များအပါအဝင် သဘာဝဓာတ်ငွေ့သုံး၍ ယာဉ်များ မောင်းနှင်လျက်ရှိနေကြပါသည်။
အဓိက အစိတ်အပိုင်း ခြောက်ခု
ယခု တင်သွင်းထုတ်လုပ်အသုံးပြုမည့်ယာဉ်မှာ လျှပ်စစ်ကိုလောင်စာအစားထိုး အသုံးပြုသွားမည်ဖြစ်၍ မော်တော်ယာဉ်တွင် အင်ဂျင်နှင့်သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းများရှိတော့မည်မဟုတ်ပေ။ ၎င်း၏နေရာတွင် အဓိကလုပ်ဆောင်သည့် အစိတ်အပိုင်းခြောက်ခုရှိကြောင်း တွေ့ရှိရပြီး၎င်းတို့မှာ Battery pack၊ Power inverter၊ Electric motor ၊ Onboard battery charger ၊ Battery management system၊ Charging port တို့ဖြစ်ပြီး အခြေခံအစိတ်အပိုင်းများအနေဖြင့် Traction Battery Pack ၊ Power Inverter ၊ Controller ၊ Electric Traction motor ၊ Other Electric Car Components (Transmission DC/DC Converter Auxiliary Battery) စသည့် အစိတ်အပိုင်းများ တပ်ဆင်ထားမည်ဖြစ်ပါသည်။
လျှပ်စစ်ကားအမျိုးအစားများ
လျှပ်စစ်ကားအမျိုးအစားများမှာ BEV(Battery Electric Vehicle)၊ HEV (Hybrid Electric Vehicle)၊ PHEV(Plug- in Hybrid Electric Vehicle)၊ EREV (Extended Range Electric Vehicle) တို့ဖြစ်ပြီး အဓိကအရေးအကြီးဆုံး အစိတ်အပိုင်းမှာ ဘက်ထရီ (Battery) ပိုင်း ဖြစ်ပါသည်။ ဘက်ထရီအနေဖြင့် လျှပ်စစ်ကားများတွင် နှစ်မျိုးရှိကြရာ Lithium-ion နှင့် Lithium-polymer တို့ဖြစ်ကြ၍ Lithium-ion ကို အသုံးများပါသည်။ အဓိကလျှပ်စစ်ကားများ၏ သွားနိုင်သည့် အကွာအဝေးသည်လည်း အသုံးပြုသည့် ဘက်ထရီ၏အားထိန်းသိမ်းမှုအပေါ်တွင် မူတည်သဖြင့် အားသွင်းချိန်သည်လည်း အရေးပါပါသည်။
အားသွင်းစနစ်များ
အားသွင်းစနစ်များမှာ Level 1 (AC), Level 2(AC), Level 3 (DC) ဟု သုံးမျိုးရှိပြီး အားသွင်းရန်ကြာချိန်များမှာ ပျမ်းမျှအားဖြင့် Level 1 (2 kw) သည် ၁၅ နာရီကြာ၍ အိမ်သုံးအမျိုးအစားဖြစ်သည်။ Level 2 သည် (7kw-22kw) ဖြစ်၍ အားသွင်းကြာချိန် ခုနစ်နာရီအထက်ဖြစ်သည်။ level 3 (50kw+)သည် ၀ ဒသမ ၅ နာရီအထက် ကြာမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အားသွင်းနိုင်မည့်နေရာများနှင့် အားသွင်းရန် Charging station များ လိုအပ်လာမည်ဖြစ်ပါသည်။ ယခုအချိန်တွင် လျှပ်စစ်ကားများအတွက် အိမ်တွင်သာအားသွင်းနိုင်ပြီး အိမ်ပြင်ပနှင့်ခရီးဝေးများသွားရန်အတွက် Fast(DC) Charging Station များကို တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍ
ဆက်လက်၍ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍနှင့်ပတ်သက်၍ ရေးသားဖော်ပြရလျှင် Automotive Industry ဟုခေါ်သော မော်တော်ယာဉ်ကဏ္ဍသည် ကျယ်ဝန်းလှပါသည်။ မော်တော်ကားမောင်းတတ်၊ မော်တော်ကားပြင်တတ်၊ မော်တော်ကားထုတ်လုပ်တတ်၊ မော်တော်ကားအကြောင်း သိရုံဖြင့် Automotive Industry အကြောင်း ထဲထဲဝင်ဝင်နားလည်ရန်မဖြစ်နိုင်ပါ။ မော်တော်ယာဉ်ထုတ်လုပ်မှု၊ သုံးစွဲမှု၊ ပြင်ဆင်မှု၊ ရောင်းခြင်း၊ ဝယ်ခြင်း၊ စစ်ဆေးခြင်း၊ အခွန်အခ၊ တရားဝင်မှု တရားမဝင်မှု၊ အန္တရာယ်ကင်းရှင်းမှု၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု၊ စံချိန်စံညွှန်းသတ်မှတ်မှု၊ လိုက်နာဆောင်ရွက်နိုင်မှု၊ သင်တန်းကျောင်းများ၊ နည်းပညာသုတေသနပြုမှုများနှင့် အခြေခံအဆောက်အအုံ (Infrastructure)စသည်တို့ ပါဝင်နေသည့် Institutional ကြီးတစ်ခုဖြစ်ပါသည်။
အာဆီယံနိုင်ငံများ၏ လျှစ်စစ်ကားထုတ်လုပ်သုံးစွဲမှု
ယနေ့ မြန်မာနိုင်ငံတွင် လျှစ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းများဆောင်ရွက်ကြရန် ကြိုးစားဆောင်ရွက်နေသည့် သတင်းများကြားသိနေရပါသည်။ ထိုသို့လုပ်ဆောင်နေခြင်းအား ကြိုဆိုရမည်သာဖြစ်ပါသည်။ နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများတွင် လျှစ်စစ်ကားများ ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲလျက်ရှိနေကြပါသည်။ အာဆီယံနိုင်ငံများ မော်တော်ယာဉ်အဖွဲ့ချုပ် (AAF-ASEAN Automotive Federation)၏ တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပသော Technical Committee အစည်းအဝေးတွင်လည်း အာဆီယံနိုင်ငံများ၏ လျှစ်စစ်ကားထုတ်လုပ်သုံးစွဲမှုနှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာကိစ္စရပ်များ Harmonize ဖြစ်စေရေး ညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။
အလားတူပင် အာဆီယံနိုင်ငံအစိုးရများ၏ စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အာဆီယံအတိုင်ပင်ခံကော်မတီ (ACCSQ- ASEAN Consultative Committee for Standards and Quality)၏ တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသည့် မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်လုပ်ငန်းအဖွဲ့(APWG- Automotive Product Working Group)၏ အစည်းအဝေးများတွင်လည်း နိုင်ငံအလိုက် ဌာနဆိုင်ရာကိုယ်စားလှယ်များက လျှစ်စစ်ကားနှင့်ပတ်သက်၍ ဥရောပဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးကော်မရှင် (UNECE-United Nations Economic Commission for Europe) ၏ Regulation ကို အခြေခံပြီးအာဆီယံနိုင်ငံအလိုက် လျှစ်စစ်ကားနှင့်ပတ်သက်၍ တစ်ပြေးညီ စံချိန်စံညွှန်းသတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေး၍ အပြန်အလှန်အသိအမှတ်ပြုမှုအစီအစဉ်(MRA- Mutual Recognition Arrangement)တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လက်မှတ်ရေးထိုးထားခဲ့ပြီးလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ စံချိန်စံညွှန်း
မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်ကုန် ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ တင်ပြချက်အရ လျှပ်စစ်ကား၏ လုံခြုံမှု(Safety)နှင့်ပတ်သက်၍ UNECE Regulation ကို အခြေခံပြီးလျှစ်စစ်ကားနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်များအတွက် အာဆီယံဒေသတွင်းနိုင်ငံများနည်းတူ မြန်မာနိုင်ငံ စံချိန်စံညွှန်းအဖြစ်သတ်မှတ်ထားရှိပြီးလည်း ဖြစ်ပါသည်။
ဆက်လက်ဖော်ပြလိုသည်မှာ လျှပ်စစ်ကားများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ၂၀၁၉ ခုနှစ် မေလကထုတ်ပြန်ထားသော “မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒ(Automotive Policy)” ၏ အခန်း(၅)တွင် အောက်ပါအတိုင်း ဖော်ပြပါရှိသည်ကိုလည်း တွေ့ရှိရပါသည်-
- လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး ဖိတ်ခေါ်သွားရမည်။ အထူးခံစားခွင့်ပေးရမည်။
- ပြည်တွင်းလျှပ်စစ်ကားများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် အထောက်အပံ့များပေးရမည်။
အလားတူပင် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်၌ ထုတ်ပြန်သည့်နိုင်ငံတော်၏ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော အခန်း(၉)မှ (၁၅) အထိ ဖော်ပြပါရှိသော ဥပဒေများအတိုင်း မော်တော်ယာဉ်သုံးစွဲသူ ပြည်သူများအတွက် လျှပ်စစ်ကား တင်ပို့၊ ထုတ်လုပ်ရောင်းချသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကုမ္ပဏီများအနေဖြင့် လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ရာခွင့်ပြုသောသူနှင့် တင်ပို့ထုတ်လုပ်ခွင့်ရသူတို့သည် အထက်ဖော်ပြပါ “မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒ”နှင့် “စားသုံးသူကာကွယ်ရေးဥပဒေ” ပါအတိုင်း လိုက်နာဆောင်ရွက်သွားသင့်ကြောင်း အကြံပြုအပ်ပါသည်။ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်ပါသည်။
အလားတူပင် အာဆီယံအသိုက်အဝန်းအတွင်းရှိ သတ်မှတ်စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီရေးဆောင်ရွက်သွားရပါမည်။ ထို့အပြင် လျှပ်စစ်ကားနှင့် ပတ်သက်သည့်မူဝါဒ(သို့မဟုတ်) လုပ်ငန်းလမ်းညွှန်များရေးဆွဲရန် သတ်မှတ်ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်စေပြီးမြန်မာနိုင်ငံ Automotive Industry အနေဖြင့်နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်၍သုံးစွဲသူများ လုံခြုံစိတ်ချစွာ မောင်းနှင်စီးနင်းနိုင်ရေးနှင့် ခေတ်မီနည်းပညာများ တိုးတက်ရရှိရေးတို့အပြင် အောက်ဖော်ပြပါ အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်-
- လောင်စာဆီ (ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့) ဝယ်ယူရန်မလိုအပ်တော့၍ လောင်စာဆီသုံးစွဲမှု လျော့နည်းစေကာနိုင်ငံခြားငွေလိုအပ် ချက် လျှော့ချနိုင်ခြင်း၊ လောင်စာဆီသုံး ICE ယာဉ်များ၏ အိတ်ဇောမှထုတ်လွှတ်သည့် ညစ်ညမ်းသောဓာတ်ငွေ့ ထုတ်လွှတ်ခြင်းမရှိတော့သဖြင့် လေထုညစ်ညမ်းမှုကို လျော့နည်းစေပြီး အိုဇုန်းလွှာပျက်စီးမှုကြောင့်ကမ္ဘာကြီးပူနွေးလာမှုကိုကာကွယ်နိုင်ခြင်း၊ ပြည်သူလူထုကျန်းမာရေးနှင့် ညီညွတ်မှုရှိစေခြင်း။
- သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သဖြင့် အစိုးရထံမှအခွန်သက်သာခွင့်ကဲ့သို့ အထူးခံစားခွင့်များရရှိနိုင်ခြင်း။
- မတော်တဆမှုတစ်ခုခုဖြစ်ပါက ဘက်ထရီမှလျှပ်စစ်ဓာတ်အား ဖြတ်တောက်ပေးနိုင်သဖြင့် လောင်စာဆီသုံးကား(Fuel Car)များကဲ့သို့ ပေါက်ကွဲလောင်ကျွမ်းခြင်းမှ ကာကွယ်ပေးနိုင်သဖြင့် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်း။
- လျှစ်စစ်စွမ်းအင်သုံးမော်တာကို အသုံးပြုထားသဖြင့် ဓာတ်ငွေ့ကိုလောင်ကျွမ်းပြီး လည်ပတ်ရသည့်စက်သုံးဆီကားများကဲ့သို့ အင်ဂျင်ဝိုင်ထည့်ရန်မလိုတော့ဘဲ အင်ဂျင်ဂီယာနှင့်ပတ်သက်သည့် အခြားပြုပြင်ထိန်းသိမ်းမှုများစွာကို လုပ်ဆောင်ရန်မလိုတော့ခြင်း။ လျှပ်စစ်ကားတစ်စီး၏ အသက်သည် ဘက်ထရီဖြစ်သောကြောင့် ဘက်ထရီကောင်းမည်ဆိုလျှင် ၎င်းဘက်ထရီတစ်လုံး၏ သက်တမ်းသည် အနည်းဆုံး ၁၀ နှစ်ကျော် အသုံးပြုနိုင်မည်ဖြစ်ခြင်း။
- လျှပ်စစ်ကားတွင် အင်ဂျင်မပါဘဲ မော်တာကိုသာအသုံးပြုထား၍ ပတ်ဝန်းကျင်ကို ဆူညံသံဖြင့် အနှောင့်အယှက်ဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ခြင်းစသည်တို့ပင် ဖြစ်ပါသည်။ ။