အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့နှင့် သက်ကြီးအမျိုးသမီးများ၏အရေးပါမှု
ကြည်ထွန်း(လူမှု)
နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း သက်ကြီးရွယ်အိုများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲပင်ပန်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးအထီးကျန် ဆန်မှုတို့ကို လူ့အဖွဲ့အစည်းအား သိရှိလှုံ့ဆော်ပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ ၁၉၉၂ ခုနှစ်မှ စတင် ကျင်းပလာခဲ့သည်မှာ ယခု ၂၀၂၂ ခုနှစ်တွင် နှစ် (၃၀) ပြည့် ပုလဲရတုအခါသမယသို့ ရောက်ရှိလာပြီဖြစ်သည်။
လက်ရှိ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၉၀၀ ကျော်အနက် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုဦးရေ ၇၀၃ သန်းရှိသည်။ လာမည့် ဆယ်စုနှစ် သုံးခုအတွင်း ၁ ဒသမ ၅ ဘီလီယံကျော်သို့ ရောက်ရှိလာမည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းထားသည်။ ဤသို့ သက်ကြီးသူများပြား လာမှုသည် မင်္ဂလာတစ်ပါးဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံများအဖို့ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကဏ္ဍ အသီးသီးအတွက် ရတက်မအေးဖွယ် ကိစ္စရပ်ကြီးတစ်ခု ဖြစ်လာသည်။ ဤအရေးကို ရှေးမဆွကပင် မြော်မြင်တွေးဆခဲ့ကြသည်ဖြစ်ရာ ကုလသမဂ္ဂ အဖွဲ့ကြီးက လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကတည်းက စတင်အာရုံစိုက်ခဲ့သည်။
ပထမအကြိမ်သက်ကြီးရွယ်အိုဆိုင်ရာညီလာခံ
၁၉၈၂ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပထမအကြိမ် သက်ကြီးရွယ်အိုဆိုင်ရာ ညီလာခံကြီး (World Assembly on Ageing) ကိုကျင်းပကာ သက်ကြီးရွယ်အိုများဆိုင်ရာ ဗီယင်နာအပြည်ပြည် ဆိုင်ရာ လုပ်ငန်းစီမံချက် (Vienna International Plan of Action on Ageing) ကို ချမှတ်ခဲ့သည်။ ၎င်းစီမံချက်ကို ဖော်ဆောင်ရာတွင် ကျန်းမာရေးနှင့် အာဟာရဆိုင်ရာလုပ်ငန်း၊ အကာအကွယ်ပေးခြင်း၊ နေထိုင်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာရေးရာများ၊ မိသားစုရေးရာ၊ လူမှုရေးရာ၊ ဝင်ငွေလုံလောက်မှု ရရှိရေး၊ အလုပ်အကိုင်ရရှိရေးနှင့် ပညာရေးကဏ္ဍတို့ကို သုတေသနပြုခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ စိစစ်သုံးသပ်ခြင်းများ ပြုလုပ်ရန်အကြံပြုထားသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌ သက်ကြီးရွယ်အိုများ အရေးကို ပိုမိုအာရုံစိုက်လာစေရန်နှင့် နှစ်စဉ်လှုံ့ဆော်မှုပြုပေးနိုင်ရန် (၄၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆုံးဖြတ်ချက် အမှတ် ၄၅/၁၀၆ ဖြင့် နှစ်စဉ် အောက်တိုဘာလ ၁ ရက် နေ့ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့” (International Day of Older Persons-IDOP) ဟု ဂုဏ်ပြုသတ်မှတ်ပေးလိုက်သည်။
အခြေခံမူငါးရပ်
ထို့အပြင် သက်ကြီးရွယ်အိုများ နိစ္စဓူဝကြုံတွေ့ ရသော လူမှုဒုက္ခများနှင့် စစ်မက်ဖြစ်ပွားစဉ် မသိကျိုးကျွန်ပြုခြင်း၊ လျစ်လျူရှုခြင်းနှင့် အကြမ်းဖက် ခံရခြင်းတို့မှ အကာအကွယ်ပြုနိုင်ရန် ၁၉၉၁ ခုနှစ် တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက် ၄၆/၉၁ ဖြင့် အောက်ဖော်ပြပါ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံမူ (United Nations Principles for Older Persons) (၅) ရပ်ကို ချမှတ်ပေးခဲ့သည်-
(က) အခြေခံလိုအပ်ချက်များ ပြည့်စုံစေ၍ အမှီအခိုကင်းစွာ မိမိကိုယ်တိုင်ရပ်တည် နိုင်ရေး (Independence)၊
(ခ) လူမှုရေးနှင့် စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး (Participation)၊
(ဂ) ကြီးသူငယ်သူအပြန်အလှန် ကူညီ စောင့်ရှောက်မှုပြုရေး (Care)၊
(ဃ) ၎င်းတို့၏ စွမ်းရည်နှင့် အခွင့်အလမ်း များကို ၎င်းတို့ကိုယ်တိုင် ဖြည့်ဆည်း နိုင်ရေး (Self-Fulfilment)၊
(င) ဂုဏ်သိက္ခာရှိရှိဖြင့် လုံခြုံမှုရှိစွာ ရပ်တည် ခွင့်ရရှိရေး (Dignity)။
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ်
(၄၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံက ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် ၄၇/၅ ဖြင့် ၁၉၉၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နှစ်” (International year of Older Persons-IYOP) ဟု သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ကျင်းပသော အကြိမ် (၅၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆုံးဖြတ်ချက် ၅၀/၁၄၁ ဖြင့် IYOP ကျင်းပရေးအတွက် အခြေခံ မူဘောင်စည်းမျဉ်းများကို ချမှတ်ပေးခဲ့သည်။ ၁၉၉၇ ခုနှစ်တွင်ကျင်းပသော (၅၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအား အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနှစ် အထိမ်းအမှတ်အခမ်းအနားကို တစ်ခဲနက်ကျင်းပကြရန် မေတ္တာရပ်ခံတိုက်တွန်း ခဲ့သည်။ ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေး နှင့် လူမှုရေးကော်မရှင်၏ (၅၄) ကြိမ်မြောက် အစည်းအဝေးက International Year of Older Persons: Towards a society for all ages “သက်ရွယ်စုံညီလူ့ဘောင်ဆီသို့”ဟူသည့် ဆောင်ပုဒ် ကို သတ်မှတ်ပေးခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအသီးသီးတို့၌ IYOP အခမ်း အနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ဒုတိယအကြိမ်သက်ကြီးရွယ်အိုဆိုင်ရာညီလာခံ
၂၀၀၂ ခုနှစ်တွင် ဒုတိယအကြိမ်သက်ကြီး ရွယ်အိုဆိုင်ရာ ညီလာခံကို စပိန်နိုင်ငံ မဒရပ်မြို့၌ ထပ်မံကျင်းပသည်။ အဆိုပါညီလာခံက “မဒရပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက် ရေးလုပ်ငန်းအစီအစဉ် (Madrid International Plan of Action on Ageing – MIPAA) ထွက်ပေါ်လာကာ ကမ္ဘာတစ်ဝန်းလုံးရှိ သက်ကြီးရွယ်အိုများဘဝ သာယာစိုပြည်ရေးအတွက် အောက်ဖော်ပြပါ ဦးစားပေးနယ်ပယ်သုံးရပ်ကို စတင်ဖော်ဆောင် ကြရန် တိုက်တွန်းခဲ့သည်-
(က) သက်ကြီးရွယ်အိုများနှင့် ဖွံ့ဖြိုးတိုးတက် ရေး (Older Persons and Development)၊
(ခ) သက်ကြီးရွယ်အိုများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာရေး (Advancing Health and well being into Old Age)၊
(ဂ) သက်ကြီးရွယ်အိုများအား ကူညီ စောင့်ရှောက်ပေးမည့် ပတ်ဝန်းကျင် ကောင်းများ ဖြစ်ထွန်းလာရေး (Ensuring Enabling and Supportive Environment)။
နိုင်ငံတော်၏ဖြည့်ဆည်းဆောင်ရွက်မှု
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ၁၉၉၉ ခုနှစ်မှစ၍ နှစ်စဉ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများကို နိုင်ငံတော်အဆင့်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ပါ ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၂၄) ကြိမ်ရှိလာပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ အသိအမှတ်ပြု စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာ ၈၅ ခုမှ ဘိုးဘွားများအတွက် နိုင်ငံတော်က ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာတို့ကို နှစ်စဉ်ထောက်ပံ့ပေးသည်။ ၂၀၀၄ ခုနှစ်မှစ၍ အိမ်တိုင်ရာရောက် သက်ကြီး ရွယ်အို စောင့်ရှောက်ရေးစီမံကိန်းကို အာဆီယံနိုင်ငံ များနှင့် ရင်ပေါင်တန်း၍ ဆောင်ရွက်ခဲ့သည်။ စီမံကိန်းဝင် မြို့နယ်ပေါင်း ၁၅၄ မြို့နယ်ထဲမှ ကျေးရွာ ၁၁၈ ရွာတွင် သက်ကြီးသူချင်း ကူညီ စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းပေးခဲ့သည်။ ယခုအခါ လူကြီးနှင့်လူငယ် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သက်ကြီးသူတို့၏ စွမ်းရည်ကို ပိုမိုအားကောင်းစေရန် “လူမှုအားမာန်အဖွဲ့” (Inclusive Self Help Group-ISHG) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ၂၂၂ ဖွဲ့ ရှိလာပြီဟု သိရသည်။
၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး နည်းလမ်းတစ်ရပ်ဖြစ်သည့် “သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ” တစ်ခုကို ရန်ကုန်မြို့တွင် စံနမူနာပြအဖြစ် ဖွင့်လှစ်ထားပြီး အဆိုပါဂေဟာက “သက်ကြီး ရွယ်အိုများပြုစုစောင့်ရှောက်သူ (Care Giver)” သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေ သည်ကို တွေ့ရသည်။ ထို့အပြင် နိုင်ငံတော်အစိုးရက “သက်ကြီးရွယ်အိုဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံကိန်း” နှင့် “မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်”တို့ကို ၂၀၁၄ ခုနှစ်မှစ၍ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နေ့တွင် “သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ”ကို ပြဋ္ဌာန်းပေးခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အသက် (၉၀) နှင့်အထက် သက်ကြီးရွယ်အို တစ်ဦးလျှင် လစဉ် ကျပ်တစ်သောင်းနှုန်းထောက်ပံ့ ပေးသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အစ အောက်တို ဘာလမှစ၍ အသက် (၈၅) နှစ်သို့ ပြောင်းလဲ လျှော့ချကာ တစ်နိုင်ငံလုံးရှိ သက်ကြီးရွယ်အို ၂၅၀၀၀၀ ခန့်ကို သုံးလတစ်ကြိမ် ထောက်ပံ့ပေးခြင်း ဖြင့်လည်းကောင်း၊ လုပ်ကိုင်နိုင်စွမ်းရှိသေး သော နိုင်ငံ့ဝန်ထမ်းသက်ကြီးရွယ်အိုများ ပင်စင်ယူရမည့် အသက်ကို (၆၂) နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးခြင်း ဖြင့်လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်လျက် ရှိသည်ဖြစ်ရာ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုသမိုင်းတွင် ကမ္ပည်းတင်ရမည့် ဆောင်ရွက်ချက်များဖြစ်သည်။
မြန်မာ ၁၂ ဦးတွင် သက်ကြီးရွယ်အိုတစ်ဦး
မြန်မာနိုင်ငံ၌ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို ပါဝင်မှုရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ခြောက်ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၉ ခုနှစ် တွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက် ပြောင်းလဲလာသည်။
ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားသော သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသန စာတမ်းအရ မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အိုဦးရေ ၄ ဒသမ ၅ သန်းခန့် ရှိလာပြီဖြစ်ရာ မြန်မာ့လူဦးရေ ၅၄ သန်းကျော်နှင့် တွက်ချင့်လျှင် မြန်မာ ၁၂ ဦးတွင် တစ်ဦးသည် သက်ကြီးရွယ်အိုစာရင်းဝင် ဖြစ်လာပြီ ဖြစ်သည်။ ထိုဦးရေ၏ ၅၇ ရာခိုင်နှုန်းသည် အမျိုးသမီး သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။
သက်ကြီးရွယ်အိုအမျိုးသမီးများ၏ အရေးပါမှု
စင်စစ် သက်ကြီးအမျိုးသမီးများသည် သက်ကြီး အမျိုးသားများထက် ပို၍အသက်ရှည်သည်။ ပို၍ လောကဓံကို ခံနိုင်စွမ်းရှိသည်။ ကရုဏာနှလုံးသားနှင့် မုဒိတာအပြုံးများကို ပိုင်ဆိုင်ထားသော မိသားစုဘဝ အလှဖန်တီးရှင်များ ဖြစ်သည်။ သားကို သခင်၊ လင်ကိုဘုရား တန်ဖိုးထားတတ်သူများဖြစ်သည်။ ရပ်ရေးရွာရေး၊ သာရေးနာမှု၊ လူမှုဝန်ထမ်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ဝန်မလေး တတ်သူများဖြစ်သည်။ ထိခိုက်လွယ်သူများ၊ အားနွဲ့သူများဟု ဆိုလင့်ကစား ဉာဏ်ပညာကြီးခြင်း၊ ခေါင်းဆောင်မှု အရည်အသွေးရှိခြင်း၊ စွမ်းအား ကြီးခြင်း၊ တရားမျှတခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ လိမ္မာပါးနပ်သော တင်္ခဏုပ္ပတ္တိဉာဏ်ရှိခြင်း စသော ဝိသေသလက္ခဏာရှိသူများဖြစ်သည်။ “ယောကျ်ား ကို စေသော်မပြီးနိုင်၊ မိန်းမကိုစေသော်မခံနိုင်” ဟူသည့် ဆိုရိုးစကားအတိုင်း အမျိုးသားများ ပြီးမြောက်အောင် မဆောင်ရွက်နိုင်သည့် ကိစ္စအချို့ ကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်စွမ်းရှိသူများ ဖြစ်သည်။ ပျော့လျှင် ဖယောင်း၊ မာလျှင် သံချောင်းဆိုသည့်အတိုင်း သမိုင်းရေစီး လှိုင်းကြီးလေထန် ကာလများစွာတို့တွင် အမျိုးသားများနှင့် ရင်ပေါင်တန်း၍ ကြံ့ကြံ့ခံတုံ့ပြန်ရင်ဆိုင်နိုင်ကြသူများလည်း ဖြစ်သည်။ နယ်ပယ်တိုင်းလိုလိုတွင် သက်ကြီးအမျိုးသမီးများ၏ အရေးပါအရာရောက်မှုများကား စာဖွဲ့၍ကုန်နိုင်ဖွယ်မရှိပေ။
ဤသို့သော သက်ကြီးအမျိုးသမီးများ၏ သတ္တိ၊ ခွန်အား၊ စွမ်းပကားကို အသိအမှတ်မပြုဘဲ Ageism ခေါ် အသက်အရွယ်အရ ခွဲခြားဆက်ဆံခြင်း၊ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်း၊ တန်းတူရည်တူ အခွင့်အရေးမပေးခြင်း စသောမထီမဲ့မြင်ပြုမှုများကို ရှောင်ရှားကြရမည် ဖြစ်သည်။ ဘေးကင်းလုံခြုံ စိတ်ချရသော ပတ်ဝန်းကျင်ရရှိရေးနှင့် ကျန်းမာ တက်ကြွသော သက်ကြီးဘဝ (Active and Healthy aging) ကို ရရှိစေရန် ဖန်တီးပေးကြရမည်။ သက်ကြီး အမျိုးသမီးများတွင် ငုပ်လျှိုးနေသော စွမ်းအား ပုန်းများ များစွာကျန်ရှိနေသေးသည်ဖြစ်ရာ ၎င်းတို့ကို ဖော်ထုတ်အသုံးပြုရမည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်ရေးဆွဲ လျက်ရှိသော ၂၀၂၂ ခုနှစ်အလွန် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၏ အဓိကလုပ်ငန်းနယ်ပယ်များတွင် အမျိုးသမီးငယ်ရွယ်များအတွက်သာမက အမျိုးသမီး သက်ကြီးများအတွက်ပါ ထည့်သွင်းရေးဆွဲသင့်ပါကြောင်း အကြံပြုလျက် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။ ။
ကျမ်းကိုး
မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် (၂၀၀၀ ပြည့်နှစ်)