အာဆီယံ မီဒီယာ မိတ်ဖက်များ ဖိုရမ် အမှတ်တရ
မြင့်ဝေလှိုင်
၂၀၂၂ ခုနှစ် သြဂုတ်လကုန်ပိုင်း နေ့ရက်တစ်ရက်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ အခြေစိုက်တဲ့ နိုင်ငံပိုင် မီဒီယာကြီး တစ်ခုဖြစ်တဲ့ China Media Group မှ တာဝန်ရှိသူ တစ်ဦးက မကြာမီ တရုတ်နိုင်ငံ ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာ ကျင်းပမယ့် The 2022 ASEAN Media Partners Forum ကို တက်ရောက်ဖို့ အွန်လိုင်းမှ ကြိုတင် ဖိတ်ကြားတာနဲ့အတူ စာရေးသူထံ ဖိတ်စာ ရောက်ရှိလာ ပါတယ်။ ဖိတ်စာအရ အဆိုပါဖိုရမ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။
အဲဒီဖိုရမ်ကို တရုတ်နိုင်ငံ CPC သတင်းပြန်ကြား ရေးကော်မတီနဲ့ CMG Guangxi ဌာနချုပ်တို့က ပူးပေါင်းစီစဉ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရနဲ့ တရုတ်မီဒီယာ အဖွဲ့ CMG က အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်ပါတယ်။
ဖိုရမ်ကို “အသိအမြင် တိုးပွားရေး၊ ပူးပေါင်း ဆောင်ရွက်ရေး၊ စည်းလုံး ညီညွတ်ရေး” (Intelligen-ce, Collaboration, Cohesion) ဆောင်ပုဒ်နဲ့ တရုတ် နဲ့ အာဆီယံ နိုင်ငံတွေ အကြားရှိ မီဒီယာတွေ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မှုကို နက်ရှိုင်းစေရန်၊ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ပံ့ပိုးကူညီမှု တွေကို တိုးမြှင့်ရန်နဲ့ ပိုမိုနီးကပ်တဲ့ တရုတ်-အာဆီယံ အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။
တက်ရောက်
အဆိုပါဖိုရမ်ကို ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး၊ China Media Group ရဲ့ ဒုတိယဥက္ကဋ္ဌ၊ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနဲ့ တရုတ် နိုင်ငံဘက်မှ တာဝန်ရှိသူတွေ၊ အာဆီယံ နိုင်ငံတွေက မီဒီယာဆိုင်ရာ အကြီးအကဲတွေ၊ အာဆီယံ-တရုတ် စင်တာ အထွေထွေ အတွင်းရေးမှူးချုပ်၊ အာရှ-ပစိဖိတ် ရုပ်သံထုတ်လွှင့်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် တို့အပြင် မီဒီယာ အဖွဲ့အစည်းတွေက ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံ ဘက်ကတော့ နိုင်ငံပိုင်မီဒီယာ တစ်ခုဖြစ်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးချုပ်နဲ့ ပုဂ္ဂလိကမီဒီယာအချို့က တာဝန်ရှိသူတွေ အွန်လိုင်းက တက်ရောက်တာ တွေ့ရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ ဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ တရုတ်နဲ့ အာဆီယံဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မီဒီယာဆိုင်ရာ ကိုယ်စားလှယ်တွေက နှုတ်ခွန်းဆက်စကားတွေ၊ မိန့်ခွန်းတွေ ပြောကြားခဲ့ပြီး တဲ့နောက် CMG နဲ့ အာဆီယံနိုင်ငံ မီဒီယာတွေ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍသစ် စတင်ခြင်း၊ ပြည်ပနဲ့ အွန်လိုင်း ဆက်သွယ်ရေး မြှင့်တင်ခြင်း၊ CMG နဲ့ ကွမ်ရှီကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရတို့ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အစီအစဉ်တွေကို ထည့်သွင်း ကျင်းပခဲ့ပါတယ်။ ဒီဖိုရမ်ကို နိုင်ငံပေါင်း ၁၇ နိုင်ငံက မီဒီယာ အဖွဲ့တွေနဲ့ အသင်းအဖွဲ့စုစုပေါင်း ၇၀ ကျော် တက်ရောက်သူ ၁၈၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ ဒီဖိုရမ်ဟာ တရုတ်နိုင်ငံ ကွမ်ရှီကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့မှာပဲ ကျင်းပမယ့် (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အကြိုပွဲတစ်ခု ဖြစ်ပြီး အဆိုပါ ကုန်စည်ပြပွဲကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဖွင့်လှစ်ပြသ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
တရုတ်နဲ့ အာဆီယံ နိုင်ငံတွေအကြား မိတ်ဖက် ဆက်ဆံရေးကို ၁၉၉၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ နှစ်ပေါင်းသုံးဆယ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ကဏ္ဍစုံမှာ မိတ်ဖက် ဆောင်ရွက်ခဲ့ရာမှာ တိုးတက်မှု အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေးပိုင်းမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံရဲ့ အကြီးဆုံးကုန်သွယ်ဖက် အဖြစ် ယခုနောက်ပိုင်းမှာ ၁၃ နှစ်ဆက်တိုက် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နဲ့ အာဆီယံ နိုင်ငံတွေရဲ့ ကုန်သွယ်မှုဟာလည်း တရုတ် စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ တရားဝင် အချက်အလက်တွေအရ နှစ်ပေါင်သုံးဆယ် အတွင်း ၈၅ ဆအထိ တိုးတက်လာတယ်လို့ သိရပါတယ်။ အလားတူ ကာလအတွင်းမှာပဲ တရုတ်နဲ့ အာဆီယံတို့ အကြား မီဒီယာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာဟာ နှစ်ဖက် ပြည်သူတွေအကြား နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး နှစ်ဖက် မီဒီယာတွေအကြား ချစ်ကြည် ရင်းနှီးမှုကို တိုးတက် ရရှိစေခဲ့ပါတယ်။
ပြည်သူတွေရဲ့ နား၊ မျက်စိ
မီဒီယာဆိုတာ ပြည်သူတွေကို သတင်းအချက် အလက်တွေနဲ့အတူ အသိအမြင်တွေ ပေးနိုင်တဲ့ ပြည်သူတွေရဲ့ မီးအိမ်တွေ၊ အလင်းရောင်တွေပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ နား၊ မျက်စိလို့လည်း ပြောလို့ ရပါတယ်။ ဒါကြောင့် တရုတ်နဲ့ အာဆီယံ ပြည်သူတွေအကြား အတူတကွ သာယာဝပြောရေး၊ ပိုမိုတက်ကြွ အားကောင်းတဲ့ တရုတ်-အာဆီယံ အသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် ဆိုရင် နှစ်ဖက်အကြား ဆန်းသစ်တဲ့ နည်းပညာ ဖလှယ်တာ၊ သတင်းအချက်အလက် မျှဝေတာ စတာတွေကို နှစ်ဖက်ပူးပေါင်းလို့ စဉ်ဆက်မပြတ် ပြုလုပ်ဖို့ လိုပါတယ်။
မီဒီယာလုပ်ငန်းဆိုတာ သတင်းအချက်အလက် နဲ့ နည်းပညာတွေကို အခြေခံထားတာ ဖြစ်ပါတယ်။ တစ်ဆက်တည်း ပြောရရင် မီဒီယာလုပ်ငန်းဆိုတာ ပြည်သူနဲ့ အစိုးရအကြား၊ ပြည်သူနဲ့ ပြည်သူအကြား သတင်းအချက်အလက်တွေကို အထက်အောက် အပြန်အလှန် ဆက်သွယ်ပို့ဆောင် ပေးတဲ့ ပေါင်းကူး တံတား၊ တစ်နည်းအားဖြင့် ဆက်သွယ်ရေးကွန်ရက် တစ်ခုပါပဲ။ သတင်းတွေ၊ ဖြစ်စဉ်တွေကို တစ်နေရာ ကနေတစ်နေရာကို အမှန်အတိုင်းရောက်ဖို့ ဆက်သွယ်ပို့ဆောင် တင်ဆက်ပေးရတာပဲ ဖြစ်ပါ တယ်။ ဒီလို ဆက်သွယ်တင်ဆက်တဲ့ နေရာမှာ ဘက်လိုက်မှုတွေ မဖြစ်ဖို့၊ သတင်းမှန်တွေ ဖြစ်ဖို့၊ မသက်ဆိုင်သူတွေ အပေါ် ထိခိုက်နစ်နာမှု မရှိစေဘဲ သတင်းတွေကို လွတ်လပ်စွာ ရေးသား တင်ဆက်နိုင်ဖို့ “သတင်းမီဒီယာ ကျင့်ဝတ်” ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ထိန်းကျောင်း ပေးထားတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ တွေကို စတုတ္ထမဏ္ဍိုင်လို့ အသိအမှတ် ပြုထားကြပါတယ်။ ဒါဟာ မီဒီယာရဲ့ အရေးပါမှုကို ဖော်ညွှန်း ထားတာပဲ ဖြစ်ပါတယ်။
ဒီလိုအရေးပါတဲ့ သတင်းမီဒီယာ တွေရဲ့ ရေးသား တင်ဆက်မှုတွေမှာ အဓိကကျတဲ့ အချက်နှစ်ချက် ရှိပါတယ်။ အဲဒါတွေကတော့ သတင်းအချက်အလက် မှန်ကန်ဖို့နဲ့ မြန်ဆန်စွာ ဆက်သွယ် တင်ဆက်နိုင်ဖို့ ဖြစ်ပါတယ်။ သတင်းအချက်အလက် မှန်ကန်ဖို့ကို ဦးစားပေးရမှာ ဖြစ်ပေမယ့် မြန်ဆန်မှု ဟာလည်း အရေးပါတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းပို့ဆောင် ဆက်သွယ်မှု မြန်ဆန်ဖို့ ဆိုရင် အလွယ်တကူ ပို့ဆောင် ဆက်သွယ်နိုင်မယ့် နည်းပညာတွေ အစဉ်အမြဲ ဆန်းသစ်နေဖို့ လိုပါတယ်။ ပြောရရင် ယနေ့ကာလမှာ သတင်းဖြန့်ဝေ တင်ဆက်မှု ဆန်းသစ် တီထွင်ခြင်းကို မီဒီယာလုပ်ငန်း တိုးတက် ဖွံ့ဖြိုးဖို့၊ အသွင်ပြောင်းဖို့ လုပ်ဆောင်တာ အတွက်သာမကဘဲ လူ့အဖွဲ့အစည်းကို ဘယ်လိုပုံဖော်ကြမလဲ၊ လူ့အဖွဲ့အစည်းတွေ အရင်ကထက် ပိုမိုဖွံ့ဖြိုးဖို့ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို အခြေခံပြီး စဉ်းစား ဆောင်ရွက်ကြဖို့ လိုပါတယ်။
သတင်းဖလှယ်မှုတွေ၊ မီဒီယာတွေအကြား ကူးလူးဆက်ဆံမှုတွေ ပိုမိုတိုးတက်
တရုတ်နဲ့ အာဆီယံအကြား ဆန်းသစ်တဲ့ သတင်း အချက်အလက်တွေကို ဖလှယ်နိုင်ဖို့၊ ဒီဆန်းသစ်တဲ့ နည်းပညာတွေနဲ့ လူ့အဖွဲ့အစည်းတွေ ပိုမိုဖွံ့ဖြိုး နိုင်ဖို့အတွက် ပုံဖော်နိုင်ဖို့ အဓိက ရည်ရွယ်ပြီး အခုကျင်းပခဲ့တဲ့ဖိုရမ်မှာ “Launch Ceremony New Round of Cooperation between CMG and ASEAN Media”၊ “Launch Ceremony of Overseas Communication and Online Promotion Action ‘Splendid and Beautiful Guangxi” ဖွင့်ပွဲ အခမ်းအနားနဲ့ “Unveiling Ceremony: China -ASEAN Media Complex” မိတ်ဆက်ပွဲ အခမ်းအနား အစီအစဉ်တွေကို ထည့်သွင်း ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေက တစ်ဆင့် နောင်မှာ တရုတ်နဲ့ အာဆီယံ အကြား သတင်းဖလှယ်မှုတွေ၊ မီဒီယာတွေ အကြား ကူးလူး ဆက်ဆံမှုတွေ ပိုမိုတိုးတက်လာမယ့် အပြင် အဆိုပါ နိုင်ငံတွေအကြား ပြည်သူတွေအတွင်း သတင်းမှန်တွေ သိရှိနိုင်မှု အခွင့်အလမ်း တွေလည်း ပိုမိုတိုးတက် ရရှိလာမယ်လို့ မျှော်လင့်ရပါတယ်။
တကယ်တော့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေ အကြား မိတ်ဖက် ဆက်ဆံရေးဟာ နှစ်ပေါင်း သုံးဆယ်ရှိခဲ့ပြီ ဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် အာဆီယံ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ရဲ့ မိတ်ဖက် ဆက်ဆံရေးဟာ နှစ်ပေါင်း သုံးဆယ်မက ရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အလားတူ မီဒီယာ အချင်းချင်း ကူးလူးဆက်သွယ် ဆက်ဆံရေးဟာလည်း နှစ်ပေါင်း သုံးဆယ်မက ရှိခဲ့ပါပြီ။ နှစ်နိုင်ငံ တို့က စာရေးဆရာတွေ၊ သတင်းစာဆရာတွေ အပြန်အလှန် သွားရောက် လည်ပတ်ကြခြင်းဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပေါင်းကူး တံတားကို တည်ဆောက်နိုင် သလို မီဒီယာ အချင်းချင်း စာပေ၊ ယဉ်ကျေးမှုနဲ့ သတင်းဖလှယ်မှုအား ပိုမိုတိုးတက် လာခဲ့တာဟာလည်း လက်တွေ့ကျတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။
ယခုအခါမှာ မြန်မာနိုင်ငံဟာ အာဆီယံနဲ့ ဆွေးနွေးဖက် နိုင်ငံတွေအတွင်း တရုတ်နိုင်ငံနဲ့ ညှိနှိုင်းမှု တာဝန်ခံ ဆောင်ရွက်နေတဲ့ (Country Coordinator)အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တစ်နည်းအားဖြင ့်ပြောရရင် တရုတ်နဲ့ အာဆီယံအကြား မိတ်ဖက် ဆက်ဆံရေး ထိရောက် အောင်မြင်ဖို့ အရေးပါတဲ့ ကဏ္ဍက တာဝန် ယူထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖိုရမ်မှာရရှိတဲ့ ဆွေးနွေးချက်တွေ၊ သဘောတူညီချက်တွေကို အခြေခံပြီး မီဒီယာစွမ်းအားနဲ့ အပြန်အလှန် ပိုမိုယုံကြည်၊ ပိုမိုဖေးမကူညီနိုင်တဲ့ အာဆီယံ မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက် မြှင့်တင်ရာမှာ မြန်မာနိုင်ငံအနေနဲ့ အရေးပါတဲ့နေရာကနေ ပါဝင် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ၂၀၂၂-အာဆီယံ မိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ဟာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေရဲ့ မီဒီယာတွေအကြား ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနဲ့ သတင်းအချက် အလက် အပြန်အလှန် ဖလှယ်ရေးကို ပိုမိုတိုးမြှင့် နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကနေ ဖြစ်ထွန်းလာတဲ့ အကျိုး ရလဒ်ကတစ်ဆင့် “ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာလှပခြင်း၊ ကြွယ်ဝခြင်း”နဲ့အတူ ချစ်ကြည်ရင်းနှီးတဲ့ ဘုံအကျိုးတူ အသိုက်အဝန်း ကိုလည်း တည်ဆောက်နိုင် လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ရေးသားလိုက်ရ ပါတယ်။ ။