Skip to main content

အချက်အလက်အပေါ်အခြေခံပြီး စေတနာကိုမြင်အောင်ကြည့်ပါ တိုးတက်မှုကိုတွေ့ရမှာ

ထက်မြတ်

မိသားစုတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူတန်းစေ့ ရှင်သန်၊ ရပ်တည်၊ နေထိုင်နိုင်ရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လိုအပ်ချက်တွေထဲကမှ အရေးအကြီးဆုံးအရာကတော့ စီးပွားရေးလို့ ဆိုကြပါတယ်။

မိသားစုတစ်ခုက စီးပွားရေးကောင်းရင် ကောင်းသလို စားဝတ်နေရေးချောင်လည်ပြီး လူတန်းစေ့ နေထိုင်နိုင်ပါလိမ့်မယ်။ စီးပွားရေး မကောင်းရင်ရော။ စီးပွားရေးကောင်းအောင် မိသားစုတွေ တက်ညီလက်ညီ ကြိုးစားရမှာပေါ့။

မိသားစုတစ်ခုအတွက်တောင်မှ စီးပွားရေးက အရေးကြီးတယ်ဆိုရင် နိုင်ငံတစ်နိုင်ငံလုံး အတွက်ဆို စီးပွားရေးက ဘယ်လောက်တောင်မှ အရေးကြီးလိမ့်မလဲနော်။

တာဝန်ယူထားရ

မိသားစုတစ်ခုမှာ ကလေးငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ကိစ္စအဝဝကို မိဘ၊ အုပ်ထိန်းသူက တာဝန်ယူထားရပါတယ်။

နိုင်ငံတစ်ခုမှာလည်း မိဘသဖွယ်၊ အုပ်ထိန်းသူ သဖွယ်ဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲက နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးအတွက် ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူမှုစီးပွား ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးနေရတာပါ။

မိသားစုမှာလည်းမိသားစုအလျောက် ဒီလိုကိစ္စအဝဝကို ဖြေရှင်းဖို့အတွက် စီးပွားရေး ကောင်းဖို့ လိုသလို နိုင်ငံတော်ကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့အတွက် စီးပွားရေးကောင်းအောင် ကြိုးစားနေတာကိုတွေ့ရပါတယ်။

မိသားစုတစ်ခုရဲ့ စီးပွားရေးကိုတိုင်းတာရာမှာ ပျမ်းမျှအားဖြင့် မိသားစုအရွယ်အစား၊ မိသားစု အတွင်းရှိ အလုပ်လုပ်နိုင်သူအရေအတွက်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေများ၊ ရရှိတဲ့ဝင်ငွေနဲ့ သုံးစွဲလိုက်ရတဲ့ထွက်ငွေ အချိုးအစား အစရှိတဲ့ အညွှန်းကိန်းတွေနဲ့ တိုင်းတာနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို တိုင်းတာရာမှာတော့ မိသားစုတစ်ခုရဲ့ စီးပွားရေး အခြေအနေကို တိုင်းတာမှုအချက်အလက်များထက် များစွာပိုပါတယ်။ အခြေခံအချက် တွေကတော့ အတူတူပါပဲ။ အရွယ်အစားသာ ကွာသွားတာပါ။

ကိုက်ညီမှုမရှိ

ဒီနေရာမှာ နိုင်ငံအတွင်း ကုန်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အဲဒီနိုင်ငံရဲ့စီးပွားရေး ကျဆင်းသွားတယ်လို့ တပ်အပ်မပြောနိုင်ပါဘူး။ ပြောလို့လည်း မရပါဘူး။ ဘာကြောင့်လဲဆိုရင် အကြောင်းအရာက ကိုက်ညီမှုမရှိလို့ပါ။

ဒီတော့ ဘယ်လိုအရာတွေက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကို သတ်မှတ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး အနည်းအကျဉ်း ပြောလိုပါတယ်။

ကမ္ဘာ့စီးပွားရေးပညာရှင်များ၊ စီးပွားရေး သုတေသနဌာနများ၊ စီးပွားရေးသုတေသီများ သတ်မှတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုဆိုတာက ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအနေနဲ့ ကုန်ထုတ်လုပ်မှုကျဆင်းပြီး အချိန်အတိုင်းအတာတစ်ခုအထိ အတိအကျပြောရရင် ခြောက်လဆက်တိုက်ကာလမှာ နိုင်ငံရဲ့အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး ကျဆင်းခြင်းအခြေအနေကို ခေါ်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ကုန်ဈေးနှုန်း တက်တာတစ်ခုတည်းနဲ့တော့ နိုင်ငံရဲ့စီးပွားရေး ကျဆင်းနေတယ်လို့ မပြောနိုင်ဘူးဆိုတာ သိလောက်မှာပါ။

ကုန်ဈေးနှုန်းတက်ရခြင်းရဲ့ အကြောင်းရင်း များစွာရှိပါတယ်။ အခြေခံကျတဲ့ အချက်တွေကတော့ ကမ္ဘာ့ဈေးကွက်အခြေအနေ၊ ဝယ်လိုအားထက် ရောင်းလိုအား အခြေအနေတို့အပေါ် မူတည်ပါတယ်။

လက်ရှိ ကမ္ဘာ့ကုန်စည်နဲ့ ဝန်ဆောင်မှုဈေးကွက် အခြေအနေကိုကြည့်ရင် ဗိုလ်ကျစိုးမိုးတဲ့နည်းလမ်းနဲ့ တစ်ကမ္ဘာလုံးကို ထိန်းချုပ်လိုနေတဲ့ အမေရိကန် ဦးဆောင် အနောက်အုပ်စုရဲ့ အမျိုးမျိုးသော လုပ်‌ဆောင်ချက်တွေကြောင့် ကမောက်ကမဖြစ် နေပါတယ်။

စီးပွားရေးနဲ့စွမ်းအင်မှာ အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ရုရှားအပေါ်ကို အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခြင်းကလည်း ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအားကို ကျဆင်းစေပါတယ်။ ဥပမာအားဖြင့် ရေနံကိုကြည့်ပါ။

စီးပွားရေးပညာရပ် သဘောတရားအရ ရောင်းလိုအားထက် ဝယ်လိုအားများရင် ကုန်ဈေးနှုန်း တက်လေ့ရှိတဲ့အတိုင်း ကုန်ဈေးနှုန်းတက်ရခြင်း အကြောင်းရင်းက ဘာကြောင့်ဆိုတာကိုလည်း အနည်းငယ် တီးခေါက်မိပြီ ထင်ပါတယ်။

အခုဆက်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်လား/ကျဆင်းလားဆိုတာကို တိတိကျကျ သိရှိလိုရင်တော့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း ပြောချင်ပါသေးတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နေလား၊ ကျဆင်းနေလားဆိုတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှသာ အခြေအနေအမှန်ကို သိရှိနိုင်မှာပါ။

စီးပွားရေးကျဆင်းတယ်ဆိုတာ

နောက်တစ်ချက်က စီးပွားရေးကျဆင်းတယ်ဆိုတာ ဘောဂဗေဒဘာသာရပ် အယူအဆတစ်ခု ဖြစ်တဲ့ စီးပွားရေးအတက်အကျ သံသရာစက်ဝန်းအတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာသာဖြစ်ပြီး အကြောင်းခြင်းရာ ကြီးကြီးမားမားမရှိဘူးဆိုရင် အချိန်တိုအတွင်းမှာ စီးပွားရေး ပြန်လည်ဦးမော့နိုင်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား စဉ်ကာလတစ်လျှောက် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကုန်ထုတ်စွမ်းအားတွေ အကုန်ကျဆင်းကုန်ပါတယ်။ အဓိကကတော့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ် နိုင်ရေးအတွက် လော့ဒေါင်းတွေ ချမှတ်လိုက်လို့ပါ။

ဒီလိုလော့ဒေါင်းတွေ မဖြစ်မနေ ချမှတ်ရတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့မှုက အထိုက် အလျောက် လျော့နည်းသွားပေမယ့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်းကတော့ အလွန်လျင်မြန်တဲ့နှုန်းနဲ့ တစ်ကမ္ဘာလုံးကို ကူးစက်သွားပါတယ်။

အဲဒီအချိန်ကာလတွေတုန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုသည်လည်း အကျဘက်မှာသာ ရှိနေခဲ့တာပါ။ ဒါဟာကိုယ့်တစ်နိုင်ငံတည်း ဖြစ်နေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်တဲ့အနေအထား ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေအနည်းငယ်တန့်သွားချိန်မှာတော့ မြန်မာနိုင်ငံ အစိုးရဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း တခြားနိုင်ငံများထက်ပိုတဲ့ လုံ့လ၊ ဝီရိယ၊ ဝါယမနဲ့ကြိုးစားပြီး စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။

ဦးစားပေးပြီး မြှင့်တင်လာ

ဒီလိုလုပ်ဆောင်တဲ့နေရာမှာ သွင်းကုန်ပမာဏကို လျှော့ချနိုင်သမျှ လျှော့ချခြင်း၊ ပို့ကုန်ပမာဏကို တိုးမြှင့်နိုင်သမျှ တိုးမြှင့်ခြင်း၊ အလုပ်လက်မဲ့နှုန်း ကျဆင်းအောင် ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာအောင် အခြေအနေ အခွင့်အလမ်းများ ဖန်တီးပေးခြင်း အစရှိတဲ့ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့ကဏ္ဍတွေကို ဦးစားပေးပြီး မြှင့်တင်လာတာတွေ့ရပါတယ်။

အများမြင်သာအောင် ရှင်းလင်းပြနိုင်ဖို့အတွက် ဘဏ္ဍာရေးနှစ်လေးတွေခွဲပြီး ပြောပြသွားပါမယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ် (၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ)၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ) (၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ) ဆိုပြီး အချိန် အပိုင်းအခြားနဲ့ ခွဲပြောသွားပါမယ်။

အခုတင်ပြမယ့် အချက်အလက်တွေကိုတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒီနှစ် ဩဂုတ်လထုတ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် (Citizen’s Budget) မှာ ဖော်ပြထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့ကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှု နှုန်းက ၃ ဒသမ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ သုံးငွေ ပမာဏနဲ့ GDP အချိုးက ၂၈ ဒသမ ၅၆ ရာခိုင်နှုန်း အထိရှိပါတယ်။ ရငွေပမာဏနဲ့ GDP အချိုးကတော့ ၂၂ ဒသမ ၃၃ ရာခိုင်နှုန်းပါ။ လိုငွေပမာဏနဲ့ GDP အချိုးက ၆ ဒသမ ၂၃ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝန်းမှာပါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအဆိုးဆုံးလို့ ပြောနိုင်တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုက ထိတ်လန့်စရာ အခြေအနေပါပဲ။ စီးပွားရေး တိုးတက်မှုနှုန်းက အနုတ် ၅ ဒသမ ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ သုံးငွေပမာဏနဲ့ GDP အချိုးက ၂၃ ဒသမ ၇၄ ရာခိုင်နှုန်း၊ ရငွေပမာဏနဲ့ GDP အချိုးက ၁၆ ဒသမ ၁၈ ရာခိုင်နှုန်းရှိပါတယ်။ လိုငွေပမာဏနဲ့ GDP အချိုးကတော့ ၇ ဒသမ ၅၆ အထိ မြင့်တက် လာပါတယ်။

စီးပွားရေး သိသိသာသာတိုးတက်လာ

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ) အတွင်းမှာ စီးပွားရေး သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒီကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်းက ၃ ဒသမ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို အားရဖွယ်တွေ့ရပါတယ်။

ဒီနေရာမှာ အားရဖွယ်လို့သုံးရတဲ့အကြောင်းရင်းက အနုတ် ၅ ဒသမ ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့စီးပွားရေးကို ၃ ဒသမ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် လုပ်ဆောင်နိုင်တာဟာ တော်တော်မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုပမာဏလို့ ဆိုနိုင်တဲ့အတွက် ဖြစ်ပါတယ်။

အခုလက်ရှိ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ စီးပွားရေး တိုးတက်မှုနှုန်းက ၃ ဒသမ ၇၀ ရာခိုင်နှုန်းရှိမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

အရပ်ထဲနဲ့ အင်တာနက်အသိုင်းအဝိုင်းမှာတော့ တချို့ကပြောကြတာရှိပါတယ်။ ကမ္ဘာ့ ဘယ်အဖွဲ့အစည်းကတော့ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်ပြီး ဘယ်လိုထုတ်ပြန်လိုက်ပြီ၊ မြန်မာ့ စီးပွားရေးတိုးတက်မှု ကျဆင်းနေပြီ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ဇောက်ထိုးပြုတ်ကျနေပြီဆိုပြီးတော့ ပြောနေကြတာပါ။

တကယ်တမ်း လက်တွေ့ကျကျ ဆန်းစစ်ကြည့်ရင် ကိုယ့်မိသားစုရဲ့ဝင်ငွေအမှန်၊ အသုံးစရိတ်အမှန်၊ ကုန်ထုတ်လုပ်မှုအမှန်ကို ကိုယ်ကိုယ်တိုင်ကသာ အသိဆုံးမဟုတ်ပါလား။ ဒါကြောင့် အစိုးရရဲ့တရားဝင် ထုတ်ပြန်ချက်ကလွဲလို့ အခြေအမြစ်မခိုင်မာတဲ့ ထုတ်ပြန်ချက်တွေကို ဂရုမပြုမိဖို့ အရေးကြီးပါတယ်။

အခုလိုမျိုး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရဲ့ စီးပွားရေးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကိန်းဂဏန်းအချက် အလက်တချို့ကို တင်ပြချင်ပါသေးတယ်။ ဒီအချက်အလက်တွေကိုတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ကုန်သွယ်ရေးဦးစီးဌာနရဲ့ အချက်အလက်တွေကို ကိုးကားထားပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်ပပို့ကုန် တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၆၈၁ ဒသမ ၀၈၉၊ သွင်းကုန်တန်ဖိုး စုစုပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း ၁၉၀၅၀ ဒသမ ၈၅၆ ရှိတာကြောင့် ကုန်သွယ်မှုလိုငွေစုစုပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း ၁၃၆၉ ဒသမ ၇၆၇ ရှိပါတယ်။

တစ်နည်းပြောရရင် ကုန်သွယ်မှုလိုငွေပမာဏ များပြားနေတာက နိုင်ငံရဲ့စီးပွားရေးမှာ ထွက်ငွေ များနေတာကို ပြသနေတာဖြစ်တဲ့အတွက် စီးပွားရေး တိုးတက်မှုက တိုးမြင့်နေလား၊ ကျဆင်းနေလား ဆိုတာကို အထင်းသား မြင်သာစေပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် နိုင်ငံ့စီးပွားရေးကို အပြည့်အဝ အကောင်အထည်ဖော်လာနိုင်တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ) တာကာလအတွင်းမှာပင် ကုန်သွယ်မှု ပိုငွေပမာဏက အမေရိကန်ဒေါ်လာသန်းပေါင်း ၃၄၃ ဒသမ ၄၂၇ အထိ ပြန်ဖြစ်လာပါတယ်။

အခုဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလဖြစ်တဲ့ ဧပြီလ ၁ ရက်ကနေ စက်တင်ဘာလ ၉ ရက်အထိ ပို့ကုန်တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၆၀၀ ဒသမ ၄၂၅ နဲ့ သွင်းကုန်တန်ဖိုး စုစုပေါင်းက အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၄၆၁ ဒသမ ၅၄၅ ဖြစ်တဲ့အတွက် ကုန်သွယ်မှုပိုငွေပမာဏက အမေရိကန်ဒေါ်လာသန်းပေါင်း ၁၃၈ ဒသမ ၈၈ ရှိတာကိုလည်း တွေ့ရပါတယ်။

အခုလိုမျိုး ကုန်သွယ်ရေးမှာ ကုန်သွယ်မှုပိုငွေ ပြတာဟာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကိုပြသတဲ့ ကိန်းညွှန်းတစ်ခုပဲ မဟုတ်ပါလား။

ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာအောင်

နောက်တစ်ခုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံ မှုတိုးမြင့်လာအောင် အခြေအနေအခွင့်အလမ်းများ ဖန်တီးပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအခွင့်အလမ်းများ ဖန်တီးပေးမှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာကိုလည်း မြင်တွေ့ရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းအချက်အလက်တွေအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ဩဂုတ်လကုန်အထိကို နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းစုစုပေါင်း ၃၅ ခုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော် ဝင်ရောက်လာတယ်လို့ သိရပါတယ်။

ကိုယ့်နိုင်ငံအတွင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ပေါများလာတာအမှန်ပါပဲ။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ခဲ့ရတဲ့ စက်ရုံတွေကလည်း ယခုအခါမှာ ပြန်လည်ဖွင့်လှစ်လာတာကို တွေ့ရတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာပါတယ်။

နိုင်ငံအတွင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာစေဖို့အတွက် အစိုးရအနေနဲ့ ကြိုးပမ်း အားထုတ်ရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် မူဝါဒများချမှတ်ကာ ရှေ့ဆုံးကနေ ဦးဆောင်လမ်းပြအနေနဲ့ အကောင်အထည် ဖော်နေတာကိုလည်း တွေ့ရပါတယ်။

မကြာသေးမီက ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပပြီးစီးသွားတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး ရာမှာလည်း ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မြန်မာနိုင်ငံ၏ ရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ကုဗပေ ၂ ထရီလီယံကျော်တွေ့ရှိပြီး မကြာမီ စီးပွားဖြစ်ထုတ်ယူ နိုင်တော့မယ့် အခြေအနေ၊ အလားတူ အဲဒီသဘာဝဓာတ်ငွေ့သိုက်ထက် ပိုကြီးတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်တော့မယ့် အလားအလာတို့နဲ့အတူ နိုင်ငံအတွင်း သဘာဝဓာတ်ငွေ့အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ်ကြောင်း ပြောခဲ့ပါသေးတယ်။

ဒီနေရာမှာ စီးပွားရေးတိုးတက်မှုကိုတိုင်းတာတဲ့အညွှန်းကိန်းတွေ တစ်ခုပြီးတစ်ခု တိုးတက်လာလေလေ၊ နိုင်ငံရဲ့စီးပွားရေးလည်း တိုးတက်လာလေလေ ဖြစ်လာမှာအမှန်ပါပဲ မဟုတ်ပါလား။

တိုက်ရိုက်အချိုးကျနေခြင်းမရှိ

ဒါကြောင့် ကျွန်တော့်ရဲ့ တင်ပြချက်ကို ပြန်လည်အနှစ်ချုပ်ရမယ်ဆိုရင် ကမ္ဘာ့ဈေးကွက် ကမောက်ကမဖြစ်အောင် လုပ်ဆောင်သူတွေ၊ ပြည်တွင်း၊ ပြည်ပက နိုင်ငံရေး ရည်မှန်းချက်ကြောင့် မြန်မာ့စီးပွားရေးပျက်ယွင်းအောင် နည်းမျိုးစုံသုံး နှောင့်ယှက်၊ လှုံ့ဆော်နေသူတွေကြောင့်သာ ကုန်ဈေးနှုန်း ကြီးမြင့်နေရတာဖြစ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု/ ကျဆင်းမှု အခြေအနေအပေါ် တိုက်ရိုက်အချိုးကျနေခြင်း မရှိပါဘူး။

အထက်မှာတင်ပြခဲ့တဲ့ စာရင်းအင်းအချက် အလက်တွေကိုပြန်ကြည့်ရင် တစ်ကမ္ဘာလုံး ရင်ဆိုင်ခံစားရတဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအချိန်ရဲ့ နောက်ပိုင်းကာလတွေမှာ စီးပွားရေးတိုးတက်မှုနှုန်းက မထင်ထားလောက်အောင် မြင့်တက်လာတာကို တွေ့ရမှာပါ။

ဆက်လက်ပြီးတော့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရဲ့စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်စေဖို့အတွက် လုပ်ဆောင်ရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ရှေ့ဆုံးကနေ တက်တက်ကြွကြွပါဝင်ပြီး ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ကြိုးပမ်းအကောင်အထည်ဖော် နေတာကိုလည်း မြင်တွေ့ရမှာပါ။

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးကို အခြေတည်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှုကြီးကို ခံစားနေရတာပါ။ ချမှတ်ခံထားရတဲ့ အရေးယူပိတ်ဆို့မှုတွေဆိုရင်လည်း ဒုနဲ့ဒေးပါပဲ။

ဒီလိုအခြေအနေမျိုးမှာတောင်မှ အရှုံးမပေးဘဲ နိုင်ငံတော်ကို အဘက်ဘက်ကနေ တည့်မတ်ရင်း နိုင်ငံရဲ့စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးလာအောင် အခက်အခဲတွေကြားက ကြိုးစားဖော်ဆောင်ပေးသူတွေရဲ့ စေတနာကို အချက်အလက်အပေါ် အခြေခံပြီး ကြည့်လှည့်ပါမှ နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို မြင်တွေ့ရမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။  ။