Skip to main content

မြန်မာနိုင်ငံအနာဂတ် လှသည်ထက်လှစေ

ဝဏ္ဏ (TGI)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့ စတော့ခ်မြို့ Far Eastern Federal University(FEFU) သို့ ရောက်ရှိတည်းခိုလျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးသည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှစတင်၍ သက်ဝင် လှုပ်ရှားလျက်ရှိသည်။ နံနက်ပိုင်းအတွက် သွားရောက်လေ့လာမည့် အစီအစဉ်၊ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ မရှိသည့်တိုင် နားနေရခြင်းမရှိ။ မကြာမီ ဆောင်ရွက်ရမည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ H.E.Vladimir Vladimir-ovich Putin နှင့် တွေ့ဆုံဆွေးနွေးမှု၊ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7 th Eastern Economic Forum-2022)တွင် တက်ရောက်ဆွေးနွေးမှု စသည်တို့အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြသည်။ ခရီးစဉ်အား မစတင်မီကာလကပင် ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်သော်လည်း အချိန်နှင့်အမျှ ပြောင်းလဲလာနိုင်သည့် အချို့အကြောင်းအရာများအတွက် မတိုင်မီသောကာလအထိ ပြင်ဆင်မှုကို မလျှော့။

အလေးအနက်ထား

မွန်းလွဲပိုင်းအရောက်တွင် တည်းခိုရာနေရာမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ပါဝင်သည့် လုံခြုံရေးယာဉ်တန်းများ ခြံရံထားသည့် အထူးယာဉ်တန်း စတင်ထွက်ခွာသည်။ FEFU Campus အတွင်းရှိ ဧည့်ခန်းမဆောင် အတွင်း၌သာ တွေ့ဆုံခြင်းဖြစ်၍ ခရီးကွာဝေးမှုမရှိသော်လည်း စနစ်ကျနသော ယာဉ်တန်းဖြင့် စီမံဆောင်ရွက်ပေးမှုဖြင့် ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အပေါ် အလေးအနက်ထားမှုကို ပြသည်။

နှစ်နိုင်ငံအကြီးအကဲနှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံဘက်မှ အကြီးအကဲနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးတို့ ပါဝင် တက်ရောက်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်တွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E.Vladimir Vladimir-ovich Putin ၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Nikolay A. Listopadov နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ စုံလင်စွာတက်ရောက်ကြသည်။

ကာလရှည်မိတ်ဖက်နိုင်ငံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ကြိုဆိုမှုအပေါ် မြန်မာနိုင်ငံ၏ အကြီးအကဲက မင်္ဂလာပါဟူသော ပရိသန္ဓာရစကားဖြင့် နှုတ်ဆက်၍ တွေ့ဆုံဆွေးနွေးမှုကို စသည်။ ရုရှားနိုင်ငံအကြီးအကဲက ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ၇၅ နှစ်တိုင်သည်အထိ ခိုင်မြဲခဲ့မှုအပေါ် ဂုဏ်ပြုအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အပေါ် အလားအလာကောင်းများ မြင်တွေ့နေရမှု အခြေအနေများကို စတင်ဆွေးနွေးသည်။ ကနဦးဆွေးနွေးမှုတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဟု သုံးနှုန်း ဆွေးနွေးခြင်းဖြင့် ရုရှား-မြန်မာ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တွေ့ဆုံဆွေးနွေးမှုအပေါ် ကျေးဇူးတင်စကားဆို၍ နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေး အခြေအနေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယခင်ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများနှင့် ၎င်းအခက်အခဲများကြားမှ လက်ရှိသမ္မတကြီးလက်ထက်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းခဲ့မှုများအပေါ် ချီးကျူးစကားဖြင့် ဆွေးနွေးခြင်းကိုစသည်။ အပြန်အလှန်သော ရင်းနှီးမှုဖြင့် ချစ်ကြည်ရေးဆွေးနွေး မှုများအပြီးတွင် နှစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုသောဆွေးနွေးမှုကို ဆောင်ရွက်ကြသည်။

ခေတ်ပညာတတ်များအတွက် ကဏ္ဍတစ်ခုဖွင့်လှစ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု တိုးမြှင့်ရေးမှ အစချီ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ဆက်စပ်နေသည့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးသည်။ နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်းမှအစပြု၍ နိုင်ငံအဆင့်အထိ တိုးတက်လာမည့် ကိစ္စရပ်များဖြစ်သည့်အတွက် ဆွေးနွေးမှုမှာ ကျယ်ပြောလှသည်။ ဆက်လက်ဆွေးနွေးမှုတွင် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသည်။ တိုးတက်လာသည့် သိပ္ပံနှင့်နည်းပညာခေတ်တွင် ပူးပေါင်းဆောင်ရွက်ရမည့် ဆွေးနွေးမှုများမှာ အဖိုးတန်လှသည့်အပြင် မြန်မာနိုင်ငံရှိ ခေတ်ပညာတတ်များအတွက် အခန်းကဏ္ဍတစ်ခုကို ဖွင့်လှစ်လိုက်နိုင်ခြင်းဟု ဆိုရမည်ဖြစ်သည်။

နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း အပြန်အလှန်တိုးမြှင့်ရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆွေးနွေးမှုကိုလည်း ဆောင်ရွက်ခဲ့ရာ အနာဂတ်ကာလတွင် နှစ်နိုင်ငံလုံးမှ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသော ဆွေးနွေးမှုအဖြစ် မှတ်တမ်းတင်ရမည်ပင်ဖြစ်သည်။ နှစ်ဖက်သော အကြီးအကဲများ၏ နိုင်ငံနှင့်ပြည်သူ လူထုအပေါ်ထားရှိသည့် စိတ်စေတနာ ကိုမြင်သာသည့် ဆွေးနွေးမှုများဟုလည်း ထင်မြင်မိသည်။ အလားတူပင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေးကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ရာ အမိမြန်မာပြည်အတွက် ရလဒ်ကောင်းများ ရရှိစေရန် ပြီးပြည့်စုံလှသော ဆွေးနွေးချက်များအဖြစ် ယူဆမိသည်။ သာမန် တွေ့ဆုံမှုများထက် ပိုမိုကြာမြင့်ခဲ့သည့် တွေ့ဆုံဆွေးနွေးခဲ့မှုသည် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန်ကူညီ ဆောင်ရွက်မှုစသည့် အပြုသဘောဆောင်သော ရလဒ်ကောင်းများကို ဆွေးနွေးနိုင်ခဲ့သည်ဟု မှတ်တမ်းပြုရမည် ပင်ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E.Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မကြာမီစတင်ကျင်းပမည့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7 th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session တွင် တက်ရောက်ဆွေးနွေးရန် စီမံရသည်။

ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏သမ္မတ အပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီး ချုပ် Mr. Luvsannamsrian Oyun-Erdene ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Mr. Li Zhanshu စသည့် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် နိုင်ငံ ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များပါဝင် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ရုရှားအရှေ့ဖျားဒေသ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုများအတွက် ဆောင်ရွက်ပေးမည့် အခြေအနေ၊ ရုရှားနိုင်ငံမှ ကုန်သွယ်ကူးသန်းရောင်းဝယ်မှုများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ ဆွေးနွေးပြောကြားမှုအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ဆွေးနွေးရသည်။

ဖေးမကူညီတတ်သည့် မြန်မာ့စိတ်ရင်း

မြန်မာအကြီးအကဲက ဆွေးနွေးမှုကို “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ဟူသော ခေါင်းစဉ်ဖြင့်ဆွေးနွေးသည်။ လူသားများ၏ အသက်ရှင် နေထိုင်လှုပ်ရှားသွားလာရန်အတွက် စားနပ်ရိက္ခာ၏ အရေးပါမှုကို စတင် ဖော်ပြ၍ စားနပ်ရိက္ခာလုံခြုံမှု (Food Security)သည် လူသားအားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံးသော လိုအပ်ချက်ဖြစ်သည်ဟု ဆွေးနွေးသည်။ စားနပ်ရိက္ခာလုံခြုံမှု (Food Security) အပေါ် ခေတ်ကာလပြောင်းလဲမှုအရ ဘဏ္ဍာရေးလုံခြုံမှု (Financial Security)က လွှမ်းမိုးလာမှုကိုလည်း သတိပြုနိုင်ရန် ထောက်ပြဆွေးနွေးသည်။

စားနပ်ရိက္ခာလုံခြုံရေး(Food Security)တွင် အဓိကကျသည့် အထောက်အကူပစ္စည်းများ ရောင်းဝယ်မှုပြုရာတွင် အချို့နိုင်ငံများက ဘဏ္ဍာရေးလုံခြုံမှုနှင့်ယှဉ်တွဲ၍ ဒေါ်လာကို လက်နက်သဖွယ် အသုံးချလာမှု၊ နိုင်ငံကြီးများမှ နိုင်ငံငယ် များကို ဒေါ်လာဖြင့်အနိုင်ကျင့်ကာ နိုင်ငံရေး၊ စီးပွားရေးတို့တွင် လွှမ်းမိုးလာမှုတို့ကိုလည်း အလေးထားထောက်ပြ၍ သတိပြုမိစေရန် ထည့်သွင်းဆွေးနွေးသည်။ ၎င်းကိစ္စရပ်များကို လွန်ဆန်နိုင်မည့် နည်းလမ်းနှစ်သွယ်ကို ဆောင်ရွက်နိုင်မှု၊ အင်အားကြီးနိုင်ငံများမှ ဝိုင်းဝန်းကူညီပေးရန် လိုအပ်မှုတို့ကိုလည်း အကြံပြုတိုက်တွန်းသည်။ အမိမြန်မာပြည် အတွက်သာမဟုတ်၊ အခြားအနိုင်ကျင့်ခံနေရသည့် နိုင်ငံငယ်များအတွက်ကိုပါ ရည်ရွယ်ထည့်သွင်း ဆွေးနွေးမှုတွင် ဖေးမကူညီတတ်သည့် မြန်မာ့စိတ်ရင်းကို မြင်သာသည်။

စားနပ်ရိက္ခာလုံခြုံမှု (Food Security) ကို ခြိမ်းခြောက်နေသည့် ပြောင်းလဲမှု ဖြစ်စဉ်များ၊ နှစ်ကာလများအလိုက် တိုးတက်လာမည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာလိုအပ်မှု (Demand) မြင့်တက်လာနိုင်မည့် အခြေအနေများကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ချက်များအဖြစ် သိသာစေရန် ဆွေးနွေးမှုတွင် ထည့်သွင်းသည်။ ဆက်လက် ဆွေးနွေးမှုတွင် အမိမြန်မာ နိုင်ငံပါဝင်သည့် အာဆီယံဒေသသည် ပထဝီအနေအထားအရ အရေးပါသည့် နေရာတွင် တည်ရှိနေမှု အခြေအနေ၊ အာဆီယံနိုင်ငံများမှ စိုက်ပျိုးရေးထွက် ကုန်များထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှု အခြေအနေများကိုလည်း ကိန်းဂဏန်း အချက်အလက် အကိုးအကားများဖြင့် ရှင်းလင်းဆွေးနွေးသည်။ အာဆီယံ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ သဘာဝပတ်ဝန်းကျင် ကောင်းများနှင့်ပြည့်စုံမှု၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက စားနပ်ရိက္ခာလုံခြုံမှု (Food Security) အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဘောကို အခြေခံ၍ ဆွေးနွေးမှုအဖြစ် မှတ်သားရသည်။

လာရောက်ရင်းနှီးမြှုပ်နှံ

မြန်မာနိုင်ငံ၏ လက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှုအခြေအနေ၊ အသစ်ထပ်မံတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့သိုက်များ၏ အခြေအနေ၊ သဘာဝဓာတ်ငွေ့ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများလာမည့် သုံးနှစ်အတွင်း တိုးတက်လာမည်ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကမ်းလှမ်းမှုကိုလည်း ဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားသည်။ အလားတူ သဘာဝတွင်းထွက်သတ္တုများ တူးဖော် ထုတ်လုပ်ရေး၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အပါအဝင် နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် ကုန်သွယ်ရေးအတွက် အခွင့်အလမ်းများစွာကို ပေးအပ်နိုင်စွမ်းရှိမှု စသည်တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။

ယခုကျင်းပပြုလုပ်သည့် ဖိုရမ်မှအစပြု၍ အနာဂတ်ကာလတွင် အာရှ-ပစိဖိတ်ဒေသကို ရင်းနှီးမြှုပ်နှံမှုသာမက ပထဝီနိုင်ငံရေးအရ တည်ငြိမ်မှုရရှိစေရေး ပိုမိုအားကောင်း လာမည့်အခြေအနေ၊ ဒေသတွင်း အဖွဲ့အစည်းအသီးသီးတို့နှင့် ခိုင်မာသည့် ဆက်ဆံရေး ထူထောင်ခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးစီးပွားဖြစ် ထွန်းမှုတို့ကို ထည့်သွင်းဆွေးနွေးကာ စည်းလုံးညီညွတ်ခြင်းဖြင့် ဒေသတွင်းသာမက နယ်မြေအသီးသီး၏ အကျိုးစီးပွား တိုးတက်စေနိုင်မှုကို အသေးစိတ်ဆွေးနွေးသည်။ ၎င်းကဲ့သို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ရန် လိုအပ်မှု၊ ဆက်သွယ်ရေး လမ်းကြောင်းဖွင့်လှစ်ရာတွင် ပေါင်းစပ်ဆောင်ရွက်သင့်သည့် အခြေအနေများ ကိုလည်း အကြံပြုဆွေးနွေးခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အတွေး တစ်ခုဖြစ် လာစေရန်တိုက်တွန်းနိုင်ခဲ့သည်။ အကြံပြုတိုက်တွန်းမှုကို အမိမြန်မာနိုင်ငံ၏ ပထဝီအခြေအနေ၊ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး(Food Security)အတွက် ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေနှင့် ချိတ်ဆက်ဆွေးနွေးကာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ရန် ဖိတ်ကြားခြင်းဖြင့် ဆွေးနွေးမှုကို အဆုံး သတ်သည်။ ကမ္ဘာကြီး၏ စားနပ်ရိက္ခာ လိုအပ်ချက်၊ ဒေသတွင်းဆောင်ရွက်သင့်သည့်အချက်များ၊ မြန်မာနိုင်ငံ၏ ပထဝီအခြေအနေနှင့် ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို အကိုးအကား၊ အထောက်အထားများဖြင့် ချိတ်ဆက်ဆွေးနွေးမှုမှာ သေသပ်ပြည့်စုံလွန်းသည်ဟု မြင်မိသည်။

အနာဂတ်တွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ၊ တစ်နည်းအားဖြင့် မဟာမိတ်နိုင်ငံဟု ညွှန်းသည်။ ရှည်လျားသော သမိုင်းကြောင်း၏ အကဲဖြတ်ချက်အရ ထွက်ပေါ်လာသည့်စကားစုဟု သုံးနှုန်းလျှင် မှားမည်မထင်ပါ။ နှစ်နိုင်ငံ၏ ဆက်ဆံရေးသမိုင်း တစ်လျှောက် တိုးတက်လာသည့် ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း အလားအလာကောင်းများစွာရှိမှုနှင့် ယခုဖိုရမ်ကို တက်ရောက်လာမှုအပေါ် ကျေးဇူးတင်စကားလည်း ဆိုသည်။ တည်ငြိမ်သည့် အပြောတွင် ရည်မှန်းချက်ပါသည်ကို သတိပြုမိသည်။

သမိုင်းကြောင်းရှိသည့် ဆက်ဆံရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အပြန်အလှန် ကျေးဇူးတုံ့ပြန်စကားဖြင့် စသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကာလကို ညွှန်းဆိုရင်း ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးအဖြစ် ဂုဏ်ပြုစကားဆိုသည်။ အနိမ့်၊ အမြင့် မျိုးစုံသော ဆက်ဆံရေးသမိုင်းနှင့် လွန်ခဲ့သော ၁၀ စုနှစ် နှစ် စုကျော်ကာလမှစတင်၍ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာမှုကို အရှိန်အဟုန်ဖြင့်ဟူသော အထူးပြု စကားလုံးဖြင့် ညွှန်းဆိုသည်။ လွန်ခဲ့သည့် နှစ် ၃၀ ခန့်တွင် ရုရှားနိုင်ငံ ရင်ဆိုင်ခဲ့သည် အခက်အခဲအပေါ် လက်ရှိ သမ္မတကြီးတာဝန်ယူသည့် ၁၀ စုနှစ် ကာလအတွင်း ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိလာမှု၊ ကမ္ဘာ့ထိပ်တန်းသို့ ရောက်ရှိလာမှုနှင့်အတူ ကမ္ဘာ့အရေးကိစ္စများတွင် ရပ်တည်ဆောင်ရွက်နေမှုများကို ဂုဏ်ပြုစကားဖြင့်ဖော်ပြသည်။ လာမည့်အနာဂတ် ကာလတွင် ရုရှားနှင့်မြန်မာနှစ် နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဆိုသည်ကိုလည်း ထည့်သွင်းပြောဆိုသည်။ ကဏ္ဍတစ်ခုတည်း၊ အနည်းငယ်မျှသောကဏ္ဍ၊ ကဏ္ဍအချို့ စသည့် ကန့်သတ်ချက်မပါ။ ကဏ္ဍ ပေါင်းစုံဟု သုံးနှုန်းသည်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး အစချီသည့် ကဏ္ဍနယ်ပယ်ကမနည်းလှ။ မကြာမီကကျင်းပပြုလုပ် ပြီးစီးခဲ့သည့် International Army Game ကဲ့သို့သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့် ဆောင်ရွက်မှုများကလည်း တစ်ခန်းတစ်ကဏ္ဍအဖြစ် ပါပေလိမ့်မည်။ ကျယ်ပြောလှသည့် ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍတွေကလည်း ဦးစားပေးအဆင့်ထဲမှာ ပါပေလိမ့်မည်။ တစ်ပွင့်တည်းသော ပန်းအတွက် ရည်ရွယ်ခြင်းမဟုတ်။ ပန်းပေါင်းစုံသော ပန်းခင်းကြီးအဖြစ် ရည်ရွယ်သည်ဟု ဆိုရပေမည်။

အကြီးအကဲ၏ ဆွေးနွေးမှုအပြီးတွင် အခန်းအနားမှူးက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြီး အကြီးအကဲက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကလည်း သူ၏ထင်မြင်ယူဆချက်ကို ဖြည့်စွက်ဆွေးနွေးခြင်းဖြင့် ပံ့ပိုးသည်။ ၎င်းနောက် တက်ရောက်လာသည့် အကြီးအကဲများမှ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ကိုယ်တိုင်ပါဝင်ဆွေးနွေးခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Narendra Modi ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် H.E. Ismail Sabri Yaakob နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh တို့က Video Message များဖြင့် ပေးပို့ ဆွေးနွေးကြသည်။ နိုင်ငံ့ခေါင်းဆောင် အသီးသီး၏ ဆွေးနွေးမှုများအပြီးတွင် အခမ်းအနားမှူးက လက်ရှိကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရပ်တည်ချက်များကိုမေးမြန်းရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆွေနွေးမှုများ အားလုံးပြီးဆုံးချိန်တွင် တက်ရောက်လာသည့် အကြီးအကဲများ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီးနောက် အခမ်းအနားပြီးဆုံးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှု၊ တွေ့ဆုံဆွေးနွေးမှုများက အစီအစဉ်အားဖြင့် ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ အစီအစဉ်အရ ပြီးမြောက်ခြင်း၏ နောက်ဆက်တွဲ အကျိုးကျေးဇူးများကား မပြီးဆုံးသေး။ အချို့အကြောင်း အရာများက တိုးတက်မှုအဖြစ်ရှိနေပြီး အချို့အကြောင်းအရာများမှာ အသစ်အသစ်သော၊ ကောင်းမွန်သောအရာများအဖြစ် စတင်သက်ဝင်လာပြီဖြစ်သည်။ တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ ကြီးပွားမှုအစရှိသည့် အပြုသဘောဆောင် တိုးတက်မှုများမှာ တိုင်းတာကြည့်ရန်ပင် ခက်ခဲလွန်းလှသည်ထင်သည်။ မည်သို့ပင်ဆိုစေကာမူ အမိမြန်မာပြည်အတွက် အပြုသဘောဆောင် တိုးတက်မှုမှန်သမျှ အတိုင်းအဆမရှိခြင်းသည်ပင် မင်္ဂလာမည်ပါပေသည်ဟု သုံးသပ်ဖော်ပြအပ်ပါသည်။        ။