Skip to main content

လူနဲ့လူ

သမားအို

ကိုဗစ်-၁၉ ကပ်ရောဂါကြီးဟာ ၂၀၁၉ ခုနှစ်အကုန်မှာစခဲ့တာ။ ၂၀၂၂ ခုနှစ်ကုန်ရင် သုံးနှစ်ပြည့်ပါတော့မယ်။ သမားအိုအနေနဲ့ ကပ်ရောဂါကြားထဲမှာ ရှင်သန်ခွင့်ရခဲ့တဲ့ သုံးနှစ်တာအတွင်းမှာ လေ့လာသုံးသပ်မိသမျှကို စာချစ်သူတို့ထံ ရသမျှသတင်းစကားတွေ ဖြန့်ဝေဖြစ်ခဲ့ပါတယ်။ အဲဒီအထဲကအနှစ်ချုပ်ပြီး သုံးသပ်ကြည့်ရင် ကဏ္ဍလေးရပ်ကိုတွေ့မိပါတယ်။ ရောဂါပိုးနဲ့လူ၊ လူနဲ့ရောဂါပိုး၊ ရောဂါပိုးအချင်းချင်း ဆက်နွှယ်မှုအပြင် လူ - လူချင်း ကပ်ရောဂါအတွင်းဖြစ်ပေါ်နေတဲ့ ဆက်ဆံရေးကိုသုံးသပ်မိပါတယ်။

ပိုးနဲ့လူ

၂၀၁၉ ခုနှစ်အကုန်လောက်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့ပေါ်မှာ ကူးစက်မြန်ပြင်းထန်အဆုတ်ရောင်ရောဂါတွေ စပေါ်လာခဲ့ပါတယ်။ Severe Acute Respiratory Syndrome-SARS ကို ၂၀၀၃ ခုနှစ်က ဟောင်ကောင်မှာ စတွေ့ချိန်ကနဲ့ ဖြစ်ပုံချင်းတူနေပါတယ်။ ရောဂါပိုးကိုလေ့လာကြတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်ထပ်တစ်မျိုးဖြစ်တဲ့အတွက် ဒုတိယ SARS ဒါမှမဟုတ် SARS-Cov-2 ကို သိပ္ပံနည်းကျ အမည်တပ်ပါတယ်။ အများလက်ခံမှတ်မိအောင်လို့ ကိုဗစ်-၁၉ (Covid-19) ဆိုပြီးအမည်တပ်ခဲ့ရာ တစ်ကမ္ဘာလုံးပျံ့နှံ့တဲ့ ကပ်ရောဂါကြီးအဖြစ်နဲ့ ကမ္ဘာတုန်သွားစေခဲ့ပါတယ်။ ၁၆-၈- ၂၀၂၂ ရတဲ့စာရင်းအရ လူပေါင်းသန်းပေါင်းခြောက်ရာလောက်ရောဂါဖြစ်ခဲ့ပြီး ခြောက်သန်းကျော် သေကျေပျက်စီးခဲ့ပါပြီ။ (ဆယ်သန်းကျော်သေခဲ့ပြီလို့ အချို့ကဆိုပါတယ်။)

လူနဲ့ပိုး

ကိုဗစ်-၁၉ ရယ်လို့ အမည်တပ်ခဲ့တဲ့အချိန် ကစပြီးယနေ့အထိ ထိန်းလို့မရနိုင်တဲ့ ကပ်ရောဂါပိုးဖြစ်ရတဲ့အကြောင်းရင်းကိုကြည့်ရင် ပိုးကအစွမ်း ထက်တာပါသလို လူတွေက ပိုးကိုအားဖြည့်ကူညီပေးနေသလိုဖြစ်နေတာကို တွေ့ရပါတယ်။ ပုံမှန်အားဖြင့် ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ထဲဝင်လာရင် လူမှာရောဂါဖြစ်မယ်။ သေမယ်။ သေရင်လူကဗိုင်းရပ်စ်နဲ့ အတူတူသေမယ်။ လူမှာ ရောဂါဖြစ်နေချိန် ရောဂါလက္ခဏာတွေ မပေါ်ခင်ကဘဲ တခြားသူတွေဆီကူးသွားမယ်။ ဆင့်ပွားကူးစက်ရင်းလူတွေ ရဲ့ကိုယ်ခံအားကိုမခံနိုင်လို့ ဗိုင်းရပ်စ်ပိုးတွေ သေသွားမယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ က ပုံမှန်အတိုင်း ဖြစ်မလာဘူး။ ဗီဇပြောင်းမျိုးကွဲတွေအမျိုးမျိုးနဲ့ လူတွေကိုတစ်ကျော့ပြီးတစ်ကျော့ နှိပ်စက်လာတယ်။ အကြောင်းရင်းကတော့ လူတွေဟာပိုးဖြန့်ရင်း ဗီဇကွဲတွေပေါ်အောင် ကူညီသလိုဖြစ်ရတယ်။

ပိုးနဲ့ပိုး

အစကတော့ ကိုဗစ်-၁၉ ပိုးတစ်မျိုးတည်းရှိခဲ့တယ်။ လူအများစု ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက်ရောဂါရပြီးရင် နောက်ထပ် မကူးနိုင်တော့ဘူးလို့ Herd Immunity သီအိုရီက ဆိုတယ်။ အခုကျတော့ ကိုဗစ်-၁၉ ကူးပြီးတဲ့သူလည်းပြန်ကူးတယ်။ ကာကွယ်ဆေး ထိုးထားပြီးသားလူကလည်းပြန်ကူးတယ်။ (သေကောင်ပေါင်းလဲမဖြစ်အောင်တော့ ကာကွယ်ဆေးကကူနိုင်တယ်။) ကိုဗစ်-၁၉ ထဲကပဲ အယ်လ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ မျိုးကွဲတွေများ များလိုက်တာ၊ အခု အိုမီခရွန်မျိုးကွဲအထိ ပဲ။ အိုမီခရွန်ထဲမှာမှ BA-1, BA-2, BA-4, BA-5 ။ အခုနောက်ဆုံး BA-2 ထဲကနေပြီး BA-2.75 ဆိုတဲ့ မျိုးကွဲ ဆင်တောရပ်စ်ဆိုတာ ပေါ်လာစေပြန်တယ်။ အခုနောက်ဆုံး မြန်မာပြည်မှာ ပြည်တွင်းကူးစက်မှု ပုံစံနဲ့တွေ့ရတဲ့ပိုးကတော့ BA-2.76 ဖြစ်နေတယ်။ ပိုးတွေပြိုင်ကြရင်း လူတွေဒုက္ခရောက်နေတာ နေ့စဉ်ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှုတစ်သန်းကနေ သုံးသန်းကျော်အထိရှိနေပါတယ်။ ပိုးပိုးချင်း နှိမ်နင်းနိုင်မယ့်နည်းပညာတွေ တီထွင်နေကြပေမယ့် အချိန်အတော်ကြာ လိုလိမ့်ဦးမယ်။

လူနဲ့လူ

လူရယ်၊ ပိုးရယ် နှစ်ခုတွဲကို ထီထိုးသလို တွက်ကြည့်လိုက်ရင် လေးမျိုးတွေ့ရမယ်။ အခုဆောင်းပါးမှာတော့ ကပ်ရောဂါကြီးအတွင်း လူနဲ့လူတို့ ဘယ်လိုတွေဆက်စပ်နေကြသလဲဆိုတာကို လေ့လာမိသမျှ တင်ပြလိုပါတယ်။

(က)    ကျန်းမာရေးကဏ္ဍ၊

(ခ)     စီးပွားရေးကဏ္ဍ၊

(ဂ)     နိုင်ငံရေးကဏ္ဍ၊

(ဃ)    ပညာရေးကဏ္ဍ၊

(င)     လူမှုဆက်ဆံရေးကဏ္ဍဆိုတဲ့ ကဏ္ဍငါးရပ်လောက်ကိုပဲ လွယ်လွယ်ကူကူ သုံးသပ်ဆင်ခြင်မိပါတယ်။ အဲဒီအထဲမှာ တကယ်အရေးကြီးပြီး ကျယ်ပြန့်လှတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟဗေဒစနစ် အကြောင်းတွေ၊ ကမ္ဘာ့ရာသီဥတု အရေးပေါ်အခြေအနေနဲ့ ကပ်ရောဂါဆက်စပ်မှုတွေ မပါဝင်သေးပါဘူး။ ကပ်ရောဂါနဲ့ လောလောဆယ်မသေအောင် ကြိုးစားနေရတာနဲ့ လက်တစ်ကမ်းက (Climate Crisis) ပြဿနာတွေကို မကိုင်တွယ်ရဲပါ။

(က) ကျန်းမာရေးကဏ္ဍ

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဟာ တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးမဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပါပြီ။ ကျန်းမာရေးမှာ ဆရာတင်ရတဲ့ အင်္ဂလန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာလည်း ယိုင်နဲ့သွားပါတယ်။ လူချမ်းသာတွေနေတဲ့ အမေရိကန်ပြည်ကြီးဟာလည်း ကမ္ဘာ့ထိပ်တန်း ကပ်ရောဂါဖြစ်ပွားရာနိုင်ငံကြီးအဖြစ် ဗိုလ်စွဲနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်နေတဲ့ရှေ့တန်း တိုက်စစ်မှူးတွေထဲမှာ သူနာပြုတွေ (အားလုံးနီးပါး) ခြေကုန်လက်ပန်းကျရုံမက စိတ်လောင်ကျွမ်းမှု (Burnt Out) ဖြစ်နေကြရပါတယ်။ အသက်ရှူရင်းနဲ့လည်းကူးတယ်၊ စကားပြောရင်းနဲ့လည်း ကူးတယ်၊ ထိတွေ့ရင်းနဲ့လည်းကူးတယ်၊ လူချင်းထိတွေ့မှုမရှိဘဲနဲ့လည်း ဘယ်တုန်းက ဘယ်သူ့ထံဘယ်လို တင်ကျန်နေခဲ့မှန်းမသိတဲ့ ရောဂါပိုးတွေကို ကြားခံပစ္စည်းကနေတစ်ဆင့်ကူးတယ်၊ လက်ကို ပဲကြီးရေခွံ လိုက်အောင် ဆေးနေရင်းနဲ့လည်းကူးတယ်၊ သုံးပေအကွာနေလည်းကူးတယ်၊ ခြောက်ပေအကွာနေလည်း ကူးတယ်၊ မတ်စ်တပ်ထားပေမယ့်လည်း ဘယ်တုန်းက ဘယ်လိုကူးမှန်းမသိကူးတယ်၊ ကာကွယ်ဆေးတွေ အကြိမ်ကြိမ်ထိုးထားပြီးလျက် သားနဲ့လည်းကူးတယ်။ ကိုယ်တွေ့ပါ။

ဒါပေမဲ့ ကာကွယ်ဆေးတွေ အကြိမ်ကြိမ် ထိုးခဲ့လို့လည်းမသေဘဲ အခုလိုစာရေးနေနိုင်တာပါ။

ကိုဗစ်-၁၉ နဲ့ မသေချင်ရင်တော့ ကာကွယ်ဆေးတွေကို သေသေချာချာထိုးပါ။ ကုရာနတ္ထိဆေးမရှိသေးပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မျက်နှာငယ်နေရတဲ့ ကျန်းမာရေးကဏ္ဍကို ထပ်ပြီးထပ်ပြန်အလဲထိုးနေတဲ့ ပိုးပေါင်းသောင်းခြောက်ထောင်တွေကလည်း မညှာမတာဘဲ ပေါ်နေပြန်ပါတယ်။ ရောဂါဖြစ်ပြီးမသေရင် ရှင်မယ်လို့ထင်ရတဲ့ကိစ္စကလည်း မပြီးပြတ်ဘဲ နာတာရှည်ကိုဗစ် (Long Covid) ဆိုပြီး နှစ်နဲ့ချီ နှိပ်စက်ခံရတဲ့ထဲမှာ ကလေးတွေ ရှေ့တန်းကပါလာတာ စိုးရိမ်စရာဖြစ်လာပြန်ပါသေးတယ်။ ကမ္ဘာကြီးမှာ ကပ်ရောဂါကြောင့် စိတ်မချမ်းသာကြရတဲ့ကြားထဲမှာ ချမ်းသာသွားကြသူတွေကတော့ ဆေးသည်တွေ၊ ဈေးသည်တွေပဲဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ၊ ဆေးမြီးတိုတွေ၊ အားဆေးတွေ၊ အားရှိပါတယ်ဆိုတဲ့ပစ္စည်းတွေ ရောင်းချရင်း ခေတ်ပျက်သူဌေးတွေ ဖြစ်သွားကြတာလည်း တွေ့ရပါတယ်။

 (ခ) စီးပွားရေးကဏ္ဍ

ဆေးသည်တွေ၊ ဈေးသည်တွေကပ်ရောဂါနဲ့ပတ်သက်ပြီး ခေတ်ပျက်သူဌေးဖြစ်သွားကြတယ် ဆိုတဲ့လူတွေက လူနည်းစုပါ။ ထိပ်တန်းကမ္ဘာ့စီးပွားရေးကြီးကလည်း ချွတ်ခြုံကျလုဆဲဆဲမှာရှိပါတယ်။ ရောဂါမပြန့်ပွားအောင်ပိတ်ဆို့မှု (Lock down) တွေလုပ်ရတယ်။ အိမ်မှာပဲနေဖို့ (Stay at Home) တွေလုပ်နေရတယ်။ စက်ရုံအလုပ်ရုံတွေကို ပိတ်ရတယ်။ ခရီးသွားလာမှုတွေကို ရပ်ဆိုင်းပစ်ရတယ်။ လမ်းဘေး စားသောက်ဆိုင်လေးတွေတောင် ထွက်ခွင့်မရတော့ဘူး။ Smokeless Industry လို့ခေါ်တဲ့ မီးခိုးမထွက်စက်ရုံတွေလို့ တင်စားတဲ့ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်သွားခဲ့တယ်။ သတ္တိရှိရှိကြိုးစားပမ်းစားနဲ့ နာလန်ထူဖို့လုပ်ကြပေမယ့်လည်း ကပ်ရောဂါရဲ့ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်း၊ ပဉ္စမလှိုင်း၊ ဆဋ္ဌမလှိုင်း၊ (အခုဆိုရင် ဂျပန်ပြည်တွင် သတ္တမလှိုင်း) စတဲ့ လှိုင်းဒဏ်ကို အဖန်ဖန်ခံစားနေရင်း သောကတွေ၊ ဒုက္ခတွေ၊ ဒေါမနဿတွေကို လွှမ်းခြုံပြီးဖြစ်နေတဲ့ စီးပွားရေးကဏ္ဍကို တွေ့နိုင်ပါတယ်။ ရေထဲမိုးထဲ ကပ်ရောဂါထဲကျမှ အရေးပါမှန်းသိလာရတဲ့ လူတွေထဲမှာ ရွှေ့ပြောင်းလုပ်သား(Migrant Workers)တွေက ရှေ့တန်းမှာရှိနေတယ်။ သူတို့ရဲ့ ကျန်းမာရေး ပြဿနာတွေသာမကတော့ဘဲ စီးပွားရေးပြဿနာတွေ၊ လူမှုရေးပြဿနာတွေ မျိုးစုံပေါ်လာတယ်။ သူတို့ကိုမှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကအစ အိမ်ရှင်မတွေအဆုံး ပြဿနာတွေနဲ့ လုံးထွေးနေကြရပါတယ်။

စီးပွားရေးဆုတ်ကပ်ကြီးတစ်ခုဖြစ်လာမှာကို စိုးရိမ်နေရတဲ့အထဲမှာ ဆေးဝါးထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ဖြန့်ချိရောင်းချရေးအထိ ကုန်ကြမ်းထုတ်တဲ့နိုင်ငံ၊ ကုန်ချောထုတ်တဲ့နိုင်ငံတွေရဲ့ အခက်အခဲတွေကိုပါ မျက်လုံးဒေါက်ထောက် ကြည့်နေကြရပါတယ်။

(ဂ) နိုင်ငံရေးကဏ္ဍ

ကိုယ့်နိုင်ငံရဲ့ အမျိုးသားရေးအကျိုးစီးပွားနဲ့ ကမ္ဘာကြီးရဲ့အကျိုးစီးပွားကို ငဲ့ညှာထောက်ထားတဲ့ နိုင်ငံရေးကဏ္ဍက ပုဂ္ဂိုလ်တွေကိုလည်း တွေ့ရတယ်။ ကပ်ရောဂါအပေါ်မှီပြီး နိုင်ငံရေးလုပ်စားတဲ့ (Politicize)လုပ်တဲ့ စားဖားကြီးတွေလည်း တွေ့ရတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ထိရောက်စွာ နှိမ်နင်းနိုင်မယ်လို့အားကိုးထားတဲ့ ကမ္ဘာ့အဖွဲ့အစည်းကြီးတွေဟာလည်း ရောဂါထိန်းချုပ်ဖို့တောင် မလုပ်နိုင်ဘဲ နိုင်ငံရေးကစားကွက်တွေထဲမှာ တဝဲလည်လည်ဖြစ်နေတာ အခုထိပါပဲ။ ဝူဟန်ကစတဲ့ကူးစက်ရောဂါကို တရုတ်နိုင်ငံက အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကပ်ရောဂါကြီးဖြစ်လာအောင် ကမ္ဘာပြန့်သွားရတဲ့ကိစ္စမှာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ အများအပြားရှိခဲ့ပါတယ်။ ရောဂါဘယ်ကစလဲဆိုတာကို အငြင်းပွားလိုက်၊ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးလိုက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ဟာ ဘက်လိုက်တယ်လို့စွပ်စွဲပြီး အမေရိကန်သမ္မတထရမ့်က အကူအညီဖြတ်တောက်ပြီး နုတ်ထွက်လိုက်၊ နောက်တက်လာတဲ့သမ္မတက WHO ထဲပြန်ဝင်လိုက်၊ WHOရဲ့ ခေါင်းဆောင်ပိုင်းကလည်း ယောင်ဝါး ယောင်ဝါးနဲ့စကားတွေ၊ အကြံဉာဏ်တွေထုတ်နေရုံကလွဲပြီး အောက်ခြေမှာအကောင်အထည်ပေါ်မှဖြစ်မယ့် ကပ်ရောဂါနှိမ်နင်းရေးအလုပ်တွေ တကယ်ဖြစ်လာအောင် အာရုံမစိုက်နိုင်ခဲ့ရုံမက COVAX ဆိုတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ မျှမျှတတဖြန့်ဝေနိုင်ရေးအတွက် ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ဘူး။

အခုနောက်ဆုံး ကျွန်းနိုင်ငံလေးဖြစ်တဲ့ မာရှယ်ကျွန်းစုမှာ နှစ်နှစ်ကျော်ကြာမှ ရောဂါပျံ့နှံ့လာတာ တွေ့နေရပါတယ်။ တစ်ချိန်က (၂၀၂၀ ပြည့်နှစ်) က နာမည်ကောင်းရခဲ့တဲ့ တောင်ကိုရီးယား၊ ဗီယက်နမ်နိုင်ငံတွေမှာမူ တစ်နေ့တစ်နေ့သိန်းချီပြီး ရောဂါကူးစက်ခံလာရတာ တွေ့ရတယ်။ နယူးဇီလန်ကျွန်း နိုင်ငံဟာဆိုရင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ မပြန့်ပွားအောင် ရွေးကောက်ပွဲကိုပါ ရွှေ့ဆိုင်းခဲ့သေးတယ်။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံက ထရမ့်ကိုထောက်ခံသူတွေဟာ လွှတ်တော်အဆောက်အအုံကိုပါ ဝင်ရောက်စီးနင်းခဲ့တယ်။ ကပ်ရောဂါရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ထိခိုက်ခံစားခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ဒုက္ခကို ကာကွယ်စောင့်ရှောက်မယ့် ကမ္ဘာ့အဖွဲ့အစည်းတွေလည်း ငုတ်တုတ်မေ့နေကြပုံရတာ အခုအထိပါပဲ။

(ဃ) ပညာရေးကဏ္ဍ

ကလေးတွေ၊ လူငယ်တွေနဲ့ ပညာရေးထိခိုက်မှုကိုတော့ သက်ဆိုင်ရာပညာရှင်တွေက သုတေသနပြုဖော်ထုတ်နေကြတာ တွေ့ရပါတယ်။ လိုရင်းကိုရေးရရင်တော့ ပညာရေးခေတ်တစ်ခေတ် အထိခိုက်နောက်ကျသွားဖို့ရှိပါတယ်။ ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်လိုက်ရတာတော့ အများအသိပါပဲ။ ကျောင်းတွေ ပြန်ဖွင့်ဖို့ကိစ္စမှာလည်း အခက်အခဲတွေအများကြီး ပေါ်ပေါက်ခဲ့တယ်။ လူနဲ့လူအချင်းချင်းဖြစ်ပေါ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ခေတ်နောက်ပြန်ဆွဲသွားပြီး သိပ္ပံပညာကိုကန့်ကွက်တဲ့ (Anti-science) အတွေးအခေါ်တွေ ရှေ့တန်းတင်လာတဲ့အုပ်စုကြီးတွေ၊ အသိပညာ တစ်ခုခုရလာတာကို အားကိုးနေရတဲ့ မီဒီယာကြီးငယ်တွေထဲက သတင်းတုသတင်းမှားတွေ၊ လူတွေနဲ့ ပညာရေးကို အလွဲသုံးစားလုပ်ပြီး ကြီးပွားသွားကြတဲ့ သူတွေများစွာရှိခဲ့တယ်။ အဲဒီအထဲမှာ ပညာရှင်တွေရဲ့ ကပ်ရောဂါအပေါ် သိနားလည်မှု အကန့်အသတ်ရှိပြီး အမြော်အမြင်မရှိတဲ့အတွက် ကလေးတွေကို ကာကွယ်ဆေးနဲ့ ကာကွယ်ခွင့် နှောင့်နှေးကာ ကိုဗစ်-၁၉ ကြောင့် ကလေးတွေမှာ ဦးနှောက်ထိခိုက်ပြီး နောက်ပိုင်း ပညာရေးခက်ခဲမှုပြဿနာတွေ ပေါ်ပေါက်လာခဲ့တယ်။ ကျန်းမာရေးကြောင့်မကဘဲ နိုင်ငံရေး၊ စီးပွားရေးတွေကြောင့် ပညာရေးမှာအကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။

(င) လူမှုရေးကဏ္ဍ

ရေထဲမိုးထဲ ကပ်ရောဂါကြီးထဲမှာ ကမ္ဘာ့လူ့အဖွဲ့အစည်းကြီးဟာ ဘယ်လိုအဖွဲ့အစည်းဆိုတာ ဘွားခနဲ ပေါ်လာတယ်။ “တစ်ကိုယ်ကောင်းဆန်တဲ့ လူ့အဖွဲ့အစည်း”အဖြစ် ထင်ထင်ပေါ်လာပါတယ်။ စောင့်ရှောက်ရမယ့် လောကပါလတရားတွေကို ဘေးချိတ်ပြီး “တစ်ယောက်အခက်၊ တစ်ယောက် အချက်”အဖြစ်နဲ့ အခွင့်ကောင်းတွေစောင့်ပြီး ရယူအသုံးချကြီးပွားသွားကြတာကို တွေ့နေရပါတယ်။ ရောဂါကို မတိုက်ခိုက်ဘဲ လူလူချင်းတိုက်ခိုက်ကြတာထက် ပိုဆိုးတာက ရောဂါကာကွယ်ရေး လုပ်ပေးနေတဲ့လူတွေကို ဦးတည်ရန်ပြုလာတာကို တွေ့ရတာ ဝမ်းနည်းစရာပါပဲ။

ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအခြေအနေနဲ့ ကမ္ဘာပေါ်မှာ ထင်ရှားလာခဲ့တဲ့ဆရာဝန်ကြီး ဒေါက်တာဖိုချီ(Dr.Fauci)ကို ဘယ်လိုဒုက္ခပေးသလဲဆိုတဲ့ သာဓကလေးကိုပဲဖော်ပြပါရစေ။ သူက အမေရိကန်သမ္မတအဆက်ဆက်နဲ့ နီးစပ်ပြီးအကြံပေးနေတဲ့ပုဂ္ဂိုလ်ပါပဲ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့သုံးသပ်ချက်တွေ၊ သတင်းမှန်တွေပေးခဲ့ပေမယ့် သူ့ရဲ့အနီးကပ်ပုဂ္ဂိုလ်ကြီးကလည်း နားမလည်၊ မယုံကြည်၊ ဆန့်ကျင်ဘက်တွေပြော၊ လူထုတွေထဲကလည်း နှာခေါင်းစည်းမတပ်ရေး၊ ကာကွယ်ဆေးမထိုးရေး၊ အိမ်ထဲမှာမနေရေးဆန့်ကျင်ပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြတယ်။ အဲဒီအထဲက လူတစ်ယောက်ကိုတော့ တရားစွဲပြီးထောင်ဒဏ် ၃၇ လ ချမှတ်လိုက်ပါတယ်။

“ဒေါက်တာဖိုချီကို လမ်းမပေါ်ဆွဲချ၊ သေအောင်ရိုက်သတ်ပြီးတော့ မီးရှို့ပစ်မယ်”လို့ ခြိမ်းခြောက်ခဲ့သူကို အရေးယူခဲ့တယ်။ အဲဒီကိစ္စမှာ တရားဥပဒေ ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးရဲ့မှတ်ချက်က စိတ်ဝင်စားစရာကောင်းပါတယ်။

“Everyone has the right to disagree but you do not have the right to threaten a Federal Officers’ Life”

“လူတိုင်းဟာ သဘောမတူပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရအရာရှိတစ်ယောက်ကို အသက်အန္တရာယ်ပေးဖို့ ခြိမ်းခြောက်ပိုင်ခွင့်မရှိဘူး” လို့ တိတိလင်းလင်းပြောကြားပြီး တရားခံကို ထောင် ၃၇ လချရုံမကဘူး၊ သူပြန်ထွက်လာရင်လည်း နောက်ထပ် သုံးနှစ်ခြေချုပ်နဲ့ စောင့်ကြည့်နေမယ်လို့ဆိုပါတယ်။

သမားအိုအနေနဲ့အသက် (၁၀၀) မနေရပေမယ့် အမှုပေါင်းရာထောင်ကျူးလွန်နေကြတာ၊ လူလူချင်းလုပ်နေကြတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်မကဘဲ ကမ္ဘာ့လူဦးရေနဲ့အမျှ ကြုံလာရမယ့် ပြဿနာတွေမြင်နေရပါတယ်။ ။