ရေကောင်းမြေမှန် စာပေဗိမာန်
မြင်းမူမောင်နိုင်မိုး
၁၉၆၅ ခုနှစ်ခန့်ကစ၍ ကဗျာကလေးများရေးသားခဲ့သော ကျွန်တော်သည်စာပေဗိမာန်ဟူသော အမည်ကို အလွန်ပင်စိတ်ဝင်စားခဲ့ပါသည်။ ကျွန်တော်တို့ ကဗျာရေးခါစက ရွှေသွေးဂျာနယ်သည် မပေါ်ပေါက်သေးပေ။ ရွှေသွေးဂျာနယ်က ၁၉၆၉ ခုနှစ်ခန့်မှ စတင်ပေါ်ပေါက်သည်ထင်ပါ၏။ ရွှေသွေးမှာကဗျာရေးချင်သည်။ ရုပ်ပြဇာတ်လမ်းလေးတွေရေးချင်သည်။ သို့သော်လည်း ကိုယ်နှင့်ဆက်စပ်မှုမရှိ။ ဘယ်လိုဘယ်ပုံစာမူပို့ရမည်ကိုလည်းမသိ၊ စာရေးစကာလမှာ စာပေဗိမာန်နှင့်လည်း မနီးစပ်ခဲ့ပါပေ။
စာပေဗိမာန်အေးရိပ် မှေးမှိတ်ခွင့်ကြုံခဲ့ပြီ
၁၉၇၃ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်မှ ဝါဏိဇ္ဇဘွဲ့ကို (စာရင်းကိုင်စာရင်းစစ်အဓိကဖြင့်) ရရှိခဲ့၏။ ကျွန်တော်တို့ဘွဲ့ရပြီးပြီးချင်း Certified Public's Accountant(လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်သင်တန်း) တက်ရောက်ရန် လျှောက်လွှာခေါ်သည်။ ထိုသင်တန်းမှာ မြန်မာနိုင်ငံစာရင်းကောင်စီက ဖွင့်လှစ်ခြင်းဖြစ်ပြီးဘွဲ့ရသည့်နှစ်တွင် တောက်လျှောက် တစ်ဆက်တည်းတက်မှသာ တက်ခွင့်ပြုသည်။ နှစ်ကာလခြား၍ နောက်မှတက်ချင်သည်ဆိုပြီး တက်၍မရ။
ကျွန်တော်၏ဘွဲ့ရအမှတ်မှာ C.P.A တက်ရောက် ရန်အဆင့်မီသည်။ ထို့ကြောင့် ကျွန်တော်တက်ခွင့်ရပါသည်။ စုစုပေါင်းသင်တန်းတက်ခွင့်ရသူ ဦးရေ ၁၂၀ ဖြစ်သည်။ ကျွန်တော်တို့သည်လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အလုပ်သင်များဖြစ်၍ အစိုးရ ရုံးဌာနများ၏ ငွေစာရင်းဌာနများသို့သွားရောက် ကာ လက်တွေ့လေ့လာသင်ယူကြရ၏။
ကျွန်တော်ပထမဆုံးအလုပ်သင်အဖြစ် လေ့လာသင်ယူရသောဌာနမှာ စာပေဗိမာန်ငွေစာရင်းဌာန ဖြစ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း သန်းမောင်မောင် (ယခုအမေရိကန်နိုင်ငံတွင် နေထိုင်သူ)နှင့် နှစ်ယောက်အတူ ရုံးတက်ရပါသည်။ ထိုစဉ်က ငွေစာရင်းဌာန၏ အကြီးအကဲမှာ ဒေါ်မြမြ ဖြစ်လေသည်။ဒေါ်မြမြသည် ထောင်ထောင် မောင်းမောင်း ဥပဓိရုပ်ကောင်းပြီး အလွန်ပင်ခံ့ညား တည်ကြည်သည်။ ရုံးတက် ရုံးဆင်းတိုင်း သူ့စားပွဲမှာ လက်မှတ်သွား၍ ထိုးရသည်။ သန်းမောင်မောင်နှင့် ကျွန်တော်သည် ကျောင်းပြီးခါစဖြစ်သော်လည်း C.P.A သင်တန်း စာတွေ့ကို စီးပွားရေးတက္ကသိုလ်၌သင်ယူရပြီး လက်တွေ့ကို အစိုးရရုံးများ၌ သင်ယူ ရခြင်းဖြစ်သည်။ ကျောင်းသားစိတ် မပျောက်သေးသောအသက် ၂၀ စွန်းခါစအရွယ်များဖြစ်၍ လည်ချင်ပတ်ချင်ရုံးကလစ်ချင်သည်။ သို့ရာတွင် ဒေါ်မြမြကိုကြောက်၍ရုံးမလစ်ဝံ့ပေ။ တစ်လခန့်ကြာသောအခါ ရုံးဝန်ထမ်းများနှင့် မောင်နှမရင်းတွေ လိုခင်မင်ရင်းနှီးခဲ့သည်။ ဒေါ်မြမြ၊ ဒေါ်ခင်ဆွေအုန်း၊ ဒေါ်ဝါဝါတင်တို့သည် ကျွန်တော်တို့ကိုငွေစာရင်း နှင့်ပတ်သက်၍ လက်တွေ့အစောဆုံး သင်ကြားပြသပေးသော လက်ဦးဆရာများဖြစ်၏။
ရွှေသွေးမှာ ကဗျာလေးတွေရေးဖြစ်ပြီ
စာပေဗိမာန်မှာ ရုံးတက်ရင်းစာပေသမား ကျွန်တော့်အတွက် အမြတ်ထွက်လေသည်။ စာပေ ဗိမာန်ထုတ်စာအုပ်လေးများကို ဈေးသက်သက်သာသာနှင့် ဝယ်ယူဖတ်ရှုခွင့်ရသည်။ စာကြည့်တိုက်ကို ဝင်ထွက်လေ့လာခွင့်ရသည်။
ထိုအချိန်က စာပေဗိမာန်အကြီးအကဲမှာ ဆရာဦးထင်ကြီးဖြစ်သည်ဟုသိရ၏။ ထို့အပြင်စာပေ ဂုဏ်သတင်းထုံသင်းကျော်ကြားနေပြီဖြစ်သော ဆရာဦးမျိုးသန့်(မောင်ဆုရှင်)လည်း စာပေဗိမာန်မှာရှိ၏။ ဆရာ့ကို မြင်ဖူးတွေ့ဖူးချင်ခဲ့ပါ၏။ တစ်နေ့ စာပေဗိမာန်လှေကားအတက် အဆင်းမှာ ဆရာနှင့်ဆုံသည်။ ဆရာသည် ရုပ်ရည်သန့်ပြန့်ခံ့ညားသလောက် စကားအပြောအဆိုလည်းချိုသာညက်ညောလှသည်။ ဆရာ့ကိုကျွန်တော်တို့က စတင်မိတ်ဆက် သည်။ ကဗျာရေးစာရေးဝါသနာပါကြောင်းနှင့် ငွေတာရီမဂ္ဂဇင်းမှာအဖွင့်ကဗျာအဖြစ် ဖော်ပြခြင်းခံရသော ကျွန်တော့်ကဗျာလေးနှင့် ဒို့ကျောင်းသားစာစောင်ပါကဗျာလေးများကို ဆရာ့ကိုပြမိသည်။ ဆရာကလှေကားထစ်ပေါ်မှာရပ်လျက်ပင် အားပေးစကားများပြောပြီး စာပေ ဗိမာန်က ရွှေသွေးမှာလည်းရေးပါလားဟုအကြံပေးသည်။
“ဟုတ်ကဲ့ဆရာ။ ကျွန်တော် မိုးသောက်ပန်းနဲ့ တေဇရုပ်စုံမှာလည်း ကဗျာလေးတွေရေးပါတယ်။ ရွှေသွေးမှာလည်းရေးပါ့မယ်။”
ထိုသို့ပြောပြီးနောက် ရွှေသွေးဂျာနယ်သို့ ကဗျာလေးတစ်ပုဒ်စမ်းပြီးပို့ရာ ဖော်ပြခြင်းခံရပါသည်။ ပထမဆုံးပို့သော ကဗျာလေးဖြစ်၍မှတ်မိနေ ပါသည်။
မဘုတ်ဆုံ
ဒွေးလေးဘုတ်ဆုံ မဘုတ်ဆုံ
ဝဝတုတ်တုတ် စည်ပိုင်းပုံ။
ကွမ်းတငုံငုံ အသားမည်း
ထဘီဝတ်တော့ စွန်တောင်ဆွဲ။
အလှူပွဲတိုင်း သူရောက်လာ
အော်ဟစ် စီမံခန့်ခွဲပါ။
တို့များရွာက အပျိုခေါင်း
ဒွေးလေးဘုတ်ဆုံ အသံကောင်း။
ဒွေးလေးဘုတ်ဆုံ မဘုတ်ဆုံ
သနပ်ခါးလေး တဖုံဖုံ။
ရွာ့သတင်းစုံ သူသိမြဲ
ပြောင်းဖူး ဖက်လိပ်တခဲခဲ။
အိုးစည်ဝိုင်းထဲ ဝင်ကာလေ
ကခုန်ပျော်မြူး တတ်ပါပေ။
ကလေးတွေဝိုင်း ခွေးတွေဝိုင်း
ဒွေးလေးဘုတ်ဆုံ ဒေါ်စည်ပိုင်း။
၁၉၇၄ ခုနှစ်ကဖြစ်၍ ရက်လကိုတော့ အတိအကျမမှတ်မိတော့ပါပြီ။ ပန်းချီဆရာကြီး ဦးစိန်၏ သရုပ်ဖော်ပုံလေးဖြင့် ထိုကဗျာလေးကို ဖတ်ရှု၍မဝနိုင်။ ထို့နောက်တွင် ရွှေသွေးဂျာနယ်တွင် ရုပ်ပြဇာတ်လမ်းကလေးများ ရေးဖြစ်ပါသည်။ ၁၉၇၄ မတ်လတွင် လက်ပံပွင့်ချိန်ဟူသော တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းကလေး ရေးသားပေးပို့ရာ နှစ်ပတ်ဆက်တိုက်ဖော်ပြခြင်း ခံရသည်။ ပန်းချီ ဦးဘကြည်၏ လက်ရာရောင်စုံရုပ်ပုံကလေးများနှင့် ဖြစ်ပါသည်။
သို့နှင့်ပင် ကျွန်တော်သည် ရွှေသွေးဂျာနယ်တွင်ရေးသားသော ဇာတ်လမ်းမျိုးလေးများကို ရှေ့ဆောင်လူငယ်(လူငယ်)၊ ဒို့ကျောင်းသားတို့တွင် လူငယ်ဝတ္ထုတိုလေးများအဖြစ် ရေးသားခဲ့သည်။ စာပေဗိမာန်၌အလုပ်သင်စာရင်းကိုင်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ကဗျာ၊ဝတ္ထု၊ ဆောင်းပါးလေးများ ပို၍ပို၍ ရေးဖြစ်ခဲ့လေသည်။ ထို့ကြောင့် စာရေးသက်ကာလ နုနယ်စဉ်မှာ စာပေဗိမာန်အေးရိပ်ကို မှေးမှိတ်နားခိုခဲ့ရခြင်းက ကျွန်တော့်ကို ကဗျာတွေ စာတွေပို၍ရေးဖြစ်စေမည့် ခွန်အားများရရှိခဲ့သည်ဟု ဆိုချင်ပါသည်။
၁၉၈၁ ခုနှစ်အတွက် အမျိုးသားစာပေဆုကို သံလွင်ကမ်းမှ ပန်းအိပ်မက်ကဗျာပေါင်းချုပ်စာအုပ် ဖြင့် ကျွန်တော်ရရှိခဲ့သည်။ အဆိုပါဆုနှင်းသဘင် အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ၌ ကျင်းပရာအခမ်းအနားမှူး ဆရာဦးမျိုးသန့် (မောင်ဆုရှင်)၊ တွဲဖက်အခမ်းအနားမှူးဦးမောင် လှိုင် (မောင်ဆွေငယ်)တို့ ဖြစ်ကြသည်။ ဆရာဦးမျိုးသန့်က C.P.A အလုပ်သင်ဘဝကာလလေး ကို အမှတ်တရပြန်ပြောတော့ လွမ်းမောစရာဖြစ်ခဲ့သည်။
၁၉၉၅ ခုနှစ် ရွှေရတုတပ်မတော်နေ့အခမ်း အနား၌ကဗျာရှည် ပထမဆုတက်ရောက်ယူရ တော့လည်း ဆရာမောင်ဆုရှင်၊ ဆရာမမနှင်းဖွေး၊ ဆရာမချို မြနွယ်တို့နှင့် ပြန်လည်တွေ့ဆုံရပြန် သည်။ စာပေဗိမာန်၌တာဝန်ထမ်းဆောင်နေကြသော စာရေးဆရာကြီး ဆရာမကြီးတို့နှင့် တွေ့ဆုံရတိုင်း စာပေခွန်အားများ ပွားသစ်ရပါပေသည်။
ဒုတိယအကြိမ်နားခိုရပြန် စာပေဗိမာန်
၁၉၉၈ ခုနှစ်တွင် ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ် ကြည်အောင်က နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းကို ဦးဆောင်ထုတ်ဝေသည်။ မဂ္ဂဇင်းထုတ်ရန်အတွက် စာမူစိစစ်ခြင်းကို (မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့)ကတာဝန်ယူရပြီး ပြန်ကြားရေးဝန်ကြီး ဌာနက ဖြန့်ချိရေးအပါအဝင် ပုံနှိပ်ထုတ်ဝေရေးကို ကြီးကြပ်စီစဉ်ပေးခြင်းဖြစ်သည်။ မဂ္ဂဇင်းတည်နေရာမှာ စာပေဗိမာန်အဆောက်အဦမြေညီထပ်၌ဖြစ်၏။ ကျွန်တော်သည် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်အဖြစ် ထိုနေရာ၌(၁၇)နှစ်ခန့် အခြေပြု နေထိုင်ခဲ့ရသည်။ စာပေသမားများ အဝင်အထွက်များလှသော စာပေရနံ့သင်းပျံ့နေသော ထိုနေရာမှာ အခြေပြုခဲ့ရသဖြင့်လည်း ယနေ့တိုင် နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်းတည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်ဟု ခံယူမိပါသည်။
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့နားခိုခဲ့ရာ စာပေဗိမာန်
၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့အတွက် ရုံးခန်းကျယ်ကြီးကိုစာပေဗိမာန် အဆောက်အဦ၏ ဒုတိယထပ်၌ ကျယ်ဝန်းခံ့ညားစွာထားရှိပေးခဲ့သည်။ အဖွဲ့ကြီးသည် ထိုနေရာ၌ ၁၅ နှစ်ခန့်ရုံးစိုက်တည်ရှိခဲ့ပါသည်။ ထိုအချိန်က စာပေဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်သူတို့မှာ ဆရာကြီးဦးကျော်အောင်၊ ဦးလှမြိုင် (ကိုဆောင်း)၊ ဆရာကြီးတက္ကသိုလ်တင်ခနှင့် ဆရာကြီးလယ်တွင်းသားစောချစ်တို့ဖြစ်သည်။ နောင်အခါ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ကို မြန်မာနိုင်ငံစာရေးဆရာအသင်းအဖြစ် ပြောင်းလဲဖွဲ့ စည်း ပြီးသည့်နောက်တွင်မှ လက်ရှိနေရာ ပန်းဆိုးတန်း လမ်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ရေကောင်းမြေမှန် စာပေဗိမာန်
ဥယျာဉ်တစ်ခုအတွက် သစ်ပင်ပန်းမန်များ ရှင်သန်ဖွံ့ဖြိုးလန်းဆန်းစေရန်မှာ မြေဆီမြေနှစ် ကောင်းရန်လိုသလို ရေကြည်ရေသန့်လည်း သွန်းလောင်းပေးနိုင်ရန်လိုပါသည်။
စာပေလောကဟူသည်မှာလည်း ပန်းဥယျာဉ်ကြီးသဖွယ်ပင်ဖြစ်ပါသည်။ စာပေဗိမာန်သည် ရေခံမြေခံကောင်းလှသော စာပေပန်းဥယျာဉ်ကြီးဖြစ်ပါ၏။ စာပေအစဉ်အလာကြီးမားလှ စွာသော ဆရာကြီး၊ ဆရာမကြီးများ ဦးဆောင်မှုပြုခဲ့ကြသည်။
ဤအဆောက်အဦကြီး၏ အစည်းအဝေးခန်းမများ၌ ပညာရှင်ဆရာကြီးဆရာမကြီးများစွာတို့က စာပေဆုများစွာကို တည်းဖြတ်ရွေးချယ်ပေးခဲ့ကြပါ၏။ စည်းဝေးတိုင်ပင်ဆွေးနွေးခဲ့ကြပါ၏။ တစ်နည်းအားဖြင့် စာပေပန်းပေါင်းများစွာကို ပွင့်လန်းစေခဲ့ပါ၏။
အမျိုးသားစာပေဆု၊စာပေဗိမာန်စာမူဆု၊ ပခုက္ကူ ဦးအုံးဖေစာပေဆု အစရှိသည့် ဆုများသာမက တပ်မတော်နေ့အထိမ်းအမှတ် စာပေပြိုင်ပွဲများ၊ အမျိုးသားရေးဆောင်ပုဒ်ဆုစာပေပြိုင်ပွဲများ၊ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု တိုက်ဖျက်ရေးဆိုင်ရာစာပေပြိုင်ပွဲများအပြင် အခြားစာပေပြိုင်ပွဲပေါင်းများစွာမှ ပြိုင်ပွဲဝင်စာမူများကိုစိစစ်ပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများကို မြင်ယောင်နေမိပါသည်။
“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်ကို အမူကွန်းတင်ပေးခဲ့ ပါသော ဆရာကြီးဦးဝန်(မင်းသုဝဏ်)အားလည်းကောင်း၊ ထိုဆောင်ပုဒ်ကို “Light, where darkness was” ဟူ၍ ဘာသာပြန်ဆိုပေးခဲ့သော ဆရာကြီး ဦးခင်ဇော် (K) အားလည်းကောင်း၊ အထိမ်းအမှတ် (Logo) ကို ရေးဆွဲပေးခဲ့သောအလင်္ကာကျော်စွာ ဘွဲ့ရပန်းချီဆရာကြီး ဦးငွေကိုင်ကိုလည်းကောင်း လေးစားရိုသေစွာ ဦးညွတ်ဂါရဝပြုမိပါသည်။
ထိုဆရာကြီးများ၏ မူလကြွေးကြော်မှုအတိုင်း စာပေဗိမာန်သည်ယနေ့တိုင်အောင်စာပေ တန်ဆောင် မီးရှူးရောင်ဖြင့် အမှောင်ခွင်း၍ အလင်းဆောင်ပေးနေသည်မဟုတ်ပါလော။ စာပေပန်းများ ပွင့်လန်းစေရန်ရေကြည်သွန်းဖျန်းနေဆဲမဟုတ် ပါလော။
ထွန်းလင်းနေဆဲ စာပေငွေလမင်းများ
ကျွန်တော်သည် ၁၉၇၃ ခုနှစ်မှ ယနေ့ကာလအထိ စာပေဗိမာန်အဆောက်အဦနှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ရသည်မှာ နှစ်ပေါင်း ၅၀ ခန့် ကြာမြင့်ခဲ့ ချေပြီ။ဝန်ထမ်းဘဝက ဘယ်နေရာသွားသွား ဘယ်ကပြန်လာလာ ရန်ကုန်ရောက်လျှင်စာပေဗိမာန်ကို အမြဲသွားခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာ ဤအဆောက်အဦကြီးမှာ ရုံးခန်းဖွင့်လှစ်နေထိုင်ခဲ့ရသည်ဖြစ်၍ စာပေဗိမာန်၏ အထက်ထပ်များသို့ရောက်ရှိရန် စာပေဗိမာန်လှေကားများကို အကြိမ်ကြိမ်အဖန်ဖန် တက်ရောက်ခဲ့ဖူးသည်။
ထိုလှေကားထစ်များကို တက်ရလေတိုင်းသူငယ်ချင်း သန်းမောင်မောင်နှင့်အတူ ၁၉၇၄ ခုနှစ်က လှေကားကွေ့မှာ တွေ့ဆုံခဲ့ရသော ဆရာဦးမျိုးသန့် (မောင်ဆုရှင်)ကို သတိရသည်။ စာပေဆုများစွာကို အတူတကွရွေးချယ်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများကို အောက်မေ့သည်။ ဆရာမကြီး ဒေါ်ကြန်၊ မုံရွာဝင်းဖေ၊ ချိုမြနွယ် (မန်းတက္ကသိုလ်)၊ ကထိက ဒေါ်မြင့်သန်း၊ ဒေါ်စောမုံညင်း၊ ယုဝတီဒေါ်ခင်စိန်လှိုင် အစရှိသော ဆရာကြီး ဆရာမကြီးများ အပြင် စာပေဥက္ကဋ္ဌကြီးများအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ဆရာ ဦးကျော်အောင်၊ ဆရာဦးလှမြိုင် (ကိုဆောင်း)၊ ဆရာမနုဿကျော်ဝင်းတို့ကို မြင်ယောင်မိသည်။
ငယ်နုစဉ်ကာလက စာပေဗိမာန်လှေကားများကို တက်ရဆင်းရသည်မှာ စာပေဇောကြောင့် မောသည် မထင်ပန်းသည်မမြင်ခဲ့သည်မှာအမှန်ပါ။ သို့သော်လည်း ယခုလို နုပျိုမှုတွေ တစ်စတစ်စလျော့ကျလာသည့်အရွယ်မှာတော့ ငယ်စဉ်ကလောက် သွက်သွက်လက်လက် မရှိတော့ပေ။
ထိုသို့ဖြစ်စေကာမူ စာပေဗိမာန်လှေကားများကို တက်ရောက်ရသည့်အခါတိုင်း လှေကားထိပ်သို့ မှန်းမျှော်ကြည့်မိသည်။ စာပေဗိမာန်ဝန်းကျင်မှာ တစ်ချိန်က လင်းလက်တောက်ပခဲ့သော စာပေ ငွေလမင်းကြီးများသည် တက်ရောက်လာသူတို့ကို မေတ္တာဖြင့်နွေးထွေးစွာငုံ့ကြည့်နေဆဲပင်ဟု ထင်မိ၏။
ထိုအခါ ဘယ်လောက်ပင်မောမော အမောများပြေပါ၏၊ စာပေပညာရှင်ငွေလမင်းတို့၏အငွေ့ အသက်ကား ရေခံမြေခံကောင်းလှသော စာပေ ဗိမာန်အဆောက်အဦဝန်းကျင်၌ ဘယ်သောအခါ မှ ပျောက်ကွယ်၍သွားနိုင်မည်မဟုတ်ပေ။ ။