Skip to main content

ရေကြီးချိန်နှင့် ရေပြန်ကျချိန်တို့တွင် တွေ့ကြုံနိုင်သည့် ဓာတ်လိုက်မှုများ

မောင်မောင်(လျှပ်စစ်)

လွန်ခဲ့သော၂၀၁၉ခုနှစ် သြဂုတ်လတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ထူးထူးကဲကဲမိုးသည်းထန်ခြင်း၊ မြစ်ရေများရုတ်တရက်ကြီးခြင်း၊ တောင်ကျရေများဒလဟော စီးဆင်းခြင်းတို့ကြောင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းတို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားခဲ့သည့်အပြင် လူပေါင်း ၆၈ ဦးသေဆုံး၍ စာသင်ကျောင်းပေါင်း ၇၀ ကျော် ခေတ္တပိတ်ခဲ့ရသည်။ သေဆုံးသူများထဲတွင် ကျောင်းသား ကျောင်းသူ ၁၆ ဦးပါရှိပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဖတ်ရှုမှတ်သားခဲ့ရပါသည်။

ထိုသို့ သေဆုံးသူများအနက် လျှပ်စစ်ဓာတ်အားကြောင့် ဓာတ်လိုက်သေဆုံးရသူများလည်း ပါဝင်ပါသည်။

လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်စေနိုင်

ရေဘေးသင့်ဒေသများအနက် တချို့နေရာများတွင် အိမ်ခေါင်မိုးထိလုနီးပါး ရေဝင်နစ်မြုပ်နေသဖြင့် ထိုနေရာ၊ ထိုဒေသရှိ ထရန်စဖော်မာများ၊ ဓာတ်တိုင်များ၊ နေအိမ်၌တပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ၊ မီးအားမြှင့်စက်များ၊ ရေမော်တာများမှာရေဝင်ခြင်း၊ ရေတွင်နစ်မြုပ်ခြင်းများဖြစ်နေပေမည်။ ဤသို့သောအခြေအနေတွင် ဓာတ်လိုက်ခြင်း၊ ရှော့ခ်ဖြစ်ခြင်း  စသည့်လျှပ်စစ်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းအနေဖြင့် ထိုကဲ့သို့ ရေကြီး ရေလျှံခြင်း၊ မီးလောင်ခြင်းစသည့် ဘေးအန္တရာယ်များကျရောက်သည့်နေရာများကို လျှပ်စစ်အန္တရာယ်(ဓာတ်လိုက်မှုအန္တရာယ်)မဖြစ်ပေါ်စေရေးအတွက် သတင်းရလျှင်ရချင်း ဓာတ်အားပိတ်ပေးလေ့ရှိပါသည်။ ဤသို့ လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်သည်ကိုမသိသူများက “မီးလောင်နေရတဲ့အထဲ မီးကပျက်ပြန်ပြီ၊ ဘာလို့ မီးပိတ်ရတာလဲ”စသဖြင့် ပြစ်တင်ဝေဖန်သံများ မကြာခဏကြားနေရပါသည်။

လုံးဝမသုံးပါနှင့်

ရေထဲရောက်နေသော ရေဝင်နစ်မြုပ်နေသော ဘုရားတန်ဆောင်း၊ ကျောင်း၊ ဇရပ် စသည့် သာသနိကအဆောက်အအုံများ၊ ရုံးများ၊ ကျောင်းများ၊ စက်ရုံအလုပ်ရုံများ၊ လူနေအိမ်များရှိ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ ရေစိုနေလျှင်၊ ရေနစ်မြုပ်နေလျှင်၊ ရေဝင်နေလျှင် ကျန်လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို လုံးဝမသုံးပါနှင့်။ လျှပ်စစ်မီးခလုတ်များကိုမဖွင့်ပါနှင့်။ လျှပ်စစ်မိန်းခလုတ်ကို ပိတ်ထားပါ။ လျှပ်စစ်ဓာတ်ကြိုးများတပ်ဆင်ထားသော လျှပ်စစ်ပစ္စည်းများသည် လျှပ်စစ်ဓာတ်အားရှိနေသည်ကို သိရှိသတိထားရန်လိုအပ်သည်။

လျှပ်စစ်ဓာတ်အားသည် စိုစွတ်နေသည့်မြေပြင်၊ ရေပြင်၊ စိုစွတ်နေသော အရာဝတ္ထုများ၊ သံ၊ ကြေး၊ ကြေးနီ၊ သွပ်တို့တွင် လျှပ်စစ် ဓာတ်အားလွယ်ကူလျင်မြန်စွာ ဖြတ်သန်းစီးဆင်းနိုင်ပါသည်။

 ခြောက်သွေ့သော ဝါးလုံး၊ သစ်သား၊ ဖန်၊ ရော်ဘာ၊ ဒန်၊ ခဲတို့တွင် လျှပ်စစ်ဓာတ် မစီးဝင်နိုင်ပါ(ဝါ) ဓာတ်မလိုက်နိုင်ပါ။ သို့သော်လည်း ယင်းပစ္စည်းများပင် ရေစိုနေပါက လျှပ်စစ်ဓာတ်အားစီးဝင်၊ ဓာတ်လိုက်မှုကို လွယ်ကူလျင်မြန်စွာဖြစ်ပေါ်စေသဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ပေါ့ဆ၍မဖြစ်ပါ။ လျှပ်စစ်သတိရှိဖို့ လိုအပ်ပါသည်။

ကိုယ်တိုင်ကိုင်တွယ်ရွှေ့ပြောင်းတပ်ဆင်ခြင်းမပြုလုပ်သင့်

ရေဘေးအန္တရာယ်ကြောင့် နေအိမ်များကိုစွန့်ခွာ၍ ရေကင်းလွတ်ရာနေရာသို့ ခေတ္တပြောင်းရွှေ့ရပါက မိမိတို့နေအိမ်ရှိ လျှပ်စစ်မီးခလုတ်များနှင့် မိန်းခလုတ်များကို ပိတ်သွားသင့်ပါသည်။ ရေပြန်ကျ၍ မိမိတို့နေအိမ်သို့ပြန်ရောက်ပါက လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများဖြစ်သည့် ပလပ်ပေါက်များ၊ အဆို့ခံများ၊ မီးခလုတ်များ၊ မော်တာများ၊ မီးအားမြှင့်စက်များ၊ အင်ဗာတာများတွင်ရေဝင်နေလျှင်၊ ရေစိုနေလျှင်၊ ရေငွေ့များ ရိုက်ထားလျှင်၊ ရွှံ့ညွန်၊ အမှိုက်သရိုက်များကပ်ငြိနေလျှင် ကိုယ်တိုင်သန့်ရှင်းရေးလုပ်ခြင်း၊ ကိုယ်တိုင်ကိုင်တွယ်ရွှေ့ပြောင်းတပ်ဆင်ခြင်း၊ ပြုပြင်ခြင်းမပြုလုပ်သင့်ပါ။ လျှပ်စစ်နှင့်ပတ်သက်၍ တတ်ကျွမ်းနားလည်သူများကိုခေါ်ယူပြသကာ လိုအပ်သလိုလုပ်ဆောင်သင့်ပါသည်။ လျှပ်စစ်အန္တရာယ်ရှိ၊ မရှိစစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းမှသာ လျှပ်စစ်ဓာတ်အားကို စိတ်ချလက်ချသုံးစွဲစေလိုပါသည်။ လျှပ်စစ် အန္တရာယ်ရှိ၊ မရှိကိုမစစ်ဆေးဘဲ အလျင်စလို မသုံးစွဲကြရန် သတိပေးလိုပါသည်။

ရေကြီး ရေလျှံ၊ ရေနစ်မြုပ်နေချိန်မသွားမဖြစ်၍သွားလာရာ၌ ရေစိုနေသော၊ ရေနစ်မြုပ်နေသောဓာတ်တိုင်များ၊ ထရန်စဖော်မာများကို ကာရံထားသော သံဆန်ခါများ၊ တိုင်များကိုအားပြုကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ကြပါ။ လျှပ်စစ်အန္တရာယ်ရှိပါသည်။

မိမိတို့၏နေအိမ်၊ ခြံဝင်း၊ အိမ်အမိုးပေါ်နှင့် မိမိတို့ပတ်ဝန်းကျင်၌ လျှပ်စစ်ဓာတ်အားလိုင်းများ၊ အိမ်သွယ်ဆားဗစ်ကြိုးများပျက်ကျနေသည်ကို တွေ့ရှိရပါကလည်း ကိုယ်တိုင်ကိုင်တွယ်ဖယ်ရှားခြင်း၊ သူတစ်ပါးကိုစေခိုင်ခြင်းမပြုလုပ်ကြပါနှင့်။ နီးစပ်ရာလျှပ်စစ်ရုံးသို့အသိပေးပြီး လျှပ်စစ်ရုံးမှတာဝန်ရှိသူများ လာရောက်ရှင်းလင်းဖယ်ရှားသည်ကို စိတ်ရှည်စွာစောင့်ရန်လိုအပ်ပါမည်။

၂၀၁၉ ခုနှစ် သြဂုတ်လကဖြစ်ပွားခဲ့သော ရေကြီးရေလျှံရာမှ ရေပြန်ကျချိန်တွင်ပိတ်ထားသော စာသင်ကျောင်းများပြန်ဖွင့်ရန်အတွက် ရေနစ်မြုပ်ချိန်ကကျန်ရှိသော အမှိုက်သရိုက်များ၊ ရွှံ့များကိုရှင်းလင်း၍ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများရှိရွှံ့များ၊ အမှိုက်များရှင်းရာမှ ကျောင်းသား ကျောင်းသူတချို့ ဓာတ်လိုက်သေဆုံးဒဏ်ရာရရှိကြသည်။

အလားတူ ရေပြန်ကျ၍ အိမ်ပြန်ကြသူများထဲမှလည်း အိမ်ကိုရှင်းလင်းရာမှ ဓာတ်လိုက်သေဆုံးသူများရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ အသက်ကိုဉာဏ်စောင့်၊ ဥစ္စာကိုကံစောင့်ဆိုသကဲ့သို့ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံ၊ ရေနစ်မြုပ်နေချိန်နှင့် ရေပြန်ကျချိန်တို့တွင် တွေ့ကြုံရတတ်သည့်ဓာတ်လိုက်မှုများ၊ လျှပ်စစ်အန္တရာယ်များကို ရှောင်ရှားနိုင်ကြပါစေရန် မေတ္တာရှေ့ထား၍ ရေးသားအသိပေးလိုက်ရပါသည်။ ။