အိုမီခရွန်ဘေး ဝေးကြစေချင်
ကိုဗစ် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ကြား တွင် တောင်အာဖရိကနိုင်ငံ၌ စတင်တွေ့ရှိခဲ့ပါသည်။ အိုမီခရွန်ကိုဗစ်သည် ဒယ်လ်တာနှင့် မူလကိုဗစ် တို့ထက် ရောဂါပြင်းထန်မှု လျော့နည်းလာသည့် အတွက် ကိုဗစ်ကပ်ရောဂါကြီး ပြီးဆုံးတော့မှာ လားဟု တစ်ကမ္ဘာလုံးက မျှော်လင့်နေကြသည်။ ကိုဗစ်၏ နောက်ဆုံးမျိုးကွဲဖြစ်သည့် အိုမီခရွန်သည် ကူးစက်မြန်သော်လည်း ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုနည်းသည်ကို တွေ့ရပါသည်။ အဘယ် ကြောင့်ဆိုသော် အိုမီခရွန်၏ဆူးချွန်မှာ ဗီဇပြောင်းလဲမှု ၃၀ ခန့်ရှိသဖြင့် ပြောင်းလဲမှုအလွန် များပါသည်။
ထို့ပြင် လူ့ခန္ဓာကိုယ်ဆဲလ်ထဲသို့ ဝင်ရောက်နိုင်မှုမှာ အပြောင်းအလဲရှိခြင်းကြောင့် ရောဂါကူးစက်မှု ပို၍မြန်ဆန်နိုင်ပါသည်။ ယင်းဗီဇပြောင်းပိုးက ကိုယ်ခံအားစနစ်ကို ရှောင်လွှဲနိုင်စွမ်းရှိလာနိုင် သည့် အတွက်လည်း ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ပါသည်။ လူသားတို့၏ ခုခံအားစနစ်တွင် အရေးပါသော နေရာနှစ်ခုမှာ ပြောင်းလဲမှုများခြင်းကြောင့် ကာကွယ်ဆေး၏ ထိရောက်မှုလျော့နည်း နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအတွင်း ကိုဗစ်စတုတ္ထလှိုင်းကို ရှောင်လွှဲနိုင်ရန် အတွက် လူစုလူဝေးရှောင်ရှားခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ ဆပ်ပြာဖြင့် မကြာခဏလက်ဆေးခြင်း သို့မဟုတ် လက်သန့်ဆေးရည် ဆောင်ထားအသုံးပြုခြင်း စသည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အခြေခံ နည်းလမ်းကောင်းများကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးကြရင်း ကာကွယ်ဆေးများ ကိုလည်း အကြိမ်ရေပြည့် ထိုးနှံကြဖို့လိုပါသည်။
WHO ထုတ်ပြန်ချက်
အိုမီခရွန် မျိုးဗီဇပြောင်း BA.4 နှင့် BA.5 ကြောင့် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ထပ်မံ မြင့်တက်လာကြောင်းနှင့် ကမ္ဘာတစ်ဝန်းတွင် ဇူလိုင်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရက်သတ္တပတ် အတွင်း ရောဂါကူးစက်မှုအသစ် ၅ ဒသမ ၇ သန်း ရှိပြီး ယခင်တစ်ပတ်ထက် ခြောက်ရာခိုင်နှုန်း ထပ်မံ တိုးလာကာ သေဆုံးသူ ၉၈၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ရပြီး အိုမီခရွန် BA.4 နှင့် BA.5 ကဲ့သို့သော အိုမီခရွန်မျိုးကွဲများကြောင့် နှစ်ပတ်အတွင်း ၃၀ ရာခိုင်နှုန်း တိုးလာကြောင်းနှင့်အဆိုပါ မျိုးကွဲများကြောင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားမှုများ၊ ဆေးရုံတက်ခြင်းနှင့် သေဆုံးခြင်းတို့ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ဆက်စပ်သွားလာမှုများပြားသော ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့တွင်လည်း အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံနေကြရသည်။
မြန်မာနိုင်ငံတွင်လည်း အိုမီခရွန်မျိုးဗီဇပြောင်း BA.4 နှင့် BA.5 ကို ပြည်တော်ပြန် မြန်မာနိုင်ငံသား များ၌ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ အလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများတွင် အဆင့် (၈၃)နှင့် အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံက အဆင့်(၇)နေရာတွင် ရှိကာ တစ်နိုင်ငံလုံးတွင် ဇူလိုင်လ ၃၀ ရက်နေ့အထိ ကိုဗစ်အတည်ပြု လူနာစုစုပေါင်း ၆၁၄၀၉၂ ဦးရှိပြီး သေဆုံးသူစုစုပေါင်း မှာ ၁၉၄၃၄ ဦးရှိကြောင်း သိရသည်။ Worldmeter ၏ ဇူလိုင်လလယ် အချက်အလက်များအရ ယခု အခါ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၅၆၅ သန်းကျော်ကို ကူးစက်ခဲ့ပြီး လူပေါင်းခြောက်သန်းကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် အမှန်တကယ်စာရင်းများမှာ ယခုထက်ပိုများနိုင်ကြောင်း ဆိုသည်။
ပြည်ပနိုင်ငံများမှတစ်ဆင့် ကိုဗစ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက်သူ များအားလုံး ၄၈ နာရီအတွင်း ကိုဗစ်ကင်းရှင်း ကြောင်းအဖြေပြသရန် စာရွက်အထောက်အထား များ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် လေဆိပ်နှင့်ဝင်၊ ထွက်ဂိတ်များတွင် ကျန်းမာရေး ကြေညာချက် (Health Declaration Card) အား သက်ဆိုင်ရာကျန်းမာရေးအရာရှိထံ ပြသရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး တစ်ရက်မြောက်တွင် RDT ဖြင့်လည်းကောင်း၊ ငါးရက်မြောက်တွင် RT-PCR နည်းဖြင့်လည်းကောင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးမည်ဖြစ်ပြီး အသွားအလာ ကန့်သတ်ခြင်းကို ခုနစ်ရက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ပိုးတွေ့ရှိသူ ရာခိုင်နှုန်း အနည်းငယ်တိုးလာ
ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ်သတင်း ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ရက်ပိုင်း အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူဦးရေ အနည်း ငယ်များလာကြောင်း သိရသည်။ ဇူလိုင်လ ၂၈ ရက် နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၈ ဦး တွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၂၉ ရာခိုင်နှုန်း၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် လူနာသစ် ၃၄ ဦး တွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၄၆ ရာခိုင်နှုန်း၊ ဇူလိုင်လ ၃၀ ရက်နေ့ စာရင်းအရ တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၄၀ ထပ်မံ တွေ့ရှိပြီး ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၆၄ ရာခိုင် နှုန်းရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူဦးရေ ထပ်တိုးခြင်းမရှိဘဲ ကာလအားဖြင့် လေးလနီးပါး ရှိလာပြီဖြစ်ပါသည်။ သို့သော် ကိုဗစ်ပိုး တွေ့ရှိသူရာခိုင်နှုန်း အနည်းငယ်တိုးလာသဖြင့် သတိထားကြဖို့လိုပါသည်။
အိုမီခရွန်နှင့် လည်ချောင်းနာခြင်း
ကိုဗစ်၏ အသိသာဆုံးလက္ခဏာမှာ အနံ့ပျောက်ခြင်းဟု ဆိုကြသော်လည်း တချို့သူများတွင် အနံ့မပျောက်ကြဘဲ ရောဂါပိုးကူးစက်ခံရသော ဖြစ်စဉ်များစွာကို တွေ့ရပါသည်။ အိုမီခရွန်တွင် ဖြစ်ပေါ်မှုအများဆုံးဖြစ်သော လက္ခဏာတစ်ခုမှာ လည်ချောင်းနာခြင်းဖြစ်သည်။ မိုးရာသီကာလတွင် အအေးမိခြင်းအဖြစ်များသည့်အတွက် လည်ချောင်း နာသည့်အခါ အအေးမိခြင်းကြောင့်လား၊ အိုမီခရွန် ကြောင့်လားဆိုသည်ကို ပြင်ပလက္ခဏာများ ကြည့်ရုံဖြင့် တိတိကျကျမသိနိုင်ပေ။ အိုမီခရွန်ဖြစ်စေသော ဗိုင်းရပ်စ်သည် အအေးမိခြင်းဖြစ်စေသော ဗိုင်းရပ်စ်နှင့် အမျိုးအစားတူညီသည့် အတွက် ရောဂါလက္ခဏာ များလည်း ဆင်တူသည်။ ထို့ကြောင့် လည်ချောင်းနာ ချောင်းဆိုးပြီးလျှင် မပေါ့ဆဘဲ ကိုဗစ်ရောဂါ စစ်ဆေး ကြည့်သင့်ပါသည်။
မည်သည့်အချိန်အထိ ရောဂါကူးစက်နိုင်သလဲ
အိုမီခရွန်ဟာ မည်သည့်အချိန်အထိ ရောဂါ ကူးစက်နိုင်သလဲဟူသော မေးခွန်းများမေးလေ့ ရှိကြသည်။ ရောဂါလက္ခဏာမပြခင် ၁ - ၂ ရက်နှင့် ရောဂါစတင်ပြီး ၂ - ၃ ရက်အတွင်းသည် ရောဂါ ကူးစက်ဖြန့်ဝေမှု အများဆုံးအချိန်ဖြစ်ပါသည်။ ခြောက်ရက်အကြာတွင် ရောဂါကူးစက်မှု အလွန် နည်းသွားပြီး ၁၀ ရက် ကျော်ချိန်တွင် ရောဂါကူးစက် နိုင်ခြေမရှိတော့ကြောင်း လေ့လာမှုများက ဖော်ပြ ထားပါသည်။ အမေရိကန် ကူးစက်ရောဂါနှိမ်နင်း ရေးဗဟိုမှ သီးခြားခွဲပြီး နေထိုင်သင့်သည့်အချိန်ကို အောက်ပါအတိုင်း လမ်းညွှန်ထားပါသည်။
• ရောဂါလက္ခဏာမရှိပါက ရောဂါပိုးတွေ့ သည့်နေ့မှ ၅ ရက်အထိ။
• ရောဂါလက္ခဏာရှိပါက ၅ ရက်ကျော် ပြီးနောက် ရောဂါလက္ခဏာ ပျောက်ကင်း သည့်အချိန်အထိ။
ကိုဗစ်ရောဂါ သက်သာစတွင်ပြုလုပ်သင့်သည်များ
အကယ်၍ အိုမီခရွန် ကူးစက်ခံခဲ့ရပြီဆိုပါစို့။ နာလန်ထချိန်တွင် ကုန်ခန်းသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် အစားအသောက် အပြုအမူ အနေအထိုင်တို့ဖြင့် မှန်ကန်မှုရှိပါစေ။ (က) အာဟာရမျှတပြည့်ဝအောင် စားသောက်ပါ။ (ခ) အောက်ဆီဂျင်ကြွယ်ဝသော အစားအစာများ ဦးစားပေး ရွေးချယ်စားသောက်ပါ။ (ဂ) ရေများများ သောက်ပါ။ (ဃ) အိပ်ရေးဝဝ အိပ်စက်ပါ။ စိတ်ရော ကိုယ်ပါ အနားယူပါ။ (င) လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပါ။ (စ) အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ (ဆ) အားစိုက်ရသောအလုပ်များ ရှောင်ရှားပါ။ (ဇ) အထိုင်အထ အထူးသဖြင့် အိပ်ရာမှအထတွင် ဖြည်းဖြည်းသက်သာလှုပ်ရှားပါ။
ကာကွယ်ဆေး ထိုးနှံသင့်သော အကြောင်းရင်းများ
ကိုဗစ်ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်အပေါ်တွင် ကိုဗစ်ကာကွယ်ဆေး၏ အကျိုးသက်ရောက်မှု အလွန်နည်းကြောင်း နိုင်ငံတော်တော်များများ၏ လေ့လာတွေ့ရှိချက်များက ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ကာကွယ်ဆေး သုံးကြိမ် ထိုးထားသော် ငြား အိုမီခရွန်ကို ကာကွယ်ရန် စိတ်မချရသေး ကြောင်း၊ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အခြားသော ရောဂါကာကွယ်နည်းလမ်းများကို လည်း ဆက်လက်လုပ်ဆောင်ရန် လိုအပ်သေး ကြောင်း၊ ရောဂါလက္ခဏာများခံစားရလျှင် သေသေ ချာချာဆေးကုသဖို့လိုအပ်ကြောင်း သိရပါသည်။ သို့သော် အလွန်အမင်း စိတ်ပူပန်မှုမဖြစ်ပါနှင့်။ လတ်တလောတွေ့ရှိချက်များအရ အိုမီခရွန်သည် ကူးစက်မှုအလွန်မြန်သော်လည်း ရောဂါပြင်းထန်မှု နှင့် သေဆုံးမှုနှုန်း အလွန်နည်းသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ကိုယ်ခံအားပြည့်ဝအောင် ကြိုးစား နေထိုင်ပြီး ရောဂါကာကွယ်ရေးနည်းလမ်းများ လုပ်ဆောင်ခြင်းဖြင့် ကာကွယ်ထားနိုင်ပါသည်။ ကာကွယ်ဆေးထိုးခြင်းသည် အိုမီခရွန်ကို အပြည့်အဝ မကာကွယ်နိုင်သော်လည်း ကိုဗစ်ကာကွယ် ဆေးမထိုးရသေးသူများက ဆေးထိုးကြရန်နှင့် ကာကွယ်ဆေး ထိုးနှံပြီးသူများကလည်း ဖြည့်စွက် ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံကြရန် နိုင်ငံ တကာဆေးပညာရှင်များက တိုက်တွန်းထားပါသည်။
အချုပ်အားဖြင့်ဆိုသော် ယမန်နှစ်က ကိုဗစ် တတိယလှိုင်းတွင် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုနှင့်အတူ လူအများအပြား အဖိတ်အစဉ်ရှိခဲ့သည်မှာ အားလုံး၏ မျက်စိရှေ့တွင် ဖြစ်ခဲ့ရာ ယခုအခါတွင်လည်း တစ်ကျော့ပြန် ပြန့်ပွား လာနိုင်သည့် ဗိုင်းရပ်စ်မျိုးကွဲသစ်များ၏အန္တရာယ်ကို အထူးသတိပြုရန် လိုအပ်သည်။ သို့ပါ၍ကာကွယ် ဆေး အကြိမ်ရေပြည့်ထိုးနှံထားခြင်းကသာလျှင် ကိုဗစ်အခြေအနေကို အထိုက်အလျောက် ဖြေလျှော့ ပေးနိုင်မည့် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပေရာ ဆေးထိုးနှံခြင်းအစီအစဉ်တွင် မိမိနှင့်တကွ မိသားစုများ မကျန်ခဲ့စေရေး ဂရုတစိုက်ရှိကြရန် လိုအပ်သကဲ့သို့ ဤကမ္ဘာမြေပေါ်တွင် ကိုဗစ်မျိုးဗီဇအသစ်များ ထပ်မံမပေါ်ပေါက်ရေးမှာ လူသားအားလုံး ကာကွယ်ဆေးကို တစ်ပြိုင်နက် ထိုးနှံကြခြင်းတို့ အပေါ်တွင် လုံးဝဆက်နွှယ်နေပါကြောင်း အသိပေး နှိုးဆော်လိုက်ရပါသည်။ ။