ကောလာဟလဗိုင်းရပ်စ်အန္တရာယ်
တရုတ်နိုင်ငံ ဝူဟန်မြို့၌ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(COVID-19)ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် သတ်မှတ်ကြေညာခဲ့သည်။ ထိုနေ့မှစ၍ လူအချို့သည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကူးစက်ပျံ့နှံ့မှုအပေါ် ထိတ်ထိတ်ပျာပျာဖြစ်လာကြသည်။ မူမမှန်သော လှုပ်ရှားမှုအချို့ကိုလည်း တွေ့ရှိလာရသည်။
ကူးစက်ပျံ့နှံ့မှုမြင့်တက်လျက်ရှိ
ဆိုရလျှင် မတ်လ ၂၈ ရက်နေ့အထိ သတင်းများအရ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုသည် နိုင်ငံပေါင်း ၁၉၉ နိုင်ငံ ရှိသွားပြီဖြစ် သည်။ ထိုရောဂါကူးစက်ခံရသူ ခြောက်သိန်းနှစ်သောင်း ကျော်အထိရှိပြီး သေဆုံးသူ နှစ်သောင်းရှစ်ထောင်ကျော် အထိ ရှိသွားပြီဖြစ်သည်။ ယင်းရောဂါသည် ကမ္ဘာ့နေရာ အနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။ အမေရိကန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့ပင်လျှင် ရောဂါပျံ့နှံ့ကူးစက်ခံရသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေပြီ ဖြစ်သည်။ အီတလီနိုင်ငံ တွင် ကူးစက်မှုနှုန်းမြန်ဆန်လွန်း သဖြင့် အသွားအလာ ပိတ်ဆို့တားမြစ်ထားရပြီဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် COVID-19 ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အမျိုးသားအရေးပေါ် အခြေအနေ ထုတ်ပြန်ထားရှိသည်။
ကြိုးပမ်းနေကြ
COVID-19 ရောဂါ ကူးစက်ခံရသည့် နိုင်ငံများသည် ရောဂါထိန်းချုပ်နိုင်ရေးအတွက် အပူတပြင်းဆောင်ရွက် လျက်ရှိသလို ရောဂါကူးစက်ပျံ့နှံ့မှု မခံရသေးသည့် နိုင်ငံများအနေဖြင့် တိုင်းပြည်အတွင်းသို့ ရောဂါကူးစက် ခံရသူများ ရောက်ရှိမလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုတင်တားဆီး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တရုတ်နိုင်ငံကလည်း COVID-19 ရောဂါ ထိန်းချုပ်ရေး ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်သွားရန် ကမ်းလှမ်း ထားရှိသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ဆေးဘက် ဆိုင်ရာ အထောက်အကူများ ပေးပို့ကူညီလျက် ရှိသည်။ အခက်အခဲတွေ့ရှိသည့် အချိန်တွင် အပြန်အလှန် ရိုင်းပင်းကူညီခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။
စောင့်ကြပ်ကြည့်ရှုလျက်ရှိ
မြန်မာနိုင်ငံအနေဖြင့်လည်း COVID-19 ကာကွယ် နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ပျံ့နှံ့လျက်ရှိသည့် COVID-19 ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင်ပေါက် ထွက်ပေါက်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်သမ္မတရုံးကလည်း COVID-19 သည် လူစုလူဝေးများပြားရာ နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မတ်လ ၁၃ ရက်နေ့မှစ၍ ဧပြီလ ၃ဝ ရက်နေ့အထိ မပြုလုပ်ကြရန် ပြည်သူသို့ ပန်ကြားချက်ထုတ်ပြန်ထားသည်။ ထို့အပြင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုဖွဲ့စည်းခဲ့သည့်အပြင် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။
အထူးဂရုစိုက်ရန်လို
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ရှစ်ဦးတွေ့ရှိထားသဖြင့် ပြည်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရန် လိုအပ် သည်။ လက်မှန်မှန်ဆေးကြောခြင်း၊ နှာချေ၊ ချောင်းဆိုး ခြင်းများကို လက်ကိုင်ပဝါနှင့် တစ်ရှူးအုပ်ပြီးမှသာ လုပ်ဆောင်ခြင်း၊ အသုံးပြုပြီး တစ်ရှူးများကို အမှိုက်ပုံးထဲ စွန့်ပစ်ခြင်း၊ လူစည်ကားရာ နေရာများသို့ မလွှဲမရှောင်သာ သွားရမည်ဆိုလျှင် နှာခေါင်းစည်းတပ်ထားခြင်း၊ ဖျားနာ နေလျှင် အိမ်၌သာ အနားယူနေခြင်း၊ ဖျားနာပြီး မောနေ လျှင်၊ အသက်ရှူကျပ်လျှင် ဆရာဝန်နှင့် ချက်ချင်းပြသခြင်း၊ ဖျားနာနေလျှင် ခရီးသွားလာမှုကို ရှောင်ရှားခြင်း၊ ဖျားနာ နေသူများထံသို့ သွားရာမှ ပြန်လာလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ လုပ်ငန်းခွင်နှင့် နေအိမ်တွင် ပိုးသတ်ဆေးဖျန်းခြင်း စသည်တို့ကို မပျက်မကွက် လုပ်ဆောင်သင့်ပေသည်။
အမြတ်ထုတ်အသုံးချနေ
ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါဖြစ်ပွားနေချိန်၌ မြန်မာ နိုင်ငံရှိ တချို့သော ဝိသမလောဘစီးပွားရေးလုပ်ငန်းရှင် များသည် အခွင့်ကောင်းယူလျက်ရှိကြသည်။ ဆေးပစ္စည်း များ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို မတန် တဆဈေးတင်၍ ရောင်းချလျက်ရှိသည်။ ပစ္စည်းပြတ်နေပြီ ဆိုသော အကြောင်းပြချက်ဖြင့် ဈေးကိုင်ကြသည်။ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်’’ ဆိုသလို တချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ဒုက္ခရောက်ပြီး အခက်အခဲကြုံတွေ့နေရသော အောက်ခြေလူတန်းစား များ၊ အသိပညာဗဟုသုတနည်းပါးသော ပြည်သူများ၊ အကြောက်တရားကြီးသော ပြည်သူများထံမှ အမြတ်ထုတ် လေ့ရှိကြသည်။ စိတ်မကောင်းစရာပင် ဖြစ်သည်။ ထိုသို့ အမြတ်ထုတ်အသုံးချနေသူများကို စိစစ်ဖော်ထုတ်အရေးယူသွားသင့်ပါသည်။
စားနပ်ရိက္ခာပေါကြွယ်ဝသောနိုင်ငံ
COVID-19 ကူးစက်ပျံ့နှံ့မှုနှင့်စပ်လျဉ်း၍ မတ်လ ၁၂ ရက်နေ့က လူမှုကွန်ရက်တွင် ကောလာဟလများ ပျံ့နှံ့ ခဲ့သည်။ တချို့သောသူများသည် ကုန်တိုက်များ၊ စူပါ မားကက်များသို့အပြေးအလွှားသွားကာ စားသောက်ကုန် များနှင့် လူသုံးကုန်ပစ္စည်းများ အလုအယက်ဝယ်ကြသည်။ ထို့ထက်ဆိုးသည်မှာ ကုန်တိုက်များမှာ တိုးဝှေ့ဝယ်ယူနေ ကြသည့် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်တွင် တင်ကြသည်။ မည်သည့်အတွက်ကြောင့် ဓာတ်ပုံများ တင်ကြသနည်း။ သတင်းအတုအယောင်များ၊ သတင်း အမှားများကို မည်သည့်အတွက်ကြောင့် ဖြန့်နေကြ သနည်း။ မည်သူ့ကိုမျှ အကျိုးမပြုသည့် အနုတ်သဘော ဆောင်သော လုပ်ရပ်များပင်ဖြစ်သည်။
ကောလာဟလဗိုင်းရပ်စ်အန္တရာယ်ကိုချင့်ချိန်ဉာဏ်ဖြင့် တုံ့ပြန်သွားစေလို
COVID-19 ကူးစက်ပျံ့နှံ့မှု ကောလာဟလကြောင့် တချို့သောဒေသများ၊ အထူးသဖြင့် ရန်ကုန်မြို့တွင် စားသောက်ကုန်များကို အလုအယက်ဝယ်ကြသည်။ အမှန်တော့ လူမှုကွန်ရက်တွင် တင်ထားသော သတင်းအတုအယောင်များ၊ ဓာတ်ပုံအတုအယောင် များ၊ ဗီဒီယိုအတုအယောင်များကို လွယ်ကူစွာ ယုံကြည် ကြခြင်းဖြစ်သည်။ သတင်းအရင်းအမြစ်ကို ဖော်ထုတ် ခြင်းမရှိဘဲ မျက်စိမှိတ်၍ ယုံကြသည်။ ထို့အပြင် မိမိနိုင်ငံအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ အပေါ်တွင်လည်း သံသယဝင်နေကြသည်။ မည်သည့် နယ်ပယ်တွင်မဆို သံသယကြီးထွားသူများသည် ဆုံးရှုံးမှုပို၍ ခံစားကြရသည်။ ထို့ကြောင့် အသိပညာ ဗဟုသုတကို အခြေခံသည့် ဆင်ခြင်တုံတရားဖြင့်သာ ဆုံးဖြတ်လုပ်ကိုင် ဆောင်ရွက်သွားစေလိုပါသည်။
မည်သို့ပင်ဆိုစေ COVID-19 ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာတစ်ဝန်းကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် သတိကြီး စွာဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါ သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားသင့်ပါသည်။ သို့သော် နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လာနိုင်သည့် ကောလာဟလဗိုင်းရပ်စ်အန္တရာယ် ကိုလည်း အသိပညာဗဟုသုတကိုအခြေခံသည့် စဉ်းစား သုံးသပ်နိုင်စွမ်း၊ ချင့်ချိန်ဉာဏ်တို့ဖြင့် ပူးပေါင်းတုံ့ပြန် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အကြံပြုတိုက်တွန်း လိုပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)