မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ပါ
တင်ထက်ထက်ဇော်
မျောက်ကျောက်ရောဂါ (Monkeypox)ဆိုသည်မှာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၁၉၅၈ ခုနှစ်က ကျောက်ရောဂါနှင့်ဆင်တူသည့် ရောဂါတစ်ခုအဖြစ် မျောက်များတွင် စတင်တွေ့ရှိခဲ့ပါသည်။ လူသားတွင် ပထမဆုံးဖြစ်ပွားမှုကို ၁၉၇၀ ပြည့်နှစ်မှာ အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည်။ ထို့နောက် အာဖရိကနိုင်ငံများတွင် အဆိုပါ ရောဂါဖြစ်ပွားမှုကို ကြိုးကြားကြိုးကြားတွေ့ရှိခဲ့ကြသည်။ ယခုနှစ်အတွင်းအာဖရိက အလယ်ပိုင်း၊ အာဖရိကအနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့လာပြီဖြစ်သည်။
မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ထိုကာလများ၌ လူအချင်းချင်းကူးစက်မှုကို အနည်းငယ်သာ တွေ့ရှိရပါသည်။ သို့သော် ၂၀၂၂ ခုနှစ် မေလအတွင်း ကပ်ရောဂါအသွင် ပျံ့နှံ့လာသည့် မျောက်ကျောက်ရောဂါမှာ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်နိုင်ကြောင်းနှင့် မျောက်ကျောက်ရောဂါ၏ မျိုးဗီဇအပြောင်းအလဲသည် မျှော်လင့်ထားသည်ထက် ၁၂ ဆ ပိုမြန်ဆန်ကြောင်းကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့် မူလကိုယ်ခံအားချို့ယွင်းသူများတွင် အဆိုပါရောဂါပိုးကူးစက်ခံရပါက ပိုမိုပြင်းထန်သောလက္ခဏာများ ဖြစ်နိုင်ခြေရှိပြီး အချို့ရောဂါပြင်းထန်သူများတွင် မျောက် ကျောက်ရောဂါဖြင့် သေဆုံးနိုင်ကြောင်း သိရသည်။
ဥရောပသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာရောဂါကူးစက်မှု၏ ဗဟိုချက်အဖြစ်ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းအတည်ပြုထားသော ကူးစက်ခံရသူ၏ ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုရောဂါကူးစက်ခံရသူအများဆုံး ဖြစ်နေသော သုံးနိုင်ငံမှာ ဗြိတိန်၊ စပိန်နှင့် ပေါ်တူဂီတို့ဖြစ်ကြသည်။ မျောက်ကျောက်ရောဂါသည် ဗြိတိန်နိုင်ငံ၌ လူငယ်လူရွယ်အများစုအကြားတွင် ကူးစက်နေကြောင်း လန်ဒန်မြို့တော်မှ ကူးစက်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။
တိရစ္ဆာန်များကြောင့် ကူးစက်ရောဂါဖြစ်ပွားမှု အာဖရိက၌ မြင့်တက်လာ
အာဖရိက၌ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံကူးပြောင်းလာသော ကူးစက်ရောဂါများဖြစ်ပွားမှုကြိမ်ရေသည် ပြီးခဲ့သော ဆယ်စုနှစ်ကထက် ၆၃ ရာခိုင်နှုန်း ပိုမြင့်မားလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဇူလိုင်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ အာဖရိကတိုက်၌ တိရစ္ဆာန်များမှတစ်ဆင့် လူသား များထံ ကူးပြောင်းလာသော ကူးစက်ရောဂါများ ဖြစ်ပွားမှုကြိမ်ရေ မြင့်တက်လာမှုသည် အနာဂတ်ကာလ၌ ကမ္ဘာကြီးအနေဖြင့် မျောက်ကျောက်ဗိုင်းရပ်စ်ရောဂါ၊ အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ရောဂါများနှင့် ရင်ဆိုင်ရနိုင်ခြေမြင့်တက်လာမှု၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း WHO မှ ကျွမ်းကျင်သူများက သတိပေးထားသည်။ ကူးစက်ရောဂါကြီးများအဖြစ် မပြောင်းလဲမီ တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံသို့ ကူးစက်နိုင်သောဗိုင်းရပ်စ်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန်၊ ကူးစက်ရောဂါများ၏ ဗဟိုချက်အာဖရိကဖြစ်လာမည့်အရေးကို တားဆီးရန်လိုအပ်နေပြီဖြစ်ကြောင်း WHO က သုံးသပ်ထားပါသည်။
WHO ထုတ်ပြန်ချက်
မျောက်ကျောက်ရောဂါကူးစက်မှုသည် ယခုနှစ် ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းအကြားတွင် ၇၇ ရာခိုင်နှုန်း မြင့်တက်လာပါသည်။ ဇူလိုင်လ စတုတ္ထပတ်အထိ နိုင်ငံနှင့် ဒေသပေါင်း ၇၅ ခုတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၆၀၀၀ ကျော်ရှိနေပြီး သေဆုံးသူငါးဦး တွေ့ရသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှားဖြစ်ပွားနေသော အခြေအနေကိုကြည့်ပြီး “မျောက်ကျောက်ရောဂါဟာ ယခင်ကဖြစ်ပွားလေ့မရှိသောနိုင်ငံ (Non-endimic Countries)တွေမှာ ပါရောဂါပျံ့နှံ့လာပါ တယ်၊မျောက်ကျောက်ကူးစက်ရောဂါ ပြင်းထန်မှုအတိုင်းအဆနဲ့ပတ်သက်ပြီး WHO ကျွမ်းကျင်သူများ အရေးပေါ်ကော်မတီအနေဖြင့် ဘုံသဘောတူညီချက်မရယူနိုင်ခဲ့သော်လည်း ဒါဟာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရ အရေးပေါ်အခြေအနေဖြစ်တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros AGhebreyesus က ဇူလိုင်လ ၂၃ ရက် (စနေနေ့)တွင် သတင်းမီဒီယာများကို ပြောကြားသည်။ ဆက်လက်၍ ၎င်းက ယခုလို နိုင်ငံတကာအတွက်စိုးရိမ်ရသော အများပြည်သူအရေးပေါ် ကျန်းမာရေးအခြေအနေကို နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်းတုံ့ပြန်ဆောင်ရွက်ကြရန်အတွက် သတိပေးလိုက်ခြင်းဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ကုသမှုများ၊ ကာကွယ်ဆေး ဝေမျှပေးကြစေလိုကြောင်းနှင့် ရန်ပုံငွေကိုလည်း ထည့်ဝင်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ ရေကျောက်ရောဂါနှင့် ခပ်ဆင်ဆင်တူသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် ရေကျောက်နှင့် မျောက်ကျောက်ရောဂါတို့သည် အရည်ကြည်ဖုပေါက်ခြင်းက တူသယောင်ထင်ရသော်လည်း ရေကျောက်ဖုများသည် ပေါက်သည်က ပေါက်၊ ပျောက်သည်ကပျောက်၊ ညှိုးသည်ကညှိုးအမျိုးမျိုးရှိကြသည်။ သို့သော် မျောက်ကျောက်အရည်ကြည်ဖုများက မိတ္တူကူးထားသကဲ့သို့ တစ်လုံးနှင့်တစ်လုံး ဘယ်အချိန်ကြည့်ကြည့် အရွယ်တူ၊ ပုံစံတူများသာဖြစ်သည်။ ထို့ပြင် ဖျားခြင်း၊ ကိုက်ခဲခြင်းတို့ကို ရေကျောက်နှင့် မျောက်ကျောက်တို့တွင် ဖြစ်ပေါ်ခံစားနိုင်သော်လည်း မျောက်ကျောက်ရောဂါ၏ ထူးခြားချက်ကပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင် အကျိတ်များထွက်ပေါ်လာခြင်းဖြစ်သည်။
Monkeypox ရောဂါလက္ခဏာများအနေဖြင့် ဖျားနာခြင်း ၆၂ ရာခိုင်နှုန်း၊ ပြန်ရည်ကျိတ်ရောင်ရမ်း ခြင်း ၅၂ ရာခိုင်နှုန်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၄၂ ရာခိုင်နှုန်း၊ ကြွက်သားများနာကျင်ခြင်း ၃၁ ရာခိုင် နှုန်း၊ ခေါင်းကိုက်ခြင်း ၂၇ ရာခိုင်နှုန်း၊ လည်ချောင်း နာခြင်း ၂၁ ရာခိုင်နှုန်း ဖြစ်ပေါ်ခံစားရ တတ်ကြောင်းသိရပါသည်။ စအိုနှင့် စအိုဝရောင်ရမ်းမှုကိုလည်း ပျမ်းမျှလူနာ ၇၅ ဦးလျှင် ၁၄ ဦး ခန့်တွေ့ရကြောင်း လေ့လာသိရှိရပါသည်။ ရောဂါပျိုးရက်သည် ရောဂါပိုးစတင်ဝင်ရောက်ပြီး ပျမ်းမျှငါးရက်မှ ၂၁ ရက်အတွင်း အောက်ဖော်ပြပါရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။
အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သည့် ၂၁ ရက်အတွင်း ပြန်လည် ဝင်ရောက်လာသူများတွင် တွေ့ရသောရောဂါလက္ခဏာများမှာ (က) လတ်တလောဖျားနာခြင်း (ခ) ချမ်းတုန်ခြင်း၊ (ဂ) အကျိတ်ထွက်ခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ်များကြီးခြင်း၊ (ဃ) ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း၊ (င)ခါးကိုက် ခြင်း၊ ခါးနာခြင်း၊(စ) မောပန်းနွမ်းနယ်ခြင်း၊နုံးခြင်းတို့ဖြစ်ကြသည်။
ဖျားပြီးနောက် ၁-၅ ရက်ခန့်အကြာတွင် ခန္ဓာကိုယ်၌ အနီစက် သို့မဟုတ် အနီပြင်များ ဖြစ်ပေါ်ခြင်း၊ အရည်ဖုများ၊ ပြည်ဖုများ စသည်ဖြင့် အဆင့်ဆင့်ဖြစ်ပေါ်ပြီးနောက် အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင် အနာများပျောက်ကင်းသွားပြီး အနာရွတ်အနေဖြင့် ကျန်ခဲ့နိုင်ပါ သည်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC)၏ အဆိုအရ လူအများစု သည် Monkeypox ကူးစက်ခံရပြီးနောက် ရက်သတ္တနှစ်ပတ်မှ လေးပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ ထို့ပြင် မျောက်ကျောက်ကူးစက်ရောဂါလက္ခဏာများကို လိင်မှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါ (STDs)များ၏ ရောဂါလက္ခဏာများနှင့် မှားယွင်းတတ်ရာ Monkeypox ရောဂါကိုစစ်ဆေးဖော်ထုတ်ရန် တစ်ခါတစ်ရံ အလွန်ခက်ခဲကြောင်း CDC ကဆိုပါသည်။ ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာ မပြင်းထန်တတ်သော်လည်း ကိုယ်ခံအားနည်းသူများတွင် ရောဂါပြင်းပြင်းထန်ထန် ခံစားရနိုင်ပါသည်။ လတ်တလောဖြစ်ပွားနေသော နိုင်ငံတချို့ကို လေ့လာကြည့်ရာ၌ ရောဂါကြောင့်သေဆုံးမှုနှုန်းမှာ ၃-၆ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရပါသည်။
ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ
မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်၏သဘာဝအတိုင်း ကူးစက်မှုမြန်ဆန်ပါသည်။ (က)Monkeypox ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည့် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် လူအချင်းချင်း ခန္ဓာကိုယ်အရေပြားချင်း ထိတွေ့မှု၊ (ခ) ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်(တံတွေး၊ နှာရည်၊ သွေး၊ ချွေး၊ ဆီးနှင့်လိင်အင်္ဂါမှ ထွက်သောအရည်)၊ (ဂ) လူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှကူးစက်ခြင်း၊ (ဃ) ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင်အချိန်အတော်ကြာထိတွေ့မိခြင်းနှင့် (င) ရောဂါပိုးများကပ်တင်ကျန်နေ သည့် အသုံးအဆောင်ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မိရာမှတစ်ဆင့် ကူးစက်ခြင်းတို့ဖြစ်ပါသည်။
ကာကွယ်နိုင်မည့်နည်းလမ်းများ
မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးပါသည်။ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်တတ်သူများအတွက် မျောက်ကျောက်ရောဂါကို ကာကွယ်ရန်မခဲယဉ်းလှပေ။
(က) Monkeypox (မျောက်ကျောက်ရောဂါ)လက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ ခြင်းကို ရှောင်ကြဉ်ပါ။ (ခ) လက်ကိုဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြု၍ စနစ်တကျဆေးကြောပါ။ (ဂ) ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ပါ။ (ဃ) တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေ ပါ။ (င) နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ပါ။ (စ) အသားစိမ်းများကို ကျက်အောင်ချက်စားပါ။ (ဆ) တောရိုင်း တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်။ (ဇ) လက်မဆေးဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများကိုကိုင်တွယ်ခြင်းမပြုပါနှင့်။ (ဈ) အများသုံးသန့်စင်ခန်း၊ တံခါးလက်ကိုင်၊ လှေကား အတက်အဆင်း လက်ရန်းများ၊ ဘတ်စ်ကားထိုင်ခုံ စသည့် ထိတွေ့မှုများကို အထူးဂရုစိုက်သင့်ပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးသန့်စင်ပါ။ (ည) တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန် ဆောင်ရွက်ပါ။
မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံအများစု၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါပိုးရှိသူနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကျောက်ကြီးရောဂါကာကွယ်ဆေး(Small Pox)ကို ထိုးနှံထားကြရန် အကြံပြုတိုက်တွန်းထားပါသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုအပါအဝင် တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံတချို့၌ ကာကွယ်ဆေးကို အများပြည်သူတို့တွင်လည်း ထိုးနှံနေကြကြောင်း လေ့လာသိရပါသည်။
နိဂုံးချုပ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရ အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာထားသော မျောက်ကျောက်ရောဂါကို ယခုအခါ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြ သော ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့တွင်လည်း ကူးစက်နေကြပြီဖြစ်သည်။ ထူးခြားချက်အနေဖြင့် အနီးကပ်ဆုံး ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်မှုကို ခရီးသွား နိုင်ဂျီးရီးယားနိုင်ငံသားတစ်ယောက်တွင် တွေ့ရကာ ယခုအခါ ထိုဧည့်သည်သည် ဆေးကုမခံဘဲပျောက်နေကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအတွင်း Monkeypox ဖြစ်ပေါ်မှုမတွေ့ရသေးသော် လည်း ပြည်တော်ပြန်များအနေဖြင့်သော်လည်းကောင်း၊ အကယ်၍ မြန်မာပြည်အတွင်း ယင်းရောဂါပေါ်ပေါက်လာသော အချိန်တွင်လည်းကောင်း မျောက်ကျောက်ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း သို့မဟုတ် ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ ကုသမှုခံယူကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။