ပညာရေး၏ သဘောသဘာဝနှင့် သင်ရိုးသစ်ပညာရေး
မာန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေဝလင်္ကာသစ်မှာ “ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏” လို့ ဖွဲ့ဆိုထားပါတယ်။ ပညာရဲ့အနက်သဘော၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကို နိုင်ငံတကာ တွေးခေါ်ပညာရှင် အသီးသီးတို့ကလည်း ကာလဒေသအလိုက် အတွေ့အကြုံအမျိုးမျိုးအပေါ် မူတည်ပြီး အဆိုအမိန့်တွေ၊ ဖွင့်ဆိုချက်တွေနဲ့ ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ မဃဒေဝ လင်္ကာသစ်ရဲ့ ပညာနဲ့ပတ်သက်တဲ့ ဖော်ညွှန်းချက်ဟာ တွေးခေါ်ပညာရှင်တို့ရဲ့ အဆိုအမိန့်များကို လွှမ်းခြုံမိနေတာကို လေ့လာတွေ့ရှိရပါတယ်။
ပညာရဲ့ အသိုက်အဝန်းဟာ ကျယ်ဝန်းတဲ့ အားလျော်စွာ ကျွန်မတို့ ဘဝတစ်သက်တာမှာ သင်ယူလို့ မကုန်နိုင်အောင် များပြားလှပါတယ်။ လူမှန်းသိတတ်စ ကလေးဘဝကစလို့ ကွယ်လွန် သည်အထိ သင်ယူလေ့လာစရာတွေဟာ ဆုံးခန်းတိုင် သွားတယ်ရယ်လို့ မရှိပါဘူး။ ကာလ၊ ဒေသနဲ့ အချိန်အခါကိုလိုက်ပြီး ပြောင်းလဲနေသမျှ တိုးတက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တိုင်းမှာ အချိန်နဲ့အတူ လေ့လာသင်ယူစရာတွေက အမြဲတမ်းအသစ်ဖြစ်နေပြီး စူးစမ်းလိုစိတ်ရှိသူအတွက် ပညာက အစဉ်အမြဲ လက်ကမ်းကြိုနေမှာပဲဖြစ်ပါတယ်။
အမှားအမှန် ခွဲခြားသိအောင် ပညာသင်ရတာဖြစ်
“ပညာကို ဘာကြောင့် သင်ယူကြရပါသလဲ” ဆိုတဲ့ မေးခွန်းကို ကျွန်မရဲ့ စာသင်ခန်းထဲက အသက် ၁၁နှစ်ကနေ ၁၃ နှစ်အထိ ရှိတဲ့ Grade- 6 ကျောင်းသား ကျောင်းသူ ၅၀ နဲ့အတူ မေးမြန်း ဆွေးနွေး အဖြေရှာကြည့်ခဲ့ဖူးပါတယ်။ ကလေးတွေကို အုပ်စုသုံးခုခွဲပြီး အချင်းချင်း တိုင်ပင်ဆွေးနွေး စေခဲ့ပါတယ်။ တစ်ဦးချင်းစီရဲ့ သဘောထားကို လွတ်လပ်ပွင့်လင်းစွာ သူတို့သိထား၊ နားလည်ထားတဲ့အတိုင်းပြောနိုင်ဖို့ အခွင့်အရေးပေးပြီး ပြောစေခဲ့တယ်။ တစ်ဦးချင်းစီရဲ့အဖြေကို ကျွန်မကလေးလေးစားစား နားထောင်ပြီး သင်ပုန်းပေါ်မှာ မှတ်တမ်းတင်ပေးခဲ့တယ်။ ဘာဝေဖန်ချက်မှ မပေးသေးဘဲ ပြောစေခဲ့တဲ့အခါ သူတို့သိထားတဲ့ အတိုင်း ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ဖြေကြားလာကြလို့ ကလေးတွေကိုယ်တိုင် သူတို့သိရှိထားမှုအပေါ် ယုံကြည်မှုရှိကြတာကိုလည်း အကဲခတ်မိပါတယ်။ ကလေးအများစု ကတော့ “ပညာတတ်ကြီးဖြစ် အောင်လို့”၊ “စားဝတ်နေရေးအတွက် ပိုက်ဆံရှာဖို့”၊ “မိဘကို လုပ်ကျွေးဖို့” ဆိုပြီး ဖြေကြပါတယ်။ တစ်ယောက်သော ကလေးကတော့ “အမှားအမှန် ခွဲခြားသိအောင်လို့ ပညာသင်ရတာဖြစ်တယ်” လို့ ဖြေကြားလာပါတယ်။
ပညာသင်ယူရခြင်းအကြောင်းရင်းနဲ့ ပတ်သက်လို့ သူတို့လေးတွေရဲ့ အမြင်၊ အတွေးကို သိခွင့်ရပါပြီ။ ကလေးတွေရဲ့ ဖြေဆိုမှု အားလုံးပြီးသွားတဲ့အခါ သားတို့ သမီးတို့ ယူဆတာတွေ အားလုံးမှန်ပါတယ်။ ပညာသင်ယူရခြင်း အကြောင်းရင်းဟာ အဓိပ္ပာယ် ကျယ်ဝန်းသလောက် လေ့လာလို့လည်း မဆုံးနိုင်တဲ့ အကြောင်း၊ ဘဝတစ်သက်တာလုံး ပညာကို ဆည်းပူး လေ့လာနေရမှာဖြစ်ကြောင်း၊ အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ဝေဖန် ပိုင်းခြားသိမြင်နိုင်ဖို့၊ ကျောင်းတွင်းမှာရော ကျောင်းပြင်ပမှာပါ ဖြစ်စဉ်တိုင်း၊ ဖြစ်ရပ်တိုင်းအတွက် အကြောင်းရင်းခံနဲ့ အကျိုးရလဒ်တို့ကိုသိရှိနိုင်ဖို့ ပညာသင်ယူကြရခြင်းဖြစ်ကြောင်း ပညာရဲ့တန်ဖိုးကြီးမားပုံနဲ့ ကြောင်းကျိုးဆက်စပ် ဝေဖန်သုံးသပ်နိုင်ဖို့ လေ့လာသင်ယူချင်စိတ်ကို အမြဲမွေးမြူကြရမှာဖြစ်ကြောင်း ပြောပြရပါတယ်။
အောင်မြင်မှုအဆင့်ဆင့် ရရှိ
ပညာသင်ယူခြင်းဖြင့် တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ဖွံ့ဖြိုးတိုးတက်စေပါတယ်။ မိမိဘဝကို မိမိကိုယ်တိုင် ဦးဆောင်လာနိုင်စေပါတယ်။ တစ်ပါးသူအပေါ် လေးစားချစ်ခင်စိတ်နဲ့ ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်လာစေမှာ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိစွာနဲ့ ဘဝအခက်အခဲများစွာကို အမှန်ကန်ဆုံးနည်းလမ်းနဲ့ ဖြေရှင်းလာနိုင်ပြီး အောင်မြင်မှုအဆင့်ဆင့်ကို ရရှိလာစေမှာ ဖြစ်ပါတယ်။
ပညာသင်ယူခြင်း ပုံစံနှစ်မျိုးတွေ့နိုင်
ပညာသင်ယူခြင်းကို ပုံစံနှစ်မျိုးနဲ့ တွေ့နိုင်ပါတယ်။ Formal Education နဲ့ Informal Education တို့ပဲဖြစ်ပါတယ်။ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နဲ့ အဆင့်မြင့်ပညာဖြစ်တဲ့ ကောလိပ်၊ တက္ကသိုလ်ဆိုတဲ့ ကျောင်းတွေမှာ သင်ယူနေကြတဲ့ ပညာရေးဟာ Formal Education ပဲဖြစ် ပါတယ်။ Formal Education မှာ သင်ရိုးညွှန်းတမ်း၊ မာတိကာ၊ ကာလသတ်မှတ်ချက် စတာတွေ တိကျစွာ ရှိပါတယ်။ စာသင်ချိန် အရေအတွက် ကန့်သတ်ချက်ရှိပါတယ်။ ကျောင်းအလိုက် ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာကြရပါတယ်။ အုပ်ချုပ်သူ၊ သင်ကြားပေးသူ ဆရာ ဆရာမတွေရဲ့ သင်ကြားပြသမှုကို စနစ်တကျ သင်ယူမှတ်သားကြရပါတယ်။ အချိန်နဲ့တစ်ပြေးညီ တတ်မြောက်မှု စစ်ဆေးခြင်း ကိုလည်း မှန်မှန်ဖြေဆိုကြရပါတယ်။ ကျောင်းမှန်မှန်တက်ပြီး စာမှန်မှန်ကျက်ရပါတယ်။ သတ်မှတ်တဲ့ကာလအထိ သင်ကြားမှု / သင်ယူမှု ပြီးဆုံးတဲ့အခါ သင်ယူတတ်မြောက်မှု စစ်ဆေးခြင်း တွေပြုပြီး အောင်လက်မှတ်တွေ ချီးမြှင့်ပေးရတာဟာ Formal Education ပဲဖြစ်ပါတယ်။
ဒုတိယအမျိုးအစားဖြစ်တဲ့ Informal Educ-ation ကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ မိမိထက် အသက်အရွယ်အရ၊ အတွေ့အကြုံအရ ထိုးထွင်းသိမြင်တတ်သူ၊ နှံ့စပ်ကျွမ်းကျင်သူတို့ထံက လက်ဆင့်ကမ်း သင်ယူရတဲ့သဘော ဖြစ်ပါတယ်။ သင်ရိုးမာတိကာ သတ်မှတ်ချက်မရှိလို့ ပိုမိုပြီး ကျယ်ဝန်းတယ်လို့ပင် ဆိုနိုင်ပါတယ်။ လူမှန်းသိတတ်စမှသည် မိမိတို့ ထိတွေ့ရာ ပတ်ဝန်းကျင် နယ်ပယ် အသီးသီးမှာ ကျွဲကူးရေပါဆိုသလို လေ့လာ သင်ယူကြရတယ်။ ကျွမ်းကျင်မှုတစ်ခုခုကို လေ့လာ သင်ယူပြီး အသက်မွေးဝမ်းကျောင်းမှုဖြစ်အောင် ကြိုးစားအားထုတ်ကြရတယ်။ မိရိုးဖလာ လယ်ယာ လုပ်ငန်းဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းဖြစ်စေ၊ အရောင်းအဝယ် လုပ်ငန်းဖြစ်စေ အမှုမဲ့အမှတ်မဲ့ မနေဘဲ လေ့လာသင်ယူနေကြသူတွေဟာ အတန်းပညာပင် ဆုံးခန်းမတိုင်ခဲ့သော်ငြား တစ်ချိန်မှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ စက်မှု လုပ်ငန်းရှင်တစ်ဦး ဖြစ်လာကြခြင်းဟာ Informal Education ရဲ့ ထင်ရှားတဲ့ သက်ရောက်မှု သာဓကတွေပဲ ဖြစ်ပါတယ်။
တီထွင်ဆန်းသစ်မှု အရည်အသွေး တိုးတက်ဖွံ့ဖြိုးလာ
သင်ရိုးသစ်ပညာရေးစနစ်မှာတော့ Formal Education ကိုသာမက Informal Education ကိုပါ ပူးတွဲ သင်ကြားပေးနေပါပြီ။ ဘာသာရပ်ဆိုင်ရာ သင်ကြားမှု၊ သင်ယူမှု လုပ်ငန်းစဉ်တွေမှာ အချင်းချင်း အပြန်အလှန် သင်ယူရမယ့် သင်ခန်းစာတွေကိုလည်း ထည့်သွင်းရေးဆွဲထားပါတယ်။ ကျောင်းသား ကျောင်းသူတွေကို အုပ်စုအလိုက် ပူးပေါင်း ဆောင်ရွက်တတ်အောင်လည်း သင်ကြားပေးပါ တယ်။ ကစားနည်းပုံသဏ္ဌာန်နဲ့ သင်ကြားပြီးမှ ရလဒ်ကို မေးခွန်းမေးမြန်းပေးခြင်း၊ ဆွေးနွေးစေခြင်း ဖြင့် သင်ယူမှုရလဒ်ကို ဖော်ထုတ်စေသော သင်ခန်းစာ များလည်း ပါဝင်ပါတယ်။ မေးခွန်းများကို ကိုယ်တိုင် ပြုစုစေခြင်း၊ အုပ်စုအချင်းချင်း မေးခွန်းကို အပြန်အလှန် မေးမြန်း/ဖြေကြားစေခြင်းဖြင့် သင်ကြားမှု ဦးတည်ချက်ကို ကလေးတွေကိုယ်တိုင် ရောက်အောင်သွားနိုင်စေဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုပြီးတိုင်း ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်းစီရဲ့ သဘောထားအမြင်ကို ဖော်ထုတ်စေခြင်းတွေ ပါဝင်ပါတယ်။ သင်္ချာသင်ကြားရာမှာဆိုရင် တွက်ချက်မှု ပုံစံအမျိုးမျိုးကို ကိုယ်တိုင်ရှာဖွေစေခြင်းဖြင့် တီထွင်ဆန်းသစ်မှု အရည်အသွေးကို တိုးတက်ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူတွေကို အုပ်စုလိုက် လုပ်ငန်းများဆောင်ရွက်စေခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်မှု စွမ်းရည်ကိုလည်း တိုးတာလာစေမှာ ဖြစ်ပါတယ်။ အုပ်စုအတွင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရာမှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုရှိ ရတာ၊ သည်းခံရတာ၊ ညှာတာရတာ၊ စာနာမှုရှိရတာ၊ ဦးဆောင်မှုပေးရတာတွေကို သင်ခန်းစာသင်ကြား ရင်းနဲ့ တစ်ပါတည်း သင်ယူရရှိစေမှာပဲဖြစ်ပါတယ်။
ပညာရေးရဲ့ သဘောသဘာဝနဲ့ သင်ရိုးသစ် ပညာရေးရဲ့ ရည်ရွယ်ချက်အတိုင်း ပေါက်မြောက် အောင်မြင်ဖို့ဆိုရင် ဆရာ၊ မိဘ၊ ကျောင်းသား လက်တွဲ ညီညီဖြင့် Formal Education နဲ့ Informal Educ-ation နှစ်ရပ်လုံးကို အချိုးညီညီ အားပေးမြှင့်တင် ရမှာဖြစ်ပါတယ်။ သို့မှသာ လူငယ်လူရွယ်များကို “ပညာပြည့်ဝ နှလုံးလှ” စေဖို့ သင်ကြားပို့ချပေးနေကြသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများရဲ့ ပညာရေးလုပ်ငန်းဟာ အနာဂတ်လူ့အဖွဲ့အစည်း အတွက် “ဖွံ့ဖြိုးတိုးတက်မှု” ကို ပေးအပ်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ယူဆမိပါတယ်။ ။