Skip to main content

နိုင်ငံအကျိုးပြုပညာရေးဆီသို့ . . .

ပါမောက္ခမောင်လွင်

(ယမန်နေ့မှအဆက်)

ပြောင်းလဲချိန်တန်သော ဤကာလတွင် နိုင်ငံတော်အကျိုးပြု ပညာရေးသို့မဟုတ် ကောင်းမွန်ပြည့်စုံသောပညာရေးကို တည်ဆောက်ရန်မှာ အလွတ်ကျက်မှတ်သောပညာရေးထက် တစ်ဆင့်တက်၍ တွေးခေါ်မြော်မြင်သောပညာရေး၊ အလွတ်ကျက်မှတ်သော စာသင်ခန်း များမှတစ်ဆင့်တက်၍ တွေးခေါ်မြော်မြင်နိုင်သော သင်ယူသူများ၊ တစ်နည်းအားဖြင့် တိုင်းပြည်လိုအပ်ချက်များ တီထွင်သုံးသပ်နိုင်သည့် သင်ယူသူများထွက်ပေါ်လာနိုင်မည့် စာသင်ခန်းများသို့ ပြောင်းလဲကြရမည်ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်စေရန်လိုအပ်ချက်များ ရှိပေသည်။ ၎င်းတို့မှာ(၁) ကောင်းမွန်သောပညာရေးမူဝါဒရှိရမည်၊ (၂)မူဝါဒကို အကောင်အထည်ဖော်ရန် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ပိုင်းရှိရမည်၊ (၃)အရည်အချင်းပြည့်ဝသော ဆရာများရှိပြီး သင်ယူသူတို့ကလည်း သင်ယူလေ့လာမှုအပေါ်တွင်အသုံးချနိုင်မှု၊ အတွေးအခေါ်မြော်မြင်နိုင်မှုနှင့် မှန်ကန်စွာအကဲဖြတ်နိုင်မှုတို့ရှိရပေမည်။ သို့မှသာ နိုင်ငံသားတစ်ဦးစီကို အသိပညာ၊ အတတ်ပညာပြည့်စုံရုံသာမက ကြောင်းကျိုးဝေဖန်နိုင်သော၊ ဆင်ခြင်တုံတရား၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် လူသားကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်မည်ဖြစ်သည်။

ပညာရေးမူဝါဒရေးဆွဲရာတွင်

နိုင်ငံတော်၏ ပညာရေးမူဝါဒရေးဆွဲရာတွင် နိုင်ငံတော်၏ ကွဲပြားခြားနားသောလူနေမှုစရိုက်၊ လူနေမှုအဆင့်အတန်းနှင့် နိုင်ငံတော်၏ကျင့်သုံးနေသော အုပ်ချုပ်မှုဝါဒကို ထည့်သွင်းစဉ်းစားရန် အထူးလိုအပ်ပေသည်။ အမေရိကန်၏ ပညာရေးမူဝါဒသည် အမေရိကန်လူမျိုးများ၏ အောင်မြင်သော ပညာ‌ရေးကိုဖြစ်စေသော်လည်း မြန်မာလူမျိုးတို့အတွက် အောင်မြင်သောပညာရေးဖြစ်စေမည်ဟု တစ်ထစ်ချမပြောနိုင်ချေ။ အဓိကအားဖြင့် ပညာရေးမူဝါဒကိုရေးဆွဲရာတွင် အဓိကစဉ်းစားရမည့်အချက်မှာ တိုင်းပြည်လူမျိုးစု အမျိုးအစားအလိုက် အခြေအနေ၊ နေရာဒေသအလိုက် ဖွံ့ဖြိုးမှုအခြေအနေနှင့် လက်ရှိပညာရေးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ဂျပန်နိုင်ငံ၏ပညာရေးစနစ်ကို လေ့လာရာတွင် မူလတန်းအဆင့် ကျောင်းသား ၁၀၀ ကျောင်းတက်ရာတွင် ဘွဲ့ရပညာတတ် ၁၀၀ ရရှိစေရေးထက် အထက်တန်းအဆင့်ကျော်လွန်ပြီးမှ အဆင့်တစ်ဆင့်ပြီးဆုံးသည်နှင့် လုပ်ငန်းခွင်သို့ဝင်နိုင်ရန် ရည်ရွယ်ထားသည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ၏ ပညာရေးမူဝါဒဇယားတွင် အသက် (၃) နှစ်မှ (၁၁) နှစ်ကို လူတိုင်းတန်းတူအခွင့်အရေး သင်ကြားမှုရှိသော်လည်း အလယ်တန်းအဆင့် ကျောင်းသားဝင်ခွင့် ဖြေဆိုအောင်မြင်ပြီးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သောပညာရေးနှင့် တက္ကသိုလ်သို့ မျှော်မှန်းသောပညာရေးဟူ၍ နှစ်ဆင့်ခွဲခြားထားသည်ကို တွေ့ရပေသည်။ (ပုံ ၂) ထိုနည်းတူ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ပြီးသူများကိုလည်း 2nd year Programme၊ 4th year Programme နှင့် 6th year Programme ဟူ၍ အဆင့်ခွဲထားပြီး အဆင့်တစ်ခုပြီးသည်နှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် စီမံထားသည်ကို တွေ့ရပေသည်။ ထို့ကြောင့် ဂျပန်နိုင်ငံ၏ပညာရေးကိုလေ့လာရာတွင် လူငယ်အများစုမှာ Collage of Technology များမှ Associate’s Degree များရရှိပြီး တိုင်းပြည်၏ လိုအပ်ချက်လုပ်ငန်းခွင်များသို့ ဝင်ရောက်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်နိုင်ပြီဖြစ်ပေသည်။

ထိုနည်းတူ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ပြီးသူများမှာလည်း ပညာသင်ကြားနိုင်ရန် အရည်အချင်းပေါ်တွင် မူတည်ပြီး အဆင့်ဆင့်ခွဲခြားထားသည်ကို တွေ့ရပေသည်။ အထူးသဖြင့် ကျောင်းပြီးဆုံးအောင် မတက်ရောက်နိုင်သည့် ကျောင်းသားများအတွက် ကောင်းမွန်သည့်အသက်မွေးမှုပညာများကို လေ့လာသင်ယူနိုင်အောင် စီမံမှုများပြုလုပ်ထားပေသည်။ ထိုအချက်သည် တိုင်းပြည်တွင် အုပ်ချုပ်သူ လူတန်းစား၊ ထပ်ဆင့်ကြီးကြပ်သူ လူတန်းစား၊ အလုပ်သမားအဆင့်စသည်ဖြင့် လူတန်းစားမျိုးစုံလိုအပ်မှုကို တိုက်ရိုက်ထောက်ပံ့ရာ ရောက်ပါသည်။ တစ်နည်းအားဖြင့် တိုင်းပြည်လုပ်သားထု၊ ပညာရှင်၊ အုပ်ချုပ်မှု လူတန်းစားလိုအပ်မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာရောက်ပါသည်။ ကောင်းမွန်သည့်ပညာရေးမူဝါဒပင် ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ပညာရေးသည် တစ်ဆင့်ပြီးတိုင်းပြီးတိုင်း ထိုပညာဖြင့် လူ့လောကကို အကျိုးပြုနိုင်သော ပညာရေးမူဝါဒချမှတ်နိုင်ရန် အထူးလိုအပ်ပေသည်။

တိုင်ပြည်အကျိုးပြု လူ့အရင်းအမြစ်များ ပေါ်ပေါက်လာနိုင်မည်

မြန်မာနိုင်ငံ၏ အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍတွင် ကျောင်းပြီးဆုံးအောင် သင်ကြားနိုင်မှုမရှိသော ကျောင်းသားများ (Drop-out) အတွက် မိမိထွက်သွားရသော အတန်းနယ်ပယ်တစ်ခုချင်းစီမှ ပညာရေးဆိုင်ရာ အသိအမှတ်ပြုအောင်လက်မှက်တစ်ခု ပေးနိုင်ရန်စီမံသင့်ပါသည်။ သို့မှသာ Drop-out ဖြစ်သွားသည့် ကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်းပညာများကို မိမိပြီးဆုံးသည့် အတန်းမှရရှိသော အောင်လက်မှတ်ဖြင့် မည်သည့်နေရာတွင်မဆို ပညာဆက်လက်သင်ကြားနိုင်ပြီး မိမိဘဝအတွက်ရပ်တည်နိုင်ရန်၊ တစ်နည်းအားဖြင့် တိုင်းပြည်တည်ဆောက်ရေးအတွက် အခြေခံကျသော အသုံးချဘာသာရပ်များသင်ကြားနိုင်ရန် စီမံပေးမှသာ တိုင်ပြည်အကျိုးပြု လူ့အရင်းအမြစ်များ ပေါ်ပေါက်လာနိုင်မည် ဖြစ်ပါသည်။

ပညာရေးမူဝါဒကို စဉ်းစားရာတွင် သင်ကြားရေးဘာသာစကားသည်လည်း အဓိကကျသော အချက်တစ်ချက်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ ပညာရေးတွင် သင်ယူသူအများစုအသိပညာရရှိမှုအဆင့်နှင့် နားလည်သဘောပေါက်မှုအဆင့်များကို ကျေညက်စွာမကျော်လွှားနိုင်ခြင်း၏ အဓိကအချက်မှာ ဘာသာစကားအခက်အခဲပင်ဖြစ်သည်။ ဥရောပနိုင်ငံများ၏ ပညာရေးသင်ယူမှု၊ သင်ကြားမှုကိုလေ့လာရာတွင် ဘွဲ့ကြိုတန်းမှ မဟာသိပ္ပံတန်းအထိ မိခင်ဘာသာစကားဖြင့်သုံးနှုန်း သင်ကြားကြသည်ကို တွေ့ရှိရပေသည်။ စပိန်နိုင်ငံပညာရေးသင်ကြားမှုသည် စပိန်ဘာသာစကားပင်ဖြစ်သည်။ ထိုနည်းတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပညာရေးသင်ကြားမှုသည်လည်း တရုတ်ဘာသာစကားပင် ဖြစ်ပေသည်။ ထိုသို့မိခင်ဘာသာစကားဖြင့် သင်ကြားသဖြင့် ၎င်းနိုင်ငံများ၏ ပညာရေးသည် အောင်မြင်သောပညာရေးသို့ရောက်ရှိပြီး နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများကို အထောက်အကူပြုကာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်လျက်ရှိပါသည်။

အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားမှု ထိရောက်မှုကို ဆန်းစစ်သင့်

မိမိတို့နိုင်ငံတွင် အထက်တန်းပညာရေးမှသည်ဘွဲ့ကြို၊ ဘွဲ့လွန်အထိ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားကြသည်။ သင်ယူရသည်။ မြန်မာ့ပညာရေးတွင် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသဖြင့် သင်ကြားနေသည့် ဘာသာရပ်၏ အဓိကအကြောင်းအရာ လေ့လာသင်ယူရေးထက် မြန်မာဘာသာပြန်မှုကိုသာ သင်ယူသူတို့မှတ်သားနေကြသည်ကို တွေ့ရသည်။ ထို့အတွက် ဘာသာရပ်သဘောတရားကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းမရှိတော့ဘဲ အသုံးပြုမှုအဆင့်၊ ခွဲခြမ်းစိတ်ဖြာလေ့လာမှုအဆင့်၊ ပေါင်းစပ်ကြည့်ရှုခြင်းအဆင့်နှင့် တန်ဖိုးဖြတ်ခြင်းအဆင့်များသို့ တက်လှမ်းရန်ဝေးကွာသွားသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားမှုထိရောက်မှုကို ဆန်းစစ်သင့်သည်။ မြန်မာဘာသာစကားဖြင့် သင်ကြားကာဘာသာပြန်ဌာနကို ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲပေးမည်ဆိုပါက ပညာရေးသည် အသုံးချ အကျိုးပြုပညာရေးအဖြစ် တိုးတက်ပြောင်းလဲလာမည်ဖြစ်ပေသည်။

 

နိုင်ငံအတွက် ပြီးပြည့်စုံမည့်ပညာရေးကို အကောင်အထည်ဖော်ရာတွင် မူဝါဒကောင်းနေရုံဖြင့်မရပါ။ အဓိကထိုမူဝါဒကို အကောင်အထည်ဖော်မည့် အရည်အချင်းပြည့်ဝသော လူသားစွမ်းအင်အရင်းအမြစ်များ အထူးလိုအပ်ပါသည်။ အထူးသဖြင့် အဆင့်မြင့်ပညာရေးတွင် လက်တွေ့အကောင်အထည်ဖော်နေသော ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၏ အရည်အချင်းသည် လွန်စွာမှအရေးကြီး သောအခန်းကဏ္ဍဖြစ်သည်။ ထိုနည်းတူ အခြေခံပညာရေးတွင်လည်း ကျောင်းအုပ်ကြီးများ၏ အရည်အချင်း၊ အရည်အသွေးသည် လွန်စွာမှအရေးကြီးပါသည်။ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ၏ အောင်မြင်မှုသည် ၎င်းကျောင်းကိုအုပ်ချုပ်နေသော ဆရာကြီး ဆရာမကြီးများ၏ အရည်အချင်းပြည့်ဝမှုပေါ်တွင် မှီခိုနေပါသည်။

 စင်ကာပူနိုင်ငံ၏ အောင်မြင်သောပညာရေး၏ အဓိကအချက်မှာ လေ့ကျင့်မှုအရည်အသွေးပြည့်ဝသော ဆရာများရှိခြင်းကြောင့်ဟု ဆိုပါသည်။ မိမိတို့နိုင်ငံတွင်လည်း အရည်အချင်းပြည့်ဝသော ဆရာ ဆရာမများ မွေးထုတ်ပေးရန် အထူးလိုအပ်ပါသည်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းခန့်ထားသော ဆရာ ဆရာမအများစုသည် အခြေခံအင်္ဂလိပ်စာနှင့် နည်းပညာပိုင်းတွင် ထူးချွန်ကြသည်ကို တွေ့ရှိရသည်။ အထူး သဖြင့် မိမိဝင်ရောက်နေသည့်လုပ်ငန်းအပေါ်တွင် ကြိုးစားလိုစိတ်ရှိကြသည်။ သင်ကြားရေးလုပ်ငန်းများပေါ်တွင် တက်တက်ကြွကြွ ဆောင်ရွက်သည်ကို သတိပြုမိသည်။ ၎င်းလူငယ်မျိုးဆက်သစ်များကို နည်းမှန်လမ်းမှန်ဖြင့် ပြုစုပျိုးထောင်ပေးမည်ဆိုပါက ပညာရေးအဆောက်အအုံ၏ ဒေါက်တိုင်တစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ကိုဗစ်-၁၉ အလွန်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနအောက်ရှိ မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများကို ပုံမှန်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ စာမေးပွဲများကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဘွဲ့ကြိုတန်းများမှ ဘွဲ့လွန်တန်းများအထိ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထိုသို့သာမက တက္ကသိုလ်အဆင့်များတွင် အသုံးချဘာသာရပ်များကို သင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။ တာဝန်ရှိသူများမှ လမ်းညွှန်ပေးမှုဖြင့် မြန်မာနိုင်ငံ၏ပညာရေးသည် ကိုဗစ်-၁၉ အလွန်ကာလတွင် ပုံမှန်လည်ပတ်လျက်ရှိနေပါသည်။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးကဏ္ဍကို အထူးအားပေးလျက်ရှိသည်ကို ၎င်း၏မိန့်ခွန်းများတွင် တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ပညာရေးသည် မတည်ငြိမ်သော ပညာရေးစနစ်များနှင့် အနည်းနှင့်အများ အဆောက်အအုံဆောက်လုပ်ရေး၊ အဆောက်အအုံပြင်ဆင်ရေးဖြင့်၊ တစ်နည်းအားဖြင့် အခြေခံအဆောက်အအုံဖြင့်သာ အချိန်ကုန်ဆုံးနေသည်။ လူ့စွမ်းအားအရင်းအမြစ်ပေါ်တွင် စိုက်ထုတ်ရင်းနှီးမှုလွန်စွာနည်းပါးလှသည်။ သင်ကြားသူ ဆရာ ဆရာမများ အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေး၊ တက္ကသိုလ်အဆင့်သင်ကြားသူ၊ သင်ယူသူသုတေသနပြုလုပ်နိုင်ရေး၊ တက္ကသိုလ်အဆင့်စာကြည့်တိုက်အသုံးချနိုင်ရေးနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများတွင် လွန်စွာအားနည်းလှသည်။

မည်သည့်အကြောင်းများကြောင့် အခြေခံအဆောက်အအုံများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ကြပြီး အဓိကလုပ်ဆောင်ရမည့် အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေး၊ တက္ကသိုလ်အဆင့်သင်ကြားသူ၊ သင်ယူသူသုတေသနပြုလုပ်နိုင်ရေး၊ တက္ကသိုလ်အဆင့်စာကြည့်တိုက် အသုံးချနိုင်ရေးနှင့် နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို မည်သည့်အတွက် အားနည်းနေရသည်ကို စဉ်းစားသင့်ပါသည်။ သင်ကြားရေးသင်ရိုးများတွင် မူလတန်းမှ တက္ကသိုလ်တန်းများအထိပင် လွန်စွာကောင်းမွန်လှသည်။ သို့သော်လက်တွေ့သင်ကြားရေးတွင် လိုအပ်ချက်များစွာရှိပါသည်။ ဘွဲ့ရအရေအတွက်သာတိုးပွားလာသည့် နိုင်ငံတော်အတွက် ပညာတတ်နည်းပါးလာခဲ့သည်။ နိုင်ငံတော်ကခေတ်အဆက်ဆက်လမ်းညွှန်မှု၊ ညွှန်ကြားချက်မည်သို့ပင်ထုတ်ပါစေ အောက်ခြေမှ နည်းမျိုးစုံဖြင့်လိမ်ညာခဲ့ကြသည်။ ပညာရေးနိမ့်ပါးခဲ့သည်။

ယခုအချိန်အခါသည် နိုင်ငံတော်အတွက် လိုအပ်ချက်နည်းပညာများနှင့် တီထွင်ဆန်းသစ်နိုင်သောအသိပညာ၊ အတတ်ပညာများကို မြှင့်တင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများက လိုအပ်သည်များကို အထူးပံ့ပိုးပေးနေသောအချိန်ကာလပင် ဖြစ်ပေသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲများတွင် တက္ကသိုလ်ဆရာ ဆရာမများ သုတေသနဆောင်ရွက်မှုများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီသုတေသနများ ဆောင်ရွက်ရန် လိုအပ်သောစာအုပ်စာတမ်းများနှင့် စက်ကိရိယာများကို ဝယ်ယူရန် နိုင်ငံတော်က ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမှန် တကယ်လည်းပံ့ပိုးလျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တင်ပြတောင်းခံသည့် စက်ကိရိယာများကိုလည်း အပြည့်အဝဝယ်ယူခွင့်ပြုခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တက္ကသိုလ်ဆရာဆရာမများတောင်းခံသည့် သုတေသနအသုံးစရိတ်များကို အပြည့်အဝထောက်ပံ့ပေးခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

ယခုကဲ့သို့ နိုင်ငံတော်ကိုဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောကာလတွင် နိုင်ငံတော်မှပံ့ပိုးမှုများကို မိမိကိုယ်ကျိုးစီးပွားထက် မိမိတိုင်းပြည် ပြုပြင်ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်သင့်သည်များကို ပြင်ဆင်လိုက်မည်ဆိုပါက မြန်မာနိုင်ငံ၏ပညာရေးသည် မကြာမီသောကာလတစ်ခုတွင် သိမှုနယ်ပယ်၊ နှလုံးသားခံစားမှုနယ်ပယ်နှင့် စိတ်နှင့်ကိုယ်တစ်ထပ်တည်း ကျပြုမူဆောင်ရွက်မှုနယ်ပယ်တို့ ပြီးပြည့်စုံပြီး အသွင်ပြောင်းလဲကာ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးပြုနိုင်‌သော၊ တွေးခေါ်မြော်မြင်သော အဆင့်များသို့ အဆင့်ဆင့်တက်ရောက်ပြီး တီထွင်ဖန်တီးနိုင်သော ပညာရေးအခန်းကဏ္ဍတစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ကျမ်းကိုး

ဒေါက်တာခိုင်မြဲ(ပညာရေး)

ကောင်းမွန်သောပညာရေးအတွက် မရှိမဖြစ်လက်ကိုင်ထားရမည့် Bloom’s Taxonomy

https://harappa.education/harappa-diaries/blooms-taxonomy-of-educational- objectives

https://teaching.charlotte.edu/services-programs/teaching-guides/course design/blooms-educational-objectives

https://cft.vanderbilt.edu/guides-sub-pages/blooms-taxonomy

http://www.oecd.org/education/policyoutlook.htm