ဆင်ခြင်မှုမဲ့အမှားများကြားက မျှော်လင့်ချက်လမ်းစများ . . .
မြင့်မြတ်
သေချာတွေးကြည့်ရင် အနောက်ဥရောပနိုင်ငံတွေ၊ အီးယူနိုင်ငံတွေအပေါ် မိတ်ဆွေမပီသတဲ့နိုင်ငံ၊ တစ်နည်း ရန်သူလို့ ဆိုနိုင်လောက်တဲ့နိုင်ငံဟာ အမေရိကန်ကိုယ်တိုင်ပဲလား။ မြင်ကြည့်ဖို့လိုပါမယ်။ အခုပဲကြည့်လေ စစ်ပွဲကြားကပဲ မျှော်လင့်ချက်သစ်တစ်ခုလား၊ ငြိမ်းချမ်းရေးရောင်ခြည်လေလား။ ရှားရှားပါးပါး ရုရှားအစိုးရနဲ့ ယူကရိန်းအစိုးရအကြား တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မှာ လက်မှတ်ရေးထိုး သဘောတူညီချက်တစ်ခုကို ၂၂ - ၇ - ၂၀၂၂ ရက်နေ့က ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဓိကက နေတိုးအဖွဲ့ဝင် တူကီယဲနိုင်ငံနဲ့ ကုလသမဂ္ဂတို့ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုတွေနဲ့အတူ ယူကရိန်းပြည်သူတွေနဲ့ အနောက်ဥရောပအပါအဝင် ကမ္ဘာ့ပြည်သူသန်းပေါင်းများစွာရဲ့ အငတ်ဘေး မဆိုက်ရောက်နိုင်ရေး ကြိုးပမ်းလိုက်ကြရတဲ့ အသီးအပွင့်တစ်ခုဟာ ယခုအခါ ပေါ်ထွက်လာပြီလို့ ဆိုနိုင်ပါတယ်။
အငတ်ဘေး ဖြေရှင်းနိုင်မယ့် ရုရှား- ယူကရိန်းသဘောတူညီမှုတစ်ခု
ဒီသဘောတူညီချက်က ကမ္ဘာ့ပြည်သူတွေအတွက် လိုအပ်နေတဲ့ ယူကရိန်းရဲ့ဆန်၊ ဂျုံ၊ ပြောင်း ရိက္ခာနဲ့ စားသောက်ကုန်တွေကို ပင်လယ်နက် ထွက်ပေါက်ကတစ်ဆင့် လွတ်လွတ်လပ်လပ် တင်ပို့နိုင်ဖို့ လမ်းပွင့်သွားစေခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် သပိတ်မှောက် sanction အလုပ်ခံထားရတဲ့ ရုရှားကုန်စည်တွေလည်း ပြန်လည်တင်ပို့လို့ရပြီဆိုတဲ့ သဘောကို တွေ့ရပါတယ်။ ဒါကြောင့် SWIFT ဆိုတဲ့ နိုင်ငံတကာ ငွေပေးချေလွှဲပြောင်းနိုင်တဲ့ ကွန်ရက်စနစ်ကနေ ရုရှားဘဏ်တွေကို ဖယ်ထုတ်ပိတ်ဆို့ထားရာက ရုရှားကိုပြန်ပြီး ခွင့်ပြုရတော့မှာဖြစ်ပါတယ်။
ရုရှားဘဏ်တွေ ban ခံထားရတဲ့အတွက် ရုရှားရဲ့ ပို့ကုန်သွင်းကုန်တွေအတွက် ငွေပေးငွေယူ အချေးအငှားရင်းနှီးမြှုပ်နှံမှုတွေမှာလည်း အတော်အထိနာခဲ့ရတယ်။ ဒါကြောင့်လည်း ဒီလိုသက် ရောက်မှုအပေါ် တန်ပြန်သက်ရောက်မှုတွေက ကြီးမားခဲ့ရတာပါ။ အားလုံးလည်း ထိခိုက်ခဲ့ရပါတယ်။ အခုတော့ ထိခိုက်မှုတွေကိုကုစားဖို့ သင်ခန်းစာ ရကြပြီထင်ပါရဲ့။ ဒါကို အမေရိကန်ကလည်း သဘောတူတယ်ဆိုတော့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်မှုတစ်ခုလို့တော့ ဆိုနိုင်လောက်ပါတယ်။
အင်္ဂလိပ်အခက် -ဗမာအချက် ဆိုသလိုပါပဲ။ SWIFT နဲ့ အလုပ်မဖြစ်တဲ့ ရုရှားနိုင်ငံအဖို့ တရုတ်နိုင်ငံရဲ့ CIPS နယ်ခြားဖြတ်ကျော်ငွေပေးချေတဲ့ စနစ်တစ်ခုကိုတော့ မဖြစ်မနေ သုံးစွဲရတော့မယ်လို့ သုံးသပ်နေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ဒါဟာလည်း တိုးတက်မှုလမ်းအသစ်တစ်ခု အနေနဲ့ ထွက်ပေါ်လာနေပြီလို့ ဆိုနိုင်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းရဲ့ သတိပေးချက်
အမေရိကန်က မီးမွှေးလို့ ဖြစ်ရတဲ့စစ်ပွဲမှာ ကြားခံ proxy ဖြစ်ရတဲ့ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းအစိုးရအပါအဝင် ကမ္ဘာကြီးဟာ စစ်ရဲ့အဓိကတရားခံကို မြင်သင့်နေပါပြီ။ အမေရိကန်ရဲ့ နောက်ကလိုက်ပြီး ကြိုးဆွဲရာကမိတဲ့ အီးယူတစ်သိုက်အနေနဲ့လည်း ကြီးမားလှတဲ့ အဆုံးအရှုံးတွေနဲ့အတူ သင်ခန်းစာရသင့်နေပါပြီ၊၊ အမေရိကန်ခေါင်းဆောင်တွေနဲ့ နေတိုးအဖွဲ့ဟာ ရုရှားနဲ့ မပြီးဆုံးနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ချပြပြီး ယူကရိန်းမှာ ဆင်ခြင်တုံတရားမဲ့တဲ့စစ်ပွဲကို ဖန်တီးခဲ့ကြပါတယ်၊၊
ဒီလိုဖြစ်လာနိုင်တယ် လို့လည်းလွန်ခဲ့တဲ့၁ဝနှစ်လောက်ကတည်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာက ကြိုတင်သတိပေးပြီးသားပါ။ ဒီလိုသာ အဆင်အခြင်မဲ့ ဆက်ပြီး ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကို ဆက်သွားနေကြမယ်ဆိုရင် အမေရိကန်နဲ့ တရုတ်ကြားမှာလည်း ယူကရိန်းစစ်ထက်ပိုကြီးမားတဲ့ ပဋိပက္ခကြီးတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်လို့ အသက်(၉၉) နှစ်ရှိ နိုင်ငံရေးသုခမိန်ကြီး ကစ်ဆင်ဂျာက လွန်ခဲ့တဲ့ သုံးရက်ခန့်က ထပ်မံ သတိပေးခဲ့ပြန်ပါပြီ။ ဒီအချက်ကို သမ္မတဂျိုးဘိုင်ဒင်နဲ့ သူ့ရဲ့အစိုးရ အရာရှိတွေ အလေးအနက် ထားသင့်ပါတယ်။
ဘာကြောင့် ဒီလို နိုင်ငံရေးသုခမိန်ကြီးရဲ့ သတိပေးချက်ကို ပြောရသလဲဆိုတော့ အမေရိကန် အနေနဲ့ ယူကရိန်းစစ်ပွဲမှာ သူထင်သလိုမဖြစ်၊ သူ့ရဲ့ဩဇာကကမ္ဘာမှာ ကျဆင်းနေ၊ ပြည်တွင်းမှာလည်း သမ္မတတစ်ယောက်အပေါ် ပြည်သူရဲ့ထောက်ခံမှုအနိမ့်ဆုံးဖြစ်၊ စီးပွားရေး၊ နိုင်ငံရေးကမောက်ကမတွေနဲ့ လုပ်တိုင်းမဖြစ် ထင်တိုင်းမပေါက်တဲ့အခြေအနေမှာ အရှုံးကို အဖတ်ဆယ် အာရုံပြောင်းလှည့်လာတာက အာရှတိုက်ဘက်ဖြစ်နေတယ်။ တရုတ်နဲ့ တရုတ်(တိုင်ပေ)ကို ဆက်ပြီးမီးမွှေးမယ့်အနေအထားတွေကို တွေ့လာရပါတယ်။ ဒီလို အခြေအနေတွေကြားမှာပဲ နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ သတိပေးမှုနဲ့အတူ ယခုလို ယူကရိန်းနဲ့ ရုရှားကြား သဘောတူညီမှုသေးသေးလေးကို ကြားသိရခြင်းဟာဖြင့် ကမ္ဘာ့ပြည်သူတွေအတွက် မျှော်လင့်ချက်ရေးရေးလေးတစ်ခု တွေ့လိုက်ရသလိုပါပဲ၊ အားတက်စရာလည်း ဖြစ်ခဲ့ပါတယ်။
အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းရဲ့ မှတ်ချက်ကလည်း သတိပြုစရာ
အမေရိကန်နဲ့ အနောက်အုပ်စုတို့ ထင်သလိုဖြစ်မလာဘူးလို့ ဘာကြောင့်ပြောရသလဲဆိုတော့ ဒီအချက်ကို အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ ပြောစကားက သက်သေခံနေလို့ဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က လန်ဒန်ဖိုရမ်တစ်ခုမှာ ဝန်ကြီးချုပ်ဟောင်းရဲ့ ပြောစကားမှာ ပါဝင်တဲ့ အနောက်အုပ်စုရဲ့လွှမ်းမိုးမှုဟာ နိဂုံးချုပ်ပြီဖြစ်ပြီး တရုတ်နဲ့ ရုရှားဟာ ပူးပေါင်းမိပြီး ကမ္ဘာကိုလွှမ်းမိုးလာတော့မယ်၊ ကမ္ဘာကြီးဟာ အမေရိကန်နဲ့ အနောက်အုပ်စုအလိုကျ world order ဖြစ်နေတဲ့ uni- polar ကနေ Bi- polar သို့မဟုတ် multi- polar အထိအရွေ့တွေ တွေ့နေရပြီဆိုတဲ့မှတ်ချက်ဟာ အမေရိကန်နဲ့ အနောက်အုပ်စုအတွက် သတိပေးတပ်လှန့်သံ တစ်ခုဖြစ်နေပါတယ်။
ဒါပေမဲ့ ဒီလိုဖြစ်လာရင်လည်း စိုးရိမ်စရာတစ်ခုတော့မဟုတ်ပါဘူး၊ ကမ္ဘာကြီးကို နိုင်ငံအားလုံးပါဝင်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ့် အရွေ့ဟာသူတစ်လူ ငါတစ်မင်းတစ်ဦးတည်း ကြီးစိုးပြီး မောက်မာလွှမ်းမိုးတဲ့ လမ်းစဉ်ထက်တော့ ပိုကောင်းမယ်လို့ယူဆနိုင်လို့ ဖြစ်ပါတယ်။
အဆင်အခြင်မဲ့အမှားက သက်ရောက်မှုပိုကြီးမား
ရုရှား - ယူကရိန်းစစ်ရဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုတွေက ကြီးမားလွန်းလှပါတယ်။ ရုရှား အနေနဲ့တော့ ၂၀၁၄ ခုနှစ် ကရိုင်း မီးယားအရေးပြီးကတည်းက အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုကို ရင်ဆိုင်ရင်း အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် ထားခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုမှန်သမျှ ခံနိုင်ရည်ရှိရှိနဲ့ တုံ့ပြန်နိုင်အောင်အဖြေရှာပြီး ဒေါ်လာအပေါ် မှီခိုမှုနည်းနိုင်သမျှနည်းအောင် ပြင်ဆင်ထားပုံရပါတယ်။ နိုင်ငံခြားငွေနဲ့ ရွှေကို အရန်ငွေအဖြစ် စံချိန်တင်ထားပြီး ရူဘယ်လ်တန်ဖိုးကျမသွား အောင်ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ဒီလိုပြဿနာတွေကို ဗျူဟာကျကျ ကြိုတင်ပြင်ဆင်နိုင်မှုအားနည်းတဲ့ နိုင်ငံငယ်တွေ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေဟာ ပိုပြီးခံစားရပါတယ်။ နိုင်ငံငယ်တွေ ပိုထိတယ်ဆိုပေမယ့်လည်း နိုင်ငံကြီးတွေလည်း မလွတ်ပါဘူး၊၊
အထူးသဖြင့် ရုရှားကို အလုံးစုံနီးပါး ပိတ်ဆို့ခဲ့တဲ့ EU ရဲ့ ဗျူဟာ အမှား၊ အဆင်အခြင်မဲ့အမှား၊ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတဲ့ သဘောတရားကို မောဟဖုံးနေတဲ့ အနောက် အုပ်စုခေါင်းဆောင်တွေ သတိလက်လွတ်ဖြစ်သွားပုံရပါတယ်။ ဟန်ဂေရီနိုင်ငံကလွဲပြီး ဆိုးကျိုး သက်ရောက်နိုင်မှုတွေကို တွက်ချက်နိုင်ခဲ့ပုံမရကြဘူး၊၊ အမှန်လည်း အံ့ဩစရာကောင်းလှပါ တယ်၊ စွမ်းအင်အမြောက်အမြားပိုင်ဆိုင်ထားတဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံကို ပိတ်ဆို့ပြီး ပြဿနာရှာရင်ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ရုရှားရဲ့စွမ်းအင်ကို ၃၈ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ မှီခိုနေရတဲ့ ၂၇ နိုင်ငံသော အနောက်နိုင်ငံတွေ မတွက်ဆမိတာ အမှားကြီးမှားတာပါပဲ။ အထူးသဖြင့်ဂျာမနီနဲ့ အီတလီပေါ့၊ ယခုတော့ စွမ်းအင်ငတ်မွတ်မှု ပြဿနာနဲ့အတူ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ပြဿနာနဲ့ ကုန်ဈေးနှုန်းတွေ မတန်တဆကြီးမြင့်မှုဒဏ်တွေကို ကမ္ဘာ့ပြည်သူတွေ ခါးစည်းခံနေကြရပြီဆိုတာ လက်တွေ့မြင်နေရပြီဖြစ်လို့ပါပဲ။
အကျပ်အတည်း ကာလမှာ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တာအကောင်းဆုံး
ဒါ့အပြင် စစ်ကြောင့်ဒုက္ခသည်တွေ အရေးလည်းရှိပါသေးတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က ဒုက္ခသည်တွေအပြင် ယခု ခုနစ်သန်းခန့်အထိ တိုးပွားလာနေတဲ့ ယူကရိန်းဒုက္ခသည်တွေ အရေးပါတနင့်တပိုးကြီးထမ်းပိုးရတော့မယ့် EU နိုင်ငံတွေရဲ့အနေအထား ဟာ ရင်လေးစရာပါပဲ။ အံ့ဩရတာက ဒီလိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်မယ့် အရေးအနောက်ဘက်က နိုင်ငံရေးသုခမိန်တွေ မစဉ်းစားမိကြဘူးလား၊ မစဉ်းမိတာမဟုတ်၊ အမေရိကန်ရဲ့ အရိပ် အောက်မှာမှီခိုနေရပြီး အမှောင်ဖုံးနေကြလို့သာ မစဉ်းစားနိုင်ကြတာ ဖြစ်မယ်လို့ တွေးမိပါတယ်။
ဘာကြောင့် ဒီနိုင်ငံတွေဟာ အမေရိကန်ကြီးကို ဒီလောက် အမှီသဟဲ ပြုနေရသလဲ။ဖြစ်နိုင်တဲ့ အချက်တစ်ချက်က အထင်ကြီးလောက် စရာ ကမ္ဘာ့စူပါပါဝါကြီးဆိုတဲ့အချက်နဲ့ ငါတို့နိုင်ငံမှာ ဘယ်လိုအခက်အခဲပဲရှိရှိ ဒီစူပါပါဝါကြီးက အားလုံးကိုဖြေရှင်းပေးနိုင်စွမ်းတယ်လို့ ယုံကြည်နေတာရယ်၊ နောက်တစ်ချက်က နိုင်ငံအတော်များများအပေါ်မှာ အမေရိကန်ဘက်က ပေးဆပ်ဖို့တင်ရှိနေတဲ့ အကြွေးတွေ ပြန်မရမှာစိုးရိမ်နေရတဲ့အချက်တွေကြောင့် ဒီနိုင်ငံတွေဟာ အမေရိကန်ပြောသမျှ လိုက်လုပ်နေရတဲ့အခြေအနေမှာ မှီခိုနေရတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ယခုလိုစီးပွားရေးကျဆင်းနေတဲ့အချိန်၊ စစ်ပွဲတွေနဲ့ မပြီးဆုံးသေးတဲ့ ကိုဗစ်ကပ်ကြီးနဲ့အတူ မသေချာမရေရာမှုတွေပြည့်နေတဲ့အချိန် ယခုလို အကျပ်အတည်း ကာလတစ်ခုမှာ တစ်ပါးနိုင်ငံအပေါ်မှာ အနှောင်အဖွဲ့ကင်းကင်း အမှီအခိုနည်းနိုင်သမျှ နည်းစွာနဲ့ ရပ်တည်နိုင်မှသာလျှင် မိမိတို့ရဲ့မူဝါဒတွေကို လွတ်လွတ်လပ်လပ် ချမှတ်နိုင်တဲ့ သေချာတဲ့အခွင့်အရေးဆီ ရှေးရှုလို့ရနိုင်တယ်ဆိုတာ ဒီစစ်ပွဲကနေ သင်ခန်းစာ ယူရပါလိမ့်မယ်။
စီးပွားရေးဆိုးကျိုးသက်ရောက်မှုမှ နိုင်ငံရေး အနုတ်လက္ခဏာသို့
သက်ရောက်မှုက စီးပွားရေးတစ်ခုမှာတင် မပြီးပါဘူး၊ စီးပွားရေးနဲ့အတူ နောက်ဆက်တွဲ နိုင်ငံရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေကိုလည်း မြင်နေခဲ့ရပါပြီ။ အနောက်အုပ်စုက အချို့နိုင်ငံတွေရဲ့ အထင်ကရခေါင်းဆောင်တွေ ပြုတ်ကျနေပါတယ်။ ရုရှားကို အပြင်းထန်ဆုံး ဝေဖန်တိုက်ခိုက်ပြီး အမေရိကန်ကို အထောက်ခံဆုံး အင်္ဂလန်ဝန်ကြီးချုပ် ပြုတ်ကျသွားခဲ့ရပါပြီ။ EU ကို ပြန်လည်ကယ်တင်ရေး အကျိုးဆောင်ကြီး အီတလီဝန်ကြီးချုပ်လည်း နုတ်ထွက်ခဲ့ရပါတယ်။ အက်စ်တိုးနီးယား ဝန်ကြီးချုပ်လည်း ရာထူးစွန့်ခဲ့ရပါပြီ။
အီတလီဝန်ကြီးချုပ် နုတ်ထွက်ခဲ့ရခြင်းဟာ ၈ ဒသမ ၃ ရာခိုင်နှုန်းခန့် ငွေဖောင်းပွမှု မြင့်တက်နေတဲ့ EU တစ်ဖွဲ့လုံးကို လှိုင်းလေထန်သွား စေတယ်လို့ဆိုပါတယ်။ အစိုးရများသာမက နိုင်ငံသားတွေဟာ သူတို့ရဲ့လူမှုစီးပွားဘဝတွေ ပျက်သုဉ်းမှာကို ကြောက်နေကြရတယ် ဆိုတာသိသာပါတယ်၊၊ စီးပွားမလှရတဲ့ကြားထဲသူတို့နိုင်ငံတွေပါ စစ်ပွဲထဲပါဝင်လာပြီး လုံခြုံရေးအရ လုံလုံခြုံခြုံမရှိလှတဲ့ အခြေအနေဆိုးကို ရင်မဆိုင်ရဲကြပါဘူး။ တောင်အာရှက သီရိလင်္ကာဆိုရင်လည်း စီမံခန့်ခွဲမှုအမှားတွေနဲ့ စီးပွားရေးပြိုလဲပြီး တစ်ဆက်တည်းနိုင်ငံရေး ကတိမ်းကပါးနဲ့သမ္မတပါ သူ့နိုင်ငံကိုစွန့်ခွာရတဲ့ဘဝ ရောက်သွားရရှာပါတယ်။
မလုံခြုံဘူးလို့ ခံစားလာရတဲ့ နိုင်ငံများက နိုင်ငံသားတွေရဲ့ဆန္ဒ ဖွင့်ဟပြ
ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ကိုယ့်ဆီပြန်လာမယ့် တန်ပြန်ရိုက်ခတ်မှုကို ကြိုတင်တွက်ဆ ထားမှုမရှိခြင်းဟာ မိုက်မဲမှုတစ်ခုပါပဲ။ ရုရှား-ယူကရိန်းအရေးမှာ တစ်ဖက်ကို အင်အားချည့်နဲ့အောင် မကောင်းကြံရင်း ကိုယ်ကိုယ်တိုင်ဒဏ်သင့်ပြီး ဆုတ်ယုတ်ပျက်ယွင်းလာတဲ့ အကုသိုလ်အဖြစ်အပျက်တွေကို သံဝေဂယူဖွယ် တွေ့နေရပါတယ်။ အနောက်နိုင်ငံက ပြည်သူတွေဟာ သူတို့အစိုးရတွေ ကိုယ်တိုင်က စစ်ကိုလိုလားသူတွေဖြစ်နေကြတယ်လို့ ခံစားလာကြရပြီး သူတို့ အစိုးရတွေကို သပိတ်မှောက်ဆန္ဒပြတာတွေ လုပ်လာကြတယ်။
ယူကရိန်းဘက်ကို ပါဝင်ကူညီထောက်ခံမှုပေးနေတဲ့ နိုင်ငံတိုင်းက နိုင်ငံသားတွေဟာ စစ်ကြောင့်သူတို့ဘဝတွေ မလုံခြုံတော့ဘူးလို့ ခံစားလာကြရပါတယ်။ ဒါဟာ အနောက်နိုင်ငံနဲ့ အရှေ့ဘက်က ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေက ပြည်သူတွေရဲ့ သောကတွေက သာဓကပါပဲ။ ဒါကြောင့် အမေရိကန်အစိုးရအဖွဲ့ဝင်တွေ အဲဒီနိုင်ငံတွေရောက်တဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေနဲ့ကြုံတွေ့ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။
ရုရှား- ယူကရိန်းစစ်ဟာ လနဲ့ချီ ကြာလာတာနဲ့အမျှ သင်ခန်းစာ ယူဖွယ်ရာတွေလည်းလစဉ်၊ အပတ်စဉ်တိုးလျက်ပါပဲ။သုသာန်ပြင် လိုတစ်စစီဖြစ်နေတဲ့ စစ်နယ်ဝန်းကပြည်သူတွေရဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုပြီး မိုက်တွင်း နက်သူကလည်း နက်နေဆဲပါပဲ။ စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းပြည်သူတွေနဲ့ ငတ်မွတ်မှုဒဏ်ခံနေရတဲ့ ကမ္ဘာ့ပြည်သူတွေအတွက် ရုရှား၊ ယူကရိန်း၊ တူကီယဲနဲ့ ကုလသမဂ္ဂတို့က လနဲ့ချီ ကြိုးစားနေချိန်မှာ အမေရိကန်ဘက်ကတော့ ယူကရိန်းဘက်ကို အဆင့်မြင့် လက်နက်တွေထောက်ပံ့ပြီး နိုင်ငံကို မီးလောင်တိုက်သွင်းလို့ ကောင်းတုန်းပါပဲ။
EU တောင်မှ ယူကရိန်းကိုစစ်ရေးထောက်ပံ့ဖို့ ဘာမှပြောသံ မကြားရတော့တာ သတိထားမိပါတယ်။ ယူကရိန်းစစ်ပွဲကြီး ပြီးဆုံးသွားမှာကို အမေရိကန်အနေနဲ့ လိုလားပုံမရတဲ့ပုံ ပေါ်နေပါ တယ်။ တစ်ဖက်မှာလည်း ရုရှားဘက်က ရိက္ခာတွေထောက်ပံ့မယ့် အိုဒက်ဆာရှိ အဓိကဆိပ်ကမ်းနဲ့ သင်္ဘောတွေကိုရုရှားဘက်က ပစ်ခတ်တိုက်ခိုက်တဲ့သတင်းတွေလည်း ကြားရပြန်ပါတယ်။ ရိက္ခာကိုအကြောင်းပြပြီး ယူကရိန်းက လက်နက်တွေသယ်နေတယ်လို့ ရုရှားဘက်ကတော့ အကြောင်းပြတာတွေ့ရပါတယ်။ ဆိုတော့... ရုရှား - ယူကရိန်းပဋိပက္ခဟာ မရိုးဖြောင့်မှု၊ မသမာမှု၊ ပြည်ပစွက်ဖက်မှုတွေကြောင့် ပြီးဆုံးမယ့်ပုံတော့ မပေါ်သေးပါဘူး။
မဆင်ခြင်ဘဲခေါ်လိုက်ရင်တော့ စစ်ပွဲဆိုတာလာမှာပါပဲ။ ခေါ်လိုက်မိတဲ့ စစ်ပွဲတစ်ပွဲဟာ အဆုံးသတ်ဖို့လည်းခက်ပါတယ်။ သို့ပေမယ့်ယူတတ်ရင်စစ်ပွဲကြောင့်ကိုယ့်ဆီက အားနည်းချက် နဲ့ ရလိုက်တဲ့သင်ခန်းစာတွေ၊ ပွင့်လာတဲ့အခွင့်အလမ်းတွေ၊ အားသာချက်တွေ မြင်နိုင်သလောက် မြင်ကြည့်ပေးဖို့လည်း လိုပါမယ်။
ဘာပဲဖြစ်ဖြစ် စစ်ပွဲကြားထဲက သဘောတူညီချက်လေးတစ်ခု ကြောင့်ငြိမ်းချမ်းရေးရောင်ခြည် သဲ့သဲ့လေးမျှမြင်ရပြီလား။ အခွင့်အလမ်းရေးရေးလေးကို အမိအရဆုပ်ကိုင်ကြပြီး အပြန်အလှန် ပိတ်ဆို့မှုတွေကို ဖြည်းဖြည်းချင်းဖြေလျှော့နိုင်ကြဖို့တော့ ဆက်လက်လိုအပ်နေပါကြောင်း အပြုသဘောမျှော်လင့်ချက်များဖြင့် ရေးသားလိုက်မိပါတယ်။ ။