Skip to main content

သေဒဏ်၏ နောက်ကွယ် . . . .

အမှန်တရားဘက်တော်သား

ဇူလိုင်လ ၂၅ ရက်နေ့ နိုင်ငံပိုင်သတင်းစာများ၌ သေဒဏ်ကျခံရသူများဖြစ်သည့် ဖြိုးဇေယျာသော်၊ ဂျင်မီ၊ လှမျိုးအောင်နဲ့ အောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ပြီးစီးသွားကြောင်း သတင်းဖော်ပြပါရှိခဲ့သည်။

သတင်းဖော်ပြမှုနှင့်အတူ ပြစ်ဒဏ်စီရင်ပြီးစီးမှုအပေါ် အမျိုးမျိုးသောဝေဖန်မှုများကို လူမှုကွန်ရက်စာမျက်နှာတွင် မြင်တွေ့ရသည်။ သေဒဏ်ပေးခံရသူများကို အာဇာနည်များ၊ သူရဲကောင်းများဟူ၍ အမွှမ်းတင်ကြသူများ၊ ဝမ်းနည်းကြေကွဲကြသူများ စသည်ဖြင့် မြင်တွေ့ရသည်။ အထူးသဖြင့် ပြည်ပရောက်အကြမ်းဖက်အဖွဲ့အစည်းများမှ လေလှိုင်းထဲက ခေါင်းဆောင်ဆိုသူများ၊ ယင်းတို့နှင့်ဆက်စပ်သူ အသိုင်းအဝိုင်းများက အထူးတလည် ဝမ်းနည်းကြသည်။ နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် နိုင်ငံခြားတိုင်းပြည်အချို့ကလည်း သေဒဏ်ပေးခံရမှုအပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသကြသည်။

ရုတ်တရက်မြင်တွေ့ရသူတို့၊ အခြေအနေမှန်ကို သဘောမပေါက်သူတို့အဖို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူ လေးဦးကျဆုံးသွားသည်ဟု ထင်မိနိုင်သည်။ သို့ရာတွင် ထိုသူများသည် ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာဆောင်ရွက်ခြင်းကြောင့် သေဒဏ်ကျခံရခြင်းမဟုတ်၊ နိုင်ငံရေးသမားမို့ သေဒဏ်ကျခံရခြင်းမဟုတ်။ လူ့အသက်များကို တန်ဖိုးမထား ရက်စက်စွာ သတ်ဖြတ်ခြင်းဖြစ်သည့် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချသည့် အကြမ်းဖက်ခြင်းကို လုပ်ဆောင်သဖြင့် သေဒဏ်ကျခံရခြင်းဖြစ်သည်ကိုမူ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကမျှ ဆက်လက်ဆွေးနွေးကြသည်ကိုမမြင်ရ။ သူတို့ကို ဘာကြောင့် သေဒဏ်ပေးသလဲဟူသည်ကို မည်သူမျှ ဆွေးနွေးခြင်းမပြုကြ။

လူတစ်ဦးသေဆုံးခြင်းကို မည်သူကမျှ ဝမ်းသာကြမည်မဟုတ်။ သို့သော် အထက်ပါ သေဒဏ်ပေးခံရသူများသည် ဘုရားဖူးသွားရင်း လုပ်ကြံခံရသူများမဟုတ်၊ ဝမ်းစာအတွက် ပျိုးထောင်၊ ဈေးရောင်းရင်း သေမှန်းမသိ သေခဲ့ရသူများမဟုတ်၊ ကျောင်းဝင်းအတွင်း သီတင်းသုံးဆွမ်းဘုဉ်းပေးနေစဉ် ရုတ်တရက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသူများမဟုတ်၊ ကျောင်းသားတို့ စာသင်နိုင်ကြဖို့ တာဝန်ထမ်းဆောင်သဖြင့် အသတ်ခံရသူများမဟုတ်။ ဆိုရလျှင် ထိုသူတို့သည် အပြစ်မဲ့ပြည်သူများနှင့် တာဝန်ခံမှုရှိသည့် ပြည်သူ့ဝန်ထမ်းများကို နှိပ်စက်သတ်ဖြတ်ခဲ့၊ နောက်ကွယ်က စေခိုင်းခဲ့သည့် အကြမ်းဖက်သမားများ ဖြစ်သည်။ အကယ်၍ မဖမ်းမိခဲ့ပါက နောက်ထပ်၊ နောက်ထပ် လူ့အသက်ပေါင်းများစွာ ထပ်မံ၍ပျက်စီးခြင်းနှင့် ကြုံနိုင်သေးသည်။ ထို့ကြောင့် ဥပဒေနှင့်အညီ သူတို့၏ ပြစ်ဒဏ်ကို မလွဲမသွေ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

သေဒဏ်ခံရသူတို့အပေါ် ဝမ်းနည်းနှမြောတသဖြစ်၍ ယူကျုံးမရသူများကို အကြံပြုလိုပါသည်။ ထိုသူများက သတ်ဖြတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရစဉ်က သင်တို့မည်သို့တွေးခဲ့ကြပါသလဲ။ အပြစ်မဲ့သေဆုံးရသူများတွင်လည်း မိခင်၊ ဖခင်၊ မောင် ဖား၊ ချစ်သူ၊ အိမ်သူ၊ သား၊ သမီး စသည်ဖြင့် အနှောင်အဖွဲ့များရှိကြသည်။ ထိုသူတို့၏ အပူမီးကိုရော သင်တို့ ခံစားမိခဲ့ပါသလား။ ယခု ပြစ်ဒဏ်မှာ အကြောင်းရှိ၍ ဖြစ်ပေါ်လာခဲ့သည့် အကျိုးဆက်တစ်ခုဖြစ်၍ တရားနှင့်ယှဉ်၍ သံဝေဂကို ယူသင့်ကြပါပြီ။

အကြမ်းဖက်ခြင်းအတွက် လက်မရွံ့သူ

သေဒဏ်ခံရသူများနှင့် ပတ်သက်၍ စာရေးသူစေ့ငုမိသမျှဖော်ပြရလျှင် ဖြိုးဇေယျာသော်(ခ) မောင်ကျော်သည် အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ရာ၌ သူနှင့်အတူ ဆက်စပ်တရားခံ ၂၉၃ ဦးပါဝင်ခဲ့ပြီး လက်နက်ငယ်မျိုးစုံ ၁၆၉ လက်၊ လက်လုပ်သေနတ် ၂၃၁ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊ ၄၀ မမ ဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံးသီး/ ဒုံးသီး ၁၇၅ လုံး၊ လက်ပစ်ဗုံး ၄၈ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်လုပ်မိုင်း ၁၀၉၉ နှင့် အခြားဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။

ဖြိုးဇေယျာသော်လက်ရေးဖြင့် ရေးသားထားခဲ့သည့် အစည်းအဝေးမှတ်စုစာအုပ်၌ “Ambush Attack (ချောင်းမြောင်းတိုက်တာတွေထက်)တွေထက် Assassination (လုပ်ကြံသတ်ဖြတ်) တာမျိုးကို ပိုအားပေး”  ဆိုသည့် သက်သေများ၊ ဖုန်းအတွင်း ပြည်ပြေးသစ္စာဖောက် ဇော်ဝေစိုးနှင့် ချိတ်ဆက်၍ အကြမ်းဖက်လုပ်ရပ်အတွက် ဘတ်ငွေရှစ်သိန်းလွှဲပေးမည့်ကိစ္စရပ်များနှင့် အကြမ်းဖက်လုပ်ငန်းများအတွက် လိုအပ်သည့် လက်နက်ခဲယမ်းပံ့ပိုးပေးနေမှုများကို ပြီးခဲ့သည့် နှစ်နိုဝင်ဘာလအတွင်းက ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲ၌ မြင်တွေ့ခဲ့ရသည်။

ဖြိုးဇေယျာသော်သည် CRPH,NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ တောင်ပိုင်းအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းထားပြီး ရန်ကုန်မြို့တွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် အစိုးရ၏စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ အများပြည်သူနှင့် ဆိုင်သောနေရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများ၊ စီးပွားရေးဆိုင်ရာအဆောက် အအုံများအပါအဝင် ပညာသင်ကြားမှုများ ရပ်တန့်စေရန် ဖောက်ခွဲဖျက်ဆီးခြင်း၊ ပျံလွှားအောင်စစ်ဆင်ရေး အမည်ဖြင့် လယ်ဗယ်အဆင့်မြှင့်ကာ စစ်ရေးဆိုင်ရာပစ်မှတ်များအား အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့်အင်အားနည်းသည့် လုံခြုံရေးစခန်းငယ်များအား ဝင်ရောက်တိုက်ခိုက်၍ လက်နက်ခဲယမ်းများ လုယက်စေခြင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း သုံးတိုင်းတွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ဟံသာဝတီစစ်ရေး စီမံချက်ရေးဆွဲနေခြင်းတို့ကို ပြုလုပ်ခဲ့သူ တစ်ဦးဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) အကြမ်းဖက်အုပ်စုတစ်ခုခုကို ထောက်ပံ့ရန်အတွက် လက်နက်ပစ္စည်းများ သိမ်းဆည်းထားမှု၊ အကြမ်းဖက်ပုဒ်မ ၅၀(စျ) အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒလန်ဟုစွပ်စွဲခံရသူများအား သတ်ဖြတ်နိုင်ရန် လက်နက်များကို ငှားရမ်းပေးမှု ၃၅ ကြိမ်၊ လုပ်ကြံ သတ်ဖြတ်မှု ၁၁ ကြိမ်၊ နိုင်ငံပိုင်အဆောက် အအုံများကို ဖောက်ခွဲဖျက်ဆီးမှု အကြိမ် ၃၀၊ အုပ်ချုပ်ရေးမှူးရုံးများကို ဖောက်ခွဲဖျက်ဆီးမှု ၃၂ ကြိမ်၊ လျှပ်စစ်ရုံးနှင့် အနီးတစ်ဝိုက်ဗုံးပေါက်ကွဲမှု ၂၅ ကြိမ်၊ ကညနရုံးအနီးဝန်းကျင်ဗုံးကွဲမှု ၉ ကြိမ်၊ CCTV Control box များနှင့်အများ ပြည်သူများ သက်ဆိုင်သည့်နေရာတွေ၌ အကြိမ် ၆၀၊ စာသင်ကျောင်းများတွင် ၃ ကြိမ်၊ ကြံရာပါအဖြစ် ကျူးလွန်ပြီး ဆောင်ရွက်ခဲ့မှု၊ အကြမ်းဖက်ပုဒ်မ ၅၀(ည)အရ အလှူငွေများကောက်ခံကာ အကြမ်းဖက်လုပ်ငန်းအတွက် လက်နက်ခဲယမ်း ဝယ်ယူခြင်း၊ လိုင်စင်မဲ့ယာဉ်ဝယ်ယူခြင်း၊ ငွေကြေးဆိုင်ရာ ထောက်ပံ့ခြင်းများအတွက် ယခုကဲ့သို့အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အကြီးစားဖောက်ခွဲဖျက်ဆီးမှုများကြံစည်

ကျော်မင်းယု(ခ)ဂျင်မီကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) ပင်လုံအိမ်ရာ၌ ဖမ်းဆီးရမိခဲ့သည်။ တရားခံနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု တို့ကို သိမ်းဆည်းရမိခဲ့သည်။

ဂျင်မီသည် နိုင်ငံအတွင်း ဆူပူအုံကြွမှုဖြစ်ပေါ်စေရေး၊ အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရေး လှုံ့ဆော်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့်အမှုဖွင့်ခံထားရသည့် တရားခံပြေးတစ်ဦးဖြစ်သည်။ တရားခံ ကျော်မင်းယု(ခ)ဂျင်မီ၏ ထွက်ဆိုချက်အရ ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများကို ၂၀၂၁ ခုနှစ်မတ်လအထိ ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း Moon Light Operation အဖွဲ့အား အဖွဲ့ဝင်များနှင့်အတူ စတင်ဖွဲ့စည်းပြီး ဖြိုးဇေယျာသော်ခေါင်းဆောင် သော Yangon Urban Guerrilla-YUG အဖွဲ့နှင့် ဝေဖြိုးဟန် ခေါင်းဆောင်သော ရန်ကုန်တိုင်း PDFအဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအဆင့် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ် ကို၂၀၂၁ ခုနှစ် မေလတွင် စတင်ခဲ့ကြသည်။

ဂျင်မီဦးဆောင်ခဲ့သည့် အကြမ်းဖက် Moon Light Operation အဖွဲ့သည် NUG ဘက်မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက် နောက်ပိုင်းတွင် ကြီးမားသော အကြမ်းဖက်လုပ်ငန်းကြီးများအဖြစ် Mission ၈ ခုအား ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ပြီး Mission-1 အား တွံတေးမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-2 အား အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-3 အား လှည်းကူးမြို့နယ်အတွင်း အောက်တိုဘာလအတွင်း လုပ်ဆောင်ပြီးစီးခဲ့သည် ဟု ဝန်ခံထွက်ဆိုခဲ့သည်။

ကျန်သည့် Mission-4 ၊ Mission-5၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ကြီးမားသော ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ ပေါင်းစပ်ဆောင်ရွက်ရန် ရည်မှန်းထားသည်ကို ဖမ်းဆီးရမိချိန်တွင်ဝန်ခံခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများအား အနီးကပ် စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/ CRPH/ NUCC တို့နှင့် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပူးပေါင်း ကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှားကျူးလွန်ခဲ့သည့် တရားခံကျော်မင်းယု(ခ) ဂျင်မီအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က အပြင်၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်နှင့် ပတ်သက်သော အက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေတို့ဖြင့် အရေးယူခဲ့ရာမှ ပြစ်မှုထင်ရှားခဲ့သဖြင့် သေဒဏ်ချမှတ်ခံရခြင်းသာ ဖြစ်ပါသည်။

အပြစ်မဲ့အမျိုးသမီးအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကြသူများ

အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦးအား သူလျှို၊ ဒလန်ဟုစွပ်စွဲ၍ ညှဉ်းပန်း နှိပ်စက်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး၊ အောင်သူရဇော်(ခ) ကတုံး(ခ)သူရတို့သည် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသူများဖြစ်သည်။ လှမျိုးအောင်နှင့် အောင်သူရဇော်တို့မှာ ပြီးခဲ့သည့် သီတင်းပတ်က သေဒဏ်စီရင်ခြင်း ခံရသည်။ ယင်းတို့ကိုလည်း သူရဲကောင်းများဟူ၍ ပြောဆိုသံများကို ကြားရသည့်အခါ ၎င်းတို့ သတ်ဖြတ်သဖြင့် အပြစ်မဲ့စွာ သေဆုံးခဲ့ရသူ မဝင်းသန္တာဆွေ ကြားသိနိုင်မည်ဆိုလျှင် အလွန်တရာ အားနာဖွယ် ကောင်းလေစွ။

အများ သံပုံးတီးကြသည့်အချိန်၊ သပိတ်မှောက်ကြသည့်အချိန် မပါဝင်မိသည့် လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက် အောင်မေတ္တာလမ်းရှိ မဝင်းသန္တာဆွေကို ရပ်ကွက်အတွင်း လူမိုက်အချို့က ဒလန်ဟု စွပ်စွဲခဲ့ကြသည်။ မိမိနှင့်မတူ ရန်သူဟု သတ်မှတ်သည့် အကြမ်းဖက် လူရမ်းကားတို့၏ သတ်ဖြတ်မှုကြောင့် အသက် ၃၁ နှစ် အရွယ်သာရှိသည့် မဝင်းသန္တာဆွေ ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ မသေဆုံးမီအချိန်အထိလည်း ကိုယ်စိတ်နှလုံးကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသေးသည်။

ဖြစ်စဉ်ကိုလေ့လာကြည့်ရာ အကြမ်းဖက် သတ်ပစ်ခြင်းခံရသည့် အမျိုးသမီးကို ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ယူချုပ်နှောင်၍ စစ်ဆေးကြပြီး ဘုန်းကြီးက လက်မခံသဖြင့် အောင်ချမ်းသာ ဓမ္မာရုံအတွင်း ထပ်မံချုပ်နှောင် စစ်မေးခဲ့ကြသည်။ နောက်တစ်ရက်၌ အိမ်ကိုပြန်ပို့ပြီး နေအိမ်အတွင်း သော့ခတ်ချုပ်နှောင်ခဲ့ကာ အိမ်သော့ကိုလည်း စတင် စွပ်စွဲရန်ပြုခဲ့သည့် အိမ်နီးချင်း အမျိုးသမီးများက သိမ်းထားခဲ့ပြန်သည်။ နှိပ်စက်သတ်ဖြတ်တော့မည့်နေ့ လူမိုက်လူရမ်းကားများက Hijet ကားဖြင့် လာရောက်ခေါ်ဆောင်ပြီး အိမ်နီးချင်း အမျိုးသမီးများနှင့် အမျိုးသားအချို့က သော့ဖွင့်ပေးကာ ဝမ်းသာအားရ ထည့်ပေးခဲ့ရာမှ တွံတေး သွားရာ လမ်းမကြီးတစ်နေရာအရောက် ကားခေါင်းခန်းအတွင်း ဖမ်းဆီးခံရသည့် သေဆုံးသူကို ကားမောင်းသူ လှမျိုးအောင်က ကားရပ်ပြီးဓားဖြင့် စတင်ထိုးကာ ကျန်သူကလည်းအပြင် ဆွဲချပြီးဓားဖြင့် သေဆုံးချိန်အထိ အဆက်မပြတ်ထိုးနှံခဲ့ကြသည်။ ထို့အပြင် သတ်ဖြတ်ခြင်းကို အားမရဘဲ သေဆုံးသူ၏ လက်ဝတ်လက်စားများကိုပါ ချွတ်ယူရောင်းချပြီး ပျော်ပါးခဲ့ကြသည်ဟု တရားခံများ၏ ထွက်ဆိုချက်များအရ သိရှိရသည်။

အပြစ်မဲ့သေဆုံးသူတွေအတွက် တရားမျှတမှု

“တော်လှန်ရေးအရှိန်မြှင့်ကြ”၊ “သွေးကြွေးသည် ဆွေးနွေးစရာမရှိ”၊ “ရန်ငါပြတ်ကြပြီ” ဟူသော ကွန်မြူနစ်ဆန်ဆန် စကားသံများကို လူလေးဦးသေဒဏ်ကျခံလိုက်ရသည့် သတင်းများ ထွက်ပေါ်လာချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် ကြားရသည်။ ဖြိုးဇေယျာသော်နှင့် ဂျင်မီတို့ကြောင့် မိဘမဲ့ခဲ့ရသည့် ကလေးသူငယ်များ၊ သားသမီးများဆုံးရှုံး လိုက်ကြရသည့် မိဘများ၊ ဆရာမရှိ တော့သည့် စာသင်ကျောင်းများအတွက်မူ ထည့်သွင်း မစဉ်းစားသင့်ဘူးလား။ အပြစ်ရှိ၍ အပြစ်ဒဏ်ခံရသူတို့ကို ကရုဏာမသက်ခင် သူတို့သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့သူတို့၏ ငိုကြွေးတောင်းပန်သံကို မကြားချင်ယောင်ဆောင်နေခဲ့ကြသလားဟု မေးမြန်းကြည့်လိုပါသည်။

PDF တို့ကြောင့် အပြစ်မဲ့သည့် ပြည်သူများကျီးလန့်စာစားဘဝဖြင့် နေထိုင်နေကြရသည်။ သတင်းအတု၊ သတင်းယောင်များအကြား သောကများစွာဖြင့် အမှောင်ထုကို ဖြတ်သန်း နေကြရသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် နေရာတိုင်းတွင် တားမြစ်နေကြသည်။ ခြိမ်းခြောက်အကျပ်ကိုင်နေကြသည်။ မတူညီသည့် အယူအဆရှိသူများ မပြောနှင့် တူညီသူများကိုပင် ခြိမ်းခြောက်၊ ဓားပြတိုက်၊ လုယက်နေသည်ကို ပြည်သူများ အသိတရားရှိရှိဖြင့် စုပေါင်းညီညာစွာ ကာကွယ် တားဆီးရမည့်အချိန် ဖြစ်ပါသည်။

အကြမ်းဖက်ခြင်းနှင့် ဒီမိုကရေစီသည် ဆန့်ကျင်ဘက်တရားများပင် ဖြစ်ပါသည်။ နိုင်ငံတကာတွင်လည်း အကြမ်းဖက်ခြင်းကို လက်သင့်ခံခွင့်လွှတ်သည့် နိုင်ငံဟူ၍မရှိခဲ့။ တိုင်းပြည်အတွင်း ဖြစ်ပျက်သည့် အကြမ်းဖက်မှု Terrorism ပြစ်မှုများကို ပြည်တွင်းဥပဒေဖြင့် ကိုင်တွယ်ကြသည် ကိုနိုင်ငံတကာတွင်လည်းမြင်တွေ့ရသည်။ ယခုလည်း ဥပဒေအတိုင်း အပြစ်ရှိသူတို့ ထိုက်သင့်သည့် အပြစ်ဒဏ်ကို ပေးအပ်ခဲ့ခြင်းဖြင့် အပြစ်မဲ့စွာ သေဆုံးသွားရသည့် ပြည်သူများအတွက် တရားမျှတမှုပင်ဖြစ်ကြောင်း။      ။