သဘာဝဘေးလျော့ပါးရေး အလေးထား ကြိုတင်ပြင်ဆင်ကာကွယ်
မော်ကျွန်းမြင့်အောင်
မြန်မာနိုင်ငံ၌ ဝဿန်ကာလမိုးရာသီသို့ ရောက်လာပြီဆိုလျှင် သဘာဝဘေးအန္တရာယ်များကား တစ်ခုမဟုတ်တစ်ခု ရောက်လာတတ်ပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝဘေးအန္တရာယ်များကျရောက်သည့် နိုင်ငံများစာရင်းတွင် အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီကာလတွင် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းဟူ၍ ရှိပါသည်။ မိုးဦးနှင့် မိုးနှောင်းကာလတို့သည်ကား သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်တတ်သောကာလများ ဖြစ်သည်။
သဘာဝဘေးဆိုသည်မှာ
သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်တစ်မျိုးဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုအရ အချိန်တိုကာလတစ်ခုအတွင်း အရပ်ဒေသတစ်ခု သို့မဟုတ် တစ်ခုထက်ပိုမိုသော အရပ်ဒေသများဆီသို့ အလျင်အမြန် ကျရောက်တတ်သော သဘောသဘာဝမျိုး ဖြစ်သည်။
သဘာဝဘေးကျရောက်မည့် အချိန်အတိအကျ ခန့်မှန်းရန် ခဲယဉ်းသော်လည်း အတိုင်းအတာ တစ်ခုအထိအနီးစပ်ဆုံး မှန်ကန်စွာသိရှိနိုင်ရန် မိုးလေဝသဌာနက ခန့်မှန်းနိုင်ကြပြီဖြစ်သည်။ ခန့်မှန်းရရှိသော မိုးလေဝသသတင်းအချက်အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြည်သူများသိရှိနိုင်ရန် အားချင်းထုတ်ပြန်ကြေညာပေးရသည်။ ထိုသို့ မိုးလေဝသဌာန၏ အကျိုးပြုမှုများကြောင့် ပြည်သူများ မုန်တိုင်းနှင့်ပတ်သက်သည့် ဗဟုသုတများစွာ ရရှိကြသည်။ ကြိုတင်ကာကွယ်နိုင်ကြသည်။ ယင်းဖြစ်ပေါ်လာသော မုန်တိုင်းသည်မည်သည့် အဆင့်ရှိကြောင်း၊ မုန်တိုင်းဗဟိုချက်နှင့် အကွာအဝေး မည်မျှတွင်တည်ရှိနေကြောင်း၊ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားခြင်း မရှိသေးပါကြောင်းစသည်ဖြင့် ပြည်သူများစိုးရိမ်ပူပန်မှု မရှိရလေအောင် မိုးလေဝသဌာနက မိုးလေဝသသတင်းများအဖြစ် အချိန်ခြား၍ အဆက်မပြတ် ထုတ်ပြန်ကြေညာပေးလျက်ရှိသည်။
နာဂစ်မုန်တိုင်း
ထို့နည်းတူစွာပင် ကမ္ဘာနှင့်ဆက်စပ်နေသော မြန်မာနိုင်ငံသည်လည်း နွေရာသီတွင် ယခင်ကနှင့်မတူ အပူချိန်မြင့်တက်လာသည်။ မိုးလေဝသမှတ်တမ်းများအရ ၁၉၇၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားတွင် အပူချိန်သိသိသာသာ မြင့်တက်လာခြင်းကို ပြည်သူတို့ တွေ့ကြုံရင်ဆိုင်နေ ရပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံမှာ သဘာဝဘေးလေမုန်တိုင်းများလည်း ရံဖန်ရံခါကျရောက်သည်။ အထူးသဖြင့် မိုးကြိုကာလတွင် မုန်တိုင်းဖြစ်ပေါ်မှု ပိုမိုပါသည်။ အင်အားအလွန်ပြင်းထန်သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းမှာ မိုးကြိုမုန်တိုင်းပင်ဖြစ် သည်။ ၂၀၀၈ ခုနှစ် ဧပြီ ၂၈ ရက်တွင် ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်သန္ဓေတည်ခဲ့ပြီးနောက် မေ ၁ ရက်တွင် ဧရာမမုန်တိုင်းကြီးအဖြစ် ပြောင်းလဲရောက်ရှိသွားသည်။ မေ ၂ ရက်တွင် ကုန်းမြေဆီသို့ ဦးတည်တိုက်ခတ်ခဲ့သည်။ ယင်းသဘာဝဘေး မိုးကြိုမုန်တိုင်းသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်း ဒေသကြီးများဆီသို့ ဦးတည်ဝင်ရောက်တိုက်ခတ်ခဲ့သည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၄ဝဝဝဝ ခန့် အသက်ဆုံးရှုံးခဲ့ကြရသည်။ ပြည်သူထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြသည်။ နေအိမ် အဆောက်အဦ၊ ဥယျာဉ်၊ ခြံမြေများပျက်စီးခဲ့ကြရသည်။ မိသားစုများ သေကျေပျက်စီးကာ တကွဲတပြားဖြစ်ခဲ့ကြသည်။ လူမှုဒုက္ခမျိုးစုံ မကြုံစဖူးတွေ့ကြုံ ခံစားကြရသည်။ ဤနာဂစ်ဘေးသည်ကား သမိုင်းဝင် ဆုံးရှုံးမှုအကြီးမားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် အသက်သေဆုံးမှုနှင့် ပစ္စည်းဆုံးရှုံးမှုအများဆုံး မြို့နယ်များမှာ ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဖျာပုံမြို့နယ်တို့ဖြစ်ကြသည်။ ဒေသခံပြည်သူများသည် သဘာဝဘေးမုန်တိုင်းကို ဇွဲသတ္တိဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြသည်။ အချိန်မီ ရုန်းထနိုင်ခဲ့ကြသည်။ ပြန်လည်တည်ဆောက်နိုင်ခဲ့ကြသည်။ ထိုသဘာဝဘေး အန္တရာယ်များသည် မြန်မာနိုင်ငံသို့ မဖိတ်ခေါ်ဘဲနှင့် ဧည့်သည်အနေဖြင့် အလည်ဝင်ရောက်လာတတ်သည့် သဘောရှိသည်။ တစ်နည်းဆိုရလျှင် သဘာဝဘေးသည် တစ်ကြိမ်လာရောက်ပြီးပါက နောက်တစ်ကြိမ်လာရန် လမ်းစရှိနေပြီဖြစ်သည်။ ယင်းနာဂစ် သဘာဝဘေးကာလအတွင်း လပွတ္တာမြို့နယ် ဆားကျင်းများ ပျက်စီးမှုနှင့် ဘိုကလေး၊ ဖျာပုံ မော်တော်ကားလမ်း ပျက်စီးမှုသတင်းများနှင့် ပတ်သက်၍ ပြည်သူများ သတင်းမှန်သိရှိနိုင်စေရန်အတွက် စာရေးသူသည် နာဂစ်ဒေသများသို့ ကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ မြင်ကွင်းအဖုံဖုံ သတင်းစုံကိုရယူခဲ့ရသည်။ ဆောင်းပါးများ ရေးသားပြီး ပြည်သူထံ သတင်းမှန်ပြန်လည်တင်ပြခဲ့ ရပါသည်။
ရာသီဥတုဖောက်ပြန် ပြောင်းလဲလာ
ယခုအခါ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် ယခင်ကနှင့်မတူ ပြောင်းလဲမှုမြန်ဆန်လာသည်။ အထူးသဖြင့် ၂၁ ရာစု အစပိုင်းမှစ၍ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ပိုမိုသိသာထင်ရှားလာခဲ့သည်။ သို့ဖြစ်ရာ ရာသီဥတုတို့မှာ ပုံမှန်ဖြစ်ပေါ်မှုမျိုး မဟုတ်တော့ဘဲ ပြောင်းလဲဖောက်ပြန်လာသော ကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူတို့၏ မဆင်မခြင် ဆောင်ရွက်မှု၊ အခြားစည်းကမ်းမဲ့ လုပ်ဆောင်မှုများကြောင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲလာခြင်းဖြစ်သည်။ သဘာဝဖြစ်စဉ်များ သည် တစ်စထက်တစ်စ ယိုယွင်းပျက်စီးလာသဖြင့် အေးချမ်းသာယာသော ကမ္ဘာကြီးမှာ ပူနွေးလာခဲ့သည်။ ဆိုးရွားသည့် အကျိုးဆက်များလည်း ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။
ကြိုတင်ပြင်ဆင်ကာကွယ်
ထို့ကြောင့်လည်း သဘာဝဘေးများဖြစ်သော လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ပင်လယ်ဒီရေ အဆမတန်မြင့်တက်လာခြင်း၊ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်း၊ ရုတ်တရက် ရေကြီးလာခြင်း၊ မြေပြိုလာခြင်းနှင့် သတ်မှတ်ချက်ထက် ပိုမိုပြီးမြစ်ရေကြီးလာခြင်း စသောသဘာဝဘေးများမှာ အချိန်တို ကာလအတွင်း အလျင်အမြန် ကျရောက်တတ်သဖြင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်ထားကြရမည် ဖြစ်ပေသည်။
ဤသို့ သဘာဝဘေးလျော့ပါးရေး ကြိုတင်ပြင်ဆင်ကာကွယ်ရေး နည်းလမ်းများဖြင့် ဆောင် ရွက်ကြရာတွင် ပြည်သူများကလည်း နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပြီး သဘာဝဘေး မကျရောက်မီကာလအတွင်း ကြိုတင်ပြင်ဆင် စုဆောင်းထားရှိကြရမည် ဖြစ်သည်။
၁။ အရေးကြီး စာရွက်စာတမ်းများ
၂။ အဖိုးတန် ရွှေ၊ ငွေပစ္စည်းများ
၃။ မရှိမဖြစ်သော ဆေးဝါးများ
၄။ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို မိမိတို့နှင့် တစ်ပါတည်းယူဆောင်ထားနိုင်ရန် ထုပ်ပိုးပြင်ဆင်ထားရမည်ဖြစ်သည်။ ထို့ပြင် မုန်တိုင်းလမ်းကြောင်းနှင့် ကင်းလွတ်သည့်နေရာသို့လည်း ရွှေ့ပြောင်းထားရမည်ဖြစ်သည်။ မိမိတို့ကျေးရွာအုပ်စုတွင် ဆိုင်ကလုန်းရှယ်လ်တာ အဆောက်အဦရှိပါက ဆိုင်ကလုန်းရှယ်လ်တာ အဆောက်အဦများပေါ်သို့ မိသားစုများပါ ခေါ်ဆောင်ပြီး ယာယီခိုလှုံနေထိုင်ကြရမည်ဖြစ်သည်။ မိမိတို့ နေအိမ်ကိုလည်း အတတ်နိုင်ဆုံးခိုင်ခန့်အောင် ကြိုတင်ပြင်ဆင်ထားခဲ့ရမည်ဖြစ်သည်။
ရဲရဲရင်ဆိုင်နိုင်ကြမည်
ထို့ပြင် မုန်တိုင်းကျရောက်သည့်အချိန်တွင် အနီးကပ်ဆုံး သို့မဟုတ် အစိတ်အပိုင်းအတွင်း ကျရောက်နေပါက အလျင်အမြန်ပြင်ဆင်ပြီး ရွှေ့ပြောင်းကြရန်ဖြစ်သည်။ မိမိရပ်ကွက်၊ ကျေးရွာ အုပ်စုနယ်မြေသည် အဝေးပြေးလမ်းမကြီးများနှင့် ထိစပ်နေပါက အဝေးပြေးလမ်းမကြီးများကို အသုံးပြုပြီး မုန်တိုင်းသဘာဝဘေးမှ ကင်းလွတ်ရာနေရာသို့ အချိန်မီရွှေ့ပြောင်းကြရမည်ဖြစ်သည်။ ယခုအခါ ဇူလိုင်လမိုးရာသီသို့ ရောက်ရှိနေပြီဖြစ်ရာ သဘာဝဘေးအန္တရာယ်များသည် အချိန်မရွေး၊ အခါ မရွေးကျရောက်နိုင်သည့်အတွက် ခရိုင်နှင့် မြို့နယ်အလိုက်ဒေသဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ထားကြရမည်ဖြစ်ပါသည်။ ဤသို့မုန်တိုင်း သဏ္ဌာန်တူ လေ့ကျင့်ပြင်ဆင်ထားပါက ဒေသခံပြည်သူများအနေဖြင့် မုန်တိုင်းကို ကြောက်ရွံ့မနေတော့ဘဲ ရဲရဲရင်ဆိုင်နိုင်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ ပင်လယ်နှင့်ထိစပ်နေသော မြို့နယ်များ၊ ကျေးရွာများအနေဖြင့်မုန်တိုင်းအန္တရာယ်သတိပေးချက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များ၊ အခြားမီဒီယာများမှ ရယူကြရမည် ဖြစ်သည်။ ယင်းရပ်ကွက်၊ ကျေးရွာများအနေဖြင့် မြန်မာ့အသံရေဒီယိုကို အမြဲမပြတ်ဖွင့်ထားပြီး ရေဒီယိုနားထောင်သည့် အလေ့အကျင့် ပြုစုပျိုးထောင်ထားကြရန်ဖြစ်သည်။ ရေဒီယိုသည် တောင်ပေါ်၊ မြေပြန့် မခွဲခြား၊ ပင်လယ်ပိုင်းခရီးသို့ပင် တိုက်ရိုက်အရောက်သွားပြီး သတင်းစကား ဖြန့်ချိလျက်ရှိရာ မြန်မာ့အသံရေဒီယိုသည် အသက်ဖြစ်ပါသည်။ ရေဒီယိုမှ မိုးလေဝသသတင်းများ နားထောင်ရမည်။ ရေဒီယိုမရှိလျှင် သတင်းအဆက်အသွယ် ဘာမျှမရရှိနိုင်ပါ။ သို့ပါသောကြောင့် ရပ်ကွက်၊ ကျေးရွာ နယ်မြေ၊ တောင်ပေါ်နှင့် မြေပြန့်၊ ပင်လယ်ပိုင်းဒေသများပါမကျန် ဒေသခံပြည်သူများ၏ နေအိမ်တစ်အိမ် လျှင် ရေဒီယိုတစ်လုံးထားရှိနိုင်ရန် စီစဉ်ကြရမည် ဖြစ်သည်။
အနှစ်ချုပ်တင်ပြရလျှင် သဘာဝဘေးသည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ လူတို့၏ မဆင်မခြင်၊ စည်းကမ်းမဲ့ လုပ်ဆောင်မှုများကြောင့် သဘာဝပတ်ဝန်းကျင် တစ်စတစ်စယိုယွင်းပျက်စီးလာသည်။ ရာသီဥတုမှာလည်း ပုံမှန်မဟုတ်တော့ဘဲပြောင်းလဲမှုဖြစ်စဉ် မြန်ဆန်လာသည်။ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် ယခုမိုးရာသီကာလတွင် သဘာဝဘေးအန္တရာယ်များရှိနေပါ၍ ဂရုပြု နေထိုင်ကြပြီး “သဘာဝဘေးလျော့ပါးရေး အလေးထားကြိုတင်ပြင်ဆင်ကာကွယ်” သွားကြရန် ရေးသားတင်ပြလိုက်ရပါသည်။ ။