Skip to main content

လူနှင့် တိရစ္ဆာန်အကြား COVID-19 အပြန်အလှန် ကူးစက်မှုမဖြစ်စေရန်အတွက် အထူးသတိပြုရန်လိုအပ်

Novel Coronavirus (COV) အစ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၌ လူတွင် အမည်မဖော်ထုတ်နိုင်သော အဆုတ်ရောင် ရောဂါဖြစ်ပွားတွေ့ရှိခဲ့ပြီး များမကြာမီ တရုတ်အာဏာပိုင်များက Novel Coro-navirus (COV) အသစ်ကြောင့် ဖြစ်သော ရောဂါဟု သတ်မှတ်နိုင်ခဲ့ကြသည်။ တရုတ် နိုင်ငံရှိ ပြည်နယ်အများစု၏ ရောဂါ ဖြစ်ပွားမှုနှင့် အခြားသောနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု၏ အရင်းအမြစ်သည် တရုတ်နိုင်ငံ ဟူ‌ပေပြည်နယ် ဝူဟန် မြို့သို့ ခရီးသွားခဲ့ကြောင်းနှင့် ကူးစက်ခံသူများမှာ တိရစ္ဆာန်အရှင်များ အပါအဝင် သား/ငါး ရောင်းချသည့် (Sea food Market) စျေးများနှင့် ဆက်စပ်မှုရှိ ကြောင်း အစီရင်ခံစာများအရ သိရှိရသည်။ နိုင်ငံတကာ ဗိုင်းရပ်စ်အမျိုးအစားခွဲခြားရေး ကော်မတီမှ COV ကို SARS COV2 ကဲ့သို့ သိပ္ပံအမည်အရ COVID - 19 ဟု သတ်မှတ် ခဲ့ကြသည်။

Coronavirus ဆိုသည်မှာ

Coronavirus သည် RNA ဗိုင်းရပ်စ် မျိုးရင်းတွင် ပါဝင်သည်။ Coronavirus ၏ ပုံစံသည် lipid enveloped ကို ဆူးချွန်ပုံစံ ပရိုတင်း (spike protein) များဖြင့် ဝန်းရံ ထားပြီး “corona”(crown) ပုံစံဖြစ်နေသော ကြောင့် Coronavirus ဟု ခေါ်ခြင်းဖြစ် သည်။ လူတွင် Coronavirus ကူးစက်မှု ကို ၁၉၆၀ ပြည့်နှစ်များမှ စတင်သိရှိလာခဲ့ပြီး Coronavirus မျိုးကွဲ Alpha, Beta, Gamma နှင့် Delta လေးမျိုးရှိကြောင်း သိရှိ ရသည်။

ယနေ့ အချိန်ထိ လူသားများနှင့် အများအားဖြင့် လင်းနို့အပါအဝင် အချို့ တိရစ္ဆာန်များတွင် Coronavirus ကြောင့် ရောဂါဖြစ်ပွား နိုင်သည်ကို တွေ့ရသည်။ အချို့သော Alpha နှင့် Beta Coro- navirus အမျိုးအစားများသည် လူတွင်သာ ကူးစက်မှု တွေ့ရှိရသည်။ တစ်ခါတစ်ရံ တိရစ္ဆာန်တွင်ဖြစ်သော Coronavirus သည် ဗီဇပြောင်းခြင်း (gene mutation) စွမ်းရည် များ ရရှိကာ လူတွင် စတင်ကူးစက်ခံရပြီး နောက် လူအချင်းချင်းကူးစက်ဖျားနာတတ် သော SARS- Severe Acute Respiratory Syndrome (ကြောင်ကတိုးမှတစ်ဆင့် လူသို့ ကူးစက်ခြင်း) နှင့် MARES- Middle East Respiratory Syndrome (ကုလားအုပ်မှ တစ်ဆင့် လူသို့ ကူးစက်ခြင်း) ကဲ့သို့သော ဗိုင်းရပ်စ်အသစ်များ ဖြစ်ပေါ်နိုင်သည်။ SAR COV-2 (ကိုဗစ်-၁၉) သည်လည်း ဗီဇပြောင်း (gene mutation) Coronavirus အသစ် ဖြစ်သည်။ (zoonotic) ဗီဇပါရှိသည့် လူအချင်းချင်း လျင်မြန်စွာ ကူးစက် နိုင်သော ကမ္ဘာ့ကပ်ရောဂါဖြစ်လာပြီ ဖြစ်သည်။

ကိုဗစ်နိုင်တီး (COVID-19) ကမ္ဘာ့ကပ်ရောဂါ

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအပါအဝင် အချို့သောနိုင်ငံများမှအပ လတ်တလော အသက်ရှူလမ်းကြောင်း ရောဂါခေါ် COVID-19 သည် ကမ္ဘာတစ်ဝန်း နိုင်ငံ ၁၉၀ ကျော် ကမ္ဘာ့ကပ်ရောဂါအသွင်ဖြင့် (Pandemic Form) ပျံ့နှံ့သွားခဲ့သည်။ WHO အဖွဲ့ကြီးမှ COVID-19 ကို ကမ္ဘာ့ကပ် ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး လူမှ လူသို့ ကူးစက်ခြင်းကို ခေါ်ခြင်းဖြစ်ကာ တိရစ္ဆာန် မှ လူသို့ ကူးစက် ခြင်းမျိုးကို ခေါ်ဆို လေ့မရှိပါ။

လူတွင် ဖြစ်ပွားသော COVID- 19 အတွက် တိရစ္ဆာန်များနှင့် သက်ဆိုင်မှု ရှိ/မရှိ

ရောဂါကူးစက်မှုလမ်းကြောင်းအရ လူမှ လူသို့သာ ကူးစက်ဖြစ်ပွားသည်ကို တွေ့ ရသည်။ လက်ရှိဖြစ်ပွားနေသော COVID - 19 ဗိုင်းရပ်စ်၏ အရင်းအမြစ်သည် တိရစ္ဆာန်မှ လူသို့ ကူးစက်ခြင်းဖြစ်သည်ဟု ယူဆချက်ရှိ ပါသည်။ အထောက်အထားများ ရှာဖွေဆဲ ဖြစ်ပါသည်။ လေ့လာမှုများတွင် ရောဂါကူးစက် စေနိုင်သော တိရစ္ဆာန်အမျိုးအစားကို သိရှိရန် နှင့် အရေးကြီးသော ရောဂါလက်ခံကောင် တိရစ္ဆာန်အမျိုးအစားကို ခန့်မှန်းရန်အတွက် စုံစမ်းလေ့လာမှုများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။
တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်မှု လမ်းကြောင်းကို သိပ္ပံပညာရပ်အနေဖြင့် ယနေ့ ထိတိုင် အတည်ပြုခြင်းနှင့် ရှင်းလင်းတင်ပြ ခြင်းကို မတွေ့ရှိရသေးပါ။ မျိုးရိုးဗီဇဆက်စပ်မှု လေ့လာမှုအချက်အလက်များအရ COVID-19 ဗိုင်းရပ်စ်သည် Rhinolophus bat ဟုခေါ်သော လင်းနို့၊ လင်းဆွဲများရှိ အခြားသော ကိုရိုနာ ဗိုင်းရပ်စ် (COV) အမျိုးအစားနှင့်ဆက်နွှယ်မှု တွေ့ရှိရကြောင်း သိရှိရသည်။ လင်းနို့၊ လင်းဆွဲ များသည် လူသို့ ရောဂါကူးစက်နိုင်သည့် ကြားခံ ရောဂါလက်ခံကောင်အနေဖြင့် ပါဝင် သည်။ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့ ပူးပေါင်း ၍ Global Research and Innovation forum (11-12 February 2020) ကို ပြုလုပ်ခဲ့ပြီး တိရစ္ဆာန်မှ စတင်၍ ရောဂါဖြစ်ပွားမှု စတင် သော အချက်အလက်များကို ဦးစားပေး သုတေ သနပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

လူနှင့် တိရစ္ဆာန်အကြား အပြန်အလှန်ကူးစက်မှု မဖြစ်စေရန် ဂရုပြုစေလို

အိမ်မွေးတိရစ္ဆာန်အပါအဝင် မည်သည့် တိရစ္ဆာန်မျှ လတ်တလော အသက်ရှူ လမ်းကြောင်းရောဂါခေါ် COVID-19 ပိုးကြောင့် ရောဂါဖြစ်နေသည်ဟူသော အထောက်အထားများ ယနေ့အချိန်အထိ မတွေ့ရသေးပါ။ သို့သော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသရှိ တိရစ္ဆာန်ဆေးကု အာဏာပိုင်များမှ လတ်တလောအသက်ရှူလမ်းကြောင်းရောဂါ ခေါ် COVID-19 ခံစားနေရသော လူနာနှင့် အနီးကပ် အတူတကွနေထိုင်သော ၎င်း၏ အိမ်မွေးခွေးတွင် COVID-19 ရောဂါပိုးကို Real time PCR ဖြင့် ရှာဖွေတွေ့ရှိရကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သို့ သတင်းပေးပို့ခဲ့သည်။

သို့သော်လည်း အဆိုပါခွေးတွင် မည်သည့် ရောဂါလက္ခဏာမျှမပြဘဲ ကျန်းမာလျက်ရှိနေ သည်မှာ ထူးခြားသည့် အခြေအနေ တစ်ခုဖြစ် သည်။ ထိုကဲ့သို့ လူမှ တိရစ္ဆာန်သို့ ပြန်လည် ကူးစက်တတ်ခြင်းရောဂါမျိုးကို (Reverse Zoonosis) ဟု ခေါ်ဆို လေ့ရှိသည်။ ယနေ့အချိန် ထိ အိမ်မွေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွား မှုကို မတွေ့ရှိရသေးသော်လည်း အိမ်မွေး တိရစ္ဆာန် ရောင်းဝယ်မှုစျေးကွက်နှင့် ရွေ့လျား သွားလာမှုကို တားမြစ်ကန့်သတ်ခြင်းကိုလည်း ယနေ့တိုင် မတွေ့ရှိရသေးပါ။

မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန်နှင့် Coronavirus ကာကွယ်ရေး စူးစမ်းလေ့လာ ဆောင်ရွက်မှု

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အမေရိကန်နိုင်ငံရှိ Smithsonian Institution တို့ပူးပေါင်း၍ USAID’s Emerging Pandemic Threats Program (PREDICT -2 Myanmar) အဖြစ် ဗိုင်းရပ်စ်ရောဂါများ (Paramyxoviridae (e.g. Henipavirus of fruit bats), Orthomy-xoviridae (Influenza viruses), Filoviridae (Ebola, Marburg), Coronaviridae (SARS/ MERS) အန္တရာယ် အလား အလာ များကြိုတင် ခန့်မှန်းခြင်း စူးစမ်းလေ့လာမှုတစ်ခုကို ခေတ်မီ မော်လီကျုလာနည်းပညာများ အသုံးပြု၍ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်ရှိသည့် လင်းနို့ဂူ အချို့တွင် ပြုလုပ်ခဲ့သည်။ လေ့လာမှုများအရ coron-avirus မျိုးစိတ်အသစ်အချို့ တွေ့ရှိခဲ့သော် လည်း လူသို့ ကူးစက်တတ်သော (zoonotic potential) အမျိုးအစား ဗိုင်းရပ်စ်မျိုးစိတ်များ မဟုတ်ကြောင်းနှင့် လင်းနို့များတွင် သဘာဝ အလျောက်တွေ့ရှိရသော မျိုးကွဲများဖြစ် ကြောင်း သိရှိသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်မှု

အစားအစာဖူလုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသည် တိရစ္ဆာန်အချင်းချင်း ကူးစက်သောရောဂါများနှင့် တိရစ္ဆာန်မှ တစ်ဆင့် လူသို့ ကူးစက်သောရောဂါများ မဖြစ်ပွားစေရေးနှင့် ဆုံးရှုံးမှုများ လျော့နည်း စေရန် ဆောင်ရွက် လျက်ရှိရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ ခရိုင် ၄၁ ခရိုင်ရှိ မြို့နယ် ၁၆၄ မြို့နယ်တွင် “မွေးမြူရေးခြံများ၊ ကုန်သွယ် ရေးလမ်းကြောင်းများ၊ စျေးများ” တွင် “အသိပညာပေးခြင်း၊ ပိုးသတ်သန့်စင်ရေး ဆောင်ရွက်ခြင်း၊ ဇီဝလုံခြုံရေးများတိုးမြှင့်ရန် ပညာပေးခြင်းနှင့် ကောင်းမွန်သောမွေးမြူရေး ကျင့်စဉ်များနှင့်မွေးမြူရန် စည်းရုံး ဟောပြော ခြင်းနှင့် ရောဂါစူးစမ်းထောက်လှမ်းခြင်း ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ” ဆောင် ရွက်ခဲ့သည်။

တိရစ္ဆာန်အရှင်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှု ဆောင်ရွက်သင့်

COVID-19 ဖြစ်ပွားမှုစတင်သည့် မူလ ဇာစ်မြစ်ကို သေချာစွာ မသိရသောကြောင့် အထွေထွေ ကြိုတင်ကာကွယ်မှုအနေဖြင့် တိရစ္ဆာန်အရှင်ရောင်းချစျေး၊ အသားစိမ်း ရောင်းချစျေး၊ တိရစ္ဆာန်ထွက်ပစ္စည်းရောင်းချစျေးများသို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုရန်နှင့် ရောဂါကာကွယ်ရန်အတွက် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ရန်အကြံပြုထားသည်။ လက်ကို ဆပ်ပြာ ဖြင့် ပုံမှန်ဆေးကြောခြင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ထိတွေ့ကိုင်တွယ် ပြီးတိုင်း လက်ဆေးခြင်း၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်များကို ပွတ်ခြင်း ရှောင်ကြဉ်ရန်နှင့် နာမကျန်းသောတိရစ္ဆာန်နှင့် ဆွေးမြည့်၊ ပုပ်သိုးနေသော တိရစ္ဆာန်ထွက်ပစ္စည်း များကို ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်သင့်သည်။

ဖြစ်နိုင်ပါက စျေးများတွင် နေထိုင် သော ခွေးလေခွေးလွင့်၊ ကြောင်၊ ကြွက်၊ ငှက်နှင့် လင်းနို့များနှင့် အခြားသောတိရစ္ဆာန် များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမည်။ ကြိုတင်ကာကွယ်မှုအနေဖြင့် စျေးဆိုင် မျက်နှာပြင်ပေါ် နှင့် စျေးအသုံးအဆောင် ပစ္စည်းများနှင့် မြေကြီးပေါ်ရှိ တိရစ္ဆာန် အညစ်အကြေး၊ အကျိ အချွဲ၊ အရည်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမည်။

လက်ကို သေချာစွာ ဆေးပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ရန် ပုံမှန် လက်ကို ဆပ်ပြာဖြင့်ဆေးခြင်း၊ နှာခေါင်းနှင့် ပါးစပ်ကို အကာအကွယ် ပြုလုပ်ခြင်း၊ ချောင်းဆိုး၊ နှာစေးတိုင်း တံတောင်ဆစ်ဖြင့် အကာအကွယ်ပြုလုပ်၍ ဆိုးခြင်း၊ ချောင်း ဆိုး၊ နှာစေးခြင်းနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာပြပါကအခြားသော သူများနှင့် ထိတွေ့ခြင်းမပြုရန် လမ်းညွှန် ထားသည်။
အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး အတွက် အသားစိမ်း၊ နို့၊ တိရစ္ဆာန်များ၏ ကိုယ်တွင်းကလီစာများကို ဂရုစိုက်ကိုင် တွယ်ရန်၊ အစားအစာများမှတစ်ဆင့် ရောဂါ ကူးစက်ခြင်း မရှိစေရန်အတွက် သေချာ ချက်ပြုတ်စားသုံးရန်၊ ကျန်းမာ၍ ရောဂါ ကင်းရှင်းသော တိရစ္ဆာန်မှ အသားများကို သာ သေချာချက်ပြုတ်၍ စားသုံးရန်လိုအပ် သည်။ လက်ရှိ ရရှိထားသော သတင်းများ အရ ကုန်သွယ်မှုလမ်းကြောင်းကို ကန့်သတ် တားမြစ်ထားခြင်း မရှိသေးပါ။

အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မည်သို့ ကြိုတင်ကာကွယ်သင့်

COVID - 19 ဗိုင်းရပ်စ်ရောဂါဖြင့် အိမ်မွေးနှင့် အခြားတိရစ္ဆာန်များတွင် နာမကျန်းဖြစ်ခြင်းအတွက် မည်သည့် သတင်းပေးပို့မှုမျိုးမှ မရှိခဲ့ပါ။ လက်ရှိ အချိန်အထိ COVID - 19 ဗိုင်းရပ်စ်ရောဂါ သည် လူအချင်းချင်းကူးစက်ပြီး ရောဂါဖြစ် သည်ကို တွေ့ရှိရသည်။ သို့သော်လည်း တစ်ခါတစ်ရံ တိရစ္ဆာန်နှင့် လူသားများ အကြား အပြန်အလှန်ရောဂါကူးစက် ဖြစ်ပွားတတ်သောကြောင့် COVID-19 ဗိုင်းရပ်စ်ရောဂါဖြင့် နာမကျန်း လူများကို တိရစ္ဆာန်၊ လူထုနှင့် ထိတွေ့ခြင်း မပြုလုပ်ရန် သတိပြုသင့်သည်။

တိရစ္ဆာန်နှင့် ထိတွေ့ကိုင်တွယ်စဉ်နှင့် မွေးမြူသူများတွင် အခြေခံအားဖြင့် တိရစ္ဆာန် နှင့် မထိတွေ့ခင်နှင့် ထိတွေ့ပြီးချိန်၊ တိရစ္ဆာန် အစာများနှင့်ထိတွေ့ပြီးချိန်၊ အစာကျွေးမွေး ချိန်မတိုင်နှင့် အစာကျွေးပြီးချိန်တွင် လက်ဆေးခြင်း၊ တိရစ္ဆာန်များကို အနမ်းပေး ခြင်း မပြုလုပ်ရန်၊ တိရစ္ဆာန်မှ လျှာဖြင့်လျက် ခြင်းကို မခံရန်နှင့် အစာကို မျှဝေစားခြင်းတို့ကို ရှောင်ကြဉ်ရန်လည်း အရေးကြီးပါသည်။
ဖြစ်နိုင်ပါက ဖျားနာသူ သို့မဟုတ် COVID-19 ဗိုင်းရပ်စ်ရောဂါ သံသယရှိသူများ အနေဖြင့် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များကို ထိတွေ့ခြင်း၊ မိသားစုဝင်များ၊ အခြားသော လူများ၊ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း မပြု လုပ်ရန် ဂရုပြုရမည်။ ဖျားနာသူ သို့မဟုတ် COVID-19 ဗိုင်းရပ်စ်ရောဂါ သံသယရှိသူများ အနေဖြင့် ဖြစ်နိုင်ပါက face mask တပ်ပြီးမှ သာ ၎င်းတို့၏ တိရစ္ဆာန်ကို ကြည့်ရှုစောင့် ရှောက်ခြင်းကို ပြုလုပ်ရမည်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ COVID-19 ဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အနေ ဖြင့် အာရှဒေသတွင်းနှင့် ပစိဖိတ်ဒေသမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ OIE ကိုယ်စားလှယ်တာဝန်ရှိသူများ၊ အမျိုးသားအဆင့် တိရစ္ဆာန်ဆေးကုဌာနမှ တာဝန်ရှိသူ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နောက်ဆုံးရသတင်းများကို အပြန်အလှန် မျှဝေခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။

OIE မှ ပညာရှင်များ ပါဝင်သောကွန်ရက် အဖွဲ့မှ လက်ရှိ ရောဂါဖြစ်ပွားမှုအကြောင်း ရင်းအပေါ် စုံစမ်းမေးမြန်းခြင်းများ ပြုလုပ် လျက်ရှိသည်။ မဟုတ်မမှန်သော ကောလာ ဟလသတင်းနှင့် တရားဝင်မဟုတ်သော သတင်းများကို နေ့စဉ်စောင့်ကြည့်စစ်ဆေး လျက်ရှိသည်။ COVID-19 နှင့် အလားတူ လူတွင်ဖြစ်ပွားသော အခြားသောရောဂါများ ပေါ်ထွက်လာပြီး လူနှင့် တိရစ္ဆာန်များကို ရောဂါကူးစက်စေနိုင်သည့် အလားအလာ များကို စောင့်ကြည့်စစ်ဆေးလျက်ရှိ သည်။

OIE အကြံပေး အဖွဲ့က အနာဂတ်တွင် ရောဂါဖြစ်ပေါ်စေနိုင်သော ဘေးအန္တရာယ် ဆိုင်ရာအချက်များ လျော့ကျစေရန်အတွက် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုစျေးကွက် နှင့် စားသုံးမှုအပေါ်တွင် တားမြစ်ကန့်သတ် ခြင်းများ လုပ်ဆောင်ရန် အကြံပြုထား သည်။

ထို့ကြောင့် COVID-19 လူနှင့် တိရစ္ဆာန် များအကြားတွင် အပြန်အလှန် ကူးစက်မှု ကို ကာကွယ်ရန် One Health (တစ်ခုတည်း သော ကျန်းမာရေး)ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကာကွယ်သွားကြရန် လိုအပ်ကြောင်း ပြည်သူသို့ တင်ပြလိုပါသည်။ ။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန