လျှောက်သောလမ်း ဖြောင့်ဖြူး၍ ပွင့်သောပန်းတိုင်းလန်းစေမည်
အမောင်(မြန်မာပြည်သား)၊ အေးကျော်(ရူပဗေဒ)
(ယမန်နေ့မှအဆက်)
နိုင်ငံတောစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ အချိန်အလပ်အကြားမရှိ ဟိုမှသည်ဆီ သည်မှသည်လည်း ဟိုဆီသို့ကူးချည်သန်းချည်ဖြင့် အလုပ်သဘောကို လုပ်အားဖြင့် သက်သေပြုရသည်။
ရုရှား-မြန်မာချစ်ကြည်ရေး
ရုရှားမြေသို့ ရောက်ရှိသည့်နေ့ရက်တွင်ပင် ဝေးကွာလှသည့် ခရီး၊ အချိန်များစွာ စီးနင်းခဲ့ရသည့် လေကြောင်းခရီးစဉ်တို့ကို အလေးမမူနိုင်ဘဲ တွေ့ဆုံဆွေးနွေးမှုကို စတင်သည်။ ဦးစွာ တွေ့ဆုံဆွေးနွေးသည်က ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Dmitriev Mikhail Arkadievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံသည့်နေရာက ခေတ္တတည်းခိုနေထိုင်သည့် Metropol ဟိုတယ်၏ ဧည့်ခန်းမဆောင်၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဟူသော ဝိသေသအားဖြင့် အဓိပ္ပာယ်ပြည့်ဝလှသည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးမှုမှာ လေးနက်လှသည်။ နွေးထွေးလှသည်။ အပြန်အလှန်သော ဆွေးနွေးမှုများတွင် နှစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ၊ နိုင်ငံအလိုက် ယုံကြည်ကိုးကွယ်ဆည်းကပ်သည့် ဘာသာများအလိုက် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်မည့်အခြေအနေ၊ ထိုမှသည် ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုနိုင်မည့် အခြေအနေများပါသည်။ နိုင်ငံတည်ဆောက်ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည့် ပညာရေးကဏ္ဍလည်းပါသည်။
ပညာရေးအရ ပူးပေါင်းဆောင်ရွက်ရေးတွင် စစ်ဘက်ပညာသင်များသာမက အရပ်ဘက်ပညာသင်များကိုပါ စေလွှတ်ဆောင်ရွက်ရန် ဆွေးနွေးသည်။ အနာဂတ်မြန်မာနိုင်ငံတော်ကြီးအား ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအားဖြင့် တည်ဆောက်နိုင်မည့်အခြေအနေမို့ ဝမ်းမြောက်ဖွယ် သတင်းစကားဆိုလျှင် မှားမည်မထင်ပေ။ အခြားသောအရပ်ဘက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကဏ္ဍများအလိုက် မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးကြသေးရာ နယ်ပယ်အားဖြင့် မနည်းလှသည်ကို သတိပြုမိသည်။ ခင်မင်ရင်းနှီးမှု၊ ပွင့်လင်းဖော်ရွေသော ပြောဆိုဆက်ဆံမှုများတွင် နှစ်နိုင်ငံကိုယ်စားလှယ်များ၏ အပြုံးများက လှပလွန်းလှသည်။ နှစ်နိုင်ငံအကြီးအကဲများ၏ ယခုကဲ့သို့ တိုင်းကျိုးပြည်ပြု ဆွေးနွေးမှုများသည် စာရေးသူတို့၏နိုင်ငံအတွက် ခေတ်မီတိုးတက်လာမည့်၊ အခွင့်အလမ်းပွင့်လန်းလာမည့်၊ မိတ်ကောင်းဆွေဖော် တိုးပွားလာမည့် အခြေအနေကောင်းများအတွက် ကြိုတင်အုတ်မြစ်ချသည့် အလားအလာကောင်းများ ဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမိသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ အမိမြန်မာနိုင်ငံတော်၏ အနာဂတ်အတွက် ရည်မျှော်သည့် ဒုတိယအကြိမ် ဆွေးနွေးမှုသည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးသည့်နေရာ မပြောင်းသကဲ့သို့ နိုင်ငံတော်၏ အကျိုးစီးပွား တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုအတွက် ရှေ့ရှုသည့် ဆွေးနွေးမှုမှာလည်း မပြောင်းလဲ။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးမွေးမြူရေးကို အခြေတည်သည့် ခေတ်မီနိုင်ငံတစ်ခုအဖို့ ဆွေးနွေးမှုများက ရလဒ်ကောင်းတွေ ထွက်လာတာသတိပြုမိသည်။ ဆွေးနွေးခဲ့သည့် အချက်များကား စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များတင်ပို့ရေး၊ဆီထွက် သီးနှံစိုက်ပျိုးရေးအတွက် လိုအပ်သည့် နည်းပညာလိုအပ်ချက်များ ပူးပေါင်းဆောင်ရွက်ရေးတို့ပါသည်။
နှစ်နိုင်ငံကြား ပို့ကုန်သွင်းကုန်ကဏ္ဍများတွင် လက်ရှိဆောင်ရွက်နေမှုများမှ ပိုမိုအဆင့်မြှင့်တင်နိုင်ရေးကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြရုံသာမက မြန်မာနိုင်ငံအတွက် လိုအပ်ချက်ဖြစ် နေဆဲဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။ ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံအကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုများမှာ မြန်မာအတွက် “အား” ပါသည်။ မြန်မာအတွက် “ခါး” စေမည့်အရာ တစ်ခွန်းတစ်စလေးသော်မျှမပါ။ ဤတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာတိုင်းရင်းသားများ၏ ဆီသုံးစွဲမှုများပြားခြင်းအပေါ် စိုးရိမ်စိတ်ဖြင့် ဆီသုံးစွဲမှုလျှော့ချရေး တိုက်တွန်းချက်ကို သတိပြုမိသကဲ့သို့ တိုင်းရင်းသားပြည်သူများ တောင်သူလယ်သမားများ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုကို ပိုမိုတိုးတက်ပြီး ပြည်ပပို့ကုန်အဆင့်ဖြစ် စေရန် ကြိုးစားဆောင်ရွက်နေမှုများတွင် စေတနာ၏ပြယုဂ်ကို မြင်တွေ့နိုင်သည်။
ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်မှန်တို့၏ စိတ်သဘောထားကြီးမြတ်မှုကို ကွက်ကွင်းစွာ သိမြင်ခွင့်ရသည်ဆိုလျှင်လည်း မှားမည်မထင်ပေ။ အမိမြန်မာနိုင်ငံ၏ စားသောက်မှုပုံစံအရ ကြော်၊ လှော်၊ ချက်၊ ပြုတ်စားသောက်ခြင်းကို ပြုကျင့်ကြ သည့်အတွက်စားသုံးဆီသည်လည်း မရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေးထုတ်ကုန်တစ်မျိုး ဖြစ်ပေသည်။ စိုက်ပျိုးရေးကို နည်းပညာနှင့် ပေါင်းစပ်အားဖြည့်စိုက်ပျိုးခြင်းဖြင့် ကုန်ကြမ်းသာမက ကုန်ချောကိုပါ အဆင့်အတန်းမြင့်မားစွာ၊ အခြားနိုင်ငံများနည်းတူ နည်းပညာမြင့်မားစွာ ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ စာရေးသူတို့ နိုင်ငံအတွက် လိုအပ်မည့် လျှပ်စစ်ဓာတ်အားကဏ္ဍအပြင် ပို့ကုန်/သွင်းကုန်ကဏ္ဍများကိုပါ မူလထက် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးနေကြသည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေး ယခုလက်ရှိထက် ပိုမိုဦးမော့လာတော့မည့် အနေအထားများဖြစ်ကြောင်း ကြိုတင်တွေးမြင်နေမိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုများတွင် အမိမြန်မာနိုင်ငံတော်အတွက် ခြေတစ်လှမ်းမကသော လှုပ်ရှားကြိုးပမ်းမှုများကိုလည်း တွေ့မြင်နိုင်သေးသည်။ နျူကလီးယားစွမ်းအင်ဆိုသည်မှာ သုံးတတ်လျှင်ဆေးဖြစ်၍ မလိုသူတို့က အသုံးချလျှင် ဘေးဖြစ်နိုင်သည်။
ပြည်သူလူထုအကျိုးရှိစေနိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအတွက် နျူကလီးယားကို ဆေးအဖြစ်အသုံးချနိုင်မည့် အခြေအနေများကို စူးစမ်းခဲ့သည်။ လေ့လာခဲ့သည်။ ယခုအလုပ်သဘောခရီးစဉ်တွင် အသေးစိတ်ဆွေးနွေးသည်။ တွေ့ဆုံဆွေးနွေးခဲ့သည့်အဖွဲ့က ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ဖြစ်ပြီး အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခြင်းဖြစ်သည်။ နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထုအကျိုးရှိစေနိုင်မည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ သိပ္ပံနှင့်သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြုဆောင်ရွက်နိုင်မည့်အခြေအနေများကို အကျယ်တဝင့်ဆွေးနွေးကြသည်။နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများတွင် မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာသိပ္ပံပညာရှင်များ၏ စိတ်ပါဝင်စားနေမှု၊ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများတွင် အားရကျေနပ်မှု၊ မြန်မာအတွက် ကောင်းသတင်းများ ယူဆောင်ပေးနိုင်တော့မည် ဟူသောယုံကြည်ချက်တို့မှာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသိပ္ပံပညာရှင်များ၏ မျက်နှာထက်တွင် အထင်းသားပေါ်လွင်နေသည်။ ကိုယ်စားလှယ် အဖွဲ့များ၏အပြန်အလှန်နားလည်မှု၊ ဆွေးနွေးမှု၊ညှိနှိုင်းတိုင်ပင်မှုတို့အပြီးတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံRosatom State Corporations တို့သည် နားလည်မှုစာချွန်လွှာတစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အမိမြန်မာနိုင်ငံအတွက် နျူကလီးယားကို အေးချမ်းစွာအသုံးပြုခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်းတို့အပြင် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းကိုလည်း ဆွေးနွေးနိုင်ခဲ့ကြသည်မှာ အားရကျေနပ်ဖွယ် ကောင်းလှပါတော့သည်။
ရှေ့ကိုဆက်လက်လျှောက်လှမ်း
မျက်မှောက်ခေတ်သည် သိပ္ပံနှင့်နည်းပညာကို အခြေပြုတည်ဆောက်နေသည့်ခေတ်ဖြစ်သည်။ ကျယ်ပြောလှသည့် သိပ္ပံနှင့်နည်းပညာအခန်းကဏ္ဍသည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းမှာပင် တိုးတက်ထွန်းကားလျက်ရှိပေသည်။ မျက်ခြည်မျှင်မျှပြတ်လျှင်ပင် လိုက်မမီလောက်သည်အထိ တိုးတက်နေသည့်ကာလတွင် မိမိတို့နိုင်ငံသည်လည်း နောက်တွင် ကျန်နေခဲ့ခြင်းမှာ မဖြစ်စကောင်း။ လူမျိုးတိုင်း၊ နိုင်ငံတိုင်းအနေဖြင့် Moving Forward ဆိုသည့်အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်းမရှိဘဲ ရှေ့ကို ဆက်လက်လျှောက်လှမ်း နေကြခြင်းဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့်လည်း ကျန်နေခြင်းမှာ မဖြစ်သင့်။Moving Forward ဟူသည့်အတိုင်း အမြဲရှေ့သို့ လျှောက်လှမ်းနေရမည်ဖြစ်ပါသည်။ မိမိတို့ ဦးဆောင်နေသည့်ကာလတွင် နိုင်ငံတော်အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကို တိုးတက်စေလိုသည့်စိတ်၊ ထွန်းကားစေလိုသော ဆန္ဒကိုအကြီးအကဲအနေဖြင့် သတိပြုမိသည်။
ထို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တစ်လှမ်းမကသော ခြေလှမ်းအတွက် State Space Corporation “Roscosmos” မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံကာ အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည့် သိပ္ပံနှင့်နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုလည်း ဆွေးနွေးနိုင်ခဲ့သည်။
အဓိကကျသောအခန်းကဏ္ဍတွင်ပါဝင်
စိပ်စိပ်သောခြေလှမ်း၊ သွက်လက်သောလှုပ်ရှားမှုတို့သည် ရုရှားနိုင်ငံရောက် ကိုယ်စားလှယ်အဖွဲ့၏ လှုပ်ရှားတွေ့ဆုံဆွေးနွေးမှုများက သက်သေပြုနေသည်။ နိုင်ငံတော်အား တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ သာယာမှုများအပါအဝင် ပညာရေး၊ စီးပွားရေး နယ်ပယ်များအလိုက် ဆွေးနွေးတွေ့ဆုံမှုများ၊ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးမှုများနှင့် ပြီးပြည့်စုံသည်လို့တော့ မယူဆနိုင်သေး။ ထိုထိုသော အကြောင်းခြင်းရာများပြီး ပြည့်စုံစေရေး အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် ကာကွယ်ရေးစွမ်းအားသည်လည်း အဓိကကျသော အခန်းကဏ္ဍတွင်ပါဝင်နေသည်။ ထို့အတွက် ကာကွယ်ရေးကဏ္ဍအတွက် တွေ့ဆုံဆွေးနွေးမှုများလည်း ဆောင်ရွက်ရဦးမည်ကို အကြီးအကဲက ကောင်းစွာနားလည်သည်။
ထိုကာကွယ်ရေးကဏ္ဍအတွက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General SergeyKuzhugetovich Shoigu နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် စီစဉ်ပြီးဖြစ်သော်လည်း ဝန်ကြီး၏ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ယင်းကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးစဉ် နှစ်ဖက်ခေါင်းဆောင်များ၏ ကျယ်ပြန့်သောအမြင်ဖြင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။
မြန်မာ့တပ်မတော်မှပါဝင်ယှဉ်ပြိုင်နိုင်ရေး
ထို့ပြင် မကြာမီကာလတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှတာဝန်ယူဆောင်ရွက်မည့် ကာကွယ်ရေးစွမ်းရည်တိုးမြှင့်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပါဝင်ဆောင်ရွက်သွား မည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဤအပိုင်းတွင် ယခင်နှစ်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်း အဖွဲ့အသီးသီးကိုလည်း ဖော်ပြလိုတာရှိသည်။ ကိုယ်ခန္ဓာအချိုးအစား ဖွဲ့စည်းပုံအရ ပါဝင်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတိုင်းတွင် အခက်အခဲတော့ ရှိခဲ့ကြသည်ချည်းဖြစ်သည်။ အရိုးရှင်းဆုံးဆိုရလျှင် မနိုင်ဝန်ထမ်းရသည့် အခြေအနေဟုပင် ဆိုနိုင်လောက်သည့် အခြေအနေဖြစ်သည်။ သို့သော် မြန်မာ့တပ်မတော် ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် အရာရှိ၊ စစ်သည်များ၏ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ကြောင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံများနှင့် တာဝန်ယူကျင်းပခဲ့သည့် ရုရှားနိုင်ငံတို့က အလေးအနက်ထား ချီးကျူးစကားဆိုခဲ့ရသည်ကို တွေ့ခဲ့ရသည်။
ယခု ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ၏ အသီးအပွင့်များသည် အချိုပေါ် သကာလောင်းသည့်နှယ် ရှိမည်ကိုလည်း အငြင်းစကားထွက်မည်မထင်ပါ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရေးအတွက် အကူအညီကောင်း၊ အထောက်အပံ့ကောင်းဖြစ်စေမည့် ဆွေးနွေးတွေ့ဆုံမှုဖြစ်သည့်အတွက် ဝမ်းသာအားရနှင့်ကို ကြိုဆိုမိပါသည်။
(ဆက်လက်ဖော်ပြပါမည်)