Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် အွန်လိုင်းသင်ကြားရေး

ဟိန်းဇော်လင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တွင် “ထက်မြက်သော စီမံခန့်ခွဲမှုမှသည် ကောင်းမွန်သောအုပ်ချုပ်မှုဆီသို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် စွမ်းဆောင်ရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များကို သင်တန်းသားဗဟိုပြုစနစ်ဖြင့် ခေတ်မီသင်ခန်းစာများနှင့် ထိရောက်သည့် ပို့ချမှုစနစ်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် သင်ကြားလျက်ရှိသည်။

ထိုသို့ သင်ကြားပေးလျက်ရှိရာတွင် ယခင်က Inhouse system ဖြင့်သာသင်ကြားခဲ့ရာမှ ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါဖြစ်ပွားသည့် ကာလမှစတင်ကာ ယနေ့အထိ သင်တန်းများအား အရှိန် အဟုန်မပျက် အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲဖွင့်လှစ် ပို့ချခြင်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

ခေတ်မီသည့် နည်းပညာများ

အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးရာတွင် သင်တန်းတက်ရောက်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ခေတ်ကာလပြောင်းလဲလာသည်နှင့်အညီ ခေတ်မီသည့် နည်းပညာများကိုလည်း မျက်ခြည်မပျက် လေ့လာနေကြရမည်ဖြစ်သည်။

အွန်လိုင်းစနစ်ဖြင့် သင်တန်းတက်ရောက်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရန် အဓိကလိုအပ်ပေသည်။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့တွင် သင်တန်းတက်ရောက်ရာ၌ လိုအပ်သည့် Google အသုံးပြုရန် Chrome Browser နှင့် Zoom၊ Email၊ Viber၊ Youtube ဆော့ဖ်ဝဲများအခြေခံအသုံးပြုနည်းများကို သိရှိထားပြီး ထည့်သွင်းထားပါက အွန်လိုင်းစနစ်ဖြင့် သင်တန်းတက်ရောက်ခြင်းမှာ နည်းပညာအနေဖြင့် အခက်အခဲရှိမည် မဟုတ်ပေ။ အဆိုပါဆော့ဖ်ဝဲများအပြင် PDF ဖိုင်များ ဖွင့်ကြည့်လေ့လာနိုင်ရန် PDF ဆော့ဖ်ဝဲ၊ Word၊ ပါဝါပွိုင့်ဆော့ဖ်ဝဲများကိုလည်း သင်တန်းတက်ရောက်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုတင်ထည့်သွင်းထားရန် လိုအပ်သည်။ ဆော့ဖ်ဝဲများကို ကျွမ်းကျင်စွာအသုံးမပြုတတ်လျှင် သင်တန်းသားများအနေဖြင့် ယင်းအခက်အခဲများကြောင့် သင်ခန်းစာများကို စိတ်ဝင်တစား လေ့လာမှတ်သားနိုင်မည်မဟုတ်ပေ။

စာရေးသူသည် အွန်လိုင်းစနစ်ဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သူရိန် ၉၀ တွင် သင်တန်းတက်ရောက်လျက်ရှိပါသည်။ လက်ရှိ သင်တန်းကာလ တစ်လပြည့်ပြီးသည် အထိ အထက်ပါတင်ပြခဲ့သည့် ဆော့ဖ်ဝဲများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုနိုင်သည့် သင်တန်းသားများရှိနေသည်ကို လေ့လာသတိထားမိပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) (Cen- tral Insitute of Civil Service-Upper Myanmar) ဝက်ဘ်ဆိုက်ဖြစ်သည့် http://www.cicsum.edu.mm ကို ဝင်ရောက်ကြည့်ရှုရန်ပင် အခက်အခဲ ဖြစ်နေခြင်း၊ ယင်းဝက်ဘ်ဆိုက်ကို Chrome အသုံးပြုပြီး ဝင်ရောက်ကြည့်ရှုခြင်းထက် လွယ်ကူသောနည်းလမ်းအနေဖြင့် CICS UM LMS အက်ပလီ ကေးရှင်း (Learning Management System-LMS) ကို ပလေးစတိုးမှ ဒေါင်းလုပ်ရယူပြီး မိုဘိုင်းဖုန်းတွင် ထည့်သွင်းကြည့်ရှုနိုင်သည်ကို ကောင်းစွာ အသုံးမပြုတတ်ခြင်း၊ သင်တန်းသားများ ဆုံစည်းရာဖြစ်သည့် Viber Group တွင် ထပ်ခါထပ်ခါ မေးမြန်းနေခြင်းကို တွေ့ရှိရသည်။

အနည်းငယ်သော သင်တန်းသားအချို့သည် အွန်လိုင်းစနစ်ဖြင့် သင်တန်းတက်ရောက်ခြင်းထက် မြေပြင်သင်တန်းမှာသာ တက်ရောက်လိုကြသည်။ အဘယ့်ကြောင့်ဆိုသော် အွန်လိုင်းသင်ယူမှုစနစ်တွင် အသုံးပြုရသည့်ဆော့ဖ်ဝဲများကို ကောင်းစွာအသုံးမပြုတတ်၍ ဖြစ်ပေသည်။ ယင်းဆော့ဖ်ဝဲအသုံးပြုမှုကို သိရှိနားလည်သည့်ဝန်ထမ်းများမှာမူ အွန်လိုင်းစနစ်ဖြင့် သင်တန်းတက်ရောက်ရခြင်းကြောင့် သက်သောင့်သက်သာရှိကြသည်။

ပို့ချပေးသည့်စနစ်

အွန်လိုင်းမှ ပို့ချပေးသည့်စနစ်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က သင်တန်းသားများ၏ အီးမေးလ်တွင် သင်တန်း စတင်ဖွင့်လှစ်မည့် နေ့ရက်၊ Zoom အက်ပလီကေးရှင်းဖြင့် ဆွေးနွေးရန် IP Code နှင့် Password ကို ပေးပို့သည်။

ထို့နောက် သင်တန်းစတင်မည့်ရက်၏ ရှေ့တွင်တစ်ရက် ကြိုတင်ခေါ်ယူပြီး သင်တန်းသားများ၏ ကသနံပါတ်များကို ကြည့်ရှုစေသည်။ ယင်းနောက် http://www.cicsum.edu.mm တွင် မိမိကသနံပါတ်ဖြင့် တက်ရောက်ရမည့် သက်ဆိုင်ရာသင်တန်းအမှတ်စဉ်တွင် ဝင်ရောက်ကြည့်ရှုရသည်။ သင်တန်း သားများအနေဖြင့် CICS UM LMS အက်ပလီကေးရှင်းကို မိမိ၏ လက်ကိုင်ဖုန်းများတွင်  ဒေါင်းလုပ်ရယူပြီး ကြိုတင်လေ့လာနိုင်သည်။ CICS UM LMS အက်ပလီကေးရှင်းသည် သင်တန်း သားများ LMS သို့ Login ဝင်ခြင်း၊ သင်တန်းသားများအနေဖြင့် ဘာသာရပ်များလေ့လာခြင်း၊ Assignment Upload ပြုလုပ်ခြင်းနှင့် Quiz/Tutorial များဖြေဆိုခြင်းများကို တစ်ဆင့်ချင်းရှင်းပြထားသော ဆော့ဖ်ဝဲဖြစ်သည်။ သင်တန်းသားများအနေဖြင့် ယင်း CICS UM LMS အက်ပလီကေးရှင်းကို မဖြစ်မနေသိထားရန် လိုအပ်သည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အနေဖြင့် သင်တန်းများပို့ချရာတွင် လုပ်ငန်းခွင်မပျက်စေရန် အဓိကရည်ရွယ်ပြီး အွန်လိုင်းစနစ်ဖြင့် ပို့ချပေးခြင်းဖြစ်သည်။ အပတ်စဉ် စနေ၊ တနင်္ဂနွေရက်များတွင် Tutorial များ ဖြေဆိုခြင်း၊ ဘာသာရပ်အလိုက် Assignment တင်ခြင်းများကို Zoom စနစ်ဖြင့် ဆွေးနွေးပို့ချပြီးနောက် LMS ဆော့ဖ်ဝဲတွင် သင်တန်းသားများအနေဖြင့် ဖြေဆိုကြရမည်ဖြစ်သည်။ တနင်္လာနေ့မှ သောကြာနေ့အထိသည် LMS တွင် လွှင့်တင်ထားသည့် အပတ်စဉ် ကြည့်ရှုလေ့လာရမည့် ဘာသာရပ်များအလိုက် PDF ဖိုင်၊ Word ဖိုင်၊ ပါဝါပွိုင့်ဖိုင်များကို သင်တန်းသားများအနေဖြင့် ဒေါင်းလုပ်ရယူပြီး လေ့လာကြရမည်ဖြစ်သည်။

အရာထမ်းငယ် အခြေခံသင်တန်းတက်ရောက်နေကြသူများသည် မကြာမီကာလတွင် အရာရှိများ ဖြစ်လာကြမည်ဖြစ်သည်။ အရာရှိများ ဖြစ်လာကြမည့် အရာထမ်းငယ်များအနေဖြင့် ခေတ်နှင့် လိုက်လျောညီထွေဖြစ်သည့် နည်းပညာများကို နားလည်တတ်ကျွမ်းနေလျှင် နိုင်ငံတော်က ဖော်ဆောင်လျက်ရှိသည့် e- Government ကို ထဲထဲဝင်ဝင် တစ်ဖက်တစ်လမ်းမှ ပါဝင်ထောက်ပံ့နိုင်ကြမည်ဖြစ်ပါကြောင်း။ ။