ဒီမိုကရေစီကို ဖျက်ဆီးခဲ့သော ဒီမိုကရေစီခေါင်းစဉ်အောက်က ကျည်ဆန်များ
မြင့်မြတ်
အတိတ်ဆိုတာပြန်သွားလို့တော့မရပေမယ့် ထားခဲ့လို့ရတဲ့အရာတစ်ခုတော့ မဟုတ်ပြန်ပါဘူး။ အတိတ်ဆိုတာ သင်ခန်းစာယူနိုင်ရမယ့်အရာသာဖြစ်တယ်။ သင်ခန်းစာယူပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်။ အနာဂတ်အတွက် မျှော်လင့်ပြီး ပြင်ဆင်ရမယ်လို့ ဆိုလိုပါတယ်။
အတိတ်က နိုင်ငံတကာဒီမိုကရေစီနဲ့ လူ့အခွင့်အရေးသမိုင်းဖြစ်စဉ်အချို့မှာ ယနေ့ခေတ်လူငယ်တွေ မျက်စိလည်၊ နားလည်ရခက်တဲ့ ဖြစ်ရပ်တွေရှိနိုင်ပါတယ်။ လူ့အခွင့်အရေးအားပေး၊ လစ်ဘရယ် အားသန်တဲ့ ဒီမိုကရေစီနိုင်ငံကြီးအချို့က သူတို့ ကိုယ်တိုင် ပြည်သူ့ဆန္ဒနဲ့အညီ အုပ်ချုပ်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေကို ဝင်ရောက်စွက်ဖက်ပြီး သူတို့မကြိုက်၊ ဩဇာမခံတဲ့ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချ၊ နောက်ကွယ်ကသူတို့တင်ပေးပြီးသူတို့ အကျိုးလိုလားတဲ့ အာဏာသိမ်းစစ်တပ်ကို ထောက်ခံ၊ အသုံးတော်ခံစစ်အာဏာရှင်တွေကို သက်ဆိုးရှည်အောင် အထောက်အပံ့ပြု၊ အမျိုးမျိုးဝင်ရောက်ခြယ်လှယ်ခဲ့ကြပြီးမှ ခေတ်သစ်ကိုလိုနီတစ်ပိုင်း လက်အောက်ခံဖြစ်အောင် လုပ်ခဲ့ကြတဲ့ သမိုင်းသာဓကတွေများစွာရှိခဲ့တယ်ဆိုရင်...
ဒီနိုင်ငံကြီးတွေကသာ အချို့နိုင်ငံတွေကို တရားမဝင်စစ်အစိုးရ ဘာညာစွပ်စွဲနေတာ၊ သူတို့ကိုယ်တိုင်ရောဒီမိုကရေစီကိုဖျက်ဆီးပြီး စစ်ဘက်ကအာဏာသိမ်းပြီးမှ အာဏာရှင်အစိုးရဖြစ်အောင် လုပ်ခဲ့ကြတဲ့သမိုင်းဖြစ်ရပ်တွေ ဘာကြောင့်ရှိခဲ့ပါသလဲ။
ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ်နဲ့အရင်းရှင် အားပြိုင်မှု၏ သက်ရောက်မှု
ကမ္ဘာ့သမိုင်းမှာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံများစွာမှာ လက်ဝဲယိမ်းအစိုးရတွေတက်လာတဲ့အချိန်မှာ စီအိုင်အေတို့ရဲ့ ဌာနေနိုင်ငံစစ်တပ်ကြီးနဲ့ စီအိုင်အေရဲ့စစ်ရေးနဲ့ အဖျက်အမှောင့် ဝင်ရောက်စွက်ဖက်မှုတွေဟာ ပိုပြီးကြီးမားကျယ်ပြန့်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီလိုစွက်ဖက်မှုတွေဟာ ကမ္ဘာ မှာ ကွန်မြူနစ်ခေါင်းဆောင် အရှေ့အုပ်စုဆိုဗီယက်နဲ့ အမေရိကန်ဦးဆောင်တဲ့ အရင်းရှင်အနောက်အုပ်စု နိုင်ငံတွေအားပြိုင်ရင်ဆိုင်ရာကနေ ဖြစ်ပေါ်လာတဲ့သက်ရောက်မှုတွေပါပဲ။ စီအိုင်အေတို့ရဲ့ နိုင်ငံကြီးအနေနဲ့ ကမ္ဘာမှာကွန်မြူနစ်ဩဇာမလွှမ်းနိုင်ရေး မိမိရဲ့လက်တံကို ဆန့်ထုတ်စစ်ဘက်အာဏာသိမ်းမှုတွေဖြစ်အောင် အားပေးအားမြှောက်ပြုပြီး ဗိုလ်ကျစိုးမိုး ဩဇာအာဏာပေးပြီး ကွန်မြူနစ်ဆန့်ကျင်တဲ့ လက်ဝေခံအာဏာရှင်အစိုးရတွေဖြစ် အောင် မြှောက်ပင့်သိမ်းသွင်းလုပ်ခဲ့တဲ့ နေရာမှာတော့ ကွန်မြူနစ်တစ္ဆေခြောက်ခံနေရတဲ့ ဒီလိုနိုင်ငံကြီးကို ဘယ်လိုနိုင်ငံကမှ မီမယ်မထင်ပါဘူး။
ဂွါတီမာလာအဖြစ်အပျက်
ဗဟိုအမေရိကတိုက်က ဂွါတီမာလာဆိုတဲ့ နိုင်ငံလေးတစ်ခုရဲ့ဖြစ်အင်ကိုပဲ လေ့လာကြည့်ရအောင်ပါ။ ဂွါတီမာလာမှာ ၁၉၅၃ ခုနှစ်အထိတော့ ဂျာကိုဗိုအားဘန့်စ်ဦးဆောင်တဲ့ လက်ဝဲယိမ်းအရပ်သား ဒီမိုကရက်တစ်အစိုးရတစ်ရပ်က နိုင်ငံကိုတည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်အုပ်ချုပ်နေခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံစီးပွားရေးကို စိတ်တိုင်းကျခြယ်လှယ်နေတဲ့ ယူအက်စ်နိုင်ငံစုံ Fruit ကုမ္ပဏီ ကြီးရဲ့ မြေယာတွေကို နိုင်ငံပိုင်ပြုလုပ်ပြီး မြေမဲ့ယာမဲ့ဖြစ်နေတဲ့ ဆင်းရဲသားနိုင်ငံသားတွေကို ခွဲဝေပေးမယ့် အားဘန့်စ်အစိုးရရဲ့အစီအစဉ်ဟာ အမေရိကန်အရင်းရှင်တွေရဲ့ အကျိုးစီးပွားနဲ့ဆန့်ကျင်သွားတဲ့အခါ ဂွါတီမာလာအစိုးရဟာ စီအိုင်အေကပံ့ပိုးထားတဲ့ ကြေးစားတပ်တွေရဲ့ဝင်ရောက် တိုက်ခိုက်တာကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျူးကျော်တိုက်ခိုက်မှု မအောင်မြင်တဲ့အခါမှာ စီအိုင်အေရဲ့အဖျက် အမှောင့်နှောင့်ယှက်မှုတွေကို ဆက်တိုက်ခံရတော့တာပါပဲ။
သမ္မတအားဘန့်စ်ကို ဂွါတီမာလာစစ်တပ်က မဖြုတ်ချဘူးဆိုရင် ဒီမိုကရေစီအားပေးစစ်တပ်ကြီးအနေနဲ့ ဝင်ရောက်တိုက်ခိုက်ရလိမ့်မယ်လို့ ဖိအားပေးလာတဲ့အခါ ဂွါတီမာလာစစ်တပ်ကလည်းသမ္မတကို အတင်းအကျပ်ဖြုတ်ချပြီး အာဏာသိမ်းရပါတော့တယ်။ သမ္မတခမျာ အိမ်နီးချင်းမက္ကဆီကို နိုင်ငံဆီထွက်ပြေးရပြီး အဲဒီနိုင်ငံမှာပဲနိုင်ငံရေးခိုလှုံခွင့် ရယူလိုက်ရပါတော့တယ်။ ဂွါတီမာလာလည်း ဒီမိုကရေစီနိုင်ငံကြီးရဲ့ ထောက်ခံမှုနဲ့အတူ စစ်တပ်အာဏာသိမ်းခံရပြီး နောင်နှစ်ပေါင်း ၄၀ အထိ ဒီမိုကရေစီအမည်ခံ ပံ့ပိုးထားတဲ့အာဏာရှင် စနစ်အောက်မှာ ဂွါတီမာလာပြည်သူတွေခမျာ ၃၆ နှစ်ကြာပြည်တွင်းစစ်နဲ့အတူ ဆိုးရွားစွာရုန်းကန်ခဲ့ကြရပါတယ်။ ဘယ်လောက်တောင်ဆိုးရွားခဲ့သလဲဆိုရင် စီအိုင်အေကပံ့ပိုးထားတဲ့ အာဏာရှင် အစိုးရနဲ့ ဂွါတီမာလာစစ်တပ်ကြောင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေနဲ့ အတင်းအကျပ်ရွှေ့ပြောင်းခံရမှုတွေဟာ ရာထောင်မကရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ဖြုတ်ချခံလက်ဝဲယိမ်းလက်တင်အမေရိကနိုင်ငံအချို့
ဒုတိယကမ္ဘာစစ်အပြီး ဗဟိုလက်တင်အမေရိက နိုင်ငံငယ်တွေမှာ လက်ဝဲယိမ်းအစိုးရတွေပိုအား ကောင်းခဲ့တယ်လို့ဆိုရမယ်။ ဒါကလည်း ပြည်သူအကြိုက် ပြည်သူ့အမြင်ကို ထင်ဟပ်ခြင်းပဲဖြစ်ပါ တယ်။ ကိုလိုနီစနစ်ဆိုးအောက်က လွတ်မြောက်ခါစနိုင်ငံတွေက ပြည်သူအများစုဟာ ကိုလိုနီကျွန်ပြု နယ်ချဲ့အရင်းရှင်တွေကို စိတ်ကုန်ရွံ့မုန်းနေကြပြီဆိုရင် ဒီအချက်ကိုလွန်တယ်လို့ ယူဆလို့မရပါဘူး။
တကယ်လည်း အဲဒီအချိန်အဲဒီကာလမှာ ကွန်မြူနစ်လက်ဝဲဆိုရှယ်လစ်တွေ ကမ္ဘာမှာအားကောင်းခဲ့တာပါ။ လက်တင်အမေရိကမှာ စီအိုင်အေမွှေချက်ကတော့အများကြီးပါပဲ။ ၁၉၆၀-၇၀ ပြည့်လွန်နှစ်တွေမှာ ဘရာဇီး၊ ဒိုမီနီကန်သမ္မတနိုင်ငံနဲ့ ချီလီနိုင်ငံတို့မှ လက်ဝဲယိမ်းအစိုးရများကို ဒီမိုကရေစီနိုင်ငံကြီးရဲ့ စီအိုင်အေက ဝင်ရောက်စွက်ဖက်ဖြုတ်ချ ပစ်ခဲ့ပါတဲ့သာဓကတွေ များစွာရှိခဲ့ပါတယ်။
ချီလီကိုကြည့်ရအောင်ပါ၊ ချီလီသမ္မတ အာလန်ဒေးအစိုးရဟာ မီလီယံနဲ့ချီတဲ့ စီအိုင်အေဒေါ်လာတွေနဲ့ လွှမ်းခြုံထားတဲ့ ဆန္ဒပြလူလှိုင်းကြီးအောက်မှာ ပြုတ်ကျသွားခဲ့ရပါတယ်။ စီအိုင်အေအထောက်အပံ့ခံ ချီလီစစ်တပ်ဟာ အာလန်ဒေးအစိုးရကို ဖယ်ရှားပြီး အစိုးရခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်၊ အာလန်ဒေးထောက်ခံသူတွေကို ရက်ရက်စက်စက်သတ်ပစ်ခဲ့ကြပါတယ်။ ချီလီနိုင်ငံဥပမာဟာ ကမ္ဘာမှာတုန်လှုပ်ချောက်ချားစရာ စွက်ဖက်မှုကြီးတစ်ခုအဖြစ် သမိုင်းတွင်ပြောစမှတ် ဖြစ်ခဲ့ပါတယ်။
ဘိုလစ်ဗီးယားဥပမာတစ်ခု
လောလောလတ်လတ် ဆယ်စုနှစ်တစ်စု အလွန်ကာလလေးမှာတင် စီအိုင်အေအကူအညီနဲ့အတူ ပြိုင်ဘက်နိုင်ငံရေးသမားတွေရဲ့ ဖြုတ်ချခံဘိုလစ်ဗီးယားနိုင်ငံက ဆိုရှယ်လစ်ပြုပြင် ပြောင်းလဲရေးသမားသမ္မတ အီဗိုမိုရေးလ်အကြောင်း တင်ပြချင်ပါတယ်။
သူဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၉ အထိ ပြည်သူ့အကြိုက် သမ္မတတစ်ဦးဖြစ်ခဲ့တယ်။ ၂၀၁၉ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် သူ့ရဲ့ရလဒ်ဟာ ငြင်းပယ်ခြင်းခံခဲ့ရပြီး နောက်တစ်ကြိမ်ပြန်လုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်တောင်မရတော့ဘဲ အာဂျင်တီးနားနိုင်ငံကို ထွက်ပြေးခိုလှုံ ခဲ့ရတဲ့ အခြေ အနေအထိ ရောက်ခဲ့သူပါ။ အဓိကလက်သည်ကတော့ စီအိုင်အေပါပဲ။
ဘာကြောင့်လဲဆိုရင် မိမိနိုင်ငံရဲ့ဆင်းရဲသားပြည်သူတွေအတွက် ပြုပြင်ပြောင်းလဲရေးတွေများစွာ ပြုလုပ်ခဲ့သူ၊ နိမ့်ပါးသူတွေအတွက် မြေယာပြုပြင်ရေး၊ သဘာဝဓာတ်ငွေ့သယံဇာတကရတဲ့ ငွေကြေးကို ပြည်သူပြည်သားအားလုံးအတွက် အညီအမျှခွဲဝေပေးဖို့ စဉ်းစားပေးခဲ့သူ၊ ပြည်သူအကြိုက်ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် အရင်းရှင်အကျိုးစီးပွားကိုဆန့်ကျင်ရင်၊ တရုတ်၊ ရုရှားဘက်ယိမ်းပြီး ဆိုရှယ်လစ်နဲ့ အမျိုးသားရေးဘက် တိမ်းညွတ်လာရင်စီအိုင်အေနိုင်ငံကြီးရဲ့ အမြင်စောင်းတာ ခံရနိုင်ပြီးပညာပေးခြင်း ခံရနိုင်တယ်ဆိုတဲ့ ဤအချက်ကို သင်ခန်းစာယူလို့ ရခဲ့ပါတယ်။
အာရှက တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ အီရန် ဥပမာများ
ဒုတိယကမ္ဘာစစ်ပြီးစ ယခုအာရှမှာ အမေရိကန်ရဲ့အဓိကမဟာမိတ်ဖြစ်နေတဲ့ တောင်ကိုရီးယား ဖြစ်စဉ်ကိုလည်း ကြည့်ကြရအောင်ပါ။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး တောင်ကိုရီးယားနိုင်ငံမှာ စီအိုင်အေနိုင်ငံကြီးက ထောက်ခံတဲ့အာဏာရှင်ဆမ်ဂျန်ဟီးဟာဆိုရင် ၁၉၄၈ ခုနှစ်ကနေအဲဒီ နိုင်ငံကြီးအကူအညီနဲ့ ပြည်သူတွေကို နှိပ်ကွပ်အုပ်ချုပ်ခဲ့တာ ၁၉၆၀ ပြည့်နှစ်အထိပါပဲ။သူ့ လက်ထက်မှာ အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့တာ မွန်ဂျောင်နဲ့ ဘိုဒိုလူသတ်ပွဲတွေဆိုတာ ထင်ရှားတာပေါ့။ အနည်းဆုံးကွန်မြူနစ်သံသယနဲ့ လူပေါင်းတစ်သိန်းလောက်အထိ အသတ်ခံခဲ့ကြရပြီး နောက်ဆုံးမှာပြည်သူတွေကဆန့်ကျင်ကြလို့ စီအိုင်အေအကူအညီနဲ့ နိုင်ငံကထွက်ပြေးခဲ့ရတဲ့အထိပါပဲ။ သူ့ကိုထိုနိုင်ငံကြီးက နောက်ဆုံးအကြိမ်အထိ အကူအညီပေးခဲ့တာကို တွေ့ရပါတယ်။
နောက်ထပ်အာရှက အဖြစ်အပျက်တစ်ခုကလည်းဒီလိုပါပဲ။ ၁၉၆၅ ခု အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။ သမ္မတဆူကာနိုအုပ်ချုပ်စဉ်ကာလကပေါ့။ စီအိုင် အေဘက်ကကြည့်ရင် ဆူကာနိုဟာ တရုတ်နိုင်ငံဘက်ကိုယိမ်းနေပြီး အင်ဒိုနီးရှားဟာ ကွန်မြူနစ်ဖြစ်တော့မယ့် အလားအလာတွေကိုမြင်နေရတယ်လို့ဆိုပါတယ်။ လုပ်ဆောင်ချက်ကတော့ စီအိုင်အေပါဝင်ပတ်သက်မှုနဲ့အတူ ဆူကာနိုအစိုးရအာဏာ သိမ်းခြင်းခံလိုက်ရတာပါပဲ။ အတော်ကိုဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ။ ဆူကာနိုကိုထောက်ခံတဲ့ လူပေါင်းတစ်သန်းခန့်အထိ အသတ်ခံလိုက်ရပါတယ်။ အာဏာမသိမ်းမီကတည်းက စီအိုင်အေဟာ အင်ဒိုစစ်တပ်ထံ သုတ်သင်ပစ်ရမယ့်စာရင်း ပို့ပြီးသားဖြစ်ပါတယ်။
အခြားနိုင်ငံတွေနဲ့မတူတဲ့အချက်က အင်ဒိုစစ်တပ်နဲ့ အကြီးအကဲဗိုလ်ချုပ်ကြီး ဆူဟာတိုခေါင်းဆောင်မှုအောက်မှာ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ပညာရည်ပြည့်ဝမှုကြောင့် ယနေ့ခေတ်အင်ဒိုနီးရှားနိုင်ငံကြီးကိုတော့ အာရှကျားတစ်ကောင်အဖြစ် တင်စားလို့ရနေပါတယ်။ ဒါကလည်း သင်ခန်းစာယူစရာတစ်ခုဖြစ်ခဲ့ပါတယ်။
အနောက်အာရှ၊ အရှေ့အလယ်ပိုင်းက အီရန်မှာလည်းဒီလိုပါပဲ၊၊ ၁၉၅၃ ခုနှစ်တွင် အီရန်မှာပြည်သူ အကြိုက်ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ မိုဟာမက်မိုဆာဒက်ရဲ့ အစိုးရတစ်ရပ်ဟာ စီအိုင်အေတို့ရဲ့နိုင်ငံကြီးက အားပေးထောက်ခံကူညီမှုနဲ့ အီရန်စစ်တပ်ရဲ့ အာဏာသိမ်းတာခံခဲ့ရဖူးပါတယ်။ အင်္ဂလိပ်တွေပိုင်တဲ့ အင်ဂလိုအီရန်နီယန်ရေနံကုမ္ပဏီကို ထိုအီရန်အစိုးရက နိုင်ငံပိုင်သိမ်းခဲ့တာကို အကြောင်းပြုပြီး စစ်တပ်ကိုအာဏာသိမ်းစေခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံမှာ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ စည်းမျဉ်းခံဘုရင်စနစ်ကနေ အနောက်ဒီမိုကရေစီနိုင်ငံကြီးရဲ့အထောက်အပံ့ခံ အာဏာရှင်နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲသွားခဲ့တာတော့ ပြောစရာဖြစ်ခဲ့ပါတယ်။ အနောက်အုပ်စုထောက်ခံတဲ့ အာဏာရှင်သက်တမ်းဟာ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကြီးအထိ ကြာခဲ့ပါတယ်။
ပါဝင်ပတ်သက်မှုပေါင်းများစွာနဲ့အတူ ဒုက္ခနွံတောက ကမ္ဘာ့ပြည်သူတွေ
တင်ပြပါ အချက်အလက်တွေဟာ အနည်းငယ်သာပဲဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ရပ် များစွာကျန်ရှိ ပါသေးတယ်။ လေ့လာချက်တွေအရ နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ မိမိအလိုကျအစိုးရတက်လာဖို့ စီအိုင်အေကဝင်ရာက်စွက်ဖက်တာမျိုးအပါအဝင် တပ်ဖွဲ့တွေစေလွှတ်ပြီး အဓမ္မကျူးကျော်တိုက်ခိုက် တာအဆုံး ၁၉၄၆ ကနေ ၂၀၁၂ ခုနှစ် ဆီရီးယား ပြည်တွင်းစစ်အထိ ပါဝင်ပတ်သက်မှုပေါင်း ၈၉ ခု အထိရှိခဲ့ကြောင်း သိရပါတယ်။
မသိမသာပဲဖြစ်ဖြစ်၊ သိသိသာသာပဲဖြစ်ဖြစ် တိုက်ရိုက်ဒါမှမဟုတ်သွယ်ဝိုက်ပြီး နိုင်ငံခြားတိုင်း ပြည်တွေအပေါ်မှာ ကွန်မြူနစ်လက်ဝဲဆန့်ကျင်တဲ့ နိုင်ငံကြီးရဲ့ပါဝင်စွက်ဖက်မှုကိုကြည့်ရင် ရှေ့တန်းကျကျ ထိုနိုင်ငံကြီးရဲ့စစ်တပ်တွေ ပါဝင်တိုက်ခိုက်မှုနဲ့အတူ နောက်ကွယ်က စီအိုင်အေလက်ချက် မကင်းတဲ့ အဖျက်အမှောင့် လက္ခဏာများစွာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။
ထိုထိုနိုင်ငံကြီးတွေက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို စံနှုန်းအမျိုးမျိုးနဲ့ ရှေ့တန်းတင်ပြသတတ်ပါတယ်၊၊ စစ်ကို မလိုလားဘူး၊ အဏုမြူမလိုလားဘူး၊ ငြိမ်းချမ်းရေးသာ အဓိကဖြစ်တယ်လို့ပြောပြီး တစ်ကမ္ဘာလုံးမြေပြင်ဝေဟင် ရေပြင်အနှံ့စစ်အင်အား ပမာဏအကြီးဆုံး ဖြန့်ကြက်စိုးမိုးထားတဲ့နိုင်ငံဆိုလို့ တစ်နိုင်ငံပဲရှိပါတယ်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လူသားလုံခြုံရေးအကြောင်းပြ၊ စီးပွားရေးနဲ့ကုန်သွယ်ရေး အကြောင်းပြပြီး ဖွံ့ဖြိုးရေးကို ရှေ့တန်း တင်သလိုလိုနဲ့ ဟန်ဆောင်တတ်ကြပါတယ်။ မတူကွဲပြားမှုနဲ့ တရားမျှတမှုကို ရောချတယ်၊ အကြောင်းပြချက်အများကြီးနဲ့ မလိုချင်ရင်အာဏာရှင်၊ လိုချင်တော့ ဒီမိုကရေစီ သတ်မှတ်၊ ဆင်းရဲမှုတိုက်ဖျက်ရင်းကပဲ စီးပွားရေးပိတ်ဆို့၊ ဆင်းရဲတဲ့နိုင်ငံတွေကို ဆင်းရဲသထက် ဆင်းရဲအောင်လုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးတွင်တွင်ပြောနေပေမယ့် စစ်အသုံးစရိတ်တိုးပြီး ကမ္ဘာအနှံ့စစ်မြူ၊ စစ်ပွဲဖန်တီး၊ ကိုယ်စားပြုစစ်ပွဲ ဆင်နွှဲခိုင်းခံရတဲ့နိုင်ငံတွေမှာ ဒုက္ခနွံတောက ရုန်းထွက်မရတော့တဲ့ပြည်သူတွေရဲ့ ရင်နာစရာအဖြစ်တွေ မကြည့်ချင်၊ မမြင်ချင်ပါဘဲ တွေ့နေမြင်နေရဆဲဖြစ်ပါတယ်။
ကိုယ့်နိုင်ငံနဲ့ကိုယ့်နိုင်ငံသားတွေကိုတော့ စစ်ထဲမပါအောင်ရှောင်ခိုင်းထားပြီး ကမ္ဘာအနှံ့လှည့်လည်ပြီး နှိပ်ကွပ်အနိုင်ကျင့်တဲ့ဖြစ်စဉ်တွေကို အများအပြား ဖန်တီးလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာကြီးကို လစ်ဘရယ်ပို့ကုန်နဲ့ ကယ်တင်နေတာယခုအထိ မပြီးသေးပါဘူး။ ကမ္ဘာ့နေရာအချို့မှာ လစ်ဘရယ်အသွင်းကောင်းလို့ အကြမ်းဖက်စစ်ပွဲတွေနဲ့ မငြိမ်း ချမ်းသေးတာလည်း မမြင်ချင်အဆုံးပဲ ဖြစ်ပါတယ်။
တကယ်တော့ ကမ္ဘာကြီးမငြိမ်းချမ်းတာ၊ ငြိမ်းချမ်းတာ အင်အားကြီးနိုင်ငံတွေဆီမှာ အရင်းတည်တာပါပဲ။ သူတို့ဆီကသာ အဓိကအစပြုတာပါ။ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အမျိုးသားစီးပွားအခြေခံ သက်သက်ပဲဆိုတာတွေ့မြင်ရပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက နိုင်ငံငယ်တွေအပေါ် ဗိုလ်ကျစိုးမိုး ခြယ်လှယ်အမြတ်ထုတ်သွေးစုပ်ခဲ့ ကြတဲ့ဇာတ်လမ်းတွေဟာ ယခုခေတ်ကာလအထိလည်း မပြီးသေးပါဘူး။ စစ်အေးကာလအပြီး စစ်နွေးအခြေအနေကနေ စစ်ပူကာလတစ်ခုကို ယခုမြင်နေရပြန်ပါပြီ။ သင်ခန်းစာယူတတ်ဖို့၊ ယူနိုင်ဖို့နဲ့ ယူပြီးလက်တွေ့ကျကျအသုံးချဖို့ပဲ လိုပါလိမ့်မယ်။ မသန့်ရှင်းမှုများတဲ့ ဝန်းကျင်မှာမကောင်းတဲ့ အခြေအနေတွေကိုတော့ ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။
တင်ပြခဲ့တဲ့ အချက်အလက်တွေအရ သူတို့ဟာ အကောင်းဆုံးစကားလုံးတွေ ရွတ်ပြနေပေမယ့် သိက္ခာနဲ့ကျင့်ဝတ်ဆိုတာ ရှာမရအောင်ဖြစ်နေပါတယ်ဆိုတာကို လောလောဆယ် ကမ္ဘာနဲ့မြန်မာဖြစ်စဉ်တွေအရတွေ့နေရပြီး ကမ္ဘာကလည်းပိုပြီး မြင်လာနေတဲ့သဘောတော့ ရှိပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ၊ ကိုယ့်ပြည်တွင်းအားသည်သာ ကိုယ့်အားကိုးရာပါ။
ကမ္ဘာ့သမိုင်းမှာပြန်ကြည့်ရင် အချို့နိုင်ငံတွေ ဟာ ဘယ်လိုအန္တရာယ်၊ ဘယ်လိုအခက်အခဲပဲကြုံကြုံ ထိုနိုင်ငံတွေရဲ့ နိုင်ငံသားအားလုံး၊ ပြည်သူ ပြည်သားအားလုံးဟာ အရင်းအမြစ်ကောင်းကောင်းနဲ့ စည်းစည်းလုံးလုံးရှိတဲ့အချိန်မှာ၊ ပညာဉာဏ်အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်များအောက်မှာ၊ စိတ်ဓာတ်ပိုင်းရောရုပ်ပိုင်းပါ အင်အားတောင့်တင်း နေမယ်ဆိုရင်ကြီးသည်ငယ်သည်မဟူ အန္တရာယ် အကျပ်အတည်းမှန်သမျှ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား အောင်မြင်ခဲ့ကြသည်သာဖြစ်ကြောင်း သာဓကများစွာကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။