Skip to main content

ကော်ဖီမြို့တော် ပြင်ဦးလွင်ဖြစ်စေရန် အထောက်အပံ့ပြုမည့် ပြင်ဦးလွင် ကော်ဖီဥယျာဉ် ပွေးတောင်

ရွှေယွန်း

နေ့စဉ်လူမှုဘဝ၌ ရုန်းကန်လှုပ်ရှားမှုအကြား မောပန်းလာသည့်အခါ အေးချမ်းသာယာသည့် နေရာများတွင် အပန်းဖြေအနားယူလိုကြသည်။ အေးချမ်းမှုဖြင့် အနားယူရင်းခါးဆိမ့်သော ကော်ဖီတစ်ခွက်သောက်ရင်း ပင်ပန်းမှုကို ဖြေလျှော့လိုကြသည်။ ထိုကဲ့သို့ခရီးသွားရင်း ကော်ဖီရနံ့ဖြင့် အပန်းဖြေနိုင်ရန်အတွက် ခရီးသွားမြို့တော် ပြင်ဦးလွင်ကို ကော်ဖီမြို့တော်ပါ ဖြစ်လာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်နေပြီဖြစ်သည်။

ခရီးသွားမြို့တော်အဖြစ်ထင်ရှား

ပြင်ဦးလွင်မြို့သည် မြို့၏သဘာဝအလှအပနှင့် အေးချမ်းသည့်ရာသီဥတုကြောင့် ခရီးသွားမြို့တော်တစ်ခုအဖြစ် ပြည်တွင်းပြည်ပ ခရီးသွားများအကြား ထင်ရှားပြီးဖြစ်သည်။ ထိုသို့ ခရီးသွားများအကြား ထင်ရှားသည့် ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ဒေသတစ်ခုဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ဧက ၁၀၀၀၀ ခန့်ရှိပြီး ပြင်ဦးလွင်ကော်ဖီသည် ဈေးကွက်အတွင်း နာမည်ရရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကော်ဖီမြို့တော်ပြင်ဦးလွင်အဖြစ် ပိုမိုထင်ရှားစေရန် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) ကို ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။

“ကော်ဖီဥယျာဉ်ကိုလာလည်ရင်း ဒေသရဲ့သဘာဝအလှအပကို ခံစားတာအပြင် ဒေသထွက်ကော်ဖီကို သောက်သုံးရင်း ခရီးသွားတွေကို အပန်းဖြေလန်းဆန်းမှု ပေးချင်တာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပြင်ဦးလွင်ကော်ဖီဆိုတာ နိုင်ငံတကာ အဆင့်အတန်းမီပြီးတော့ ကမ္ဘာ့ဈေးကွက်မှာ နေရာရရှိပြီးဖြစ်တဲ့အတွက် ရရှိပြီးသားနေရာကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ချင်တာ ဖြစ်ပါတယ်။ ကော်ဖီစိုက်ပျိုးရေးကို အခြေခံတဲ့ ခရီးသွားလည်ပတ်စရာ နေရာတစ်ခုအဖြစ် ဆောင်ရွက်ချင်ပါတယ်။ ဒါကြောင့် ခရီးသွားဒေသအဖြစ်၊ ကော်ဖီမြို့တော်အဖြစ် ဖြစ်လာစေချင်တာကြောင့် ဥယျာဉ်ထဲမှာ သဘာဝအလှအပ ခံစားနိုင်အောင်၊ ကော်ဖီယဉ်ကျေးမှုကို လေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

၃၈၆ ဒသမ ၃ ဧက ကျယ်ဝန်း

ယခု ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် တည်ဆောက်နေသော ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး ကားလမ်းမကြီးဘေးတွင် တည်ရှိသည်။ ဧရိယာအားဖြင့် ၃၈၆ ဒသမ ၃ဧက ကျယ်ဝန်းပြီး မြန်မာ့ကော်ဖီကို ကမ္ဘာကသိလာစေရန် အထောက်အပံ့များစွာ ပြုနိုင်ခဲ့သည့် ကော်ဖီခြံတစ်ခု ဖြစ်သည်။

“လက်ရှိမှာ ပွေးတောင်ကော်ဖီခြံကို ပြင်ဦးလွင်ကော်ဖီဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်မှာ Coffee Knowledge Center လည်း ပါဝင်တဲ့အတွက် မြေပြင်မှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်ရှိတဲ့ (Farm to Cup) အဆင့်အထိ ပညာပေးဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ၊ မြန်မာ့ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီသမိုင်းတွေ၊ ပန်းချီတွေ၊ သမိုင်းဝင်ဓာတ်ပုံတွေနဲ့ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက စိုက်ပျိုးထွက်ရှိတဲ့ကော်ဖီတွေကို Coffee Knowledge Center မှာ ခင်းကျင်းပြသပြီး တစ်နေရာတည်းမှာ ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်လို့ ရောင်းသူဝယ်သူ နှစ်ဦးစလုံး အကျိုးရှိမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကော်ဖီအသင်း၏ နာယကတစ်ဦးဖြစ်သည့် ဦးရဲမြင့်က ပြောကြားသည်။

ကမ္ဘာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဆောင်ရွက်လျက်ရှိ

လက်ရှိအချိန်တွင် ပြင်ဦးလွင်ကော်ဖီဥယျာဉ်၌ ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရန်၊ မြန်မာ့ကော်ဖီအရည်အသွေး ပိုမိုမြင့်မားလာ၍ ထုတ်လုပ်မှုပမာဏ တိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊ မျိုးစေ့ပျိုးပင် ပျိုးထောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ချင်းပြည်နယ် ရိခေါဒါရ်မြို့၊ ကရင်ပြည်နယ် သံတောင်မြို့၊ ရှမ်းပြည်နယ်နောင်ချို၊ ဟိုပုံးနှင့် ပင်းတယမြို့နယ်မှ အသေးစားကော်ဖီစိုက် တောင်သူအစုအဖွဲ့ငယ်များပါဝင်သော သင်တန်းသား ၄၈ ဦးကို ပြီးခဲ့သည့် ဧပြီလအတွင်း ရက်တိုသင်တန်း ဖွင့်လှစ်ကာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းပို့ချပေးနိုင်ခဲ့အပြင် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းသုံးကိရိယာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီး မန္တလေးကော်ဖီအုပ်စု၏ စက်ရုံများသို့ လေ့လာရေးခရီး ပို့ဆောင်ပေးနိုင်ခဲ့သည်။

ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် အကောင်အထည်ဖော်လျက်ရှိ

ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် ခြံအဆင့်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ကော်ဖီနှင့်ပတ်သက်သော အသိပညာများ ပိုမိုလွယ်ကူစွာ ပြန့်ပွားရေးနှင့် တစ်နေရာတည်းတွင် လွယ်ကူလျင်မြန်စွာ ရောင်းဝယ် ဖောက်ကားနိုင်သော ကော်ဖီဈေးကွက်တစ်ခုအား ဆောင်ရွက်ပေးသည့်လုပ်ငန်း၊ သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေနိုင်သောအနားယူ အပန်းဖြေရေးလုပ်ငန်းဖြစ်လာစေရန် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စီမံအကောင်အထည်ဖော်လျက်ရှိသည်။

“ကော်ဖီစိုက်ပျိုးရေးကို အခြေခံတဲ့ခရီးသွား လည်ပတ်စရာနေရာအဖြစ် ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ခြံထဲမှာ လည်ပတ်လို့ရမယ်။ ဒီလိုလည်ပတ်ရင်း သဘာဝအလှကို ခံစားနိုင်မယ်။ ကော်ဖီစိုက်ပျိုးရေးကို လေ့လာနိုင်မယ်။ ဒီလို လည်ပတ်လေ့လာတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့လည်း စီစဉ်ဆောင်ရွက်ရပါတယ်။

ပြည်တွင်းပြည်ပခရီးသွားတွေက သဘာဝအလှအပကိုပဲ နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီအလှနဲ့ ကော်ဖီကို တွဲဖက်ထားလို့ရမယ့် ကော်ဖီဆိုင်၊ ဒေသထွက် သစ်သီးဝလံ ပန်းမန်အရောင်းဆိုင်တွေပါရှိမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ကော်ဖီဥယျာဉ်တွင် ပြင်ဦးလွင်ဒေသထွက် ရာသီပေါ်ပန်းမန်နှင့် သစ်သီးဝလံ၊ ပျိုးပင်အရောင်းဆိုင်များ ပါဝင်မည့်အပြင် ကော်ဖီဥယျာဉ်အတွင်း သဘာဝရေထွက်၊ တမံငယ်၊ စမ်းချောင်းများ၊ ရွှံ့ညွန် တောလျှောက်တံတား၊ ခြံအတွင်းလျှောက်လမ်း၊ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော သက်တမ်းရင့် ညောင်မုတ်ဆိတ်ပင်၊ ဆပ်သွားဖူးတော စသည့် နေရာများကိုပါ လည်ပတ်အပန်းဖြေနိုင်မည်ဖြစ်သည်။

မကြာမီဖွင့်လှစ်နိုင်ရန် စီစဉ်

ပြင်ဦးလွင်ကော်ဖီဥယျာဉ်၏ Soft Opening ကို ၂၀၂၂ခုနှစ် မေ ၂၈ ရက်က ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကာ Grand Opening ကို မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပြင်ဦးလွင် ကော်ဖီဥယျာဉ်ကို နံနက် ၈ နာရီမှ ညနေ ၅နာရီအထိ သတ်မှတ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနသည် ကော်ဖီဥယျာဉ်တွင် မွှေးရနံ့နှင့်ပတ်သက်၍ ထူးခြားသော မြေနိမ့် ကော်ဖီမျိုးဖြစ်သည့် သက်တမ်းရင့် လိုက်ဘေးရီးကား ကော်ဖီညီနောင်နှင့် ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုး ဆယ်မျိုး၏ မျိုးအလိုက် မျိုးထိန်းစိုက်ကွက်များတည်ထောင်ခြင်း၊ကော်ဖီ ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် အသုံးပြုသော စက်ကိရိယာများ (Coffee Processing Plant) ကို ခင်းကျင်းပြသခြင်း၊ ကော်ဖီနှင့်ပတ်သက်၍ လေ့လာနိုင်မည့် Information Center ၊ Coffee Knowledge Center ၊ မုခ်ဦးနှင့်ကားပါကင် ဆောက်လုပ်ခြင်း၊ ခြံအတွင်း ပတ်လမ်းဖောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် ကော်ဖီဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

တစ်နေရာတည်းတွင် ရောင်းဝယ်ဖောက်ကားနိုင်မည်

ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)အား ယခုကဲ့သို့ ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် ပြောင်းလဲဖော်ဆောင်နိုင်ခြင်းအားဖြင့် မြန်မာ့ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီသမိုင်း၊ ပြည်သူအများ မသိရှိသေးသော ကော်ဖီသီးနှံ၏ သဘောသဘာဝများ၊ သတင်းအချက်အလက်များအားအခြေခံ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကော်ဖီထွက်ကုန်များအား ဈေးနှုန်းမှန်ကန်၊ မြန်ဆန်စွာဖြင့်တစ်နေရာတည်း တွင် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

ထို့အပြင် ပြင်ဦးလွင်ဒေသထွက် ကော်ဖီထုတ်ကုန်အမျိုးမျိုး၊ ကော်ဖီနှင့်ပတ်သက်သော သတင်းအချက်အလက်များ ပိုမိုသိရှိလေ့လာနိုင်ခြင်းတို့ဖြင့် အများပြည်သူအနားယူ အပန်းဖြေရင်း အသိပညာတိုးပွားရရှိမည်ဖြစ်သကဲ့သို့ ခြံအတွင်းရှိ သဘာဝအရင်းအမြစ်များကို စနစ်တကျပြုစု ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ပြင်ဦးလွင်မြို့၏ ဂေဟစနစ်ကို ထောက်ကူပေးခြင်းနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပေးခြင်း စသည့်အကျိုး ကျေးဇူးများကိုပါ ရရှိနိုင်စေမည်ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။။