Skip to main content

မြန်မာအမျိုးသမီးတို့၏ မြတ်နိုးဖွယ်ဂုဏ်ရည်များ

ဝတ်ရည်ခင် (ပဲခူး)

မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်တွင် ထုံးဓလေ့ အစဉ်အလာကောင်းများကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထိုသို့ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသော မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စာပေများတွင် အထင်အရှားတွေ့မြင်ရသည်။ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူယှဉ်တွဲ ရပ်တည်ခဲ့သည့် အစဉ်အလာကို မြန်မာစာအရေးအသား စတင်သည့်ကာလမှာပင် အထင်အရှား တွေ့ရပါသည်။ ရာဇာကုမာရ်ကျောက်စာ (မြစေတီ ကျောက်စာ၊ ခရစ်နှစ် ၁၁၁၂ ခန့်)တွင် အရိမဒ္ဒနပူရ ပုဂံပြည့်ရှင် ဂီတြိဘုဝနာဒိတျ ဓမ္မရာဇာဘွဲ့ခံ ကျန်စစ်သားမင်းကြီးနှင့်အတူ မင်းကြီး၏ မိဖုရားဖြစ်သော တြိလောကဝဋိသကာဒေဝီ (သုံးလောက ဦးဆောက်ပန်း)၏ အမည်ကို တန်းတူယှဉ်တွဲ ဖော်ပြထားသည်ကို တွေ့ရသည်။ လောကသုံးပါးတွင် ဦးခေါင်း၌ စိုက်ထိုးပန် ဆင်ရသောပန်းဟူ၍ အဓိပ္ပာယ်ရသော ထိုဘွဲ့အမည်သည် မိဖုရားကြီး၏ မြတ်နိုးဖွယ်ဂုဏ်ရည်ကို ဖော်ပြထားရှိပါသည်။ ကျန်စစ်သားမင်းကြီးသည် ဦးဆောက်ပန်းမိဖုရားကို ချစ်မြတ်နိုးသည့်အလျောက် ရတနာအဆင်တန်ဆာများနှင့်တကွ ကျွန်သုံးရွာကို အပိုင်စားပေးသနားခဲ့ကြောင်း ကျောက်စာတွင် မှတ်တမ်းတင်ရှိပါသည်။ ခင်ပွန်းသည် ချစ်မြတ်နိုးသော ဇနီးသည်တစ်ဦး၏ အခန်းကဏ္ဍကို ကျောက်စာတွင်ဖော်ပြထားရှိပါသည်။

ပုဂံခေတ် မြန်မာအမျိုးသမီးများသည် ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကြသည်နှင့်အညီ စိတ်နှလုံး သိမ်မွေ့အေးချမ်းကြသည်။ ဗုဒ္ဓ၏အဆုံးအမကို အခြေပြုသော ထုံးဓလေ့အစဉ်အလာများကို ခံယူ ကျင့်သုံးကြသည်။

ပုဂံခေတ်က အမျိုးသမီးအမတ်ရှိ

အုပ်ချုပ်ရေးတွင်လည်း အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူပါဝင်လှုပ်ရှား ဆောင်ရွက်ကြကြောင်း တွေ့ရသည်။ ကလန်၊ သံပျင်၊ သံဖမိ (တရားသူကြီး)ဟူသော ရာထူးများနှင့်ယှဉ်တွဲ၍ အမျိုးသမီးအမည်များ တွေ့ရသည်။ မင်းအမတ် အစလပိစည်သည် ဘုရားတွင် ကျွန်များလှူကြောင်း ဖော်ပြရာ၌ ဤကျွန်ကား ငါ့မိ၊ ငါ့ဖမှလာသော ကျွန်လည်းမဟုတ်၊ ငါ့လင်မိဖမှလာသော ကျွန်လည်းမဟုတ်ဟု ဖော်ပြသည်ကို ထောက်၍ မင်းအမတ် အစလပိစည်မှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပုဂံခေတ်က အမျိုးသမီးအမတ်ရှိကြောင်း သိရ သည်။

မြန်မာအမျိုးသမီးများသည် အစဉ်အလာကောင်းများကို အဆက်ဆက်ထိန်းသိမ်းခဲ့သည်။ ပုဂံခေတ်နှောင်းပိုင်းတွင် မင်းဗိုင်းရေး၊ ရာဇသူ၊ သစ်မတီးဖွားစော ဟူ၍ ပညာရှင်များ ဖော်ညွှန်းသော စောအမည်ခံ မိဖုရားကြီးများ ပေါ်ပေါက်ခဲ့ရာ ထိုမိဖုရားကြီးများသည် ခင်ပွန်းဖြစ်သော ဘုရင်မင်းတို့၏ အရေးကိစ္စများတွင် များစွာကူညီဆောင်ရွက်ပေးကြကြောင်း တွေ့ရသည်။ ဩဇာ အရှိန်အဝါလည်း ကြီးကြသည်။

ပင်းယခေတ် ငါးစီးရှင်ကျော်စွာ၏ တောင်အိမ်တော်သခင် မိဖုရားကြီးမင်းဆက် ငါးသွယ်ရှင်ဘို့မယ်၊ နန်းလယ်လင်သည်ဟု စာဖွဲ့ရသော အင်းဝခေတ်က မိဖုရားရှင်ဘို့မယ်၊ ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ သမီးတော်ဘုရင်မကြီး ရှင်စောပုတို့သည် ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်း၏ မိဖုရားကြီး စကြာဒေဝတီအထိ မိဖုရားကြီးများသည် မြန်မာအမျိုးသမီးများ၏ အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်ရာအစဉ်အလာကို ထိန်းသိမ်းခဲ့ကြသည်။

အမျိုးသမီးစာဆိုတော်

စာပေကဏ္ဍတွင်လည်း ပုဂံခေတ်တွင် ရဟန်းကိုပင် စာပေပို့ချသည့် သံပျင်မင်းသမီးမှသည် မိဖြူ၊ မိညို၊ ဇင်းမယ်မိဖုရား၊ ရာဇဓာတုကလျာ၊ ရဝေရှင်ထွေး၊ တောင်တွင်းရှင်ငြိမ်းမယ်၊ မယ်ခွေ၊ ရှင်မင်း၊ သမင်မင်းမိ၊ ခင်ဆုံ၊ အနောက်နန်းမမြလေး၊ လှိုင်ထိပ်ခေါင်တင် စသည့်အမျိုးသမီးစာဆို ရှင်များနှင့် ကိုလိုနီခေတ်တွင် မေတ္တာစာများ ရေးဖွဲ့ခဲ့သော မြို့အုပ်ကတော်သုံးဆယ်သူ မမိအထိ အမျိုးသမီးစာဆိုများသည် စာပေဆိုင်ရာ ထုံးဓလေ့အစဉ်အလာများကို ထိန်းသိမ်းကာ စာကောင်းပေမွန်များ ရေးဖွဲ့ခဲ့ကြသည်။ လွတ်လပ်ရေး ရပြီးချိန်မှစ၍ အမျိုးသမီး စာဆိုတော်တို့၏ အင်အားသည် ပို၍ပို၍ ဖွံ့ဖြိုးတိုး တက်လာပါသည်။

မြန်မာအမျိုးသမီးများသည် ဗုဒ္ဓ၏ အဆုံးအမများဖြင့် ထုံမွှမ်းအပ်သော ထုံးဓလေ့အစဉ်အလာများဖြစ်သည့် ဘာသာတရား ကိုင်းရှိုင်းမှု၊ ခင်ပွန်းသည်နှင့် အတူကူညီဆောင်ရွက်မှု၊ ဟီရိဩတ္တပ္ပ ထိန်းသိမ်းမှု၊ အမျိုးသမီးများ ကျင့်သုံးမှုဟူသည့် အစဉ်အလာကောင်းများကို အစဉ်အဆက် မြတ်နိုးလေးစားစွာ ခံယူကျင့်သုံးကြသည်။

မြန်မာအမျိုးသမီးများသည် ဘာသာတရားအဆုံးအမဖြင့် ကြီးပြင်းလာရသည့်အလျောက် ကိုယ်ကျင့်တရား စောင့်ထိန်းရေးနှင့် ပတ်သက်သည့် အဆုံးအမများ လမ်းညွှန်ချက်များကို ငယ်စဉ်ကပင် လေးစားစွာ လိုက်နာ ကျင့်သုံးကြရသည်။ သမီးအဖြစ်၊ နှမအဖြစ်၊ မိခင်အဖြစ် ကြီးပြင်းလာရသော ဘဝတစ်လျှောက်လုံးတွင် မိသားစု ချမ်းမြေ့ရေးအတွက် မိမိ၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရင်း ကိုယ်ကျင့်တရား စောင့်ထိန်းမှုကို တစ်ပါတည်း ကျင့်သုံးဆောင်ရွက်သွားကြမြဲ ဖြစ်သည်။

ကိုယ်ကျင့်တရားကို စောင့်ထိန်း

မြန်မာ့လူ့အဖွဲ့အစည်း ကလည်း အမျိုးသမီးများ ကိုယ်ကျင့်တရား ပျက်ယွင်းမှုကို လက်မခံဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ ရှိသည့်အလျောက် မြန်မာအမျိုးသမီးများသည် အတိမ်းအစောင်း မရှိအောင် ကိုယ်ကျင့်တရားကို စောင့်ထိန်းကြသည်။ မြန်မာအမျိုးသမီးများသည် မေတ္တာတရား၊ သစ္စာတရားကို တန်ဖိုးထားသည်။

မိန်းမကောင်းပန်းပန်၊ တစ်ပွင့်တည်းဟူသော ဆိုရိုးစကားတွင် ရုပ်ဆင်းအင်္ဂါ ပြည့်စုံသော အမျိုးသမီးသည် ပန်းတစ်ပွင့်ပန်ရုံဖြင့် တင့်တယ်သည်ဟူသော အဓိပ္ပာယ်သာမက မိမိချစ်မြတ် နိုးသူ ခင်ပွန်းတစ်ဦးတည်း ကိုသာလျှင် သေတစ်ပန်၊ သက်တစ်ဆုံး သစ္စာရှိစွာပေါင်းသင်းသွားမည်ဟူသော အဓိပ္ပာယ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနိုင်သည်။ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူလ၊ တော်လေးဝဟူသောစကားနှင့်အညီ ခင်ပွန်းသည်တို့အပေါ်တွင် တော်တည့်ဖြေဖြောင့်မတ်သော သစ္စာတရားထားရှိသည့် အမျိုးသမီးလေးဦးသည် မြန်မာအမျိုးသမီးများအတွက် စံပြများဖြစ်သည်။ ထိုအမျိုးသမီးများကို စံနမူနာပြုလျက် ကိုယ်ကျင့်တရား စောင့်ထိန်းရင်း မြန်မာအမျိုးသမီးများကို အမြဲသတိပေးနေသကဲ့သို့ရှိသည်။

မကောင်းမှုပြုရန် ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရိဩတ္တပ္ပ တရားနှစ်ပါးသည် လောကကို စောင့်ရှောက်သော လောကပါလ တရားများဖြစ်သည်။ မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အဆက်ကပင် ဟီရိဩတ္တပ္ပဟူသော အရှက်အကြောက်ကို ထိန်းသိမ်းခဲ့ကြသည်။

မိန်းမတို့ဣန္ဒြေ ရွှေပေးမရဟူသော ဆိုရိုးစကား၊ ဗိုင်းကောင်းကျောက်ဖိ ဟူသော တင်စားမှုတို့က မြန်မာအမျိုးသမီးများ၏ ဣန္ဒြေပြည့်စုံမှု၊ အရှက်အကြောက် ထိန်းသိမ်းမှုကို ဖော်ပြလျက်ရှိသည်။

ဝတ်စားဆင်ယင်မှုဆိုင်ရာတွင် အစောဆုံး အထောက်အထားအဖြစ် တရုတ်မှတ်တမ်းများမှ ပျူအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ပုံများ တွေ့ရသည်။ ပိုးချည် အပြာထဘီနှင့် ပိုးပဝါခြုံကြသည်။ လမ်းလျှောက်လျှင် ယပ်တောင်ကိုင်သည်။ ပိုးပစ္စည်းများ အဝတ်များကြသည်။

ဆံပင်ထုံးဖွဲ့ရာတွင် နောက်တွဲထံသက်သက် သော်လည်းကောင်း၊ လှပစွာထုံးနှောင်ပြီး ဆံထုံး၊ ဆံညှပ်၊ ဆံကျစ်တို့ဖြင့် တန်ဆာဆင်လာသည့် အင်းဝခေတ်စာဆိုရှင် ရဝေရှင်ထွေး၏ အန်ချင်းမှ ဥသျှောင်ထုံးနည်း ၅၅ မျိုးမှာ ပုဂံသူတို့၏ ဆံကေသာအလှပြုပြင်နည်းများပင် ဖြစ်ပါသည်။

ဝတ်စားဆင်ယင်ပုံများ အသွင်အမျိုးမျိုးပြောင်းလဲ

ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ပုံများ အသွင်အမျိုးမျိုး ပြောင်းလဲလာခဲ့သည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် မင်းခမ်းတော်ဝင် ဆံထုံးများအဖြစ် ခုနစ်မျိုးရှိရာ၊ အနောက်နန်း မမြကလေး စိတ်ငြိုငြင်ခိုက် ကပိုကရိုထုံး၊ ဦးကြော့၏ စုံနံ့သာမြိုင်ရှာပုံတော်မှ မြစပယ်ငုံ၊ လလယ်ယုန် ဆံထုံးများမှသည် ကိုလိုနီ ခေတ်တွင် တက္ကသိုလ်ကျောင်းသူများ တခမ်းတနားထုံးကြသော ဘီအေဆံထုံးအထိ အသွင်အမျိုးမျိုးပြောင်းလဲခဲ့သည်။ သို့သော် ဆံပင်ကို အမွန်အမြတ် တန်ဖိုးထားကာ ဆံပင်ရှည်ရှည်ထား၍ ထုံးဖွဲ့သည့်ဓလေ့ကား အနှစ်သာရအဖြစ် တည်တံ့လျက်ရှိသည်။

ထို့အတူ အင်္ကျီ၊ ထဘီတို့၏ ပုံပန်းသွင်ပြင် အဆင်အသွေးတို့မှာလည်း ခေတ်အဆက်ဆက် ပြောင်းလဲမှုများရှိသည်။ ချည်ထည်၊ ပိုးထည်အမျိုးမျိုးကို ခေတ်အလိုက်လှပသောပုံများ၊ ဖန်တီးကာ ချုပ်လုပ်ဝတ်ဆင်ကြသည်။ ရွှေချည်၊ ငွေချည်ထိုးကြသည်။ ခေတ်အဆက်ဆက် နံရံဆေးရေး ပန်းချီများ၊ ပုရပိုက် ပန်းချီများတွင် မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ပုံ အထောက်အထားများကို တွေ့နိုင်သည်။

ရင်လွှမ်းတန်ဆာ၊ ခြုံတဘက်တို့ကို ဆင်ယင်ကြောင်း သိရသည်။ ပျံမွှေး ရွှေအင်္ကျီ၊ ရွှေထဘီ၊ ကြာ ညွန့်၊ အင်္ကျီ၊ နှင်းဆီ ရွှေပြောက် ကွမ်းတုံ၊ ဘိန်းရယ်နှင့် မွတ်စိမ်းပဝါစသည့် အရေးအဖွဲ့များကို စာပေများတွင် တွေ့ရသည်။ ခေတ်အလိုက်အလှအပ တန်ဆာဆင်ပုံများ ကွဲပြားသော်လည်း ထဘီနှင့် အင်္ကျီဟူသော အရင်းခံ အဝတ်အစားတို့မှာမူ အနှစ်သာရအဖြစ် ခေတ်အဆက်ဆက်တွင် အခိုင်အမာ တည်ရှိခဲ့သည်။

မြန်မာအမျိုးသမီးဟု ဆိုလိုက်လျှင် ထဘီနှင့်အင်္ကျီကို ဣန္ဒြေရစွာ ဝတ်ဆင်သူဟု နားလည်သကဲ့သို့ ထဘီနှင့်အင်္ကျီဟု ဆိုလျှင်လည်း မြန်မာအမျိုးသမီးများကို ကိုယ်စားပြုသော သင်္ကေတအဖြစ် နားလည်နေကြပြီ ဖြစ်သည်။ မြန်မာအမျိုးသမီးများသည် ရက်ကန်းစင်တွင် ကိုယ်တိုင်ရက်လုပ်သော ပြည်တွင်းဖြစ် အထည်များကို အဓိကထားပြီး ဝတ်ဆင်ကြသည်။ လုံလုံခြုံခြုံ လှလှပပ ဝတ်ဆင်ခဲ့ကြသည့် မြန်မာအမျိုးသမီးတို့၏ ယဉ်ကျေးမှုကို ယနေ့မြန်မာအမျိုးသမီးတို့က ဆက်လက်ထိန်းသိမ်းကာ နောင်အနာဂတ်ကာလ မျိုးဆက်သစ်မိန်းကလေးများကို လက်ဆင့်ကမ်း အမွေပေးစေချင်ပါသည်။

ဝတ်စားဆင်ယင်မှု ယဉ်ကျေးလှ

ပြည်တွင်းဖြစ်ချည်ထည်လေးများကို ယခုအခါ လှပစွာဝတ်ဆင်ကြသည်ကိုလည်း များစွာတွေ့မြင်ရ၍ ဝမ်းသာမိပါသည်။ ဝတ်စားဆင်ယင်မှု ယဉ်ကျေးလှပခြင်း သည်လည်း မြန်မာ အမျိုးသမီးတို့၏ မြတ်နိုးဖွယ်ဂုဏ်ရည်ပင် ဖြစ်ပါသည်။ မြန်မာအမျိုးသမီးများ မြတ်နိုးဖွယ်ရာ ဂုဏ်ရည်များတွင် ထပ်ဆင့်လောင်း၍ အလှဆင်သည်က စွမ်းဆောင်ရည် ပြည့်ဝကြခြင်းပင်ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးအကျိုးကို မြင့်မားသည်ထက် မြင့်မားရလေအောင် ဆောင်ရွက်နေကြသည်။ အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများကို ကဏ္ဍအလိုက် အားလုံးဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြသည်။ အမျိုးသမီးထုကြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုခြင်း ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့အစည်းသည် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပေးခဲ့ပါသည်။ အမျိုးသမီးကော်မတီ အဖွဲ့ကြီး၏ အောက်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ Legal Clinic Myanmar အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ အမျိုးသမီးအားကစား အဖွဲ့ချုပ် စသည့်အဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်များ အကောင်အထည်ဖော်ရန်၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ငန်းရပ်များ အပြည့်အဝ ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ၏ စွမ်းအားနှင့် စွမ်းဆောင်မှုများသည် အလွန်အရေးကြီးကြောင်း တွေ့ရှိခဲ့ရပါသည်။ ကဏ္ဍပေါင်းစုံ အမျိုးသမီးများ ပါဝင်နိုင်ဖို့ အခွင့်အလမ်းပေါင်းစုံနှင့် တန်းတူညီမျှလုပ်ဆောင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးလှပါသည်။

အမျိုးသမီးကော်မတီနှင့်ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်း

၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂက ချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustain- able Development Goals-SDGs)စသည့် နိုင်ငံတကာအဆင့် ကတိကဝတ်ပြုထားမှုများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်လျက် ရှိပါသည်။ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်လမ်းညွှန် ဆောင်ရွက်သွားရန်အတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရား ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြ ပါသည်။ နယ်ပယ်ရပ်အားလုံးရှိ အမျိုးသမီးများ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရန်အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ဦးစားပေးလုပ်ဆောင်အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရစ်ကြစေရန် နိုင်ငံတော်အစိုးရ လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူများနှင့် အမျိုးသမီးထုကြီးကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အရေးကြီးပါသည်။

အမျိုးသမီးတိုင်း၊ အမျိုးသမီးငယ်ရွယ်၊ ကလေးသူငယ်တိုင်း စာတတ်မြောက်ရေး၊ ကျောင်းပညာ သင်ကြားရေး၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ဗဟုသုတ လေ့လာပြည့်စုံရေး၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝရေးကို အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြပြီး ခေတ်အဆက်ဆက် စွမ်းရည်ထက်မြက်ကြပြီး မြတ်နိုးဖွယ်ရာ ဂုဏ်ရည်များစွာတို့နှင့် ပြည့်စုံနေသည့် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုများကို လေးစားဂုဏ်ယူ အားကျအတုယူ စံပြထားပြီး အနာဂတ်ကာလအတွက် မျိုးဆက်သစ် မြန်မာအမျိုးသမီးလေးများ၏ ဘဝလုံခြုံမှုနှင့် စွမ်းရည်မြင့်မားရေးကို ဦးတည်ကြိုးပမ်း အားထုတ်ကြိုးစားကြရ ပါမည်။ စွမ်းဆောင်ရည် ပြည့်ဝသည့် မြန်မာအမျိုးသမီးများ တိုးတက်သည်ထက် တိုးပွားပြီး နိုင်ငံနှင့် လူမျိုးအကျိုးကို မြင့်မားသည်ထက်မြင့်မားရအောင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူး၍ ကြိုးစားဆောင်ရွက်ကြရင်းဖြင့် ဇူလိုင်လ ၃ ရက်နေ့ တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို မြန်မာအမျိုးသမီးတို့၏ မြတ်နိုးဖွယ်ရာ ဂုဏ်ရည်များစွာနှင့်အတူ ဂုဏ်ပြုလိုက်ရပါသည်။   ။