လူ နဲ့ ပိုး
သမားအို
“လူတွင်ပါလို့ နွားကျားကိုက်ခံရတာ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားဟာ ကိုဗစ်-၁၉ ကပ်ရောဂါက ပေးထားတဲ့ သင်ခန်းစာနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။
၂၀၂၀ နှစ်ဆန်း ကိုဗစ်-၁၉ ရောဂါသတင်းတွေ ကြားခါစက တွေးရိုးတွေးစဉ် တွေးကြတဲ့ ဆရာဝန် တွေရဲ့ပါးစပ်က နှစ်ပတ်ပဲ သည်းခံရင် ရောဂါပြဿနာ ကျသွားမယ်လို့ ပြောခဲ့ကြပါတယ်။ ရောဂါ ခြေချုပ်လုပ်ဖို့ အိမ်တွေမှာပဲ နေဖို့ဆိုတဲ့ ကိစ္စတွေကို သည်းခံနိုင်အောင် အားပေးရင်းအား ပေးရင်းနဲ့နေတော့ ကမ္ဘာကြီးတစ်ခုလုံး နှစ်နှစ်ကျော်ကြာ ခြေချုပ်ကျနေတဲ့ဒဏ်ကို မခံနိုင်တော့ ဘဲ လှုပ်လှုပ်ရွရွ ဖြစ်လာကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ လုပ်ဆောင်ချက်တွေကို အားမရဘဲ အခုကျင်းပနေတဲ့ G-20 အစည်းအဝေးမှာပဲ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ကပ်ရောဂါဆိုင်ရာ ဆုံးဖြတ်ချက်တွေကို၊ လမ်းညွှန်ချက်တွေကို ပြင်မှဖြစ်မယ်လို့ ပြောလာကြပါတယ်။
လူတွေရဲ့အပြုအမူ
အဲဒီလိုပြောလာတဲ့ အထဲမှာ အင်ဒိုနီးရှား ဝန်ကြီးက “The health crisis becomes an economic crisis, economic crisis becomes a social crisis and a social crisis becomes a political crisis” လို့ ပြောသွားပါတယ်။ “ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာက စီးပွားရေး ပြဿနာဖြစ်၊ စီးပွားရေးပြဿနာက လူမှုရေးပြဿနာဖြစ်ပြီး နောက်တော့ နိုင်ငံရေး ပြဿနာတွေ ဖြစ်လာတယ်” လို့ ဆိုတယ်။ အဲဒီအထိကတော့မှန်ပါတယ်။ ဒါပေမယ့် G-20 အစည်းအဝေးမှာ “Global Health protocol standards that will make the mobility of global travellers easier” အကြံဉာဏ်တွေ ထုတ်လာတာကိုတော့ စဉ်းစားကာ နေရဦးမယ်လို့ ဆိုရပါမယ်။ စီးပွားရေးဆရာတွေက စီးပွားရေးကို ဦးစားပေးတာ မှန်ပေမဲ့ လူတွေရဲ့ အပြုအမူတွေက ကပ်ရောဂါတွေကို ပိုမိုဆိုးရွားစေရုံသာမကဘဲ ဆေးကုမရတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ပိုပြီးအားပေးအားမြှောက် လုပ်သလို ဖြစ်နေတာကို ထည့်တွက်ဖို့ လိုပါတယ်။
ရှေးရှေးတုန်းကလည်း ကပ်ရောဂါတွေ ရှိခဲ့တာပဲ။ Black Death လို့ခေါ်တဲ့ ပလိပ်ရောဂါလိုပဲ ကြောက်စဖွယ် ကြုံခဲ့ရတယ်။ ကာလဝမ်းရောဂါကြီး တွေနဲ့လည်း ကြုံခဲ့ရတယ်။ ကျောက်ရောဂါကြီး တွေနဲ့လည်း ကြုံခဲ့ရတယ်။ ရောဂါစဖြစ်တဲ့ နေရာက နေကျယ်ပြန့်တဲ့ ကပ်ရောဂါ အသွင်ပြောင်းရတာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် လူတွေရဲ့ ကြောက်စိတ်နဲ့ လှုပ်ရှားသွားလာမှုက အဓိက ကျနေတာ တွေ့ရပါတယ်။ ရောဂါဖြစ်တယ် ဆိုတာ သဲ့သဲ့ကြားတာနဲ့ ရပ်ရွာကိုပစ်ပြီး ထွက်ပြေးကြတယ်။ အဲဒီထွက်ပြေးသွားတဲ့ လူအုပ်စုတွေထဲမှာ ရောဂါလက္ခဏာ မပြတဲ့လူတွေ ပါလာတယ်။ ရောဂါပိုးတွေ ကပ်ငြိနေတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ပါလာတယ်။ ဒါတွေက လူတွေ ရောက်ရာဒေသမှာ ရောဂါကူးစက်ဖို့ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။
၂၀၁၉ အကုန်မှာ ကိုဗစ်-၁၉ စဖြစ်တယ်။ ဝူဟန်မှာ ရောဂါဖြစ်ပြီလို့ သတင်းထွက်တာနဲ့ ထွက်ပြေး ပြောင်းရွှေ့သွားတဲ့သူတွေ အများကြီးပဲ။ သူတို့တစ်တွေ ဘယ်ရောက်ကုန်သလဲ။ ဝူဟန်ကို ပိတ်ဆို့ဖို့ (Lockdown) လုပ်ဖို့ ဆုံးဖြတ် ဆောင်ရွက်ရတဲ့ အချိန်မတိုင်ခင်မှာ လူသန်းပေါင်းများစွာ ပြောင်းရွှေ့ ထွက်သွားမှာ သေချာပါတယ်။ ဥရောပကို ရောက်တယ်။ နောက်တော့ အမေရိကန်မှာ စုပြုံသွားတယ်။ အခုထက်ထိလည်း ကိုဗစ်-၁၉ ကပ်က မရပ်သေးဘူး။ အမေရိကန်က ချန်ပီယံပဲ။ လောလောဆယ် ပြန်ခေါင်းထောင်လာတဲ့ပိုးက အိုမီခရွန်ဗိုင်းရပ်စ်ပိုးရဲ့ မျိုးကွဲ BA.4 နဲ့ BA.5 တွေ များလာတယ်။ စမ်းသပ်ကြည့်တဲ့လူတွေရဲ့ လေးပုံတစ်ပုံဟာ ကိုဗစ်-၁၉ ရဲ့ မျိုးကွဲအိုမီခရွန်ရဲ့ နောက်ဆက်တွဲထွက်လာတဲ့ BA.4 နဲ့ BA.5 တွေ ပါပဲ။ အလွန်ကူးစက်မြန်ပြီး လူတွေရဲ့ ကိုယ်ခံအားကို လှည့်ပတ်ရှောင်ရှားပြီး ဝင်သွားနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။
စီးပွားရေးကျဆင်းမှုတွေဖြစ်လာ
ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေ ဖြစ်လာနေတာကို ထောက်ပြပြီး ခရီးသွားတွေများများသွားရင် စီးပွားဖြစ်မယ်လို့ အကြောင်းပြကြတယ်။ ပိတ်ထားတဲ့တံခါးတွေ ဖွင့်ကြရတယ်။ ဒါက တစ်ကမ္ဘာလုံးပဲ။ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ လက်မြန်ခြေမြန်စီးပွား ပြန်တက်လာအောင် ဖွင့်ပေးထားတယ်။ မြန်မာနိုင်ငံနောက်မှာ ဝေးဝေးကျန်ခဲ့ဖူးတဲ့ စင်ကာပူနိုင်ငံတောင်မှ မြန်မာ့ကိုဗစ်-၁၉ နှုန်းထားကို များစွာ ကျော်လွှားသွားတယ်။ ရောဂါပိုးတွေ့နှုန်းက စင်ကာပူမှာ မြန်မာထက် နှစ်ဆကျော်ကျော် ဖြစ်လာတယ်။ ဗီယက်နမ်နိုင်ငံဆိုရင်လည်း အာဆီယံနိုင်ငံတွေထဲက အားလုံးကို ကျော်ဖြတ်ပြီး ထိပ်ဆုံးပိုးတွေ့နှုန်းရှိတဲ့ နိုင်ငံဖြစ်လာတယ်။
ဘာဖြစ်လဲ။ များများရောဂါ ဖြစ်ပြီး နည်းနည်းပဲသေတဲ့နိုင်ငံ ရှားလာပြီ။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ ကုရာနတ္ထိ ဆေးမရှိဘူး။ ကာကွယ်ဆေးတွေ အမျိုးမျိုးထုတ်ပြီး ကာကွယ်လာကြလို့ ကူးစက်ခံရသူ နည်းလာတယ်။ သေကောင်ပေါင်းလဲ မဖြစ်တော့ဘူးဆိုတာ မှန်ပေမယ့် ရောဂါပိုးတွေဟာ ဗီဇပြောင်းပြီး တိုက်ခိုက်လာတာကြောင့် ပင်လယ်ကလာတဲ့ လှိုင်းလုံးတွေလို တစ်လုံးပြီးတစ်လုံး ဆင့်လာတယ်။ နိုင်ငံအချို့မှာ ပဉ္စမလှိုင်း (Fifth wave)တွေ ကြုံတွေ့ခဲ့ပြီးပါပြီ။
ပဉ္စမလှိုင်းရဲ့အစလား
မြန်မာနိုင်ငံမှာတော့ ဒီနှစ်ဆန်းမှ စတုတ္ထလှိုင်းလို့ ပြောရင်ရတဲ့ လှိုင်းကလေးတစ်ခု အိုမီခရွန် (Omicron) ပြောင်းဖြစ်ခဲ့ပြီး အခုတော့ ပိုးတွေ့ နှုန်းတွေဟာအတော်ပဲနည်းသွားတယ်။စစ်တဲ့ အထဲက လေး၊ ငါးယောက်လောက်ပဲ ရှိနေပေမယ့် အခုရက်ပိုင်းအတွင်းမှာ ဆယ်ယောက်နဲ့ အထက် ပိုးတွေ့သူတွေ ရှိလာတယ်။ သဘာဝအတိုင်း လှိုင်းကြက်ခွပ်ကလေးတွေပဲလား၊ ဒါမှမဟုတ် ပဉ္စမလှိုင်းရဲ့အစလား။ ဘယ်သူမှ အပ်ကျမပ်ကျ မပြောနိုင်ပါဘူး။
အရေးကြီးတာက ကိုယ့်နိုင်ငံထဲကို ရောဂါပိုး သစ်တွေဝင်မလာအောင်၊ ဝင်လာခဲ့ရင်လည်း စောစောသိ စောစောထိန်းချုပ် နိုင်အောင်ဆောင်ရွက် ဖို့ပါပဲ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေကြတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကိုဗစ်-၁၉ သင်ခန်းစာတွေကို ပြန်ကြည့်ရင် ရောဂါလက္ခဏာမပြတဲ့ လူတွေက ပိုများတာလည်း တွေ့နိုင်တယ်။ အစက ထင်ထားတဲ့ ရောဂါလက္ခဏာတွေ (ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကျပ်) မဟုတ်။ အနံ့ပျောက်တာတွေ ဖြစ်လာလို့ အနံ့ပျောက်သူတွေကို စောင့်ကြည့်အုပ်စုအဖြစ် ထားခဲ့ရတယ်။ အခု အိုမီခရွန်ကျတော့ အနံ့တင်မက အရသာပါပျောက်တယ်။ လည်ချောင်း နာတယ်၊ ဝမ်းပျက်တယ်၊ ကိုက်တယ်နာတယ်ဆိုတာ တွေပါဖြစ်လာတယ်။ သေချာတာတစ်ခုကတော့ အစမှာ အဖျားတိုင်းနေရုံနဲ့ မကာကွယ်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ လွဲမှားစိတ်ချရမှု (Failed Safe) ဖြစ်စေနိုင်တဲ့အချက်တွေရှိနေတယ်။
အပြုအမူတွေ ပြောင်းလဲဖို့ခက်ဆဲ
ကူးစက်မြန်တဲ့ အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 ဟာ အမေရိကန်မှာ ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်လာတယ်။ ပိုးတွေ့နှုန်းနေ့စဉ် သိန်းဂဏန်းလောက်ရှိပြီး နေ့စဉ်ပဲ ရာဂဏန်း လောက်သေနေဆဲပဲ။ လူတစ်သန်းကျော် သေသွားခဲ့တဲ့ အမေရိကန်နိုင်ငံမှာ အခုထက်ထိ လူတွေဟာ ကိုယ်တိုင်ကျန်းမာစေဖို့ အပြုအမူတွေပြောင်းလဲ ဖို့ခက်ဆဲ၊ ပြောင်းလဲဖို့ ငြင်းဆန်ဆဲပါပဲ။ ဒါလည်းလူ့သဘာဝပါ။ လွတ်လပ်လွန်းတဲ့ လူ့အဖွဲ့အစည်းတွေအတွက်တော့ ပုံမှန်ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဥရောပမှာလည်း ဒီအချိန်မှာ ပွင့်လင်းရာသီဖြစ်လို့ ပျော်ပျော်ရွှင်ရွှင် အိမ်အပြင် ထွက်ကြတယ်။ ဆောင်းတွင်းရောက်ရင် ဆောင်းခိုငှက်တွေလိုပဲ အာရှနိုင်ငံက ဒေသအမျိုးမျိုးမှာ ဈေးသက်သက်သာသာ အပန်းဖြေနိုင်မယ့် နေရာတွေကို လာကြလိမ့်ဦးမယ်။ ဗန်ကောက်က ညကလပ်တွေမှာ စည်ကားဦးမယ်။ (ဒီမှာရှိ၊ မရှိ မသိပါ။)
ဝါဆိုဝါခေါင် ရေတွေဖောင်တဲ့ လတွေမှာ ကိုဗစ်-၁၉ လှိုင်းထလေ့ရှိ
လောလောဆယ် ထိုင်းနိုင်ငံထဲကို BA.4 နဲ့ BA.5 မျိုးကွဲတွေရောက်နေပါပြီ။ အင်ဒိုနီးရှားနိုင်ငံမှာလည်း အဲဒီပိုးမျိုးကွဲတွေကို တွေ့နေရတယ်လို့ သတင်းထုတ်ပါတယ်။ ကျွန်တော်တို့နဲ့ ထိုင်းနိုင်ငံက အိမ်ဦးနဲ့ကြမ်းပြင်လိုပဲ ဖြစ်နေတာမို့ ကူးစက်မြန်တဲ့ BA.4 နဲ့ BA.5 ဟာ ရောက်ကို ရောက်လာမှာပါ။ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ လှိုင်းဂယက်တွေကို ကြည့်ရင် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် သုံးလ ဝါဆိုဝါခေါင် ရေတွေဖောင်တဲ့ လတွေမှာ ကိုဗစ်-၁၉ လှိုင်းထလေ့ရှိတာကို တွေ့ခဲ့ရပြီး ဖြစ်တဲ့အတွက် မကြာခင်မှာ လှိုင်းဂယက်တွေ ထလာမှာကို တွေးပူမိတယ်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ အေးမြစိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်တယ်လို့ သုတေသီတွေက ပြောကြလို့ ဒီကာလမှာ သတိထားဖို့ လိုလာပါတယ်။ စိုးရိမ်စရာ သိပ်မလိုပေမယ့် ကြိုတင်သိတော့ ကိုယ်တိုင် ကာကွယ်နိုင်တယ်။ အများကိုလည်း ကာကွယ်ပေးနိုင်တယ်။ ကာကွယ်ဆေး တွေလည်း မထိုးရသေးရင် ပြေးထိုးလိုက်ဖို့ အချိန်ရပါသေးတယ်။
ဒီကပ်ရောဂါသံသရာဟာ ပြီးတော့မှာလားဆိုတဲ့ မေးခွန်းတွေ ထပ်နေပေမယ့်ဘယ်သူမှ အာမမခံနိုင်ပါဘူး။ လူတွေက အကျင့်မပြင်ချင်ကြတဲ့ အချိန်မှာ ပိုးတွေက ဗီဇပြောင်းဖို့ အခွင့်အလမ်းတွေ ရနေကြတယ်။ အာဟာရချို့တဲ့တယ်၊ ရောဂါအခံတွေများတယ်၊ ဆင်းရဲကျပ်တည်းစွာ စုပြုံနေကြရတယ်၊ ရွှေ့ပြောင်း အလုပ်လုပ်နေကြရတယ်။ ကျောခင်းစရာတစ်နေရာလေးရဖို့ အလုပ်ရှိတဲ့ မြို့ကြီးပြကြီးတွေမှာ မှီခိုပြီး ဖြစ်သလို နေကြရတယ်။ ဒါကြောင့် အပြင်ထွက်အလုပ်လုပ်၊ အားတဲ့အချိန်မှာ လက်ဖက်ရည်ဆိုင် ထိုင်နေ (အနောက်နိုင်ငံတွေမှာတော့ ဘီယာဆိုင်တွေ)။ ဒီလိုနေထိုင်မှု သာမန်တွေနဲ့ ရှင်သန်ရတော့ (Stay at home) ဆိုတာထက် Home ဆိုတဲ့ နွေးထွေးတဲ့ ရိပ်မြုံတွေမရှိရင် စိတ်ဖိစီး ဒဏ်ရာရမှု များလှပါတယ်။
ရွှေ့ပြောင်း အလုပ်လုပ်ဖို့ ခရီးထွက်ရတယ်။ ပိုက်ဆံကလေး ပိုက်နိုင်တော့လည်း အိမ်ပြန်ရတယ်။ ပွဲလမ်းသဘင်ရှိတဲ့ ကိုယ့်ရပ်ကိုယ့်ရွာကိုလည်း ပြန်လာဖြစ်ဖို့ ကြိုးစားရတယ်။ တစ်ကမ္ဘာလုံးမှာ စီးပွားရေး ကျားကန်ပေးနေတာဟာ ရွှေ့ပြောင်း လုပ်သားတွေပဲလို့ ဆိုရလောက်အောင် ဖြစ်လာတယ်။ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းတယ်။ ဆောင်းခိုဖို့ ရွှေ့ပြောင်းတယ်။ ပျော်ဖို့၊ အနားယူဖို့ ရွှေ့ပြောင်း သွားလာတယ်။ ဒီသဘာဝကို ထည့်မတွက်ဘဲ ကပ်ရောဂါတွေပျောက်အောင် မလုပ်နိုင်ပါဘူး။
မျောက်ကျောက်ရောဂါပိုး ကူးစက်မှု
သုတေသနတစ်ခုမှာ မျောက်ကျောက်(Monkey Pox) ရောဂါပိုးဟာ ဗီဇပြောင်းလဲမှုတွေ ရှိတယ်လို့ ဆိုလာတယ်။ နိုင်ဂျီးရီးယား (Nigeria) နိုင်ငံမှာ အခြေချခဲ့တဲ့ မျောက်ကျောက်ပိုးဟာ ဗီဇပြောင်းမှု အကြိမ်ပေါင်း ငါးဆယ်လောက် ရှိတယ်တဲ့။ ပိုပြီးကူးစက်မြန်လာမယ့် သဘောရှိ တယ်။ ဒီကနေ့စာရင်းအရ ကမ္ဘာ့နိုင်ငံ ၄၄ နိုင်ငံမှာ လူနာပေါင်း ၃၅၀၀ကျော် ရှိလာပြီဖြစ်လို့ WHO ကခေါင်းခြောက်နေရပါပြီ။
ကျွန်တော်တို့တော့ အေးဆေးပဲလား။ စင်ကာပူမှာ မျောက်ကျောက်ရောဂါပိုး ရှိတဲ့သူကို တွေ့ရတာသေချာပြီ။ တောင်ကိုရီးယားမှာလည်း တွေ့နေရတယ်။ အောင်းခိုဖို့ လာကြမယ့် အနောက်တိုင်းသားတွေထဲက ပိုးသယ်လာမယ့် လူတွေကတစ်ဆင့် ဒေသခံတွေကို ကူးစက်လိမ့် မယ်။ “ရွှေ” တို့ဟာ သံမှုန့်စားပြီး လူဖြစ်နေတာ မဟုတ်ပါဘူးခင်ဗျာ။ ။