Skip to main content

ယနေ့လူငယ်များနှင့် ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ယခုနှစ်၌ ပြန်လည်ကျင်းပတော့မည်ဖြစ်သည်။ “တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကို မြန်မာနိုင်ငံသားတို့က အနုပညာရှင်များနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ကြခြင်းလည်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်သုံးစုကာလက၊ တိတိပပဆိုပါလျှင် လွန်ခဲ့သော ၂၉ နှစ်တာကာလ၊ ၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့ခြင်းမှ သန္ဓေတည်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်ကာလအစိုးရသည် ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်ကို ဖွင့်ပေးခဲ့ သည်။ အနုပညာတံခါးတစ်ချပ်ကိုလည်း လှစ်ဟပေးခဲ့သည်။ လှစ်ဟပေးလိုက်သည့် တံခါးမှ ကဲကဲလွန်လွန် ဝင်ရောက်လာသော အငွေ့အသက်တို့ကို ခံစားလိုက်ကြရသည်။ စီးဝင်လာသည့် ရေစီးကြောင်း၏ အားသန်မှုအပေါ်တွင် လုပ်နိုင်သည့်အကျိုးဖြစ်ထွန်းမှုကိုရယူပြီး အခြားတစ်ဖက်တွင်လည်း အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် ထိန်းသိမ်းရန် လိုအပ်လာကြောင်း သတိပြုမိသည်။ သမ္ဘာရင့်၊ ဝါရင့်အနုပညာရှင်ကြီးများက လည်း ထိုသဘောကို နားလည်ကြသည်။ သို့ကြောင့်ပင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ပြုလုပ်ခြင်းဖြင့် လုပ်နိုင်သမျှထိန်းသိမ်းကြရန် စတင်လိုက်ကြသည်။ ပထမအကြိမ် စတင်ကျင်းပခြင်းဖြစ်သဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်ကြီးများ ပြိုင်ပွဲကြီးကို ခမ်းနားထည်ဝါအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျရာတာဝန်ကို ဝိုင်းဝန်းသယ်ပိုးထမ်း ဆောင်ခဲ့ကြသည်။ ထိုပညာရှင်ကြီးများကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် နိုင်ငံတော်က အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့သည်။ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်အသီးသီး၏ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာမှ ထုတ်ဖော်ရေးသားထားသော မှတ်တမ်းကို တွေ့ရသည့် အခါ ယနေ့လူငယ်တို့အား မျှဝေပေးလိုစိတ် ဖြစ်ပေါ်မိသည်။ ထိုပညာရှင်ကြီးများကို လေးစားအားကျလိုစိတ်လည်း ဖြစ်ပေါ်နိုင်မည်ဟု ထင်မိသည်။ တစ်ဖန် ယခုနှစ်ပြိုင်ပွဲကြီးကို ခမ်းနား ထည်ဝါအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်ကြီးများက အတီတေကာလနည်းတူ ကျရာတာဝန်ကို ဝိုင်းဝန်းသယ်ပိုးထမ်းဆောင်နိုင်ရန်လည်း ရည်ရွယ်သည်။ မှတ်တမ်းပါပုဂ္ဂိုလ်များနှင့် ယင်းပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များမှာ-

၁။ ဦးစိန်အောင်မင်း

အဆင်းလှခြင်း၊ အသံကောင်းခြင်း၊နာမည် ကျော်ကြားခြင်းနှင့် ထူးခြားသော ဂုဏ်ထူးဝိသေသရှင်ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန်၊ တရုတ်၊ ရုရှားတိုင်းပြည်တို့သို့ လှည့်လည်ကာ မြန်မာ့အနုပညာများကို ဖြန့်ကြက်ပေးခဲ့သူဖြစ်သည်။ နိုင်ငံတော်အဆင့် ပွဲလမ်းသဘင်အခမ်းအနားမှန်သရွေ့ ရှေ့ဆုံးကပါဝင်ခဲ့သည်။ အသက် (၈၀) နီးသော်လည်း (၂၀) အရွယ် မင်းသားကလေးတမျှ ပေါ့ပါးအသံကောင်းနေဆဲ။ “အသက်ကြီးသော်လည်း ပျက်စီးလိမ့် မယ်မထင်လေနဲ့” ဆိုသော စကားနှင့်ညီသော သဘင့်ဦးသျှောင်ကြီးဖြစ်ပါသည်။ (၂၄-၁၁-၂၀၀၆) သောကြာနေ့၊အသက်(၈၉)နှစ်တွင် ကွယ်လွန်ခဲ့သည်။

၂။ ဦးလှမိုး

ရုပ်ရှင်ဒါရိုက်တာအဖြစ်နှင့် ယခင်ရုပ်ရှင်အစည်းအရုံးတွင် ဒုတိယဥက္ကဋ္ဌအနေဖြင့်လည်း နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည်။(ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၃။ အကော်ဒီယံဦးအုန်းကျော်

တေးရေး၊ တေးဆိုဂီတပညာရှင်ဖြစ်သည်။ ကျေးလက်တေး၊ လူငယ်တေး၊ ဘဝသရုပ်ဖော်တေး ပြုပညာရှင်ဖြစ်ပြီး ဂီတအစည်းအရုံးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ နှောင်းတစ်ခေတ်ကရုပ်ရှင် မင်းသားလည်း ဖြစ်ခဲ့ဖူးသည်။ (ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၄။ ဦးစိန်ဗိုလ်တင့်

ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင်တစ်ဦးဖြစ်ပြီး တူရိယာငါးပါးကို ကျွမ်းကျင်သူ အတီးပညာရှင်၊ သီချင်းကြီးသရုပ်ဖော်စီစဉ်ခဲ့ပြီး တပည့်လက်သားတို့အား မြန်မာမှုများလက်ဆင့်ကမ်းပေးခဲ့သူ ရွာစားစိန်ဗိုလ်တင့်ဖြစ်ပါသည်။ (ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၅။ စစ်ကိုင်းဦးလှရွှေ

မြန်မာ့ဂီတ၊ မဟာဂီတပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ခေတ်ပညာလည်းတတ်သည်။ ရုပ်ရှင်အသံတိတ်ခေတ်ကပညာရှင်လည်းဖြစ်သည်။ သီချင်းကြီးစိစစ်ရေးတာဝန်ကို ထမ်းဆောင်ခဲ့သူ၊ မဟာဂီတစာပေဆောင်းပါးများနှင့် ပညာပေးကာအသက်ရှင်နေသရွေ့ ဂီတကိုဖက်နေမည့် ပညာရှင်ကြီး တစ်ဦးဖြစ်ပါသည်။ (၁၉၉၄ ခုနှစ်အတွက် အမျိုးသားစာပေဆုကို စာပဒေသာဘာသာရပ်တွင် “မဟာဂီတ” စာအုပ်ဖြင့် ရရှိခဲ့သည်။ ထိုစာအုပ်သည်စာမူဘဝတွင် ပခုက္ကူ ဦးအုန်းဖေ စာပေဆု၌ “ကျမ်းစာပေ” ဘာသာရပ်ဖြင့် ဆုရခဲ့သေးသည်။ ဆရာသည် အမျိုးသား စာပေဆု မကြေညာမီကာလအတွင်း ကွယ်လွန်ခဲ့သည်။)

၆။ ဒေါ်စောမုံညင်း

မြန်မာစာအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာရပ် တည်ရေးသားပြီး ပညာပေးနေသည့် မြန်မာမှုမိခင်ကြီးဟုခေါ်လျှင် မှားမည်မထင်ပါ။ ရေးသလိုလည်းဝတ်၊ ဝတ်သလိုလည်း ရေးတတ်သည်။ နမူနာပြသရင်း ဂီတ၊ သဘင်၊ ရုပ်ရှင်ပညာရပ်များနှင့် ပတ်သက်၍လည်း ဟင်းလေးအိုးကြီးနှင့်တူသည်ဟု ဆိုရမည်ဖြစ်ပါသည်။ မြန်မာ့ရိုးရာနှင့်ပတ်သက်လျှင် ခံစားချက်ကြီးမားသူ ပညာရှင်ကြီးတစ်ဦး ဖြစ်ပါသည်။ (ယခုကွယ်လွန်ခဲ့ပြီ ဖြစ်သည်။)

၇။ စန္ဒရားလှထွဋ်

ဂီတသင်္ကေတ ဖခင်တစ်ဦးဟုဆိုနိုင်သူ အကျော်အမော်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ အရေး၊ အတီး၊ အဆိုပညာရပ်များတွင် တစ်ဖက်ကမ်းခပ်တတ်သူလည်း ဖြစ်ပါသည်။ ယဉ်ကျေးမှုကောင်စီဝင်ဖြစ်၍ ရုပ်ရှင်နောက်ခံတေးများ ရေးစပ်သီကုံးပေးသူ စန္ဒရားပညာရှင်တစ်ဦးဖြစ်ပါသည်။ (ယခု ကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၈။ စိန်မာဒင်

စီးပွားရေးကို ပဓာနမထားဘဲ ဂီတသဘင်နှင့်သာ အချိန်ကုန်လွန်စေသူဖြစ်ကာ သဘင်လောကနာမည်ကြီးပညာရှင်မိုးဝင်း၏ ဖခင်ဖြစ်သည်။ (ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၉။ ဗိုလ်ကလေးတင့်အောင်

ပြဇာတ်ဖခင်ကြီး၊ ဒဂုံဆရာတင်၏တပည့်ရင်း၊ ဝင်းဝင်းရုံ၏ ကျေးဇူးရှင်၊ ငယ်ကျွမ်းဆွေပြဇာတ် စသည်တို့ကို ရေးသားခဲ့သော မြန်မာ့ရှိတ်စပီးယား တစ်ဦးဖြစ်သည်။ စာရေးဆရာ၊ ဒါရိုက်တာ၊ ပြဇာတ်လောကကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့သည်။(ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၁၀။ ဂီတလုလင်မောင်ကိုကို

ဂီတလောက၏ ဖခင်တစ်ဦး၊ ခေတ်ဟောင်းတေးနာမည်ကြီးသူဦးချစ်မောင်၊ ဒေါ်အောင်ကြည်၊ ဒေါ်စောမြအေးကြည်တို့၏ တပည့်ရင်းချာ။ ငယ်ရွယ်စဉ်ကပင် ထင်ရှားခဲ့သူ၊ Visiting Professor အဖြစ် ကမ္ဘာလှည့်ခဲ့ပြီး မြန်မာ့တေးအကြောင်း ပညာသင်ပေးခဲ့သူဖြစ်သည်။ ဂီတဖြင့် ရုပ်ရှင် အကယ်ဒမီဆုကို ပထမဆုံးဆွတ်ခူးရရှိသူဖြစ်သည်။ (ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၁၁။ ဒေါ်ယုယုလွင်(ယုရိတာတာတာချီ)

ဂျပန်အမျိုးသမီး၊ မြန်မာစာပေကို ဂျပန်တက္ကသိုလ်မြန်မာစာပါမောက္ခအိုတိုတာရာ၏ တပည့်ရင်း၊ ခက်ခဲနက်နဲသော မြန်မာသီချင်းကြီးများကို မှန်ကန်စွာသီဆိုနိုင်သူ၊ ရွာစားစိန်ဗိုလ်တင့်ထံမှ လေ့လာပြီး ဆို၊ က၊ ရေး၊ တီး ဂုဏ်ပြုပွဲညတွင် ဇာတ်ခုံစင်မြင့်ပေါ်မှ သီဆိုဖျော်ဖြေခဲ့သူဖြစ်သည်။

၁၂။ ရွှေနန်းတင်

နန်းတော်ရှေ့ဆရာတင်၏သား၊ မျိုးချစ်စိတ်ထက်သန်သူဖြစ်ပြီး အမျိုးသားရေးအနုပညာများကို ခိုင်ခိုင်မာမာမဏ္ဍိုင်ပြုနိုင်သူ၊ စာရေးဆရာတစ်ဦးဖြစ်ပြီး အမျိုးသားရေးတာဝန်ထမ်းဆောင် ရင်းအချစ်ရူးပြဇာတ်ဖြင့် ကျော်ကြားခဲ့သူ။ အာကောင်းသောမင်းသားဖြစ်ပြီး အရွယ်ငယ်သူ လေးတမျှ ကနိုင်သောသူဖြစ်ပါသည်။ ဦးနန်းဝင်း၊ နန်းခင်မွှေး၊ နန်းခင်အေးတို့၏ ဖခင်ဖြစ်ပါ သည်။ ယခုတိုင် အသက်ရှင်လျက်ရှိပြီး နိုင်ငံတော်မှချီးမြှင့်သည့် စည်သူဘွဲ့၊ အလင်္ကာကျော်စွာ ဘွဲ့တို့ကို ရရှိထားသည်။

၁၃။ ဦးဝင်းဗိုလ်

အလင်္ကာကျော်စွာရွှေမန်းတင်မောင်၏သား၊ မွေးချင်းများဖြစ်သည့် အကယ်ဒမီညွန့်ဝင်း၊ ဝင်းမောင်၊ ချမ်းသာတို့နှင့်အတူ သဘင်လောကကိုမြှင့်တင်ခဲ့သည်။ ဒါဂျီလင်ကျောင်းဆင်း၊ တစ်ချိန်က ပျိုပျိုရွယ်ရွယ်များကပါ ပုဆိုး၊ ပဝါများကမ်း၍ မကုန်နိုင်အောင်အားပေးခြင်းခံရ သည်။ ကျားမာယာပြဇာတ်တွင် မင်းသမီးဟန်ဖြင့် သရုပ်ဆောင်ခဲ့သည်။ အကဝိဇ္ဇာမင်းသား၊ ဇာတ်ဆရာလည်းဖြစ်သည်။ (ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၁၄။ ဦးမင်းနောင်

ဘာသာရေး၊ လူမှုရေး၊ မျိုးချစ်စိတ်ဓာတ်ရေးရာ သီချင်းများကို ရေးစပ်သီဆိုပေးခဲ့သူ။ ဇရာအို၊ ဂျင်မလေးဂျမ်း၊ မုန်းရစ်လေဦး၊တက္ကသိုလ် ကျောင်းသူတစ်ဦး၊ မြတ်ဘုရားရွှေတိဂုံစသော မြန်မာမှုသီချင်းများဖြင့် နာမည်ကြီးခဲ့သူ အဆိုတော်ဖြစ်သည်။ (နိုင်ငံတော်မှချီးမြှင့်သည့် စည်သူဘွဲ့ကို ရရှိခဲ့သည်။ ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၁၅။ ဒေါ်ရီရီသန့်

သီချင်းကြီး၊ သီချင်းခံ၊ ပတ်ပျိုး၊ယိုးဒယား များကို ပိုင်နိုင်စွာသီဆိုနိုင်သူ အသံပညာရှင်တစ်ဦးဖြစ်သည်။ ဘာသာရေး၊ သာသနာရေး၊ တေးဂီတ ကဗျာများကျွမ်းကျင်သူ၊မြန်မာမှုနယ်ပယ်၌ ထင်ရှားသူဖြစ်ပါသည်။

၁၆။ ဒေါ်အမာစိန်

ဒေါ်ဩဘာသောင်း၏ တပည့်။ ဦးရွှေဒေါင်းညို ၏တပည့်တူမရင်းဖြစ်သည်။ မန်းပန်တျာ ကျောင်းဆင်း၊ ပန်တျာဆရာမ၊ စည်းခြား၊ ဝါးခြားကသောအကမှာ ကျွမ်းကျင်သည်။ အက ညက်ညောလှသည်။၁၉၆၁ ခုနှစ်က အနုပညာဝိဇ္ဇာဘွဲ့ရသည်။     

၁၇။ ဒေါ်စံရှားတင်

အကယ်ဒမီရုပ်ရှင်မင်းသမီးဖြစ်သည်။ ရွှေမန်းဦးတင်မောင်နှင့် တွဲဖက်ခဲ့သည်။ ဘာသာရေးလိုက်စားသူ၊ ကုသိုလ်ပြုရမှ ကျေနပ်သူ၊ နာမည်ကြီး အငြိမ့်မင်းသမီး အဆိုတော်အဖြစ် နိုင်ငံတော်၏တာဝန်များကို ကျရာအခန်းကဏ္ဍမှနေ၍ နောက်မဆုတ်တမ်း ထမ်းရွက်ခဲ့သူဖြစ် သည်။(ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၁၈။ အေဝမ်းဦးစိုးမြင့်

နာမည်ကြီးဂီတမှူး၊ သာရေး၊နာရေး၊ လူမှုရေးအားလုံးတွင် ကူညီပံ့ပိုးခဲ့သူ။ အနုပညာရှင်ပီသစွာ ကျရာတာဝန်ကို ယူခဲ့သူဖြစ်သည်။(ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

၁၉။ သန်လျင်မြဦး

ယဉ်ကျေးမှုအရာရှိဟောင်းတစ်ဦး။ အနုပညာဦးစီးဌာန ပန်တျာကျောင်းအုပ်ကြီးတာဝန်နှင့် ဂီတအကြံပေးပုဂ္ဂိုလ်တာဝန်ယူခဲ့သူဖြစ်သည်။ မြန်မာ့ရိုးရာတူရိယာပစ္စည်းများစာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။ (၁၉၉၄ ခုနှစ်အတွက် အမျိုးသားစာပေဆုကို မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဘာသာရပ်တွင် “ပန်တျာဂီတလမ်းညွှန်” စာအုပ်ဖြင့် ရရှိခဲ့သည်။ ထိုစာအုပ်သည် စာမူဘဝတွင် ၁၉၈၉ ခုနှစ်အတွက်စာပေဗိမာန် စာမူဆု၌ “မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဘာသာရပ်” တွင် ပထမဆုရခဲ့သည်။ ဆရာသည် အမျိုးသားစာပေဆု မကြေညာမီ ကာလအတွင်း ကွယ်လွန်ခဲ့သည်။)

၂၀။ ဦးခင်မြင့်

စောင်းပညာရှင်၊ တူရိယာပစ္စည်းများကို စွယ်စုံကျွမ်းကျင်သူ။( ယခုကွယ်လွန်ခဲ့ပြီဖြစ်သည်။)

ဆက်လက်ဖော်ပြပါမည်