Skip to main content

ငြိမ်းချမ်းစွာအဖြေရှာခြင်းနောက်ကွယ်က စေ့စပ်ညှိနှိုင်းခြင်းစွမ်းရည်နှင့် ပင်ကိုအရည်အသွေး

မိုးကေနိုင်

တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား ကွဲပြားခြားနားချက်တွေရှိနေလို့၊ မကျေလည်ကြလို့၊ သဘောထားတွေမတိုက်ဆိုင်ကြလို့ သဘောတူညီချက်တွေရအောင်ဆိုပြီး  စေ့စပ်ညှိနှိုင်းခြင်းဆိုတာ ရှိလာရပါတယ်၊၊ နှစ်ဦးနှစ်ဖက်အတွက် မှန်ကန်တဲ့အဖြေတစ်ခုရဖို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ညှိနှိုင်းခြင်းနည်းလမ်းကလွဲပြီး အခြားမရှိပါဘူး။

အကောင်းဆုံးရလဒ်ကို လိုချင်တယ်၊ လက်တွေ့ကျပြီး တရားမျှတတဲ့ ရလဒ်လည်းဖြစ်ရမယ်၊ ဆက်ဆံရေးလည်းမပျက်ဘဲ အပြန်အလှန်အကျိုးရှိတဲ့ အခြေအနေမျိုးရရှိဖို့ဆိုရင် နှစ်ဦးနှစ်ဖက် အကျေအလည်စေ့စပ်ညှိနှိုင်းခြင်းကိုပဲ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အကြမ်းမဖက် အနုပညာဆန်တဲ့ ကျွမ်းကျင်မှုအရည်အသွေး

တကယ်တော့ စေ့စပ်ညှိနှိုင်းခြင်းဆိုတာကို အကြမ်းမဖက်၊ အနုပညာဆန်တဲ့ ကျွမ်းကျင်မှုအရည်အသွေးတစ်ခုအဖြစ် တင်စားချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီကျွမ်းကျင်မှုကသာ မတူကွဲပြားခြားနားသူတွေအကြား ပိုပြီးမကွဲပြားသွားအောင်၊ မခြားနားရအောင်၊ ဝေးနေတဲ့အရာတွေကို ပိုပြီးနီးကပ်သွားအောင် ဆောင်ကြဉ်းနိုင်စွမ်း ရှိလို့ဖြစ်ပါတယ်။ ရှုပ်ထွေးသိမ်မွေ့တဲ့ အခြေအနေတစ်ရပ်အောက်မှာ ညှိနှိုင်းမှုကောင်းသူတစ်ဦးရဲ့ အရည်အသွေးကြောင့်ပဲတစ်ဦးတစ်ယောက်သော သူဆီမှာ အပြုသဘောခံစားချက်တွေ ရရှိသွားနိုင်သလိုလူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများအထိသက်ရောက်မှုများ ရှိသွားနိုင်ပါတယ်။ ဥပမာ- ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတစ်ခုမှာ ပါဝင်နေတဲ့သူတိုင်းဟာ အချုပ်အခြာနဲ့ နိုင်ငံတော်အတွက် တာဝန်ရှိကြပြီး ငါ့ပြည်ထောင်စု၊ ငါ့နိုင်ငံသား၊ ငါ့တိုင်းရင်းသားတွေနဲ့ တစ်သားတည်းရှိနေတယ်လို့ သဘောထားနိုင်မယ်ဆိုရင် ဒီဆွေးနွေးပွဲ ကနေ ငါ့အတွက်လည်း အကျိုးအမြတ်တစ်ခုရလိုက်ပါလား၊ ငါ့ရဲ့အမြင်တွေ၊ ရှုထောင့်တွေ၊ ငါ့ရဲ့ အကျိုးစီးပွားတွေကို တစ်ဖက်သူကလည်း ထည့်သွင်းစဉ်းစားပေးနေပါလားလို ခံစားမိကြမှာပဲဖြစ်ပါတယ်။ ဒီအချက်ဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိပြီး တကယ်ကိုကောင်းမွန်တဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အလားအလာကောင်းတွေအဖြစ် မျှော်မှန်းလို့ရနိုင်ပါတယ်။

အပေးအယူ အလျှော့အတင်းနဲ့ သူ့ဆီကရဖို့ထက် ကိုယ့်ဘက်က ပိုပေးသင့်

အားလုံးဟာ နေ့စဉ်နေ့တိုင်း ရှောင်လွှဲလို့မရနိုင်တဲ့ ညှိနှိုင်းစေ့စပ်မှုတစ်ခုမဟုတ်တစ်ခုကြုံကြရမှာပါ၊ သဘောထားချင်း မတူတာတွေ၊ ကွာဟချက်တွေ၊ ပဋိပက္ခတွေ၊ နားလည်မှုမရှိတာတွေ၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုပျောက်ဆုံးနေတာတွေ စသဖြင့်ပေါ့။ ကိုယ့်မိသားစု၊ ကိုယ့်အလုပ်ခွင်၊ ရုံးဌာနမှသည် ကြီးမားတဲ့အဖွဲ့အစည်းကြီးများအထိ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စအားလုံးမှာ ... ညှိနှိုင်းရမှာတွေ ရှိနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ နေ့စဉ်ဘ၀အစိတ်အပိုင်းမှသည် နိုင်ငံတစ်ခုရဲ့ ကြီးမားတဲ့အရေးအရာများအထိပေါ့။ တစ်ယောက်တည်းနေရင်တောင် ညှိမရတာတွေရှိနေတာ၊ အများကြားမှာဆို ပိုလိုတာပေါ့၊ နှစ်ဦးနှစ်ဖက်ကြားရော၊ အားလုံးဆိုတဲ့ အတိုင်း အတာမှာပါ သဘောတူလက်ခံနိုင်ဖို့ လိုအပ်ချက်တွေ ရှိလာနိုင်တယ်။

အားလုံးသဘောတူမှ အောင်မြင်မယ်ဆိုရင် အပေးအယူတစ်ခုခု လုပ်ကိုလုပ်ရတော့မှာပါ။ တကယ်က စေ့စပ်ညှိနှိုင်းခြင်းဆိုတာ အပေးအယူလုပ်၊ အလျှော့အတင်းနဲ့ ဈေးဆစ်ရတဲ့သဘောပါပဲ။ ကိုယ့်ဘက်က ဘယ်လောက်ပေးမလဲ၊ သူ့ဆီကဘယ်လောက်ရမှ အဆင်ပြေမလဲပေါ့၊ သူ့ဆီကရဖို့ထက် ကိုယ့်ဘက်က ပိုပေးနိုင်ရင်ရောဆိုတဲ့ သတ္တိတစ်ခုဟာ ညှိနှိုင်းခြင်းစွမ်းရည်တစ်ခုဆိုရင် ငြင်းစရာမရှိပါဘူး။ ဒီအချက်က အလွန်ကိုအရေးပါပါတယ်။ သဘောတူညီချက်မရဘူး၊ မအောင်မြင်ဘူး၊ ညှိလို့မရဘူးဆိုတဲ့ နောက်ကွယ်မှာ ကိုယ့်ဘက်ကပေးဖို့ထက် သူ့ဆီကတောင်းဖို့လောက်ပဲ အာသီသရှိနေကြခြင်းက ညှိနှိုင်းမှုမအောင်မြင်ရခြင်းရဲ့ အချက်တစ်ချက်ဖြစ်နေလို့ပါပဲ။ ဒီအချက်ကို မေ့မထားသင့်ပါဘူး။ အများအတွက် တကယ်ဆန္ဒရှိရင် ညှိနှိုင်းမှုအောင်မြင်ချင်ရင် ကိုယ့်ဘက်ကယူဖို့ထက်ပေးဖို့ဆိုတဲ့ စေတနာလေးထားရှိစေချင်ပါတယ်။ ။ ဦးတည်ချက်တူတဲ့ အကျိုးစီးပွားမျိုးထားကြည့်ပါ။

စေ့စပ်ညှိနှိုင်းခြင်းဟာ နှစ်ယောက်နှစ်ဖွဲ့ချင်းလည်းဖြစ်နိုင်သလို နှစ်ယောက်မက နှစ်ဖွဲ့မကကြားမှာ စေ့စပ်ညှိနှိုင်းရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဦးတည်ချက်လည်းတူချင်မှတူမယ်၊ အကျိုးစီးပွားချင်းလည်း တူချင်မှတူမယ့် အနေအထားမျိုးတွေလည်း ရှိနိုင်တယ်။

ဒါကြောင့် ညှိနှိုင်းမှုမှာ တိကျတဲ့ဘုံရည်မှန်းချက်တစ်ခုထားဖို့ ခက်နေတတ်ပါတယ်။ ဒီအခါမှာ ဦးတည်ချက်တူညီတဲ့ အကျိုးစီးပွားမျိုး ဦးစားပေးထားကြမလား၊  စဉ်းစားရပါမယ်..၊ ဘာကြောင့် ယခုလိုညှိနှိုင်းစေ့စပ်ကြရပါသလဲ။ အမြင့်ဆုံးသဘောတူညီချက် ဘယ်အထိထားမလဲ။  အနိမ့်ဆုံးဘယ်အဆင့်လောက်အထိ ရည်မှန်းထားမလဲ။  ဖြစ်နိုင်ခြေကြည့်ပြီး ဘုံရည်မှန်းချက်တစ်ခု ထားရပါလိမ့်မယ်၊ ဖြစ်နိုင်ရင် အမြင့်ဆုံးအဆင့် ဒါမှမဟုတ် အနိမ့်ဆုံးအဆင့်နဲ့ အနီးစပ်ဆုံးရောက် အောင် ကြိုးစားကြည့်ကြရတာပေါ့၊ သဘောတူညီချက်တစ်ခုကို မဖြစ်မနေမရရအောင် ရယူချင်တဲ့ စိတ်ဝင်စားမှုမျိုးရှိမယ်ဆိုရင် ဦးတည်ချက်မတူညီတဲ့ မိမိအကျိုးစီးပွားကို  ဘေးဖယ်ထားကြည့်ပါလား.. အဆင်ပြေလာပါလိမ့်မယ်။ ဒီလိုထားနိုင်ဖို့ဆိုတာ တကယ်ကို ညှိနှိုင်းမှုကိုအောင်မြင်ချင်တဲ့ စိတ်ဆန္ဒအမှန်ရှိမှ၊ အောင်မြင်တဲ့ စေ့စပ်ညှိနှိုင်းရေးမှူးကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည် ကိုယ်သွေးအစွမ်းအစတွေ ကိုယ့်ထံမှာရှိနေမှသာ ဖြစ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ထားစေချင်ပါတယ်။

ဒီလိုမျိုး မိမိအကျိုးစီးပွားလေး လျှော့နိုင်သမျှလျှော့ပြီး အများရောက်ချင်တဲ့ ဆုံမှတ်ပန်းတိုင်ရောက်ဖို့ တူညီတဲ့စမှတ် ဦးတည်ချက်တွေကို  ဦးစားပေးချနိုင်ဖို့ကတော့   တကယ့်သတ္တိလိုအပ်ပါတယ်၊ မှန်ကန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ လိုအပ်ပါတယ်။ အဓိကအချက် နှစ်ခုပါ၊  စည်းရုံးဆွဲဆောင်နိုင်စွမ်းနဲ့  အပေးအယူလုပ်နိုင်စွမ်းလို့ပဲ ဆိုကြပါစို့..၊ တစ်ခုနဲ့တစ်ခုက  အထောက်အကူ ပြုပါတယ်၊ စည်းရုံးဆွဲဆောင်နိုင်စွမ်းက  အလျှော့အတင်းလုပ်ရာမှာ အရေးပါသလိုကိုယ့်ဘက်က လျှော့နိုင်တင်းနိုင်စွမ်းကလည်း တစ်ဖက်ကို  စည်းရုံးဆွဲဆောင်နိုင်အားကြီးပါတယ်။  ဒီအချက်နှစ်ခုအတွက်  ဘယ်လို ကိုယ်ရည်ကိုယ်သွေးတွေလိုအပ်ပါသလဲ။

ရိုးသားဖြောင့်မတ်တည်ကြည်မှုကို အခြေခံ၍သာ

စာရေးသူအနေနဲ့တော့  ရိုးသားဖြောင့်မတ်တည်ကြည်မှုဆိုတဲ့ အရည်အသွေးတစ်ခုကို ရှေ့တန်းတင်ကြည့်ချင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြောဆိုဆက်ဆံကြရမှာ ကိုယ့်ရဲ့ကိုယ်နှုတ်အမူအရာက ကိုယ့်ရဲ့အတွင်းစိတ်သန္တာန်နဲ့အပြင်နဲ့အတွင်း တစ်ထပ်တည်းကျတာကိုပဲ တစ်ဖက်ကလည်း လိုချင်မယ်ထင်ပါတယ်။  မလိမ်တတ်ဘူး၊ မညာတတ်ဘူး၊ အမှန်ပဲပြောတယ်၊ အမှားကိုဝန်ခံတတ်တယ်၊ ပွင့်ပွင့်လင်းလင်းရှိတယ်ပေါ့.. ဒီအရည်အချင်းတွေဟာ စေ့စပ်ညှိနှိုင်းမှုတစ်ခု အောင်မြင်ဖို့အဓိက သော့ချက်တွေဖြစ်တဲ့ အပြန်အလှန်ယုံကြည်မှု၊ တစ်ဦးနဲ့တစ်ဦး  နားလည်မှုတို့ကိုပေးစွမ်းပါတယ်။  လူတွေဟာငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲနေထိုင်ဖို့အတွက်ရော၊ အကျိုးစီးပွားချင်း ထပ်တူလုပ်ဆောင်ကြဖို့အတွက်ပါ  စဉ်းစားရင်  ရိုးသားခြင်း အရင်းခံဂုဏ်ဒြပ်တွေကို ဦးစားပေးစဉ်းစားကြတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။

နောက်တစ်ချက်က  ဖြောင့်မတ်မှန်ကန်စွာနဲ့   ညှိညှိနှိုင်းနှိုင်းလုပ်တတ်သူတစ်ဦးရဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖို့များတယ်ဆိုတဲ့ အချက်ပါ။ ဖြောင့်မတ်မှုဟာ ကိုယ်ကျင့်တရား ကျင့်ဝတ်စည်းမျဉ်း စည်းကမ်းလိုက်နာခြင်း စတာတွေနဲ့တွဲနေတဲ့အတွက်သူ့မှာ အဂတိဖြစ်နိုင်ခြေနည်းသွားတဲ့အချက်ဟာ ဆန့်ကျင်ဘက်တစ်ဖက်နဲ့တစ်ဖက်အကြား     ယုံကြည်မှုတိုးစေတဲ့ အဓိပ္ပာယ်ကို သက်ရောက်ပါတယ်။

ရိုးသားဖြောင့်မတ်မှုမှ နားလည်မှု ယုံကြည်မှုဆီသို့

လှည့်ဖြားတတ်ခြင်းမရှိတဲ့   ရိုးသားဖြောင့်မတ်တဲ့သူတွေဟာ ခင်မင်နှစ်လိုဖွယ်ကောင်းပြီး ဆက်ဆံရေးလည်း ကောင်းလှပါတယ်။ ဒီအချက်ဟာညှိနှိုင်းမှုမှာ အရေးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါပဲ၊ ယုံကြည်မှုကို ရိုးသားဖြောင့်မတ်မှုကပဲ ရှာလို့ရပါမယ်၊  တာ၀န်ယူ၊ တာ၀န်ခံမှုအပြည့်ရှိလေတော့ ခေါင်းမရှောင်တတ်တဲ့အပြင် အလုပ်ကို တိတိကျကျလုပ်တတ်တဲ့အတွက် ယုံကြည်စိတ်ချလို့ရသွားပါတယ်။ ညှိနှိုင်းရေးအဖွဲ့မှာ ဒီလိုလူမျိုးပါလာလို့ကတော့ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ မြင်ပါတယ်၊၊ ဘာပဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက် နားလည်မှုအပေါ်အခြေခံပြီး သံသယတွေ ဖယ်ဖျောက်ထားနိုင်ရင် ယုံကြည်မှုတိုးလာပြီး ရှိနေတဲ့သံသယတွေတောင် ပပျောက်သွားနိုင်ပါတယ်။ အပြန်အလှန်အားဖြင့်ယုံကြည်မှုကြောင့်ပဲ နားလည်နိုင် စွမ်းအားတွေကြီးမားလာတယ်၊ ယုံကြည်မှုနဲ့နားလည်ပေးနိုင်မှုက အပြန်အလှန်လေးစားမှုနဲ့ အသိအမှတ်ပြုမှုကိုတိုးစေပြီး ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားကောင်းသွားစေတယ်ဆိုတာ အောင်မြင်စွာ ညှိနှိုင်းစေ့စပ်ဖူးသူတွေကသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ရိုးသားဖြောင့်မတ်မှုအပေါ်အခြေခံတဲ့ နားလည်မှုယုံကြည်မှုက စေ့စပ်ညှိနှိုင်းသူတွေကို လိုက်လျောညီထွေဖြစ်အောင်လည်း တွန်းအားပေးပါတယ်။ ထိုလက္ခဏာအားလုံးက အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ ခွန်အားတစ်ခုကိုလည်း ဖြစ်စေပါပြီ။

စိတ်ရှည်သည်းခံထိန်းချုပ်နိုင်စွမ်းနဲ့ ခံစားမှုဦးစားမပေးတဲ့ အကျင့်ကောင်း

အောင်မြင်သွားတဲ့   ညှိနှိုင်းမှုတိုင်းမှာ  ပါဝင်ခဲ့ကြတဲ့သူတွေကို ပြန်ကြည့်ရင် ဒီလိုပုဂ္ဂိုလ်တွေမှာ သူများထက်ထူးခြားတဲ့ ကိုယ်ရည် ကိုယ်သွေးတချို့ရှိနေတယ်ဆိုတာ မြင်နိုင်ပါလိမ့်မယ်။   ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ စိတ်ရှည်သည်းခံမှု၊ တုံ့ပြန်မှုတွေအပေါ် စိတ်လှုပ်ရှား မှုမရှိဘဲ ထိန်းချုပ်နိုင်စွမ်း၊ ခံစားချက်ကို ဦးစားမပေးတဲ့အခါ ထားနိုင်လာတဲ့ အကောင်းမြင်စိတ်စတဲ့ အရည်အသွေးတွေဟာ အောင်မြင်မှုတစ်ခုအတွက် ကောင်းမွန်တဲ့အကျင့်တွေပဲ ဖြစ်ပါတယ်။ ခံစားမှုများလွန်းရင် တည်ငြိမ်မှုကင်းတတ်ပြီး အဆိုးမြင်မှု များလာတဲ့သဘောဟာ တကယ့်လက်တွေ့ဘဝနဲ့ ကင်းကွာသွားတဲ့ အခြေအနေမျိုးအထိ ရောက်ရှိသွားတတ်ပါတယ်။ ဒီလိုအခြေအနေမှာ   ညှိနှိုင်းမှုဟာ   မအောင်မမြင် ဖြစ်သွားနိုင်တဲ့အပြင် ယခင်ကရှိခဲ့တဲ့ တက်ကြွမှု၊  နိုးကြားမှုတွေဟာ ပျောက်ချင်းမလှ ပျောက်သွားပြီး မထင်မှတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့အတူ ဘယ်လိုမှညှိနှိုင်း ပေါင်းစပ်လို့မရတော့တဲ့ အခြေအနေအထိ ဆိုက်ရောက်သွားနိုင်တယ်ဆိုတာ အထူးသတိထားဖို့လိုပါတယ်။

ဆွေးနွေးပွဲပုံစံမျိုးနဲ့ ကြိုတင်ပြင်ဆင်သင့်သည်များ

ညှိနှိုင်းမှုတချို့ကို တစ်ခါတစ်ရံ ဆွေးနွေးပွဲပုံစံနဲ့ ချဉ်းကပ်အဖြေရှာရတာမျိုးလည်း ရှိနိုင်တယ်။ အထူးသဖြင့် နိုင်ငံရေးကိစ္စတွေ၊ စီးပွားရေးကိစ္စတွေမှာ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးစားပွဲ၊ ညှိနှိုင်းရေးစားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြတယ်၊၊ ဆွေးနွေးပွဲပုံစံနဲ့ ညှိနှိုင်းမှုမျိုးဆိုရင်တော့ ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းတွေကို အချိန်ယူပြီး အလေးအနက်ထားရတော့မှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်ကလည်း ညှိနှိုင်းမှုစွမ်းရည်ရှိတဲ့ပုဂ္ဂိုလ်မျိုး favourable person မျိုးတွေကို ဦးစားပေးရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ပြဿနာနဲ့ပတ်သက်ပြီး ကြိုပြီးလေ့လာထားရမယ့် အသေးစိတ်အချက်အလက်တွေ အပါအဝင်  ပြောဆိုမေးမြန်း ဖြေကြားနိုင်မယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ကတော့  အထူးပြောစရာလိုမယ်မထင်ပါဘူး။ တစ်ဖက်အဖွဲ့မှာ ဘယ်သူပါမလဲ၊ ဦးဆောင်သူကဘယ်လို ပုဂ္ဂိုလ်မျိုးလဲ၊ သူ့ရဲ့စွမ်းရည်နဲ့ ကိုယ်ရည်ကိုယ်သွေး၊ သူတို့ရဲ့လိုလားချက်အစစ်အမှန်၊ သူ့ဘက်ကိုယ့်ဘက် အဆင်ပြေနိုင်မယ့် ဆွေးနွေးပွဲလုပ်မယ့်နေရာ၊  အချိန်ရွေးချယ်မှု၊ အစားအသောက်၊ အလေ့အထကအစအရေးကြီးပါတယ်၊၊ ဖြစ်နိုင်ဖွယ်ရာအတွက်ကော မျှော်လင့်မထားတာတွေအတွက်ပါ ကြိုတင်ခန့်မှန်းကြိုတင်မျှော်တွေးပြီး ပြင်ဆင်ဆောင်ရွက်ထားခြင်း proactive၊ မဖြစ်နိုင်ဘူးဆိုတဲ့အဖြေ အတွက် ကိုယ့်ဘက်က  မြန်မြန်ဆန်ဆန်   ပြန်လည်တုံ့ပြန်နိုင်မယ့် plan B ,  plan C စသည်ဖြင့် မျှော်တွေးပြင်ဆင်ထားရမှာဖြစ်ပါတယ်။

Win-Win ဆိုတဲ့ သူသာ ကိုယ်သာ၊ သူလည်းနိုင် ကိုယ်လည်းအနိုင်

ထိရောက်အောင်မြင်တဲ့ စေ့စပ်ညှိနှိုင်းမှုတစ်ခုဆိုတာ အပေးအယူ၊ အလျှော့အတင်းများစွာလုပ်နိုင်ကြပြီးမှ သူရော၊ ကိုယ်ရော အကျိုးရှိ Win-Win အနေအထားမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့အတူ ကောင်းမွန်တဲ့ ရလဒ်တစ်ခုရရှိခြင်းပဲ ဖြစ်ပါတယ်။ ညှိနှိုင်းမှုမှာ ပါဝင်တဲ့  တစ်ဦးတစ်ယောက်ချင်းရဲ့   ညှိနှိုင်းမှုဟန်ပန်တွေ၊ စွမ်းရည်နဲ့ ကိုယ်စွမ်းကိုယ်စ တွေကြောင့်  နှစ်ဖက်စလုံးက အနိုင်ရသွားကြတာပဲဖြစ်ပါတယ်။ မိမိနဲ့ဆက်စပ်ပြီး မိမိတာဝန်ယူရတဲ့ လူ့အဖွဲ့အစည်းရဲ့လိုအပ်ချက်တွေ အပေါ်မှာလည်း အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေအဖြစ် များစွာတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အဆုံးသတ်ပြောချင်တာက စေ့စပ်ညှိနှိုင်းခြင်းကို မစိုးရိမ်ပါနဲ့၊ မကြောက်ပါနဲ့၊ ဘုံအကျိုးစီးပွားအခြေခံတဲ့ ရည်မှန်းချက် တစ်ခုအောင်မြင်ဖို့နဲ့ ရှုပ်ထွေးတဲ့ပြဿနာတွေကို စစ်ပွဲတွေမပါဘဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့ဆိုရင် စိတ်ရှည်သည်းခံခြင်းများစွာနဲ့အတူ အချိန်တော့ပေးရမှာပဲဖြစ်ပါတယ်။ ညှိနှိုင်းနိုင်စွမ်းရှိတဲ့ အရည်အချင်းတွေကြောင့်  ပြဿနာပြေလည်သွားသလို ရည်မှန်းချက်နဲ့အကျိုး စီးပွားအပျက်မခံဘဲ မလျှော့တဲ့ဇွဲလုံ့လနဲ့ စေတနာပါပါ ကြိုးစားညှိနှိုင်းမှုကြောင့်လည်း မိမိရဲ့ ညှိနှိုင်းမှုအရည်အချင်းတွေ ကိုယ်ရည်ကိုယ်သွေး တွေလည်း တိုးတက်လာပါလိမ့်မယ်။ တစ်ဖက်နဲ့တစ်ဖက် သူစိမ်းတွေအနေ အထားကနေ ကောင်းမွန်လာတဲ့ နှစ်ဖက်ဆက်ဆံရေးဟာ မြင့်ပြီးရင်းမြင့်နေပြီး သူနိုင်ကိုယ်နိုင်၊ သူလည်းသာ ကိုယ်လည်းသာ Win-Win  ဖြစ်တဲ့အတွက် အားလုံးအတွက် အပြန်အလှန်မလွဲဧကန် အကျိုးကျေးဇူး ဖြစ်ထွန်းနေကြမည်ကို မျှော်လင့်လို့ရနေပြီလည်း ဖြစ်ပါတယ်။       ။