တို့ကမ္ဘာမြေသန့်ရှင်းသာယာဖို့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြပါစို့
ဒေါက်တာတင်အောင်လင်း(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)
(ယမန်နေ့မှအဆက်)
မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင် ပန်းတိုင်ခြောက်ခုကို ချမှတ်ထားပါသည်။ အဆိုပါ ပန်းတိုင်တစ်ခုချင်းစီနှင့် ပတ်သက်၍ ကာလတို (၂၀၁၈-၂၀၂၀)၊ ကြားကာလ (၂၀၂၁-၂၀၂၅)နှင့် ကာလရှည် (၂၀၂၆-၂၀၃၀)အလိုက် ဆောင်ရွက်မည့် အဓိကကျသောရည်မှန်းချက်များနှင့် အဆိုပြုလုပ်ဆောင်ချက်များကို ရေးဆွဲချမှတ်ထားပါသည်။ အဆိုပါ ပန်းတိုင်ခြောက်ခုမှာ -
-ပန်းတိုင် (က) ပတ်ဝန်းကျင်ကို မထိခိုက်စေသော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ပထမဆုံးခြေလှမ်းအဖြစ် ထိရောက်သည့် စွန့်ပစ်ပစ္စည်းသိမ်းဆည်းသည့် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် လေဟာပြင်မီးရှို့ခြင်းများ လျော့နည်းပပျောက်အောင် ဆောင်ရွက်ခြင်း၊
-ပန်းတိုင် (ခ) ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းများမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများအတွက် ရေရှည်တည်တံ့ပြီး ပတ်ဝန်းကျင်ကိုထိခိုက်မှုမဖြစ်စေသော စီမံခန့်ခွဲမှုအစီအစဉ်များအား တိုးချဲ့ဆောင်ရွက်ခြင်း၊
-ပန်းတိုင် (ဂ) စွန့်ပစ်ပစ္စည်းများအား ရေရှည်စနစ်တကျ စီမံခန့်ခွဲနိုင်စေရေးအတွက် စွန့်ပစ်ပစ္စည်းထွက်ရှိမှုကိုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်းများကို ကျင့်သုံးဆောင်ရွက်ခြင်း၊ ထိုမှတစ်ဆင့် စွန့်ပစ်ပစ္စည်းများကို အရင်းအမြစ်များအဖြစ် ပြန်လည်အသုံးပြု ဆောင်ရွက်သည့် လူမှုအဖွဲ့အစည်းတစ်ရပ်တည်ထောင်ခြင်း၊ - ပန်းတိုင် (ဃ) စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အတွက် အစဉ်လည်ပတ်နေမည့်ရန်ပုံငွေထားရှိစေခြင်း၊
-ပန်းတိုင်(င) အသိပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း၊ ထောက်ခံအားပေးစေခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း နှင့်
-ပန်းတိုင် (စ) လိုက်နာဆောင်ရွက်ခြင်း၊ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်စေခြင်း၊ အသိအမှတ်ပြုခြင်းတို့ဖြစ်ကြပါသည်။
ထို့အပြင် မြို့ပြများနှင့် ကျေးလက်ဒေသများတွင် စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့တိုက်ရိုက်စွန့်ပစ်ခြင်း၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲမှုမပြုလုပ်ဘဲစွန့်ပစ်ခြင်း၊ စက်ရုံများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေများကို စနစ်တကျသန့်စင်မှုမပြုလုပ်ဘဲ ပတ်ဝန်းကျင်ရှိ ရေထု၊ မြေထုများအတွင်းသို့ တိုက်ရိုက်စွန့်ပစ်ခြင်း၊ စက်ရုံများမှထွက်ရှိလာသည့် ထုတ်လွှတ်အခိုးအငွေ့များကို သန့်စင်မှုမပြုလုပ်ဘဲ ပတ်ဝန်းကျင်လေထုအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်ခြင်း၊ ဓာတုပစ္စည်းများအား အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို စနစ်တကျစီမံဆောင်ရွက်မှုမရှိခြင်းနှင့် လူသားတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အန္တရာယ်ဖြစ်စေနိုင်သော ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲမှုမရှိခြင်းတို့ကြောင့် လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီများနှင့် တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ဆောင်ရွက်ပြီး ကမ္ဘာ့နိုင်ငံများနည်းတူ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို လေ့လာတွေ့ရှိနိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့်ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ခြင်းနှင့်စွန့်ပစ်ခြင်းများကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကြာရှည်စွာ မပျောက်မပျက်တည်မြဲနေနိုင်သည့် အော်ဂဲနစ်ဓာတုပစ္စည်းများဆိုင်ရာ စတော့ဟုမ်းကွန်ဗင်းရှင်းတို့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပြီး စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အာဆီယံဒေသအတွင်း၌လည်း အာဆီယံဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာလုပ်ငန်းအဖွဲ့ (ASEAN Working Group on Chemicals and Waste - AWGCW) နှင့် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးသော မြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities - AWGESC) တို့တွင် ပူးပေါင်းပါဝင်ပြီး ဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲနိုင်ရေးနှင့် လေ၊ ရေ၊ မြေသန့်ရှင်းပြီး အစဉ်ဖွံ့ဖြိုး တိုးတက်သောမြို့ကြီးများ ဖြစ်ပေါ်လာစေရေးစသည့်လုပ်ငန်းများကို အာဆီယံနိုင်ငံများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ကြရမည့်တာဝန်
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသည် နိုင်ငံသူနိုင်ငံသားများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် လုပ်ငန်းရပ်တစ်ခုဖြစ်သည်။ လူတစ်ဦးတစ်ယောက်ချင်းမှစ၍ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များမှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နိုင်ငံအဆင့်အထိ ထိရောက်ကောင်းမွန်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များကို ကျင့်သုံးအကောင်အထည်ဖော်နိုင်မှသာ လက်ရှိကြုံတွေ့နေရသော စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်သူများက စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန် တာဝန်ယူဆောင်ရွက်ပြီး စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးကော်မတီများက အပြည့်အဝ တာဝန်ယူဆောင်ရွက်နိုင်မည်ဆိုပါက ပြည့်စုံကောင်းမွန်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များရှိသည့် မြို့ပြကျေးလက်လူနေမှုပုံစံများနှင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်အခြေအနေများကို ဖန်တီးဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အကြံပြုချက်များ
လုပ်ငန်းကဏ္ဍအသီးသီးမှ ထွက်ရှိလာသော ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းအမျိုးမျိုးကိုရရှိနိုင်သည့် နည်းပညာ၊ အရင်းအမြစ်များအပေါ်အခြေခံပြီး ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် နည်းလမ်းကောင်းများ၊ အလေ့အကျင့်ကောင်းများကို အသုံးပြု၍ စွန့်ပစ်ပစ္စည်းစီမံဆောင်ရွက်ခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆက်စပ်အစိုးရ ဌာနများအပါအဝင် ပုဂ္ဂလိကများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါသည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အနာဂတ်ကာလ၌ ကြုံတွေ့လာနိုင်ဖွယ်ရှိသော စွန့်ပစ်ပစ္စည်းနှင့် ပတ်သက်သည့် ပြဿနာများနှင့် စိန်ခေါ်မှုများကိုပါ ထည့်သွင်းစဉ်းစားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မည်ဆိုပါက ရလဒ်ကောင်းများ ရရှိလာနိုင်မည်ဖြစ်ပါသည်။
စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် လူသားတို့၏ ကျန်းမာရေးအပေါ်ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထည့်သွင်း ပေါင်းစပ်ဆောင်ရွက်ရန် အကြံပြုလိုသည့် နည်းလမ်းများမှာ-
- စွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏကို အနည်းဆုံးဖြစ်အောင် လျှော့ချခြင်း၊
- ပြန်လည်အသုံးပြုနိုင်သေးသော ပစ္စည်းများကို အကြိမ်ကြိမ် ပြန်လည်အသုံးပြုခြင်း၊
- ထုတ်ကုန်ပစ္စည်းအသစ်များ ထုတ်လုပ်ရာတွင် စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းများအဖြစ် ထည့်သွင်းအသုံးပြုခြင်း၊
- စွန့်ပစ်ပစ္စည်းများကို မြေသြဇာ၊ စွမ်းအင်၊ ဇီဝလောင်စာနှင့် ကုန်ကြမ်းပစ္စည်းများ အဖြစ်ပြန်လည်ထုတ်လုပ်ခြင်း၊
- စွန့်ပစ်ပစ္စည်းများအား ခွဲခြားစွန့်ပစ်သည့် နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်း၊
- စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ထိုက်သင့်သောဝန်ဆောင်ခများ ကောက်ခံ၍ စီမံခန့်ခွဲခြင်း၊
- စွန့်ပစ်ပစ္စည်း ထွက်ရှိမှုပမာဏ၊ စွန့်ပစ်မှုပမာဏ၊ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းအမျိုး အစားများကို စစ်တမ်းကောက်ယူ၍ ကိန်းဂဏန်းအချက်အလက်များ ထိန်းသိမ်းသည့်စနစ်များ တည်ထောင်ခြင်း၊
- စွန့်ပစ်ပစ္စည်း စွန့်ပစ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ခြင်း၊
-ပြန်လည်အသုံးပြု၍မရနိုင်သော စွန့်ပစ်ပစ္စည်းများနှင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေသော ခိုင်လုံသည့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များဖြင့် စနစ်တကျ ဖျက်ဆီးစွန့်ပစ်ခြင်း၊
-ပြည်တွင်းရှိ လုပ်ငန်းကဏ္ဍအသီးသီးမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား ပြန်လည်ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်း၊
-စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်း (Recycle) ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် စွန့်ပစ်ပစ္စည်းစွန့်ထုတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊
-လက်ရှိကျင့်သုံးဆောင်ရွက်နေသော စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲသည့်စနစ်များ၊ နည်းလမ်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊
-စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများကို လေ့လာဖော်ထုတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
-စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
-စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့်တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ပြန်လည်လေ့လာဆန်းစစ်ပြီး လက်ရှိအခြေအနေများ၊ နည်းပညာတိုးတက်မှုများနှင့်အညီ ဖြည့်စွက်ပြင်ဆင်ပြဋ္ဌာန်းခြင်း၊
-စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
ကမ္ဘာမြေကြီး ရေရှည်တည်တံ့စေရေးအတွက် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်အခြေအနေကို ထိန်းသိမ်းစောင့်ရှောက်ရေးသည် ကျွန်ုပ်တို့လူသားတိုင်းတွင် အဓိကတာဝန်ရှိနေပါသည်။ ထို့အပြင် ကျွန်ုပ်တို့ လက်ရှိမျိုးဆက်များအနေဖြင့် ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို အမွေအနှစ်အဖြစ် အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးနိုင်ရန် လိုအပ်ပါသည်။
အကျိုးရှိထိရောက်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုများမှတစ်ဆင့် သဘာဝသယံဇာတများကို စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရေး၊ သဘာဝပတ်ဝန်း ကျင်ရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေနိုင်သောလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးတို့ကို မျှော်မှန်းပြီး ကျွန်ုပ်တို့အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရန် အလေးအနက်ရည်မှန်း၍ “တို့ကမ္ဘာမြေ သန့်ရှင်းသာယာဖို့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြပါစို့” ဟု တိုက်တွန်းနှိုးဆော်ရင်း “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)”ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ။