Skip to main content

ပန်းအိပ်မက်တို့ကို ရှင်သန်စေသူ စာ‌ရေးဆရာမကြီး “မစန္ဒာ”

တင်တင်ဝန်း(စာပေဗိမာန်)

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာကြီးဦးမောင်မောင်လတ် (နောင်)၊ ဆရာကြီးဦးစိန်လှိုင် (သူရဇော်)နှင့် ဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ ချီးမြှင့်ခံခဲ့ရပါသည်။ အမျိုးသားစာပေတစ်သက်တာဆုရရှိသူ ၃၄ ဦးတွင် ဆုရရှိခဲ့သူ အမျိုးသမီးစာရေးဆရာမ လေးဦးရှိခဲ့ပြီး ယင်းတို့မှာ ဆရာမကြီးဒေါ်ရင်ရင် (စောမုံညင်း)၊ ဆရာမကြီးဒေါ်ကြန် (မကြန်)၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)နှင့် ဆရာမကြီးဒေါ်ချိုချိုတင် (မစန္ဒာ)တို့ ဖြစ်ကြသည်။

ဆရာမကြီး ခင်ဆွေဦးနှင့် ဆရာမကြီး မစန္ဒာတို့သည် မြန်မာရသစာပေခရီး၌ ဘဝသရုပ်ဖော်ဝတ္ထု အရေးအဖွဲ့ကျွမ်းကျင်သော ထင်ရှား ကျော်ကြားသည့် ဆရာမကြီးများဖြစ်သည်။

လူ့သမိုင်းအစကပင် ပုံပြောခြင်းအလေ့ ထွန်းကားခဲ့ပြီး ထိုမှ ပုံဝတ္ထုများ ပေါ်ပေါက်လာခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ကျော် ဝတ္ထုဟူသောစာပေအသွင် ပေါ်ထွန်းခဲ့သည့်အချိန်မှသည် ယခုမျက်မှောက်ခေတ်အထိ ဝတ္ထုများကို စာဖတ်ပရိသတ်တို့ နှစ်ခြိုက်စွာ ဖတ်ရှုခဲ့ကြသည်။

မြန်မာစာပေတွင် ဝတ္ထု၊ ကဗျာ၊ ပြဇာတ်စသည့် ရသစာပေပုံသဏ္ဌာန်များ၌ ဝတ္ထုသည် စာဖတ်ပရိသတ် အနှစ်သက်ဆုံးဖြစ်ပြီး စာဖတ်ပရိသတ် အပေါ်တွင် ဩဇာထက်မြက်စွာ သက်ရောက်မှုရှိသည်။ ဝတ္ထုသည်ဘဝအတွက် ပျော်ရွှင်စရာ၊ နှစ်သိမ့်စရာ၊ စိတ်ခွန်အားမြှင့်တင်ရာ၊ အတွေ့အကြုံ သင်ခန်းစာများ ရဖွယ်ရာဟု နှစ်သက်စွဲလမ်းစွာ ခံစားဖတ်ရှုကြသည်။ အနုပညာဟူသည် ခေတ်ကိုပေါ်လွင်စွာ ထင်ဟပ်လျက် သမိုင်းရေစီးကိုလည်း မှတ်တမ်းပြုသည်။ သမိုင်းရွေ့လျားကာ ခေတ်အဆက်ဆက် ပြောင်းသွားသော်လည်း အနုပညာကမူ ဆက်လက်ရှင်သန်လျက် ကျန်ရစ်သည်ဟု ဆိုနိုင်ပါသည်။ စာပေအနုပညာတွင် ရှင်သန်ကျန်ရစ်သော လက်ရာများအား ရေးဖွဲ့သူများကိုလည်း ခံစားသူပရိသတ်က အကဲခတ်မှတ်ကျောက်တင်ကြသည်။ ဆရာမ မစန္ဒာ၏လက်ရာများမှာ ပရိသတ်၏ မှတ်ကျောက်တင်မှုကိုခံရပြီး ဖတ်ရှုသူတို့၏ ရင်တွင်းသို့ နက်ရှိုင်းစွာနစ်ဝင်ခဲ့ကာ မြန်မာစာဖတ်ပရိသတ်ကို လွှမ်းမိုးခဲ့သည်။

ဆရာမသည် ဟာသဉာဏ်ရွှင်၍ သရော်စာအရေးအဖွဲ့မျိုးဖြင့် သွက်သွက်ရေးတတ်သူဖြစ်သည်။ ရေးဖွဲ့သော ဇာတ်ကောင်များ၏စရိုက်မှာ အမြဲလှုပ်ရှားသက်ဝင်နေတတ်သည်။ ခေတ်သမိုင်း ပြောင်းလဲမှု အမျိုးမျိုးကြားထဲက လူ့ဘဝအထွေထွေကို ပီပြင်အောင်တင်ပြရေးဖွဲ့သည်။ ဘတ်စ်ကား စပယ်ယာ၊ ပျံကျဈေးသည်၊ မှောင်ခိုတန်းစီသူ စသည်ဖြင့် ဘဝသရုပ်ဖော်ဝတ္ထုများကို ခေတ်နှင့်လိုက်လျောညီထွေစွာ တွေးဆပုံဖော်သည်။ ခေတ်သရုပ်ကို သရော်သည်။ မတရားမှုကိုလည်း ဝေဖန်သည်။ အမှန်တရားကိုဖွင့်ဟသည်။ စိတ်ကောင်းစေတနာဖြင့် တည့်မတ်အကြံပြုသည်များလည်း ရှိသည်။

ဆရာမ၏ ဘဝနှင့်စာပေခရီး

ဆရာမ မစန္ဒာကို အဘ ဦးထွန်းတင် (စာရေး ဆရာကြီးမန်းတင်)၊ အမိဒေါ်သန်းတင်တို့က ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။

၁၉၅၃ ခုနှစ်မှစ၍ ရန်ကုန်မြို့ မြို့မအမျိုးသမီး အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဗိသုကာဘွဲ့ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ဗိသုကာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မူလဘဝရည်မှန်းချက်မှာ ဆရာဝန်ဖြစ်ရန်ရည်မှန်းခဲ့သော်လည်း အမှတ်မမီသဖြင့် စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့ရသည်။

၁၉၆၅ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင်ပါဝင်ခဲ့သော “ကျွန်မဆရာမ” ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက်မဂ္ဂဇင်းများတွင် ဝတ္ထုတိုများကို ကြိုးစားရေးသားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သော “ငယ်သူမို့မသိပါ” ဝတ္ထုကိုရေးသားပြီး စာပေလောကစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဒုတိယလုံးချင်းစာအုပ်ဖြင့် “ဂျီဟောသူ” ဝတ္ထုကိုထုတ်ဝေခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် “ကွက်လပ်ကလေး ဖြည့်ပေးပါ”နှင့် “စိမ်းရွက် သစ်တဝေဝေ” လုံးချင်းဝတ္ထုရှည်ကို ဆက်လက် ရေးသားခဲ့သည်။

မဂ္ဂဇင်းဝတ္ထုတို/ရှည် ပေါင်း ၂၀၀ ကျော်ကိုရေးသားခဲ့ပြီး လုံးချင်းဝတ္ထု ၁၃ အုပ်နှင့် ဝတ္ထုလတ်လေးပုဒ်ကိုလည်း ရေးသားခဲ့ပြီးဖြစ်ပါသည်။ မဂ္ဂဇင်းဝတ္ထုတိုများကို စုပေါင်း၍ အမှတ်(၉)အထိ ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ရေးသားခဲ့သော ဝတ္ထုတို/ရှည် အချို့နှင့် လုံးချင်းဝတ္ထုအချို့ကို နိုင်ငံခြားဘာသာများသို့ ပြန်ဆိုခဲ့ကြသည်။

ထင်ရှားသောဝတ္ထုများမှာ “ငယ်သူမို့ မသိပါ”၊ “ဂျီဟောသူ”၊ “နှင်းဆီ”၊ “ဘဝအိပ်မက် ပန်းအိပ်မက်”၊ “အရိပ်”နှင့် “ဆဋ္ဌဂံ”တို့ဖြစ်ကြသည်။ ၂၀၁၉ ခုနှစ်တွင် မဂ္ဂဇင်းများ၌ ရေးသားခဲ့သောဝတ္ထုတို ၁၀၀ ကိုစုစည်း၍ “၂၀ ရာစုဝတ္ထုတိုများ” စာအုပ်ကိုထုတ်ဝေခဲ့သည်။ လုံးချင်း ၁၃ အုပ်အနက် ၁၁ အုပ် မှာ ရုပ်ရှင်အသွင်သို့ ကူးပြောင်းခဲ့ပါသည်။ ရုပ်ရှင်အသွင်ကူးပြောင်းသော ဝတ္ထုများမှာလည်း အကယ်ဒမီဆုများ ရရှိသည်အထိ အောင်မြင်ခဲ့သည်။

ထုတ်ဝေခဲ့သောစာအုပ်များအနက် ၁၉၉၄ ခုနှစ်တွင်“ဘဝအိပ်မက် ပန်းအိပ်မက်” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု၊ ၁၉၉၉ ခုနှစ်တွင်“ဝတ္ထုတိုများ (၃)” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုတိုပေါင်းချုပ်)ဆု၊ ၂၀၀၂ ခုနှစ်တွင် “ဆဋ္ဌဂံ” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု၊ ၂၀၀၆ ခုနှစ်တွင် “ပန်းပွင့်ခရေနှင့်အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် အမျိုးသားစာပေ (လူငယ်) ဆု စုစုပေါင်း အမျိုးသားစာပေဆု လေးကြိမ်ရရှိခဲ့ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုကိုရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။

ခင်ပွန်းဖြစ်သူမှာ ဗိသုကာ ဦးစန်းမောင်ဖြစ်ပြီး သားသမီးနှစ်ဦး ထွန်းကားသည်။

စာပေလက်ရာများ

ဆရာမသည် ဖခင်ဖြစ်သူ စာရေးဆရာကြီး မန်းတင်ကိုအားကျလျက် ဖခင်၏ခြေရာကို နင်းခဲ့သူဖြစ်ပါသည်။ ဖခင်၏ “ဆွေးပွေအင်” ဝတ္ထုလေးကို ဖတ်ရှုပြီး စာရေးခြင်းအနုပညာကို စိတ်ဝင်စားလာခဲ့သည်။ ဖခင်ဖြစ်သူက တရုတ်စာရေးဆရာကြီး ချင်ချိုယန်း၏ဝတ္ထုကို ဘာသာပြန်ချိန်၌ ဖခင်ခေါ်ပေးသမျှကို လိုက်ရေးရင်းဝတ္ထုတစ်ပုဒ်ကို မည်သို့စသည်။ မည်သို့ရေးရမည်ကို နားလည်သွားခဲ့ သည်ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။

၁၉၉၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသော ဆရာမ၏ “ဘဝအိပ်မက် ပန်းအိပ်မက်” ဝတ္ထုရှည်သည် ကန်ထရိုက်တိုက်တစ်လုံးတွင် လာရောက်နေထိုင်ကြသော အိမ်ထောင်စုလေးစု၏ ဘဝဇာတ်ကြောင်းကို ခြယ်မှုန်းထားသော ဝတ္ထုဖြစ်သည်။

“ငွေကြေးချမ်းသာ၍ ကပ်စေးနည်းကာ သားသမီးများပြည်ပတွင် အခြေကျနေကြပြီး အခြားသူများကို အပေါင်းအသင်းမလုပ်လိုသော၊ ကင်ဆာရောဂါဖြင့် ဘဝနိဂုံးချုပ်ရတော့မည့် ဇာတ်ဆောင်ဦးဘပွားသည် ထိုတိုက်ရှိအိမ်နီးချင်း မိသားစုမှကလေးများကိုသံယောဇဉ်တွယ်ရာမှ ဘဝအမြင်ပြောင်းလာပြီး အရာရာတွင်ငွေနှင့် ဆုံးဖြတ်၍မရပုံနှင့် သေခြင်းတရားကိုပါ ရင်ဆိုင်ရဲ သောစိတ်ဓာတ်ရှိလာပုံကို ဝတ္ထုရေးသူက ကျွမ်းကျင်စွာ ရေးဖွဲ့နိုင်သည်။ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးနှင့် ဘဝအမြင်မှန်ကန်ရေးကို နူးညံ့သိမ်မွေ့စွာ တွန်းအား ပေးထားသောကြောင့် အမျိုးသားစာပေဆုချီးမြှင့်သည်”ဟု အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု အဖွဲ့ငယ်က မှတ်ချက်ပြုထားပါသည်။

“ဘဝအိပ်မက် ပန်းအိပ်မက်အတွင်းက အိမ်ထောင်စုလေးစုရဲ့စရိုက်နဲ့ ခပ်ဆင်ဆင်လူတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။ အဲဒီလို မြန်မာဆန်တဲ့ လူနေမှုပတ်ဝန်းကျင် တစ်ခုကို ရေးဖွဲ့တည်ဆောက်တဲ့အခါ အဲဒီစရိုက် အသီးသီးကို ဖွဲ့စည်းပေးလိုက်ခြင်းအားဖြင့် ကျွန်မ တို့မြန်မာတွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝတွေကို အတန်အသင့်ပုံဖော်ပြီးသားဖြစ် သွားမယ်လို့ထင်ပါတယ်။ ...” ဟု ဘဝအိပ်မက် ပန်းအိပ်မက်စာအုပ်နှင့် စပ်လျဉ်း၍ ၁၉၉၄ ခုနှစ် အောက်တိုဘာလထုတ် ကလျာမဂ္ဂဇင်းတွင် ဆရာ မိုးသက်ဇော်နှင့် အင်တာဗျူးရာ၌ ဖော်ပြထားပါသည်။

ဘဝအိပ်မက် ပန်းအိပ်မက်ဝတ္ထုအဖွင့်တွင် “ကွယ်လွန်အနိစ္စရောက်ခြင်းသည် ဤကမ္ဘာဤလောက ဤသံရာကြီးတွင် သက်ရှိသတ္တဝါတိုင်း မလွဲမသွေရင်ဆိုင်ရမည့် အရိုးစင်းဆုံးသောကိစ္စတစ်ရပ် ဖြစ်လေသည်။ အရေးကြီးသည်ကား လူ့ကမ္ဘာသို့ရောက်လာသောလူသားတစ်ဦးသည် သူအသက်ရှင်စဉ်ကာလတွင် ဘာတွေကိုတွေး၍ ဘယ်လိုခံယူကာ ဘယ်လိုပြောဆိုလှုပ်ရှားနေထိုင် သွားသည်ဟူသော အချက်သာဖြစ်သည်။ လူတစ်ဦး ချင်းသည် သူ၏တန်ဖိုးကိုသူ၏လုပ်ရပ်ဖြင့် ဘဝဇာတ်ခုံတွင် တင်ဆက်၍ သက်သေပြသွားကြမြဲ ဖြစ်လေသည် ...” ဟု စာအုပ်၏ Message ကို မိတ် ဆက်ပေးခဲ့ပါသည်။

၁၉၉၉ ခုနှစ်အတွက် အမျိုးသားစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိသည့်“ဝတ္ထုတိုများ ၃” စာအုပ်သည်ဆရာမ၏ ဝတ္ထုတို ၁၅ ပုဒ်ကို စုစည်း ထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်။ ဝတ္ထုတိုများသည် အဆင့်အတန်းမြင့်သည်။ လူ့သဘာဝကို စာရေးသူကကောင်းစွာမြင်တတ် သုံးသပ်တတ် သည်။ အရေးအသားရှင်းသည်။ လိုရင်းကို ရှင်းလင်းပေါ်လွင်အောင် ဖော်ပြသည်။ ဝတ္ထုတိုမှန်သမျှတွင် ရသဖြင့်ထုံမွမ်းလျက် ဝတ္ထုတိုအင်္ဂါရပ်နှင့် ညီညွတ်ကိုက်ညီသည်ဟု အမျိုးသားစာပေ (ဝတ္ထုရှည်) ဆုအဖွဲ့ငယ်က မှတ်ချက်ပြုထားပါသည်။

ယင်းဝတ္ထုတိုများတွင် “ဦးခက်၊ ဒေါ်သက်နှင့် အရပ်ထဲကလူများအကြောင်း”၊ “အဘိုးကြီး နှစ်ယောက်ရှိလေသည်”၊ “အဘွားကြီးနှစ်ယောက် ရှိလေသည်”၊ “မြန်မာအမျိုးသမီးနှစ်ယောက် ရှိလေ သည်”၊ “စုန်ရေ၊ ဆန်ရေ”၊ “မန်ကျည်းကိုးပင်”၊ “ဆဋ္ဌမမြောက်ရန်သူ” စသည်ဖြင့် ကျွန်မတို့ ပတ်ဝန်းကျင်ကလူများ၊ ခံစားချက်များ၊ အဖြစ်အပျက်များကို စာနာစိတ်ဖြင့် ထပ်တူပြုခံစားရေးဖွဲ့ထားသည့်အတွက် စာဖတ်ပရိသတ်ကလည်း နှစ်သက်ခဲ့ကြသည်။

၂၀၀၂ ခုနှစ်တွင် အမျိုးသားစာပေဝတ္ထုရှည်ဆု ရရှိခဲ့သည့်ဆရာမ၏ “ဆဋ္ဌဂံ” စာအုပ်မှာကွဲပြား သောဘဝ၊ ခြားနားသောစရိုက်တို့ဖြင့် မတူညီသော ပတ်ဝန်းကျင်ထဲတွင်လှုပ်ရှားနေကြသော ကိုယ်ဝန်ဆောင် အမျိုးသမီးခြောက်ဦးတို့၏ဘဝများကို သက်ဝင်စွာသရုပ်ဖော် ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်သည်။ ဝတ္ထု၏အဖွင့်တွင် “ကျွန်မကို ကိုးလလွယ်ကာ ဆယ်လတွင်မွေးဖွားပေးခဲ့သော ကျေးဇူးရှင် မိခင်နှင့်တကွအခြားအခြားသော မိခင်များအား ဤ “ဆဋ္ဌဂံ” ဝတ္ထုဖြင့် ဂုဏ်ပြုပူဇော်ပါ၏။” ဟု ဝတ္ထု၏ရည်ရွယ်ရင်းကို ရေးသားထားပါသည်။

၂၀၀၆ ခုနှစ်တွင် အမျိုးသားစာပေ (လူငယ် ဘာသာရပ်) ဆုရရှိခဲ့သည့် “ပန်းပွင့်ခရေနှင့် အခြားဝတ္ထုများ” စာအုပ်မှာ မဂ္ဂဇင်းဝတ္ထုရှည် လေးပုဒ်ကို စုစည်းထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်။ “ပန်းပွင့်ခရေနှင့် အခြားဝတ္ထုများ” စာအုပ်သည် ကလောင်လက်နက်ဖြင့် လူကုန်ကူးမှုကို တိုက်ဖျက်ထားပါသည်။ ဤကဲ့သို့ တိုက်ဖျက်ရာတွင်တဲ့တိုးကြီး လည်းမရေး၊ ပညာပေးသက်သက်လည်း ပုံမဖော်၊ မလျော်ကန်သည့် လူကုန်ကူးမှု အနိဋ္ဌာရုံကို ဖတ်ရှု သူကနှလုံးနာရှုတ်ချလာစေရန် အနုပညာဖြင့် သရုပ်ဖော်ပါသည်။ ယင်းသို့ စာပန်းချီခြယ်ရာတွင် အမျိုးသမီးငယ် (လူငယ်) တို့၏ စရိုက်ကို စာနာဖွယ်ရာ၊ မြတ်နိုးဖွယ်ရာထား၍ အမျိုးသမီးငယ်ထုတစ်ရပ် လုံးကို သိမြင်နားလည်စေပါသည်။ လူကုန်ကူးမှုကြောင့် နစ်မွန်းရသော ဘဝ၏ငရဲခန်းမှ ရုန်းထွက်ရေးကိုလည်း လမ်းပြထားသည်။ ထို့ပြင် လူငယ်ဟူသည် အနာဂတ်အတွက် အားသစ်၊ လူငယ်သည်ဘဝ ၏အားမာန်၊ အရာရာစွမ်းဆောင်နိုင်ပုံကိုလည်းရေးဖွဲ့ထားသည်။ လူငယ်စိတ်ဓာတ်ကို အပြုသဘောဖြင့် ထွက်ပေါက်ပေးထားနိုင်သည်သာမက နိုင်ငံတော်၏ “လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာမူဝါဒ” ကို ဖော်ဆောင်နိုင်သဖြင့် အမျိုးသားစာပေဆု ချီးမြှင့်ခြင်းဖြစ်သည်ဟု အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက မှတ်ချက်ပြုခဲ့ပါသည်။

ဆရာမ၏ “အရိပ်” ဝတ္ထုသည် စာဖတ်ပရိသတ်၏ အသည်းနှလုံးကို ဆွဲကိုင်လှုပ်သည်။ ယင်းဝတ္ထုကို ရုပ်ရှင်အဖြစ်တစ်ကြိမ်၊ ရုပ်မြင်သံကြားဇာတ်လမ်းအဖြစ် နှစ်ကြိမ်ရိုက်သောအခါ၌လည်း နှစ်ကြိမ်လုံးအောင်မြင်သည်။ အမာညို၊ ကျော်ထွန်းညို၊ ညီလင်းညို၊ ပေါက်ကျိုင်း၊ သက်သက်၊ စုလှိုင်စသည့်ဇာတ်ကောင်များနှင့်အတူ ကျွန်မတို့အားလုံး မျောပါသွားခဲ့ကြသည်။ အရိပ်ဝတ္ထု အတွင်းမှ ဇာတ်ဆောင်မင်းသမီး ပြောသွားခဲ့သည့် “လှတဲ့နှလုံးသားကလှတယ်၊ အရုပ်ဆိုးတဲ့ နှလုံးသားက အရုပ်ဆိုးတယ်၊ သူ့နှလုံးသားရဲ့ အရိပ်ဟာသူ့ဘဝမှာ လာပြီးထင်ဟပ်တယ်လေ၊ တချို့အရိပ်တွေက သိပ်လှတယ်၊ တချို့အရိပ်တွေကတော့ အရုပ်ဆိုးတယ်ကွယ်”ဟူသော စကားစုလေးက ဖတ်ရှုသူတိုင်း၏ ရင်ထဲတွင်စွဲကျန်ရစ်ခဲ့သည်။ ဘဝတွင် လှပသည့်နှလုံးသားရှိဖို့နှင့် လှပသည့် အရိပ်များသာ ထင်ဟပ်ရန် ကြိုးစားလိုသည့်လူငယ်များ တိုးပွားလာခဲ့သည်။

ဆရာမ၏ “တိမ်ဖုံးပါလို့ လမသာ” ဝတ္ထုကို ဒါရိုက်တာ ဦးဝင်းဖေက “ပန်းသီတဲ့ကြိုး” အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရာ အောင်မြင်ခဲ့သည်ကို မှတ်မိပါသည်။ ပညာထူးချွန်သည့် ဆင်းရဲသားဆရာဝန် လောင်း ကိုကိုသည် မိမိဆေးရုံဝင်းအတွင်း တာဝန်ကျသည့် လက်သမားဖခင်ကို သူငယ်ချင်းများရှေ့ တွင် ရှောင်ကွင်းခဲ့မိသော်လည်း ဖခင်ဖြစ်သူက နေ့လယ်ကအဖြစ်ကို မသိယောင်ဆောင်လျက် “သား ..လာလေ..၊ ထမင်းစားပြီးခဲ့ပြီလားသား ..” ဟု အိမ်အပြန်ဆီးကြိုပုံမှာ ဖတ်ရှုသူတိုင်း မျက်ရည်စို့ရ သည်။ ထို့ပြင် ဇာတ်ဆောင် ခင်ဦး က “ငွေအတွက် များကိုကို့ကို ရောင်းစားရမှာလား၊ ကိုကိုက မုန့်ဟင်းခါးမို့လို့လား” ဟု ပြောစကားဖြင့် ရေးသားသရုပ်ဖော်မှုမှာ ထိမိလှသည်။

ဆရာမ မစန္ဒာ၏ စက်မှုတက္ကသိုလ်ကျောင်းသူ ဘဝ အမှတ်တရရေးဖွဲ့သည့် “ဂျီဟောသူ” ဝတ္ထုကို အထူးသဖြင့် လူငယ်များ နှစ်သက်သဘောကျကြသည်။ အဆောင်နေကျောင်းသူတို့ဘဝ၊ စွယ်တော်ရွက်ကလေးများ၊ ၁၈ ရာစုမှန်ပြောင်း၊ ကျောင်းနှစ်ပတ်လည်ပွဲ စသည့်အကြောင်းအရာ တို့က စက်မှုတက္ကသိုလ်ကျောင်းသို့ တက်ရောက်နိုင်ရန် စာကြိုးစားချင်စိတ်ကို နှိုးဆွပေးခဲ့ပါသည်။ ထိုစဉ်က ဆရာမနှင့် ခေတ်ပြိုင်စက်မှုတက္ကသိုလ် ကျောင်းဆင်းစာရေးဆရာများဖြစ်ကြသည့် ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာ နွမ်ဂျာသိုင်းနှင့် ဆရာမ မမြင့်ခိုင်တို့ကလည်း ရသစာပေနယ်သို့ စတင်ဝင်ရောက်နေပြီဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)