Skip to main content

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုအပ်ပါသည်

သဇင်အောင်(ပြန်/ဆက်)

အားကစားဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်သည့် တရားမျှတမှုရှိသော စွမ်းရည်ပြယှဉ်ပြိုင်မှုတစ်ရပ်ပင်ဖြစ်သည်။

ထို့အတူ နိုင်ငံသူနိုင်ငံသားများ၏ စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေးသည့် ခိုင်မာသောစိတ်ဓာတ်များကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။

အားကစားစွမ်းရည် ထုတ်ဖော်ပြသ

မိမိတို့နိုင်ငံ၏ အားကစားအဆင့် အတန်းကို မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်းအားကစားပြိုင်ပွဲများ၊ ဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး မိမိတို့၏အားကစားစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ရေး အစွမ်းကုန် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍမြင့်မားရေးကို ကဏ္ဍတစ်ခုအဖြစ် အားပေးမြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် သီးခြားစီပြင်ဆင်ဖွဲ့စည်းခဲ့သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏အင်အားတစ်ခုဖြစ်သည့် အားကစားကဏ္ဍကို နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် လူငယ်များ၏စွမ်းပကားဖြင့် မြှင့်တင်ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပ

မြန်မာနိုင်ငံသည် ၁၉၅၉ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စတင်ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲများ (SEAP Games)ကို စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံခြောက်နိုင်ငံတွင် ပါဝင်ခဲ့သည်။ ယင်းပြိုင်ပွဲများကို ၁၉၅၉ ခုနှစ်မှစတင်၍ နိုင်ငံများ၏ အက္ခရာစဉ်အလိုက် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ် တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ယင်းမှအမည်ပြောင်းလဲလာသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ (SEA Games)ကို ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပခဲ့ကြသော အိမ်ရှင်နိုင်ငံများသည် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ပွဲကြီးများ လက်ခံကျင်းပနိုင်စွမ်းရှိသည့် နိုင်ငံ့ပုံရိပ်၊ သက်ဆိုင်ရာနိုင်ငံနှင့်လူမျိုးအလိုက် နိုင်ငံတော်နှင့် ပြည်သူတို့၏ညီညွတ်မှု၊ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ အမျိုးသားရေးပုံရိပ်ကောင်းကို ပုံဖော်နိုင်စွမ်းရှိခဲ့မှုတို့အပေါ် နိုင်ငံတစ်နိုင်ငံ၏ Soft Power ပိုင်ဆိုင်မှုကို ကမ္ဘာကသိရှိအောင် အသိပေးနိုင်ခြင်းလည်းဖြစ်သည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှနိုင်ငံများ၏ အားကစားပွဲတော်ဟုဆိုသော်လည်း အရှေ့တောင်အာရှနိုင်ငံများ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးစသည်တို့အတွက် ရည်ရွယ်ကျင်းပကြခြင်းဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှသည် အာရှအားကစားပွဲတော်၊ အိုလံပစ်အားကစားပွဲတော် စသည့် ကမ္ဘာ့ပြိုင်ပွဲများသို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းကောင်း လည်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးတာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီးဖြစ်သည့်အတွက် မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက် ထုတ်ကာအစွမ်းကုန်ကြိုးပမ်းသွားရန် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိ

၂၀၂၂ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ (SEA Games)ကို ဗီယက်နမ်နိုင်ငံတွင် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်မှ ၂၃ ရက်အထိကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အား ကစားနည်း ၂၁ မျိုးတွင် အားကစားသမား ၂၉၃ ဦးအပါအဝင်စုစုပေါင်း ၄၂၈ ဦးဖြင့် သွားရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းသို့ ပြိုင်ပွဲဝင်ခဲ့သည့် အားကစားနည်းများအနက် မြန်မာနိုင်ငံက အားကစားနည်း ၁၆ မျိုးတွင် ဆုတံဆိပ်အသီးသီးရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ ဆုတံဆိပ် စုစုပေါင်း ၆၂ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ ရရှိခဲ့သည်။ ယင်းဆုအရေအတွက်သည် ၂၀၁၇ ခုနှစ် မလေးရှားဆီးဂိမ်းပြိုင်ပွဲနှင့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတို့တွင် ရရှိခဲ့ သည့် ဆုတံဆိပ်အရေအတွက်ထက် ပိုမိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သင်ခန်းစာအဖြစ် မှတ်ယူ

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပြည်တွင်း ပြည်ပအဖျက်သမားများ၏ နှောင့်ယှက်မှုအခက်အခဲများရှိခဲ့သော်လည်း ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားပြီး အမိမြေသို့ ရွှေ၊ ငွေနှင့် ကြေးတံဆိပ်များ သယ်ဆောင်ပြန်နိုင်အောင် အစွမ်းကုန်ကြိုးစားခဲ့ကြပါသည်။ အချို့ပြိုင်ပွဲဝင်များအနေဖြင့် ဆုနှင့် လွဲချော်သွားခဲ့ကြရသော်လည်း ထိုအဖြစ်ကို သင်ခန်းစာအဖြစ် မှတ်ယူပြီး မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် ဆက်လက်ကြိုးစားသွားပါလျှင် အောင်မြင်မှုရလဒ်ကောင်းများ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

အခက်အခဲများကြားမှ သွားရောက် ယှဉ်ပြိုင်ခဲ့ရသော်လည်း ယခင်ကထက် ပိုမိုကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများကို နိုင်ငံတော်မှလည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ပြိုင်ပွဲများတွင် အစွမ်းကုန်ကြိုးစားနေကြသော အားကစားသမားများအား ဆုတံဆိပ်ရရှိသည်နှင့် တစ်ပြိုင်တည်း ပြိုင်ပွဲကွင်းအတွင်းမှာပင် တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ် တစ်ဆုလျှင် ဒေါ်လာ ၂၀၀၀ နှင့် ကြေးတံဆိပ်တစ်ဆုလျှင် ဒေါ်လာ ၁၀၀၀၊ အသင်းလိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ်ဆုရရှိလျှင် တစ်ဦးချင်းအား အမေရိကန် ဒေါ်လာ ၁၀၀၀၊ ငွေတံဆိပ်ဆုရရှိလျှင် ဒေါ်လာ ၇၅၀ နှင့် ကြေးတံဆိပ်ဆုရရှိလျှင် ဒေါ်လာ ၅၀၀ ထပ်ဆောင်းချီးမြှင့် ပေးအပ်ခဲ့သည်။

နိုင်ငံတော်အနေဖြင့် အားကစားမောင်မယ်များ နောင်ရေးစိတ်အေးရစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ခေတ်အဆက်ဆက် ဂုဏ်ပြု ချီးမြှင့်ခဲ့သည့် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ အသက် ၆၀ ပြည့်မြောက်သည့် အချိန်မှစ၍ သက်ရှိထင်ရှားရှိသမျှ ကာလပတ်လုံး လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိသည်။

လူမှုထူးချွန် ပထမအဆင့်ချီးမြှင့်

ထို့ပြင် ၂၀၂၂ ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် အာရှအားကစားပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ၁၂ ဦးနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ငါးခုနှင့်အထက်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ အနက် ၂၄ ဦးကို လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ပေးအပ်ခဲ့သည်။

ယနေ့ မိမိမွေးဖွားရာဇာတိမြေကို ချစ်ခင်မြတ်နိုးသည့်စိတ်၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများကို ညီအစ်ကို၊ မောင်နှမ သွေးသားရင်းချာအဖြစ်မှတ်ယူပြီး နိုင်ငံနှင့်လူမျိုး ကမ္ဘာ့အလယ် ဝင့်ထည်စွာ ရပ်တည်နေနိုင်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစား စွမ်းဆောင်ကာ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် အခက်အခဲများကြားမှ သမိုင်းစာမျက်နှာသစ်ကို လှပစွာ ကမ္ပည်းရေးထိုးနိုင်အောင်စုစည်း ညီညွတ်မှုစွမ်းအားကို တည်ဆောက်ရင်း အတူလက်တွဲ၍ အောင်မြင်မှု ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။ ။