Skip to main content

အဂတိလိုက်စားမှုပြဿနာကိုကိုင်တွယ်ခြင်း - အသိပညာပေးရေးနှင့် ကျောင်းပညာရေးကဏ္ဍ

မယ်စူးစမ်း

အဓိပ္ပာယ်ဖွင့်ဆိုခြင်း

အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့် အဟန့်အတားများစွာထဲမှ တစ်ခုဖြစ်ပါသည်။ အဂတိလိုက်စားမှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းမှုမပြုပါက နိုင်ငံရေး၊ တရားစီရင်ရေးနှင့် စီးပွားရေးကဏ္ဍများအထိ ထိခိုက်လာနိုင်ပြီး နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများကို ထိခိုက်စေနိုင်ပါသည်။

အဂတိလိုက်စားမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီသည့်ဖွင့်ဆိုချက်ဟူ၍ မရှိဘဲ နိုင်ငံအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း သတ်မှတ်ချက်များအရ အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုသည် မိမိအားပေးအပ်ထားသည့် ရာထူး၊ လုပ်ပိုင်ခွင့်အာဏာကို မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ်သည့်အတွက် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင်ဖြစ်ပါသည်။ အဂတိလိုက်စားမှုကို “လာဘ်ပေး လာဘ်ယူမှု” အဖြစ်သာသိကြပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့သည်လည်း အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်ပါသည်။

ရေရှည်မျှော်မှန်းချက်

အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးဖော်ထုတ်၍ ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်သော်လည်း အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းလာပြီး တဖြည်းဖြည်း ပပျောက်သွားစေရန်မှာ လူငယ်များကို ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများကို ငယ်စဉ်အခါကပင် သင်ကြားမြှင့်တင်ပေးရန် လိုအပ်ပါသည်။

တစ်နည်းအားဖြင့် အဂတိလိုက်စားမှုများကို အသိပညာပေး၍ တားဆီးကာကွယ်သည့် နည်းလမ်းဖြင့် ရေရှည်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုနည်းလမ်းသည် ရေရှည်စီမံကိန်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းကို ပံ့ပိုးထောက်ပံ့ပေးမည့် အစိုးရ၏ နိုင်ငံရေးစိတ်ဆန္ဒပြင်းပြမှု (Political Will) လိုအပ်မည်ဖြစ်ပါသည်။

၎င်းအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သက်ဆိုင်ရာကဏ္ဍရှိ ဌာန/အဖွဲ့အစည်းများ၊ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငွေကြေး၊ အချိန်၊ လူသားအရင်းအမြစ်များနှင့် နည်းပညာများအသုံးပြုရန် လိုအပ်ပါသည်။

ကျင့်ဝတ်ပျိုးထောင်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အခြေခံအကျဆုံးနည်းလမ်းမှာ အသိပညာပေးခြင်းဖြစ်ပါသည်။ အသိပညာပေးခြင်းကို ကျောင်းပညာရေးများမှတစ်ဆင့် ဆောင်ရွက်ပါက ထိရောက်မှုရှိသည့် အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားဆိုင်ရာပြဿနာ တစ်ခုဖြစ်သည့်အတွက် ကိုယ်ကျင့်တရားမြင့်မားရေး၊ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးတို့ကို အခြေခံပညာမူလတန်းမှစတင်ကာ ထည့်သွင်းသင်ကြားပေးရမည်ဖြစ်ပါသည်။ လူငယ်များအား အဂတိလိုက်စားမှု၏ ဆိုးကျိုး၊ ဘေးအန္တရာယ်တို့နှင့် စပ်လျဉ်း၍ ငယ်ရွယ်စဉ်ကပင် လေ့ကျင့်သွန်သင်ပေးရန်လိုပါသည်။

ကလေးငယ်များ၏ နေ့စဉ်ဘဝတွင် ကိုယ်ကျင့်တရားနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများ မျိုးစေ့ချပေးနိုင်ရေးအတွက် ကျင့်ဝတ်ပညာရေးသည် အခြေခံကျသည့်အချက်ဖြစ်ပါသည်။ ကျင့်ဝတ်ပညာရေးကို ပိုမိုထိရောက်စေရန် ဖြောင့်မတ်တည်ကြည်မှုကို တန်ဖိုးထားသည့် သင်ကြားရေးပတ်ဝန်းကျင်ကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပါသည်။ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်သင်ခန်းစာများသည် ကျောင်းသားလူငယ်တို့၏ အတန်းပညာအပေါ် အခြေခံ၍ ကွဲပြားသွား မည်ဖြစ်ပါသည်။

နိုင်ငံတကာ လေ့ကျင့်ပညာသင်ခန်းစာများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးအစီအစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံအသီးသီးတွင် အသုံးပြုနေကြသော ပညာပေးအစီအစဉ်များစွာ ရှိပါသည်။ အစီအစဉ်များသည် နိုင်ငံ၏ပညာရေးကဏ္ဍ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကဏ္ဍတို့အပေါ် အခြေခံ၍ ကွဲပြားခြားနားကြပါသည်။ ပညာပေးအစီအစဉ်များ၏ ရည်ရွယ်ချက်သည် အဂတိလိုက်စားမှုများကို လျော့နည်းပပျောက်ရေးဟူသည့် ဘုံရည်မှန်းချက် တူညီကြသော်လည်း နိုင်ငံအလိုက် ဦးတည်သည့်လူငယ်များ၏ အသက်အရွယ်အပေါ်မူတည်၍ စီစဉ်ရေးဆွဲထားသည့် အကြောင်းအရာများ၊ ယဉ်ကျေးမှု၊ လူနေမှုအားဖြင့် ပုံစံများကွဲပြားနိုင်ကြပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ် ခွင့်ရဒေသတစ်ခုဖြစ်သည့် မကာအိုတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးကဏ္ဍတစ်ခုအနေဖြင့် မကာအိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (CCAC MACAO – Com-mission Against Corruption of MACAO)က ရေးဆွဲထားသည့် အစီအစဉ်သည် အခြေခံပညာကျောင်းသား ကျောင်းသူများကို ဦးတည်ရေးဆွဲထားပြီး ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မှု(Role Play)နှင့် အပြန်အလှန်ဆွေးနွေးခြင်း (Discussions)၊ စာသင်ခန်းလှုပ်ရှားမှု (Classroom’s Activities)များပါဝင်ကာ ၎င်းမှတစ်ဆင့် ကလေးများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၏ အရေးပါမှုကိုသိရှိစေရန် မူလတန်းအရွယ်မှ စတင်ပျိုးထောင်ပေးလျက်ရှိပါသည်။

၎င်းအစီအစဉ်တွင် ကလေးများအတွက် ကစားကွင်းတစ်ခု ပြုလုပ်ပေးထားကာ တီထွင်ဆန်းသစ်သော သင်ကြားမှုကို အခြေခံ၍ စာသင်ခန်း၏ အငွေ့အသက်မပါဘဲ ကလေးသူငယ်များအား အဂတိလိုက်စားမှု၏ဆိုးကျိုးများကို သိရှိနားလည်ပြီး ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ တန်ဖိုးများနှင့် ကျင့်ဝတ်များကို ခွဲခြားသိမြင်လာစေသည့် လွတ်လပ်ပေါ့ပါးသည့် လှုပ်ရှားမှုများဖြင့် ပုံဖော်ထားပါသည်။

မကာအိုအခြေခံပညာကျောင်းများမှ မူလတန်းကျောင်းသား ကျောင်းသူများသည် အဆိုပါကစားကွင်းသို့ တစ်နာရီခန့်လာရောက်ကြပြီး မကာအို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပညာရပ်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများက လှုပ်ရှားမှုများအား ဦးဆောင်ပြုလုပ်ပေးခြင်း၊ ကစားကွင်းသို့ လိုက်လံရှင်းလင်းပြသခြင်းတို့ကို ပါဝင်ဆောင်ရွက်ကြရပါသည်။ ကလေးငယ်များကစားကွင်းတွင် ဝင်ရောက်လေ့လာပြီးပါက ၎င်းတို့ လေ့လာတွေ့ရှိခဲ့သည်များအနက် ပြုလုပ်သင့်သည်နှင့် ပြုလုပ်ရန်မသင့်သည့်အရာများကို ကော်မရှင်ဝန်ထမ်းများနှင့် ပြန်လည်ဆွေးနွေးစေပါသည်။ စာသင်ကျောင်းများမှလည်း ကျောင်းသားကျောင်းသူတို့၏ လေ့လာမှုခရီးစဉ်နှင့်စပ်လျဉ်း၍ ပြန်လည်ဆန်းစစ်ခြင်း၊ ဆွေးနွေးခြင်းများနှင့် ၎င်းတို့၏အပြုအမူများကို စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ရာ ကလေးများ၏ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်များမြင့်တက်လာသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဟောင်ကောင်လေ့ကျင့်သင်ကြားမှုပုံစံ

ဟောင်ကောင်တွင်လည်း ဟောင်ကောင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ICAC – Inde-pendent Commission Against Corruption)၏ လက်အောက်ခံဌာနတစ်ခုဖြစ်သည့် ဒေသတွင်းဆက်ဆံရေးဌာန (CRD – Community Relations Department) က အဓိကဆောင်ရွက်ပါသည်။

CRD အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးအစီအစဉ်အဖြစ် အသက်သုံးနှစ်မှ ၁၁ နှစ် အရွယ် ကလေးငယ်များအတွက် ကာတွန်းရုပ်ကောင်များ ဖန်တီး၍လည်းကောင်း၊ သင်ကြားရေးအစီအစဉ်များတွင် ထည့်သွင်းရေးဆွဲကာ ကျောင်းသင်ခန်းစာများ အဖြစ်လည်းကောင်း သင်ကြားပြီး TV နှင့် Internet တို့မှတစ်ဆင့်လည်း ထုတ်လွှင့်မှုများပြုလုပ်၍ အသိပညာပေးခြင်း ဆောင်ရွက်ပါသည်။ အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများအတွက် အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် စဉ်းစားရမည့် အချက်များကို  ကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားစေပါသည်။

ထို့ပြင် ဟောင်ကောင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ICAC)က စာသင်ကျောင်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ပေးပြီး ICAC ရုံးချုပ်သို့လည်း ကျောင်းသား ကျောင်းသူများက သွားရောက် လည်ပတ်လေ့လာရသည့် အစီအစဉ်များ ထည့်သွင်းထားပါသည်။

တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများအတွက်မူ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်သည့် သင်တန်းပို့ချမှုများ၊ ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွား ယှဉ်တွဲလာသည့် အခြေအနေတွင် ကျင့်ဝတ်ဆိုင်ရာဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်စေခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ရာ၌ သက်ဆိုင်ရာကျင့်ဝတ်များ လိုက်နာတတ်စေရန်ကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာများကို တက္ကသိုလ်ပညာရေးတွင် ဘာသာရပ်တစ်ခုအနေဖြင့် ပြဋ္ဌာန်းသင်ကြားစေခြင်းတို့ကို ဆောင်ရွက်စေပါသည်။

အဂတိတိုက်ဖျက်ရေးနည်းလမ်း သုံးသွယ်

မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုများ တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ (ည)နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာအသိပညာများကို အခြေခံပညာမူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစုခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဆရာကိုင်စာအုပ်များကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ Education for Justice (E4J) Initiative University Module Series မှ Anti-Corruption Module (1 to 5) နှင့် Integrity and Ethics Module (1 to 12)တို့ကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များအဖြစ် ဘာသာပြန်ဆို ပြုစုထုတ်ဝေပြီး ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းဖြင့် ကလေးငယ်များ၏ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို မူလတန်းပညာရေးမှစတင်ကာ အလယ်တန်း၊ အထက်တန်းအထိရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍကို သတင်းစာနှင့် ဂျာနယ်မဂ္ဂဇင်းများတွင် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာပေးဆောင်းပါးများရေးသားခြင်း၊ ရုပ် သံလိုင်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လွှင့်ခြင်း၊ Social Media နှင့် လူမှုကွန်ရက်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ၊ အသိပညာများ အပတ်စဉ်ရေးသားတင်ပြခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိခြင်း၊ ဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများသွားရောက်ပို့ချခြင်း၊ လူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးစခန်း (Youth Integrity Camp) များ ကျင်းပပြုလုပ်ခြင်းစသည့် အသိပညာပေးနည်းလမ်းများဖြင့်လည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ကိုယ်ကျင့်တရားမျိုးစေ့များ

အဂတိလိုက်စားမှုများကို လုံးဝလက်သင့်မခံသည့် လူမှုအသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်လာစေရန်မှာ ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင် အသိတရားဖြင့်တန်ဖိုးထားပြီး လက်တွေ့လိုက်နာကျင့်ကြံခြင်း၊ အခြေခံစည်းကမ်းနှင့် ကျင့်ဝတ်များကိုလိုက်နာခြင်း၊ မိမိတို့၏ လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းတို့သည် အခြေခံအချက်များဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍကို မြှင့်တင်ခြင်းသည် လူငယ်လူရွယ်တို့၏ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စံနှုန်းများကို မြှင့်တင်ပေးခြင်းဖြစ်ပါသည်။

တစ်နည်းအားဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများကိုမျိုးစေ့ချပေးခြင်းဖြစ်ပါသည်။ ဖြောင့် မတ်တည်ကြည်မှုကို ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးခြင်းမရှိပါက “မျိုးစေ့မမှန်၊ ပင်မသန်” ဆိုသကဲ့သို့ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများကျဆင်းလာပြီး အရွယ်ရောက်၍ လုပ်ငန်းခွင်ဝင်ရပါက အဂတိလိုက်စားမှုများကျုးလွန်ခြင်း၊ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ အမှားအမှန်မခွဲခြားနိုင်ခြင်းတို့ကို ကြုံတွေ့လာနိုင်ပါသည်။

နိုင်ငံတကာ သိမှတ်ဖွယ်ရာများ

ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကျင့်သုံးနေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်သည့် ပညာပေးကဏ္ဍများအပေါ် လေ့လာမှုများအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆောင်ရွက်ရာတွင် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများ၊ ပညာရေး၊ လူငယ်ရေးရာ စသည့်ဌာနများနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်းများတွင် သင်ခန်းစာများထည့်သွင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အခြေခံပညာကျောင်းများ သို့မဟုတ် တက္ကသိုလ်များသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ သွားရောက်ဟောပြောပို့ချခြင်း၊ နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းက ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာနိုင်စေရန် ပြခန်းများထားရှိခြင်းများလည်း စီမံထားရှိခဲ့ကြပါသည်။

 အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ  လှုပ်ရှားဆောင်ရွက်မှုများအား ကျောင်းသားလူငယ်များ ပါဝင်ဆောင်ရွက်နိုင်စေရန် ဖန်တီးပေးခြင်း၊ အသိပညာပေးနိုင်ရန် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများကလှုပ်ရှားမှုများကို ကျောင်းသား ကျောင်းသူများနှင့်အတူ ပါဝင်ဆောင်ရွက်ခြင်းများလည်း လက်တွေ့ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ အပြန်အလှန်ဆွေးနွေးခြင်း၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဘာသာရပ်တို့ကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား သင်ကြားရေးဆိုင်ရာ သင်တန်းများပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့် ထင်ရှားသည့် သာဓကများအား ပြန်လှန်ခွဲခြမ်းစိတ်ဖြာလေ့လာစေခြင်း အစရှိသည့် နည်းလမ်းများကို အဓိကလက်တွေ့အသုံးပြုကြသည်ကို  စာသင်ကျောင်းများတွင် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြကြောင်း လေ့လာတွေ့ရှိရပါသည်။

အနာဂတ်အတွက် ခံယူချက်

အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းသည် ရေရှည်စီမံကိန်းချကာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ အဂတိလိုက်စားမှု လျော့နည်းပပျောက်သွားစေရန်မှာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်တစ်ခုတည်း ဆောင်ရွက်ခြင်းထက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုများအားလုံးပါဝင် ဆောင်ရွက်ပါကအရွေ့တစ်ခုကို လျင်မြန်စွာဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ အားလုံးဝိုင်းဝန်း၍ လက်တွဲညီညီ ကြိုးစားကြမည်ဆိုလျှင် အနာဂတ်တွင် ကိုယ်ကျင့်တရားဆိုင်ရာစံတန်ဖိုးများ မြင့်မားလာပြီး အဂတိလိုက်စားမှုများလည်း တဖြည်းဖြည်လျော့နည်းလာမည်ဖြစ်ပါသည်။

ထို့ကြောင့် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများကို မိမိကိုယ်တိုင် ကြုံတွေ့လျှင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်တွင် တွေ့မြင်ရလျှင် သော်လည်းကောင်း အဂတိလိုက်စားမှုကိုသိရှိကာ လက်သင့်မခံသင့်သည့် ခံယူချက်တစ်ခုအဖြစ် နားလည်ပြီး တွန်းလှန်တိုက်ဖျက်နိုင်ကြစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ အသိပညာပေးကဏ္ဍကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတကာ မှတ်တမ်းမှတ်ရာများနှင့် ကိုးကားတင်ပြအပ်ပါသည်။ ။

ကိုးကား

၁။      Teaching Integrity To Youth: Examples from 11 countries

၂။       Tackling Corruption: School Education and Public Awareness

၃။      Effective Practices of Anti-corruption Education: Hong Kong’s Experience

၄။      အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တားဆီးကာကွယ်ရေးကဏ္ဍ လက်ကမ်း စာစောင် (၂၀၂၂)

၅။      ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁)