ခေါင်းလောင်းသံတညံညံနဲ့ . . .
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
“ခေါင်းလောင်းသံတညံညံနဲ့…ရွာ..ကျောင်းကို..ပြေး..မြင်မိတယ်…သတိရနေတယ်..သူငယ်ချင်းရေ..” အစချီတဲ့ တွံတေးသိန်းတန်ရဲ့ တစ်ခေတ်တစ်ခါက ကျေးလက်ပညာရေးသီချင်းဟာ ကျေးလက်တောရွာများ သာမက မြို့ကြီးပြကြီးများထိ ကျယ်ပြန့်တာမို့ ယခုလိုမေလနဲ့ ဇွန်လမှာ မြို့နယ်အလိုက်၊ အခြေခံပညာကျောင်းအလိုက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ ကြားယောင်နေဆဲဖြစ်ပါတယ်။
၁၉၅၂ ခုနှစ်က ပြည်ထောင်စုတစ်ဝန်း လူမှုဘဝမြင့်မားရေး ပြည်တော်သာ ရှစ်နှစ်စီမံကိန်း၊ ပညာရေးစီမံကိန်းတစ်ခုထဲက တစ်နိုင်ငံလုံးစာအရေး၊ အဖတ်၊ အတွက်အချက်တတ်ဖို့ကို အားထုတ်ခဲ့ရာမှာ ကျွန်တော်တို့ ရွာကျောင်းက ဆရာတော်ဦးဒီပ၊ မူလတန်းပြဆရာ ဦးညီပုနဲ့ သင်္ချာဆရာ ဦးစံအိ၊ ဦးကြည်တင်တို့ကို ပို၍သတိတရ ဖြစ်ရပါတယ်။ ဆရာတို့ရဲ့ မှန်၊ ကောင်း၊ သင့်ဆိုတဲ့ အနီခြစ်လေးတွေ ကိုလည်း မှတ်မိနေကြပါတယ်။ ဆရာတို့ရဲ့ ကျေးဇူးတရားကိုလည်း အောက်မေ့ကြရပါတယ်။ အသက်အားဖြင့် ၆၀ ကျော်၊ ၇၀ကျော်တို့ဟာ ယနေ့အချိန်အခါမှာ ကိုယ်ပညာရည်နို့သောက်စို့ခဲ့တဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတို့ကို ပြန်လည်သတိရကြ သူတွေချည်းဖြစ်ပါတယ်။ စာသင်ချိန်မစမီ နိုင်ငံတော်သီချင်းပြိုင်တူသီဆို၊ နိုင်ငံတော်အလံကို အလေးပြုခဲ့တာတွေကိုလည်း သတိရလျက် ရှိနေပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း မြန်မာရပ်ရွာတွေမှာ မျက်စိသူငယ်နားသူငယ်နဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ မျက်နှာမမူနိုင်ဖြစ်ခဲ့ကြရပါတယ်။ အဟန့်အတား၊ အခြောက်အလှန့်တွေကြောင့် မူလတန်းပညာကို သင်ခွင့်မရခဲ့တဲ့ ကျောင်းနေအရွယ်ကလေးသူငယ် အရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြီးမားခဲ့ပါတယ်။ ဂဏန်းမသင် လာဘ်မမြင်သူတွေ၊ စာမတတ် စာမဖတ်နိုင်သူတွေ ပေါများခဲ့ရပါတယ်။ အချိန်အခါ အသက်အရွယ်အရ သင်ယူရမယ့်ပညာ ရေးဟာတစ်ခါက အဟောသိကံဖြစ်ခဲ့ရတာကို ယနေ့ သင်ခန်းစာ ယူကြရလိမ့်မယ်။
ရပ်ရွာရဲ့ ဥပစာ၊ မြို့ပြရဲ့ဥပစာဟာ ကျောင်း
လူ့အဖွဲ့အစည်း ရပ်ရွာရဲ့ဥပစာ၊ မြို့ပြရဲ့ဥပစာဟာ ကျောင်းပဲ။ ပညာရေးစနစ်၊ ပန်းတိုင်နဲ့မျှော်မှန်းချက်တွေ ရှိနေပြီ။ အစီအစဉ်တွေ သင်ကြားပို့ချမယ့်ဆရာတွေရှိနေပြီ။ မြို့မိမြို့ဖ ရွာမိရွာဖများကလည်း ကိုယ့်ဒေသရဲ့ဥပစာဟာ ကျောင်းဖြစ်လို့ စောင့်ရှောက်ကြရမယ်။ ပညာသင်ယူလိုသူ ကလေးသူငယ်တွေ ကျောင်းပရဝဏ်မှာ ဆရာများရဲ့ သင်ကြားပို့ချမှုရဖို့ ကျောင်းအပ်နှံကြရလိမ့်မယ်။ အစဉ်အလာအရ နိုင်ငံကြီးသားပီသစွာ ကျောင်းအပ်နှံရေးလှုပ်ရှားမှုဟာ မင်္ဂလာဖြစ်ပါတယ်။ နိုင်ငံရဲ့အမြော်အမြင်၊ နိုင်ငံရဲ့ဆန္ဒနဲ့ နိုင်ငံရဲ့တစ်နံတစ်လျားက ပြည်သူတို့ဟာ သူ့နည်းသူ့ဟန်နဲ့ တစ်နိုင်ငံလုံးဟာ နိုးနိုးကြားကြားနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပညာတတ်မှဝင်ဆံ့နိုင်မယ်။ ရပ်တည်နိုင်မယ်၊ ရှင်သန်ကြီးထွားနိုင်မယ်။ ဒီအတွက် ကျောင်းတွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ပညာစီးပွားခေတ်မှာ ကျောင်းသားလူငယ်တွေ စာမသင်၊ ပညာမသင်လို့ကတော့ ၂၁ ရာစုမှာ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဆိုတာ ပြောဖွယ်ရာမလိုတော့ပြီ။ ပြည်သူရဲ့ဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့ ကျောင်း ပေါင်းဟာ ငါးသောင်းနီးပါးရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အခုခေတ်လို အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခဲ့တာကတော့ ၁၈၁၃ ခုနှစ်က ဖြစ်ပါတယ်။
ကျွန်တော်တို့ ငယ်စဉ်ကစ ကြီးပြင်းလာတဲ့အထိ ပညာသင်ကြား ကြတဲ့အခါ
သိဖို့ (learning to know)
ကျွမ်းကျင်ဖို့ (learning to do and be skillful)
ကိုယ်ကျင့်တရားကောင်းဖို့ (learning to be)
အတူတကွ နေထိုင်ကြဖို့၊ ခွဲခြားမှုမရှိဖို့ (learning to live peacefully together, with no discrimination) ကိစ္စတွေ ပါဝင်ပါတယ်။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတို့နဲ့ ညီညွတ်မျှတစွာ နေတတ်ဖို့ဟာ အလွန်အရေးကြီးလှပါတယ်။
မြန်မာ့ပညာရေးမျှော်မှန်းချက်
“မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကိုရင်ဆိုင်နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခုဖြစ်ထွန်းစေရန်” ဖြစ်ပါတယ်။ “မြန်မာ့ပညာရေးမျှော်မှန်းချက်” ကျောက်တိုင်ကို အခြေခံကျောင်းတွေမှာစိုက်ပြီး ပညာရေးယန္တရားကို မောင်းနှင်နေပါတယ်။
ပညာရေးပြုပြင်ပြောင်းလဲမှုတွေ မြှင့်တင်မှုတွေအရ ပညာရေးပြက္ခဒိန်မှာ မေနဲ့ဇွန်လအတွင်း ကျောင်းအပ်နှံရေးသီတင်းပတ်၊ ဇူလိုင်လမှာကျောင်းနဲ့ ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဩဂုတ်လမှာ ကျောင်းကျန်းမာရေးသီတင်းပတ်ရယ်လို့ ပညာရေးအစီအစဉ်တွေ ရေးဆွဲကာဆရာ၊ ကျောင်းသားအပေါင်းဟာ တက်ကြွစွာလုပ်ဆောင်ကြခြင်းဖြင့် မြို့ရွာရဲ့ကျောင်းဟာ ဥပစာဖြစ်လာပါတော့တယ်။
ဘာကြောင့်လဲ။ ငယ်စဉ်ကတည်းက ကျောင်းနေအရွယ်ကလေးတွေဟာ စာမေးပွဲရယ်၊ အမှတ်ရယ်၊ ဂုဏ်ထူးရယ် ဒီနောက်ကိုပဲသွားနေခဲ့ကြရတယ်။ ယနေ့ခေတ်အချိန်အခါမှာ ကိုယ့်ကျောင်းပရဝဏ်ထဲကို စနစ်တကျရောက်လာတဲ့ကလေး၊ ကိုယ့်ပရဝဏ်ထဲမှာ ကိုယ့်အရိပ်အာဝါသထဲမှာ ရောက်လာတဲ့ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးဖို့ ကိစ္စဟာ အမျိုးသားရေးတာဝန်ပဲဖြစ်ပါတယ်။
ပညာရေးပြက္ခဒိန်မှာဘာကြောင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေနဲ့ဇွန်လအတွင်းသတ်မှတ်ပြီး သိုက်သိုက်ဝန်းဝန်း ဆောင်ရွက်ရလဲဆိုရင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေစေချင်လို့ပါပဲ။ တစ်နိုင်ငံလုံး စာရေးတတ်၊ ဖတ်တတ်၊ ဂဏန်းသင်္ချာတွက်တတ်ဖို့၊ ရောက်လာတဲ့ကလေး ဘက်စုံဖွံ့ဖြိုးဖို့ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ၉၃ ရာခိုင်နှုန်းကျော် ကလေးသူငယ်များဟာ ကျောင်းကိုရောက်ရှိခဲ့ပါတယ်။ ကမ္ဘာမှာ ၉၀ ရာခိုင်နှုန်း ကျော်တဲ့တိုင်းပြည်ရှားပါတယ်။ ၂၀၀၃ - ၂၀၀၄ ပညာသင်နှစ်မှာ ရန်ကုန်တိုင်းဟာ ၉၉ ရာခိုင်နှုန်း ကျောင်းနေတဲ့တိုင်း ဖြစ်လာခဲ့ပါတယ်။ မန္တလေးတိုင်းဟာလည်း ထိုနည်းလည်းကောင်း ကျောင်းနေအရွယ်ကလေးကျောင်းနေလာတာ ၉၉ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။ အာရှတိုက်မှာ ၉၉ ရာခိုင်နှုန်း ကျောင်းနေတဲ့မြို့တော်တွေဟာ ဆိုးလ် နဲ့တိုကျိုမြို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရန်ကုန်နဲ့မန္တလေးမြို့တော်တွေမှာ ၉၉ ရာခိုင်နှုန်း ကျောင်းနေလာခြင်းဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူများ၊ စေတနာရှင်များက ကလေးတွေရဲ့ အနာဂတ်အရေးမြော်တွေးပြီး ဝိုင်းဝန်းကူညီစောင့်ရှောက်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဘက်စုံ ဖွံ့ဖြိုးရေးပညာ
ယခုလည်းပဲ အခြေခံကျလှတဲ့ ဒီကျောင်းအပ်နှံရေး လုပ်ငန်းစဉ်ကြီးအပေါ်မှာ အိမ်တိုင်းစေ့ လွှမ်းခြုံပါဝင်လာတဲ့အထိ ကျောင်းနေရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ပညာရေး၊ စီးပွားရေးစေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနဲ့ မိဘပြည်သူအပေါင်းဟာ လုံးဝသက်ဝင်ယုံကြည်ပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အုပ်ထိန်းသူကဖြစ်စေ၊ မိဘကဖြစ်စေ သူ့ကလေးပညာရေးအတွက် ကလေးကို ကျောင်းလာအပ်တယ်ဆိုရင်ပဲ ရပ်ရွာရဲ့ကျောင်းဟာ ဥပစာဖြစ်လာပါတယ်။
ကလေးဟာ ကလေးလို ပျော်ပျော်ပါးပါးနဲ့ စာသင်ခန်းထဲမှာ စာသင်နိုင်ဖို့ ပညာပြီးဆုံးအောင်သင်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဉာဏ်နဲ့ယှဉ်ပြီး အဟန့်အတားစိန်ခေါ်မှုကို ရင်ဆိုင်နိုင်ကျော်လွှားနိုင်ဖို့ စွန့်စားကြရလိမ့်မယ်။ မစွန့်စားရင် မစားရဘူးလို့ ဆိုသလိုပါပဲ။ မြန်မာ့ တံခါးကိုဖွင့်၊ ကမ္ဘာကိုကြည့်ကာ ဒီနေ့လှုပ်ရှားရမယ့်ကိစ္စဟာ နိုင်ငံ သားတိုင်း၊ အရွယ်ရောက်သူ ကလေးတိုင်းဟာ ခေါင်းလောင်းသံတညံညံနဲ့ ကျောင်းတက်ဖို့ပဲဖြစ်ပါတယ်။
တကယ်တော့ ဒီလှုပ်ရှားမှုကြီးဟာ အလံကိုင်ချီတက်ရမယ့် ကိစ္စကြီးပဲဖြစ်ပါတယ်။ ဒီကြိုးစားမှုကြောင့် ဖြစ်ထွန်းလာမယ့် ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်နီးပါး ကျောင်းနေကာ စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်တဲ့ပညာဟာ ဗလငါးတန်ထိ ရှေးရှုနိုင်တာမို့တန်ဖိုးကြီးလှပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဟာ လင်းလာပါလိမ့်မယ်။ ဘာကြောင့်လဲ။ ပညာရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ ကျောင်းနေရမယ့် ကလေးတွေ ကျောင်းနေကြလို့ပဲဖြစ်ပါတယ်။
လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ထိန်းသိမ်းနိုင်ဖို့ စွမ်းဆောင်တဲ့နေရာဟာ ရပ်ရွာဒေသကကျောင်းပဲ။ ကျောင်းဟာအလွန်အရေးကြီးတဲ့ ယန္တရား၊ ကိရိယာတန်ဆာပလာဖြစ်ပါတယ်။ ကျောင်းဟာကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်တယ်။ အသိဉာဏ်ကို မြှင့်တင်ပေးတယ်။ ဗြဟ္မစိုရ်တရားထွန်းကားအောင် လုပ်ပေးတယ်။ စိတ်ဓာတ်ရေးရာပြုပြင်ပေးတယ်။ လူ့ဘဝနဲ့လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေးနိုင်တာဟာလည်း ကျောင်းပဲ။ စာသင်ကျောင်းများက အစပြုလိုက်တဲ့ လောကနီတိကျင့်ဝတ်များကသာ တစ်ဦးနှင့်တစ်ဦး တန်ဖိုးထား လေးစားမှု၊ နားလည်ပေးမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားကောင်းများကို မွေးထုတ်ပေးရာ ရောက်ပါတယ်။
လေးစားခြင်း (Respect) ဆိုရာမှာ မိမိ၊ အခြားသူများ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းတို့ကို ဆိုလိုပါတယ်။
၁။ မိမိကိုယ်ကိုလေးစားခြင်းဆိုတာ -
- မကြာခဏကိုယ်စိတ်လေ့ကျင့်ခန်းလုပ်ရမယ်။
- ဒေါသကိုထိန်းနိုင်ရမယ်။
- အန္တရာယ်ဖြစ်စေနိုင်ခြေရှိသည်တို့ကို လျှော့ချနိုင်ရမယ်။
- အမှားမှသင်ခန်းစာယူသင်ယူရမယ်။
- အပေါင်းလက္ခဏာ အကောင်းမြင်ဝါဒရှိရမယ်။
- စည်းကမ်းဥပဒေကို လေးစားလိုက်နာရပါမယ်။
- ရိုးသားရပါမယ်။
၂။ အခြားသူကိုလေးစားရမယ်ဆိုတာ -
- ကိုယ်နှုတ် ယဉ်ကျေးသိမ်မွေ့ရမယ်။
- အကူအညီပေးနိုင်သမျှ ပေးရမယ်။
- အများအကျိုးသယ်ပိုးကြရမယ်။
- မျှဝေတတ်ရမယ်။
- လိုအပ်သူတို့ကို ကူညီထောက်ပံ့ရတယ်။
- ချီးမွမ်းထောမနာပြုရမယ်။ သည်းခံနိုင်စွမ်းရှိရမယ်။
၃။ သဘာဝပတ်ဝန်းကျင်ကို လေးစားခြင်းဆိုတာ-
- မိမိရဲ့ အိမ်ရာအဝန်းအဝိုင်းမှာ သန့်ရှင်းမှုရှိစေရမယ်။
- တစ်ကျော့ပြန်သုံး၊ ပြန်သုံး လျှော့သုံး ပြုလုပ်နိုင်ရမယ်။
- လျှပ်စစ်နဲ့ ရေကိုချွေတာသုံးစွဲရမယ်။
- ရုက္ခသတ္တ လောကကိုစောင့်ရှောက်ရတယ်၊ ညှဉ်းဆဲမှု မပြုရ။
၄။ လူ့အသိုင်းအဝိုင်းကိုလေးစားရမယ်ဆိုတာ -
- ကိုယ်နှုတ်အမူအရာကောင်းရပါမယ်။
- တာဝန်ရှိသူတို့ကို လေးစားရပါမယ်။
- အသင်းအဖွဲ့ပုံစံလုပ်ရမယ်။
- ကြင်နာမှုပြ၊ ကြင်နာမှု ပြုရမယ်။
- အသုံးတည့်၊ အကျိုးပြုသူဖြစ်ရပါမယ်။
- ကာကွယ်စောင့်ရှောက်သူဖြစ်ရပါမယ်။
ဒီအစီအစဉ်တွေ လုပ်ပေးနိုင်တာဟာလည်းကျောင်းပဲ။ ပညာရေးဟာ အခြေခံမူလတန်းပဲဖြစ်ဖြစ်၊ တက္ကသိုလ်ပညာပဲဖြစ်ဖြစ် နိုင်ငံနဲ့ လူမျိုးရဲ့အသက်ဝိဉာဉ်ဖြစ်တယ်ဆိုတာ မည်သူမဆိုသိဖို့ပဲလိုပါတယ်။ ကျောင်းတက်ဖို့တွေဝေနေခြင်း၊ အခြားတစ်ပါးသူတို့ရဲ့ နှာခေါင်းနဲ့ အသက်ရှူရမယ့်ဘဝမှ လွတ်ကင်းဖို့ဆိုရင် မိဘများရဲ့ သွန်သင်ဆုံးမမှု၊ ဆရာကောင်းသမားကောင်းတို့ရဲ့ အကြံဉာဏ်လမ်းညွှန်မှုကို ကိုယ်တိုင်ယူကြရင် လမ်းမှန်စရာအကြောင်းသာရှိပါတယ်။
ကျောင်းတွေက မဖွံ့ဖြိုးသေးတဲ့ဒေသ ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်ပါတယ်။ ဖွံ့ဖြိုးဖို့လိုတယ်ဆိုရာမှာ စည်းကမ်းကောင်းမွန်ရေး၊ တရား ဥပဒေလိုက်နာရေး၊ သိပ္ပံနည်းကျတွေးခေါ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေမီးပေါကြွယ်ဝရေးအထိ အကျုံးဝင်ပါတယ်။ တီထွင်ဖန်တီးမှု မလုပ်နိုင်တဲ့တိုင် ဆိုးသွမ်းလူငယ်များမဖြစ် ဘဲ စိတ်ထားကောင်းတဲ့လူ၊ စည်းကမ်းကောင်းမွန်တဲ့ လူငယ်များ အဖြစ် ပေါက်ဖွားလာပြီဆိုရင်ကိုပဲ ဝမ်းသာကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာရှိနေတဲ့ကျောင်းက ဆရာဟာ မိမိရောက်နေတဲ့ဒေသရဲ့ သင်ကြားသင်ယူမှုဝန်းကျင်ကို ကောင်းမွန်အောင်၊ လူများစုသင်ယူလေ့လာနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်တဲ့အထိ မျှော်မှန်းပြီးဆောင်ရွက်ဖို့ အတွေးအခေါ်အယူအဆတွေ ပြောင်းလဲကောင်းပြောင်းလဲပါမယ်။ နည်းစနစ်တွေပြောင်းလဲကောင်း ပြောင်းလဲမယ်။ ကျွမ်းကျင်မှု အတတ်အညာတွေ မြှင့်တင်ရတာ ရှိကောင်းရှိမယ်။ ဘယ်လိုပဲဖြစ်စေ အဲဒီလုပ်ငန်းစဉ်တွေရဲ့ ဗဟိုချက်မဟာ ဆရာပါပဲ။ ဒီတော့ ဆရာဟာ အလွန်အားထုတ်ပေးရမယ့် နေရာမှာရောက်ရှိနေပါတယ်။
ယနေ့ခေတ်အချိန်အခါမှာ ဆရာရဲ့ပညာအရည်အသွေး သဘောထားအမြော်အမြင်မြင့်မားမှုဟာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ကုန်ပစ္စည်းသဘောနဲ့ကြည့်ရင် ကျောင်းကထုတ်တဲ့ ထွက်ကုန်တွေဟာ လူငယ်လူရွယ် အဖိုးတန်ထွက်ကုန်တွေပဲ ဖြစ်စေရပါမယ်။ ထူးချွန်ပြောင်မြောက်တဲ့၊ တီထွင်ကြံဆနိုင်တဲ့လူ မဖြစ်လင့်ကစား၊ စိတ်ထားမြင့်မြတ်တဲ့ မေတ္တာတရားရှိတဲ့လူတော့ အနည်းဆုံးဖြစ်သွားစေရမယ်။ ဆိုးသွမ်းလူငယ်များမဖြစ်ဘဲ စည်းကမ်းရှိတဲ့လူတော့ အနည်းဆုံးဖြစ်သွားစေရပါမယ်။ ပို့ချသူဆရာ ဆရာမများဟာလည်း မည်သည့် အဆင့်မှာပင်ရှိစေ ပညာရေးကို မိမိကျောင်းဝင်းထဲက ကိစ္စလောက်ဟု သဘောမထားတော့ဘဲ လူ့အဖွဲ့အစည်းရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် ဆရာ ဆရာမအပေါင်းနဲ့ ဒေသတွင်းက ကျောင်းသားအပေါင်းဟာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေသူများ ဖြစ်တယ်လို့ပြောရ မှာ ဖြစ်ပါတယ်။
စဉ်းစားစရာတွေ
ယနေ့ခေတ်အချိန်အခါမှာ အလယ်တန်းပြီးမြောက်သူဟာ ၁၈ သန်းဆိုတော့ တိုင်းပြည်ရဲ့ သုံးပုံနှစ်ပုံဟာ အလယ်တန်းပညာကိုပင် လက်လှမ်းမမီလေရော့သလား၊ လက်လှမ်းမီပါလျက် လမ်းလွဲသွားနေသလော စဉ်းစားစရာဖြစ်နေပါတယ်။ ဘယ်လိုပဲဆိုစေ ဒီကိန်း ဂဏန်းများဟာ စိတ်ချောက်ချားဖွယ်ဖြစ်နေပါတယ်။ ပညာရေး ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းမှာ “သမင်မွေးရင်း ကျားစားရင်း” မဖြစ်ဖို့ အမြော်အမြင် ရှိကြရလိမ့်မယ်။
ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ အလယ်တန်းပညာ ပြီးဆုံးရေးဟာ နိုင်ငံရဲ့အုတ်မြစ်၊ လူထုရဲ့ကိစ္စ၊ ပညာရေးရဲ့ကိစ္စဖြစ်တယ်လို့ ပြောရခြင်းဖြစ်တယ်။ လူထုကိစ္စဖြစ်တယ်။ ကျောင်းနေဖို့အခွင့်အလမ်း မရစရာမရှိ သားကောင်း၊ သမီးကောင်းရတနာများဖြစ်ကာ နှစ် ၃၀ စီမံကိန်းမှာ တစ်ဆင့်ပြီးတစ်ဆင့် မသင်မနေရ အလယ်တန်းနဲ့ မသင်မနေရ အထက်တန်းအထိမျှော်မှန်းချက်ဟာ ယနေ့အထိရှိနေ ပါတယ်။ အခြေခံအကျဆုံး ကလေးတစ်ယောက်ရဲ့ အခွင့်အရေးဟာကျောင်းနေရမယ့် အရွယ်ရောက်လာရင် ကျောင်းတက်နိုင်ဖို့ပဲ။ ဒါဟာ အခြေခံအကျဆုံး ကလေးတစ်ယောက်ရဲ့ အခွင့်အရေးပါပဲ။ ကျောင်း မတက်ရအောင် ဟန့်တားပိတ်ပင်မှုတွေရှိရင် ကလေးတစ်ယောက်ရဲ့ အခွင့်အရေးဖောက်ဖျက်သူ ဖြစ်သွားပါမယ်။ ကလေးတစ်ယောက်ရဲ့ မူလအခွင့်အရေး ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။ မသင်မနေရ အထက် တန်းပြီးဆုံးသည်အထိ ကျောင်းနေရေးလုပ်ငန်းကြီးကို ပြည်သူတစ်ရပ်လုံးဟာ မမေ့မလျော့အားထုတ်ခြင်းဖြင့် အခြေခံပညာအလယ်တန်းပြီးမြောက်သူဟာ ၁၈ သန်းထက်ကျော်လာမှာ ဖြစ်ပါတယ်။
၂၁ ရာစုထဲ ဝင်လာသည့်တိုင် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းသာရှိကြောင်းလည်း တွေ့ရှိရ ပါတယ်။ ကျန် ၇၀ ရာခိုင်နှုန်းဟာ အဆင့်မြင့်ပညာကို လက်လှမ်းမမီ သလော၊ လမ်းလွဲနေသလောဆိုတဲ့ အဓိပ္ပာယ်ပေါ်နေပါတယ်။ မြင့်မားတဲ့ နည်းပညာရဖို့ ၃၀ ရာခိုင်နှုန်းအပေါ်မှာ အားထားနေရတဲ့သဘော ဖြစ်နေပါတယ်။
၁၉၉၅ - ၉၆ ခုနှစ်လောက်က ထိုင်းဘုရင်မင်းမြတ်ဟာထိုင်း တောင်သူလယ်သမားတွေရဲ့ ပညာရေးအဆင့်အတန်းကို ဖော်ထုတ်စေတဲ့အခါ ပျမ်းမျှမူလတန်းအဆင့်သာရှိကြောင်းသိတော့ စိုက်ပျိုး ရေးစွမ်းအားစု တောင်သူလယ်သမားတွေရဲ့ ပညာရေးကို မြှင့်တင်ပေးခဲ့ပါတယ်။
သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံနဲ့ တရုတ်(တိုင်ပေ)ဒေသတို့ဟာ လွန်ခဲ့တဲ့ နှစ် ၇ဝ - ၈ဝ က ဆင်းရဲခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ တရုတ် (တိုင်ပေ)ဒေသဟာ တက္ကသိုလ်ဝင်ခွင့်ကို ပြင်းပြင်းထန်ထန် တင်းကျပ်ခဲ့ပါတယ်။ စာတတ်မြောက်ရေးထက် တစ်ဆင့်တက်ပြီး သိပ္ပံပညာ တတ်မြောက်ရေးကို အလေးထားဆောင်ရွက်ခဲ့ပါတယ်။ စက်ရုံတွေ ကြီးထွားလာခဲ့ပါတယ်။
ဥရောပ၊ အမေရိကန်၊ ဂျပန်လူမျိုးတို့ဟာ ကျောင်းတက်ပညာသင်တာ စဉ်းစားဆင်ခြင်နိုင်ဖို့၊ အမြော်အမြင်ရှိဖို့၊ ကျွမ်းကျင်မှု အဖုံဖုံ ရှိဖို့၊ ဥရောပတစ်ခွင်မှာ လက်တွေ့ပါတဲ့ အခြေခံသိပ္ပံ (Basic Science) ကို အခြေချနိုင်ခဲ့ကြောင်း၊ ၁၈၄ဝ ပြည့်နှစ်ရောက်တော့ စက်မှုထွန်းကားဖို့ ကိစ္စမှာ အခြေခံသိပ္ပံပညာတွေဟာ အကြောင်းတရားပဲ ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ လူဦးရေ သန်း ထောင် ကျော်ရှိပါတယ်။ အဆင့်မြင့် နည်းပညာကျွမ်းကျင်သူ သန်း ၂၀ ကျော် မွေးထုတ်ခဲ့ပါတယ်။ ဒီအင်အားစုနဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားဖွံ့ဖြိုးရေး တိုးတက်ရာတိုးတက်ကြောင်း မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။ ဒီအင်အားစု သန်း ၂၀ ကျော်ဟာ အရှေ့တောင်အာရှကို လွှမ်းလာတာ တွေ့ရပါတယ်။ အမေရိကန်လူဦးရေရဲ့ ခြောက်ပုံ တစ်ပုံသာ ရှိတဲ့ တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်အင်ဂျင်နီယာများ မွေးထုတ်ပေးသလောက် အရည်အချင်းပြည့် အင်ဂျင်နီယာများ မွေးထုတ်ပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နေတာ တွေ့မြင်ရပါတယ်။
တရုတ်က လေးဆ၊ အိန္ဒိယက ငါးဆမွေးထုတ်နေတာ တွေ့မြင်ရပါတယ်။ ဂျပန်နိုင်ငံကတော့ ပြောဖွယ်ရာမလိုတော့ပြီ။ မြန်မာနိုင်ငံ လူဦးရေထက်များတဲ့ ၆၇ သန်းသော အဆင့်မြင့်နည်းပညာ ကျွမ်းကျင် သူအပေါင်းနဲ့ ကမ္ဘာရဲ့နယ်ပယ်အသီးသီးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်တာ ကိုတွေ့ရတော့ ကိုယ့်နိုင်ငံအတွက် အားမရသလို ခံစားရပါတယ်။ ဒီကိစ္စတွေဟာလည်း “တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့” ဆိုသလို နေ့စဉ် လစဉ် နှစ်စဉ် အားထုတ်ရမှာဖြစ်ပါတယ်။ မြန်မာတွေ အဆင့်မြင့် နည်းပညာတတ်ကျွမ်းဖို့၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖို့ အားထုတ်ကြရလိမ့်မယ်။ ယှဉ်ပြိုင်မှုကြီးမားတဲ့ ၂၁ ရာစုခေတ်မှာ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်ရှားပါးခြင်း၊ စီမံခန့်ခွဲကြီးကြပ်မှု စွမ်းရည်မှာ အကန့်အသတ်ရှိနေခြင်း၊ ရုံးအဖွဲ့အစည်းများမှာပင် စီမံခန့်ခွဲနိုင်စွမ်းအားနည်းနေခြင်းကို တွေ့နေရပါတယ်။
ကောင်းပါပြီ။ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။
ပညာစီးပွားခေတ်မှာ ကျောင်းသားလူငယ်တွေ စာမသင်၊ ပညာမသင်လို့ကတော့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဆိုတာ ပြော ဖွယ်ရာ မလိုတော့ပြီ။
ပညာရေးဟာ သူငယ်တန်း မူလတန်းကအစ တက္ကသိုလ် အဆင့်ထိလူ့အဖွဲ့အစည်းရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် ပညာရေးကို အားပေးအားမြှောက်ပြုရပါမယ်။
မေလကုန် ဇွန်လဆန်းထဲမှာ တစ်နိုင်ငံလုံးအခြေခံကျောင်းပေါင်း လေးသောင်းကျော်မှာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု ကြီးဟာ အလံကိုင်ချီတက်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ သောင်းသောင်း ဖြဖြ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဟာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း မေတ္တာဖြင့် ရေးသားအပ်ပါတယ်။ ။