အမေရိကန်ရဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုမှုကသာ ယူကရိန်းပဋိပက္ခရဲ့ လက်သည်တရားခံဖြစ်နေ
(အပိုင်း-၂)
ကမ္ဘာစစ်ကြီးနှစ်ခုစလုံးပြီးသွားတဲ့နောက် အမေရိကန်ဟာ ကမ္ဘာပေါ်မှာ မဟာအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာတာ အားလုံးအသိပါပဲ။
ဒါပေမဲ့ အဲဒီစစ်ပွဲကြီးတွေဟာ ဥရောပဒေသကို ပရမ်းပတာဖြစ်စေတဲ့အပြင် ပျက်စီးဆုံးရှုံးမှုတွေကိုသာ မဖြစ်မနေလက်ခံရရှိ စေခဲ့ပါတယ်။
ဒါ့အပြင် ဥရောပဒေသရဲ့လွတ်လပ်မှုက အမရိကန်တပ်မတော်နဲ့ သူဦးဆောင်တဲ့ NATO တပ်ဖွဲ့တို့ရဲ့ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုအောက်မှာ မှီခိုနေရသလိုဖြစ်လာပါတယ်။ ဘုံလုံခြုံရေးဆီ သွားရာ လမ်းကြောင်းတစ်ခုအဖြစ် အမေရိကန်နဲ့ဥရောပက ဆိုဗီယက်ပြည်ထောင်စုနဲ့အတူ ဟယ်ဆင်ကီ သဘောတူစာချုပ်ကို ၁၉၇၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီသဘောတူစာချုပ်ကြောင့် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဖြစ်ပေါ်လာတဲ့အပြင် လုံခြုံရေးအတွက် ခွဲခြားမရနိုင်သော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ပြည့်စုံကျယ်ပြန့်သော လမ်းကြောင်းသည်လည်း ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ စစ်အေးတိုက်ပွဲပြီးနောက် အမေရိကန်ဟာ ဥရောပလုံခြုံရေးအစီအစဉ်ကို ပြောင်းပြန်လှန်ကာ ရုရှားရဲ့ NATO တပ်ဖွဲ့ထံဝင်ရောက်ခွင့် တောင်းဆိုချက်ကို လေးကြိမ်တိုင်တိုင် ပယ်ချခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းရဲ့ ရည်ရွယ်ချက်က အမေရိကန်ရဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှုကို လက်ခံလာအောင် ရုရှားကို စိတ်ကူးယဉ် ရန်သူအဖြစ် လုပ်ဆောင်လိုခြင်းဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်ကနေစလို့ အမေရိကန်ဟာ NATO တပ်ဖွဲ့ရဲ့ အရှေ့ဘက်စစ်နံချဲ့ထွင်မှုကြီးကို ငါးကြိမ်တိုင်တိုင် လုပ်ဆောင်ကာ ဥရောပအရှေ့ပိုင်း နိုင်ငံအများအပြားကို သူ့လက်အောက်အတွင်း သွတ်သွင်းနိုင်စေဖို့အတွက် အရှေ့ဘက် ကီလိုမီတာ ၁၀၀၀ ကျော်အထိကို စစ်နံချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ယူကရိန်း၊ ဂျော်ဂျီယာနဲ့ လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့ဝင်နိုင်ငံတချို့ကို NATO တပ်ဖွဲ့ဝင်နိုင်ငံများ ဖြစ်လာစေရေးအတွက် ကတိပြုကာ ရုရှားရဲ့ အနောက်ဘက်တံခါးဝကနေ ရုရှားကို ခြိမ်းခြောက်ဖို့ လုပ်ဆောင်လာပါတော့တယ်။
အမေရိကန်ရဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုတဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကြောင့် ခွဲခြားလို့မရနိုင်တဲ့ ဘုံလုံခြုံရေး သဘောတူညီချက်ဟာ အစိတ်စိတ် အမြွာမြွာဖြစ်သွားရသလို ရုရှား၊ ယူကရိန်းနဲ့ ဥရောပတို့ သည်လည်း လုံခြုံရေးအရအကျပ်ရိုက်ကာ အတောမသတ်တဲ့ ပဋိပက္ခဖြစ်မှုတွေကိုသာ ရင်ဆိုင် ခဲ့ရပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ တူဆီဂတ်ဘာ့က မကြာသေးမီက လုပ်ဆောင်တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောထားတာရှိပါတယ်။
အဲဒါကတော့ လက်ရှိသမ္မတဂျိုးဘိုင်ဒင်အနေနဲ့ ယူကရိန်းကို NATO တပ်ဖွဲ့ဝင် နိုင်ငံဖြစ်ခွင့်မပြုဘူးလို့ ကတိပေးရုံမျှနဲ့ အခုဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်စေနိုင်စွမ်းရှိတယ်ဆိုတာပါပဲ။
ဒါပေမဲ့ ဂျိုးဘိုင်ဒင်တစ်ယောက် အဲဒီလိုမလုပ်ခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။ အကြောင်းရင်းက ယူကရိန်းပဋိပက္ခဆက်ဖြစ်နေမှသာ ရုရှားကို အရေးယူပိတ်ဆို့မှုတွေချနိုင်မယ်။ အမေရိကန် စစ်လက်နက် ပစ္စည်းကုမ္ပဏီတွေအနေနဲ့ ဒီစစ်ပွဲကနေ အကျိုးအမြတ်တွေများစွာရရှိနိုင်မယ်။
ဒါတွေကြောင့်သာ အမေရိကန်ဟာ စစ်မီးကိုငြှိမ်းဖို့မကြိုးစားဘဲ စစ်မီးကို တောက်သည်ထက် ပိုတောက် အောင်သာ မီးထိုးပေးနေတာဖြစ်ပါတယ်။
ဒါကြောင့် ယူကရိန်းနိုင်ငံသည် အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားတို့လိုမျိုး အမေရိကန်ရဲ့ သွေးထိုးလှုံ့ဆော်မြှောက်ပင့်ပေးမှုတွေကြောင့် ကမ္ဘာ့လုံခြုံရေးပဋိပက္ခတွေကြားထဲမှာ အတိဒုက္ခရောက် ရတဲ့ နောက်ထပ်တစ်နိုင်ငံဖြစ်လာရပါပြီ။
အခုလက်ရှိမှာလည်း အမေရိကန်ဟာ သူ့ရဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှုကို ချဲ့ထွင်တဲ့အနေနဲ့ မြှားဦးက အင်ဒို-ပစိဖိတ်ဒေသကို လှည့်လာနေပါပြီ။
သူ့ရဲ့ ရည်မှန်းချက်က တရုတ်ကိုထိန်းချုပ်ဖို့ဆိုပေမယ့်လည်း တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဆူပူမှုတွေ၊ မတည်ငြိမ်မှုတွေဖန်တီးကာ အဲဒါတွေကို အကြောင်းပြုလို့ တရုတ်နိုင်ငံကိုမတည်ငြိမ်အောင် လုပ်မှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှုဆိုတာ မကောင်းမှုအားလုံး၊ ဖရိုဖရဲဖြစ်မှု အားလုံးရဲ့ ပင်မရေသောက်မြစ်ကြီးပါ။
ကမ္ဘာမှာဖြစ်ပွားနိုင်တဲ့ ပဋိပက္ခတွေကို ရှောင်လွှဲနိုင်ဖို့၊ ဖြစ်ပွားနေဆဲ ပဋိပက္ခတွေကို အဆုံးသတ်စေဖို့ ဆိုရင် ဘုံလုံခြုံရေးသည်သာ စစ်မှန်တဲ့အဖြစ်ပါတယ်။
ဥရောပဖြစ်စေ၊ အာရှဖြစ်စေ၊ လုံခြုံရေးနဲ့ပတ်သက်လာရင် အားလုံးကအတူတူပါပဲ။ ဆိုလိုတာက တစ်နိုင်ငံတည်းလုံခြုံ နေလို့မရပါဘူး။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွေပါလုံခြုံနေမှသာ တစ်ကမ္ဘာလုံး လုံခြုံအေးချမ်းမှာဖြစ်ပါတယ်။
တကယ်တမ်းကျတော့ ဒီလို ဘုံလုံခြုံရေးကိုတည်ဆောက်ခြင်းဟာ အကျိုးမဲ့တဲ့ကစားပွဲမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ပူးပေါင်း ဆောင်ရွက်မှုသာဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်ကတော့ သူ့ရဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုမှုကို ရှေ့တန်းတင်လို့ ယူကရိန်းပဋိပက္ခကိုသာမက ကမ္ဘာပေါ်မှာ နောက်ထပ်ပဋိပက္ခတွေ ကို ဆက်လက်ဖန်တီးနေဦးမှာပါ။
သို့သော်လည်း တခြားသူကို အရူးလုပ် လှည့်စားသူဟာ နောက်ဆုံးမှာ သူကိုယ်တိုင် လှည့်စားခံလိုက်ရ တယ်ဆိုတာကို သမိုင်းကြောင်းက သက်သေပြနေဦးမှာဖြစ်တဲ့အတွက် အမေရိကန်ရဲ့ ကျရှုံးခန်းကို လက်ပိုက်ပြီးစောင့်ကြည့်ကြပါစို့ ခင်ဗျာ။ ။
ကိုထက်
Source; Global Times