Skip to main content

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်

နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်ဟာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်ဖို့၊ ခေတ်မီတဲ့မျိုးချစ်တပ်မတော် တစ်ရပ်ဖြစ်ဖို့ လိုအပ်နေပါတယ်။

အင်အားသည်သာအဓိက

ယနေ့ကမ္ဘာမှာ ကိုယ့်ဩဇာမခံတဲ့ နိုင်ငံငယ်တွေကို အင်အားသုံး (hard power) နဲ့ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်တာတွေအပြင် စစ်ရေးနည်းလမ်း မဟုတ်တဲ့ ခေတ်သစ်ကိုလိုနီကျွန်ပြုမှုတွေကိုပါ တွေ့လာနေရတယ်။ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံ အပေါ်မှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ ဘာသာရေးအရ၊ အတွေးအခေါ် (soft power) အရ ဩဇာလွှမ်းမိုး အကဲသာမှုရယူပြီး အမြတ်ထုတ်တဲ့ ခေတ်သစ်ကိုလိုနီပြုနည်း တစ်မျိုးကို အများဆုံးတွေ့လာရတယ်။

စစ်ရေးနည်းအရ ကျူးကျော်သိမ်းပိုက်တဲ့ နမူနာပုံစံတွေကို အာဖဂန် နစ္စတန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား  စစ်ပွဲတွေမှာ မြင်ကြည့်နိုင်ပါတယ်။ စစ်အင်အား၊ စီးပွားရေးအင်အား၊ နည်းပညာအင်အား အဘက်ဘက်က အဆမတန် သာလွန်တောင့်တင်းတဲ့ နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံတွေပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကိုယ်တိုင်စစ်မခင်းကြတော့တဲ့ဆန့်ကျင် ဘက် အင်အားကြီးနိုင်ငံတွေ ကိုယ်စား သူ့ဘက်၊ ကိုယ့်ဘက် နိုင်ငံငယ်တွေဟာ Proxy war (ကြားခံကိုယ်စားပြုစစ်ပွဲပုံစံ) နဲ့ ကိုယ့်ပိုင်နက်ကို စစ်တလင်းအဖြစ်ခံပြီးမှ မသိမသာကျွန်ပြုခံနေရတဲ့နိုင်ငံ တွေကို တွေ့လာရတယ်။ လက်ရှိ ရုရှားယူကရိန်း စစ်ပွဲကိုပဲကြည့်ပါ။ တစ်ဖက်က အမေရိကန်၊ နေတိုးစတဲ့နိုင်ငံတွေ ကိုယ်စား ရုရှားနဲ့ စစ်တိုက်နေရတဲ့ ယူကရိန်းရဲ့ ကြားခံစစ်ပွဲပုံစံကို လွယ်လွယ်ကူကူမြင်နိုင်ပါတယ်။

ရုရှားလို မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ စစ်အင်အားကြီးနိုင်ငံကြီး တစ်နိုင်ငံကို ကိုယ်တိုင်စစ်ပွဲမနွှဲလိုတဲ့ နေတိုးနဲ့ အမေရိကန်ဟာသူတို့ထောက်ပံ့တဲ့ မဖြစ်စလောက် လက်နက်တွေနဲ့ ခံတိုက်နေရတဲ့ ယူကရိန်းကို ကိုလိုနီ ဇာတ်သွင်းနေတယ်ဆိုတာ ထင်ရှားလှပါတယ်။ အနောက်အုပ်စု လိုချင်တာက အမေရိကန်ကို ပခုံးချင်းယှဉ်လာတဲ့ ရုရှားနိုင်ငံကြီး ယူကရိန်းကို စစ်ပြုရင်းနဲ့ အဘက်ဘက်က အင်အားချည့်နဲ့ ဆုတ်ယုတ်သွားစေဖို့ဖြစ်ပြီး ဒီရည်မှန်း ချက်အတွက် အနောက်အုပ်စုကိုယ်စား ယူကရိန်းကို ကိုယ်စားပြုစစ်ပွဲဆင်နွှဲခိုင်းခြင်းပဲဆိုတာ တွေ့နေရပါတယ်။

သုံးသပ်ရရင် ခေတ်မီတဲ့တပ်မတော် နဲ့ စစ်ရေး၊ စီးပွားရေးအင်အား တဖြည်းဖြည်း တိုးတက်လာနေတဲ့ ရုရှားနိုင်ငံ ကြီးဟာ ယခင်စစ်အေးခေတ်ကလို အမေရိကန်ကို ရှိန်မနေတော့တဲ့အပြင် အမေရိကန်နဲ့ အပေါင်းပါတို့ရဲ့ ဘက် ပေါင်းစုံက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မိမိရဲ့စစ်ရေး၊ စီးပွားရေးအင်အားတွေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင် တယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အင်အားသည်သာ အခရာ၊ အထူးသဖြင့် အင်အားကြီးသူသာ အမှန်တရားဆိုတဲ့ သဘော တရားကို ယနေ့ကမ္ဘာ့ဖြစ်စဉ်တွေအရ ထင်ထင်ရှားရှား တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

အင်အားအပြိုင်အဆိုင်တည်ဆောက်

ယနေ့ကမ္ဘာမှာ နိုင်ငံတိုင်းဟာ မိမိနိုင်ငံ အမျိုးသားအကျိုးစီးပွား (National interest) သက်သက်ကိုပဲ အဓိက ရှေးရှုပြီး အင်အားကိုအပြိုင် တည်ဆောက်နေကြပါတယ်။ အင်အားကြီးသည်၊ အင်အားငယ်သည်မဟူ အင်အားကြီးနိုင်ငံတွေကလည်း ကမ္ဘာမှာ မိမိဩဇာလွှမ်းမိုးဖို့၊ အင်အားသေးနိုင်ငံတွေကလည်း တစ်ပါးနိုင်ငံတွေရဲ့ ကျူးကျော်မခံရဖို့ စစ်ရေး၊ စီးပွားရေး အင်အားအပြိုင်အဆိုင်တည်ဆောက်နေကြရတယ်။ အင်အားဆိုတဲ့နေရာမှာ အထူးသဖြင့် စစ်ရေးအင်အား (military might) ကို ပိုပြီးအလေးထားလာကြတာကို တွေ့ရမှာဖြစ်တယ်။

စီးပွားရေးအင်အား မတောင့်တင်းတာကို ထားဦး၊ စစ်ရေးအင်အားတစ်ခုတည်းနဲ့ နိုင်ငံကြီးတွေ အထူးလေ့လာ စောင့်ကြည့်သတိထားခံနေရပြီး အဏုမြူလက်နက်နဲ့ ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားလို နိုင်ငံကို နမူနာအဖြစ်တွေ့ရပါလိမ့်မယ်။ စီးပွားရေးအရအားနည်းမှုကို စစ်အင်အားနဲ့ ထိန်းညှိနိုင်တဲ့ အခြေအနေတစ်ခုက သင်ခန်းစာ ယူစရာပဲဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ဝေဟင်နဲ့ ပင်လယ်ပြင်ကို စိုးမိုးနိုင်သူဟာ ကမ္ဘာကို စိုးမိုးနိုင်တဲ့အနေအထား ဖြစ်လာတဲ့အတွက် နိုင်ငံအသီးသီးဟာ လေတပ်၊ ရေတပ်တွေ ကို တိုးချဲ့တည်ဆောက်လာကြတာကို တွေ့ရပါ တယ်။

မျိုးဆက်အဆက်ဆက် ဖြစ်လာတဲ့ တိုက်လေယာဉ်တွေ၊ လေယာဉ်တင် သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ အဖျက်စွမ်းအားကြီးပြီး နျူကလီးယားလက်နက်ပါ သယ်ဆောင်နိုင်တဲ့ ဒုံးလက်နက်တွေ အပြိုင်အဆိုင်တပ်ဆင် လာကြတာကို တွေ့ရပါတယ်။ ရန်သူကို အငိုက်မိစေတဲ့ မောင်းသူမဲ့ခေတ်မီဒရုန်းတွေရဲ့ စွမ်းပကားကို အဇာဘိုင်ဂျန်နဲ့ အာမေးနီးယမ်းစစ်ပွဲမှာ သတိထားမိပါလိမ့်မယ်။

စစ်အင်အားသာမက စီးပွားရေးအင်အားလည်းရှိဖို့လို

နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းနိုင်ဖို့က စစ်အင်အားတင်မက စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင်နဲ့ စီးပွားရေး အင်အားကြီးဖြစ်ဖို့လည်း လိုပါတယ်။ စီးပွားရေးက နိုင်ငံရေး ပါဝါနဲ့ စစ်ရေးပါဝါကိုပါ အထောက်အကူပြုလို့ ဖြစ်ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံကြီးကို ကြည့်လိုက်ပါ။ ၂၀၃၀ ပြည့်နှစ်မှာ တရုတ်ရဲ့ GDP ဟာ အမေရိကန်နိုင်ငံရဲ့ GDP ကို ကျော်ပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာတော့မယ်လို့ အသေအချာခန့်မှန်းထားပြီး ဖြစ်နေပါပြီ။ ယခုနှစ် တွက်ချက်မှုအရ ခန့်မှန်းတာထက် နှစ်နှစ်ခန့်စောပြီး အမေရိကန်နိုင်ငံကို ဖြတ်ကျော် သွားမယ့် အနေအထားမှာရှိနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ အမေရိကန်ကို စိန်ခေါ်နိုင်တဲ့ အနေအထား၊ ကမ္ဘာ့ အရေးအရာတွေမှာ လွှမ်းမိုးနိုင်တဲ့အခြေအနေတွေမှာ ရောက်နေပြီဆိုတာ တွေ့ရ မှာဖြစ်ပါတယ်။

ခိုင်မာတောင့်တင်းတဲ့ တပ်မတော် Institution ကသာလျှင်..

“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်”ဆိုတဲ့ ဆိုရိုးစကားတစ်ခုဟာဆေးပညာ ရပ်ဆိုင်ရာနယ်ပယ် အတွက်သာမက နိုင်ငံကာကွယ်ရေးနဲ့ လည်း အများကြီးသက်ဆိုင်ပါတယ်။ရောဂါမဖြစ်အောင် ကာကွယ်ဖို့ ကိုယ်ခံအားကောင်းဖို့လိုသလို ကျွန်တော်တို့ နိုင်ငံရဲ့ အသက်တမျှ အရေးကြီးလှတဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့နိုင်ငံရဲ့ တပ်မတော်တစ်ရပ်ဟာ ခေတ်မီ အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်နေဖို့လိုပါတယ်။

နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်တစ်ရပ် ဟာ မျိုးချစ် စိတ်ဓာတ်လည်း ထက်သန်ပြင်းပြနေရမှာဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပကနေ မမှန်ကန်တဲ့ စွပ်စွဲချက်တွေနဲ့ တပ်မတော် ပြိုကွဲ အောင်လုပ်နေကြတဲ့ နိုင်ငံရဲ့ ပကတိအခြေအနေတွေအရ အမျိုးသား အကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ နိုင်ငံသားတိုင်း အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်ဆိုပေမယ့် ခိုင်မာတဲ့ institution တစ်ခုအနေနဲ့ဆိုရင် အစဉ်အလာကောင်း ရှိခဲ့တဲ့ တပ်မတော်ကသာ ကောင်း၊ ဆိုးမွေကို အနာဂတ်အထိ ဆက်လက်ခံယူ ကာကွယ်စောင့်ရှောက်သွားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် တပ်မတော်သားတွေကသာလျှင် မိမိရဲ့ အသက်၊ သွေး၊ ချွေးကို စွန့်လွှတ်ပေးဆပ်၊ အနစ်နာခံလိုစိတ် ပိုမိုပြင်းပြတဲ့အတွက် ကြောင့်လို့ ယူဆပါတယ်။

ဒို့အရေးသုံးပါးကို အခြေခံထားတဲ့ အမျိုးသားအကျိုးစီးပွား

လက်ရှိအရှိတရားအရ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တစ်မျိုးသားလုံး၊ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ဆိုင်တဲ့ ဒို့အရေးသုံးပါးအပေါ် အခြေခံထားပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံရဲ့လုံခြုံရေးကို အာမခံနိုင်ဖို့အတွက် ပြည်ထောင်စုကြီး မပြိုကွဲဖို့၊ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်ကြဖို့၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲဖို့ဆိုတဲ့ သတိရှိရမယ့် အရေးသုံးပါးဟာ တစ်မျိုးသားလုံးရဲ့အရေး၊ တပ်မတော်ရဲ့အရေး ဖြစ်လာပါတယ်။

အင်အားကြီး နိုင်ငံတွေကြားမှာ တပ်မတော်မရှိဘဲ နိုင်ငံဟာ ဘယ်လိုမှ ရပ်တည်လို့ မရပါဘူး။ ဒါကြောင့် နိုင်ငံ ရဲ့ အရေးကြီးတဲ့ အမျိုးသားရေး ဒို့အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ သို့မှသာ တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘာသာတရား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာကောင်းတွေ၊ နိုင်ငံရဲ့ နယ်နိမိတ်၊ အချုပ်အခြာနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ထာဝစဉ်ကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်ရဲ့ အင်အားကို ကျစ်လျစ်ခိုင်မာ တောင့်တင်းအောင် အစဉ်တစိုက် ကြိုးပမ်းအကောင်အထည် ဖော်နေရမှာဖြစ်ပါတယ်။

ယနေ့ကာလကို ပြန်ကြည့်ရင် စစ်အေးလည်းမဟုတ်၊ စစ်နွေးလည်းမဟုတ်၊ စစ်ပူကာလတစ်ခုကို ကမ္ဘာ့ ပြည်သူတွေ ရင်ဆိုင်နေရပြီ ဆိုတာ တွေ့ရပါမယ်။ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွား အယူအဆတွေအပေါ် အခြေခံတဲ့ နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှုတွေဟာ စစ်ပွဲကြီးအသွင်တော့ဖြစ်မသွားဘဲ ကြားခံနယ်မြေတွေမှာပဲ စစ်ပွဲငယ်လေးတွေ ဖန်တီးပြီး အသုံးချခံရမယ့် ကန့်သတ်စစ်အနေအထားတွေ ပိုများလာတာ သတိပြုစရာပါ။ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှတို့ဆုံရာ ပထဝီအနေအထားအရ အချက်အချာကျလွန်းတဲ့ မြန်မာနိုင်ငံအတွက်တော့ အထူးသတိထားရမှာ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အချုပ်အခြာအာဏာ ပိုင် နိုင်ငံတစ်နိုင်ငံလည်းဖြစ်တဲ့အတွက် လွတ်လပ်ရေး မဆုံးရှုံးဖို့နဲ့ အချုပ်အခြာအာဏာတည်မြဲဖို့၊ နိုင်ငံအင်အားရှိဖို့၊ တပ်မတော်ကြီးအင်အားရှိဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

“အမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ ခိုင်မာနေရမှာဖြစ်တဲ့အတွက် တပ်မတော်အင်အား ရှိနေဖို့လိုပါတယ်”

“တပ်မတော် အင်အားရှိမှလည်း တိုင်းပြည်အင်အားရှိမှာ ဖြစ်ပါတယ်”
 

မြင့်မြတ်