အမျိုးသားအကျိုးစီးပွားနှင့် စစ်ရေးစွမ်းအား
(၇၇)နှစ်မြောက် တပ်မတော်နေ့အကြိုဂုဏ်ပြုဆောင်းပါး
နိုင်ငံတကာရေးရာများတွင် အမျိုးသားအကျိုးစီးပွားသည် အဓိကကျသော အယူအဆတစ်ခု ဖြစ်သည်။ နိုင်ငံအားလုံးသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ပြည့်ဝစေရန် နည်းလမ်းများစွာဖြင့် ဆောင်ရွက်လေ့ရှိကြသည်။ နိုင်ငံတစ်ခု ချင်းအလိုက် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား အပေါ်မူတည်၍ နိုင်ငံခြားရေးမူဝါဒများကို ချမှတ်ကြလေ့ရှိပြီး ယင်းရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ကြလေ့ရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားများတွင် ယင်းနိုင်ငံ၏ နိုင်ငံရေးအကျိုးစီးပွားများ၊ လုံခြုံရေး အကျိုးစီးပွားများ၊ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ၊ ယဉ်ကျေးမှုဆိုင်ရာ အကျိုးစီးပွားများနှင့် အခြားအကျိုးစီးပွားများ ပါဝင်နေတတ်ကြသည်။ အမျိုးသားအကျိုးစီးပွား အယူအဆသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများဆိုင်ရာ အခြေခံသဘောထား၊ ၎င်းတို့၏ အရေးပါမှု၊ ရည်ရွယ်ချက်၊ တန်ဖိုးများနှင့် ယင်းတန်ဖိုးများကို အကောင်အထည်ဖော်မည့် နည်းလမ်းများကို ထင်ဟပ်နေကြသည်။
မဟာဗျူဟာမြောက် တွေးခေါ်မှု၏ အရေးပါသောအစိတ်အပိုင်းတစ်ခုအနေဖြင့် ချမှတ်ထားသည့် အမျိုးသားအကျိုးစီးပွားများဆိုင်ရာ အယူအဆသည် အမျိုးသားမဟာဗျူဟာများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အပေါ် ကြီးမားစွာ သက်ရောက်စေပါသည်။ ချင့်ချိန်စဉ်းစားမှုအမြင်ဖြင့် ကြည့်ပါက အမျိုးသားအကျိုးစီးပွားများဆိုင်ရာ အယူအဆသည် တွေးခေါ်ပုံနည်းလမ်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ တန်ဖိုးများ၊ အတွေးအခေါ်များနှင့် အခြားသော သွင်ပြင်လက္ခဏာများ နက်ရှိုင်းစွာ လွှမ်းမိုးနေတတ်ကြသည်။ နိုင်ငံများအလိုက်၊ လူမှုအဆင့်အတန်းအလိုက် သမိုင်းတစ်လျှောက် အချိန်တိုင်းတွင် အမျိုးသားအကျိုးစီးပွားဆိုင်ရာ အယူအဆများ ကွဲပြားနေတတ်ကြသည်။
ထိုသို့ တစ်နိုင်ငံချင်းစီအလိုက် မတူညီသော အမျိုးသားအကျိုးစီးပွားဆိုင်ရာ အယူအဆများ၊ ရည်မှန်းချက်များကို အကောင်အထည် ဖော်ကြရာတွင် အကျိုးစီးပွားဆိုင်ရာလွှမ်းမိုးမှု၊ ထိပ်တိုက်တွေ့ဆုံမှုနှင့် ပဋိပက္ခများလည်း ရှိလာပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအများစုကို နိုင်ငံရေးအကျိုးစီးပွားများဖြင့် ကိုယ်စားပြု အကောင်အထည်ဖော်လျက် ရှိကြသော်လည်း ယင်းတို့အနက် အခြေခံအကျဆုံးမှာ အမျိုးသားလုံခြုံရေးဖြစ်သည်။
အမျိုးသားအကျိုးစီးပွား
နိုင်ငံတစ်နိုင်ငံသည် ၎င်း၏ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံ၍ ၎င်း၏ လုပ်ဆောင်ချက်များကို ထိန်းကျောင်းရန် ကြိုးစားလေ့ရှိကြသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် ၎င်း၏ အမျိုးသားအကျိုးစီးပွားများက အမြဲတစေ ကန့်သတ်ထိန်းကျောင်းနေသည်ကို တွေ့မြင်နိုင်သည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် အရေးပါသည့် အမျိုးသားအကျိုးစီးပွားကို ဂျာမနီနိုင်ငံဖွား အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင် Morgenthaum က အမျိုးသားအကျိုးစီးပွားဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှု အမှတ်သရုပ်တို့ကို အခြားနိုင်ငံများ၏ ကျူးကျော် စော်ကားမှုမှ ကာကွယ်၍ ရှင်သန်ရပ်တည်ခြင်းဟု ဖွင့်ဆိုခဲ့သည်။
အမျိုးသားအကျိုးစီးပွားများတွင် နိုင်ငံရေးအကျိုးစီးပွားများ၊ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများ၊ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ၊ ယဉ်ကျေးမှုဆိုင်ရာ အကျိုးစီးပွားများနှင့်အခြားသောအကျိုး စီးပွားများ အကျုံးဝင်ပါဝင်သည်။ သို့သော် အမျိုးသားအကျိုးစီးပွားသည် သက်ဆိုင်ရာ အကြောင်းအရာအလိုက် အဓိပ္ပာယ်ဖွင့်လေ့ရှိကြသည့် မရေရာမတိကျသော အသုံးအနှုန်းတစ်ခုအဖြစ် တွေ့ရသည်။ သို့ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံရေးသမိုင်းတွင် အမျိုးသားအကျိုးစီးပွား အသုံးအနှုန်း ခေါင်းစဉ်အောက်တွင် တိုက်ခိုက်မှုများ၊ ကျူးကျော်မှုများ၊ ခြိမ်းခြောက်မှုများနှင့် စွက်ဖက်မှုများ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ အမျိုးသားအကျိုးစီးပွား အကောင်အထည် ဖော်မှု၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့် နိုင်ငံများသည် အမျိုးသားအကျိုးစီးပွား အကောင်အထည်ဖော်မှုနှင့်အတူ အမျိုးသား အကျိုးစီးပွားကာကွယ်ရေးကို ထည့်သွင်းစဉ်းစားလာကြသည်။
အခြေခံလိုအပ်ချက်တစ်ခု
နိုင်ငံတစ်နိုင်ငံအား ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်၊ ပညာရေးစနစ်၊ ကျန်းမာရေး စနစ်ကဲ့သို့သော ကဏ္ဍအလိုက်စနစ်များ တိုးတက် ကောင်းမွန်မှုနှင့်အတူ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်၊ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွား ကာကွယ်ရန်အတွက် အင်အားတောင့်တင်းသည့် ခေတ်မီတပ်မတော်တစ်ရပ် လိုအပ်ပါသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများတွင် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးအင်အား တောင့်တင်းမှုနှင့်အတူ စစ်ရေးအင်အား တောင့်တင်းမှုအပေါ်တွင် အခြေခံရပ်တည်နေသည်ကို တွေ့ရသည်။
သို့သော်လည်း အချို့သောနိုင်ငံများသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများကဲ့သို့ အလုံးစုံအင်အား မတောင့်တင်းသော်လည်း မိမိတို့နိုင်ငံ၏ အခြားသော လိုအပ်ချက်များကြောင့် စစ်ရေးအင်အား တောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားကြသည်ကို တွေ့ရပါသည်။ အလားတူပင် စီးပွားရေး အင်အားကြီးလာသည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့သည် အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် စစ်ရေးစွမ်းအားကို မဖြစ်မနေ တည်ဆောက်ကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ထိုသို့ စစ်ရေးစွမ်းအား ခိုင်မာတောင့်တင်းအောင် တည်ဆောက်ရခြင်းမှာ မိမိနိုင်ငံ၏ အချုပ်အခြာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံ၏အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်တည်ဆောက်ကြခြင်းဖြစ်သည်။ သာမန်အားဖြင့် အင်အားတောင့်တင်းသော စစ်ရေးစွမ်းအား တည်ဆောက်ရခြင်းမှာ အဓိကအားဖြင့် မိမိကိုယ်မိမိ ကာကွယ်ရေး ရည်ရွယ်ချက်များအဖြစ် တွေ့ကြရပါသည်။
အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး
ကမ္ဘာ့နိုင်ငံတိုင်းသည် စစ်ရေးအင်အား တည်ဆောက်ရာတွင် အမျိုးသား လုံခြုံရေးရှုထောင့်အရ ပြည်ပအန္တရာယ်နှင့် ပြည်တွင်းပဋိပက္ခများ တွင် အဓိကကျသော အမျိုးသားရည်မှန်းချက်များကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားကြသည်။ လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံကာကွယ်ရေးကဏ္ဍ၏ အစိတ်အပိုင်းများဖြစ်ကြသည်။ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် ကာကွယ်ရေးကဏ္ဍတို့သည် သက်ဆိုင်ရာ နိုင်ငံတစ်ခုချင်းစီ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအပေါ် မူတည်လေ့ရှိကြသည်။
စစ်ပွဲ၏ အပြုအမူ၊ စစ်အင်အားသုံး ခြင်းနှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံအတွက် မူဝါဒများအောင်မြင်ရန် နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြုကြပြီး ယင်းနည်းလမ်းသည် ရည်မှန်းချက် မဟုတ်ကြောင်း ကလော့စ်ဝဇ်က ဖွင့်ဆိုခဲ့ပြီး စစ်ပွဲသည် အမျိုးသားမူဝါဒများကို အခြားနည်းလမ်းများဖြင့် ဆက်လက် အကောင်အထည်ဖော်ခြင်း မျှသာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
နိုင်ငံတစ်နိုင်ငံအတွက် မူဝါဒများ အကောင်အထည်ဖော်ရာတွင် စစ်အင်အားအသုံးပြုသည့်နည်းလမ်းများ အပြင် အမျိုးသားစွမ်းအားများ ဖြစ်သည့် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးကဏ္ဍကြီး လေးခုအပေါ် အခြေခံသည့် အခြားနည်းလမ်းများ ရရှိစေနိုင်ကြောင်း ဆိုပါသည်။ သို့သော် စစ်ပွဲသည် နိုင်ငံတစ်နိုင်ငံ၏ မူဝါဒအောင်မြင်ရန် မှန်ကန်သော နည်းလမ်းဖြစ်လာစေသည့် အခြေအနေများကို ကလော့စ်ဝဇ်က သူ၏ On War ကျမ်းတွင် ဆွေးနွေးမထားချေ။ ထိုအခြေအနေများထဲတွင် နိုင်ငံတစ်နိုင်ငံအပေါ် အခြားနိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများက လွှမ်းမိုးခြင်း သို့မဟုတ် ချုပ်ကိုင်ခြင်းကဲ့သို့သော အခြေအနေများ ပါဝင်ပါသည်။ ထို့အပြင် အမျိုးသား အကျိုးစီးပွားများ အောင်မြင်ရန်မည်သည့်အချိန်တွင် စစ်အင်အားကို မှန်ကန်စွာ အသုံးပြုရမလဲဆိုသည်မှာ အရေးပါသည့်အချက်အဖြစ် တွေ့ရသည်။
ယင်းနှင့်ပတ်သက်၍ အမေရိကန်မှ ပါမောက္ခDonald E. Nuechterlein m အမျိုးသားအကျိုးစီးပွား ပုံစံတစ်ခု ဖြစ်သည့် အမျိုးသားအကျိုးစီးပွား ဝန်ကျင်အခြေအနေ (National Interest Matnx) ကို ၁၉၇၉ ခုနှစ်တွင် ဖော်ပြခဲ့သည်။ Nuechterlein က မည်သည့် နိုင်ငံတွင်မဆို ကျင့်သုံးနိုင်သည့် မိမိ နိုင်ငံကာကွယ် စောင့်ရှောက်ရေး၊ ကြွယ်ဝချမ်းသာမှု၊ သင့်တင့်မျှတသော ကမ္ဘာ့စနစ်နှင့် တန်ဖိုးများမြှင့်တင်ရေးဆိုသည့် အခြေခံအကျိုးစီးပွား လေးခုကိုအသုံးပြုဖော်ပြခဲ့သည်။ ထို့အပြင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားများကို အခြေခံနိုင်သည့် အရေးပါသည့် အဆင့်လေးဆင့်ကိုလည်း ဖော်ထုတ်ခဲ့ပါသည်။
ယင်းအဆင့် ၄ ဆင့်တွင် -
၁။ သေရေးရှင်ရေးကိစ္စရပ်များ - နိုင်ငံတစ်နိုင်ငံ၏ နယ်မြေအပေါ်တွင် စစ်ရေးအရ ကျူးကျော် တိုက်ခိုက်ခံလာရပါက သို့မဟုတ် ရန်သူ၏တောင်းဆိုချက်များကို လက်မခံပါက တိုက်ခိုက်ရန် ခြိမ်းခြောက်မှုကဲ့သို့သော အန္တရာယ်ကြားတွင် နိုင်ငံဆက်လက်တည်ရှိနိုင်ရေး အခြေအနေ။
၂။ အရေးကြီးကိစ္စရပ်များ-သမားရိုးကျ စစ်အင်အားအသုံးပြုမှု အပါအဝင် ပြင်းထန်သောအရေးယူမှုများ မရှိသော်လည်း နိုင်ငံအပေါ် ပြင်းထန်သော ထိခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိသော အခြေအနေ။
၃။ အဓိကကိစ္စရပ်များ - ကမ္ဘာ့နိုင်ငံရေးတွင် ဖြစ်နေသည့် အဖြစ်အပျက်များနှင့် ဦးတည်ရာများကြောင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အယူအဆဆိုင်ရာများအပေါ် ပြင်းထန်စွာ အကျိုးသက်ရောက်လာနိုင်သည့် အခြေအနေ။
၄။ ဆက်စပ်ကိစ္စရပ်များ - ပြင်ပမှ အဖြစ်အပျက်များ သို့မဟုတ် အခြေအနေများကြောင့် နိုင်ငံ၏အကျိုးစီးပွားအပေါ် ပြင်းထန်စွာ ဂယက်ရိုက်ခတ်မလာသော်လည်း အခြားနိုင်ငံများတွင် လုပ်ကိုင်နေကြသည့် နိုင်ငံသားတစ်ဦးချင်းစီတိုင်းနှင့် ကုမ္ပဏီများ၏ အကျိုးစီးပွားများအပေါ် အန္တရာယ်ကျ ရောက်လာသည့် အခြေအနေတို့ဖြစ်သည်။
စစ်ရေးစွမ်းအားမြှင့်တင်မှု
ယနေ့ကာလသည် နယ်ချဲ့ကိုလိုနီ စနစ်မရှိတော့သော်လည်း မိမိနိုင်ငံ၏ ပြည်တွင်းအခြေအနေ လိုအပ်ချက်၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေနှင့် ပထဝီနိုင်ငံရေးအခြေအနေလိုအပ်ချက်တို့အရ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားများကို ကာကွယ်ရန် ခေတ်မီအမြဲတမ်းတပ်မတော်တစ်ရပ်၏ အခန်းကဏ္ဍတွင် များစွာ အရေးပါလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ စွမ်းရည်အဆင့်အတန်းကို အဆုံးအဖြတ်ပေးနိုင်သည့် အချက်များစွာ အနက် သက်ဆိုင်ရာနိုင်ငံ၏ စစ်ရေးစွမ်းအားသည် ပိုမိုအရေးပါသည့်အချက်တစ်ချက် ဖြစ်သည်။
ထို့အပြင် ခိုင်မာအားကောင်းသော စစ်ရေးစွမ်းရည် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံသည် စစ်ရေးစွမ်းရည် အားနည်းသော နိုင်ငံများနှင့် ပြိုင်ဘက် ဖြစ်လာနိုင်သော နိုင်ငံများထက်လုံခြုံမှုနှင့် တည်ငြိမ်မှု ပိုမိုရရှိစေပါသည်။ အလားတူပင် နိုင်ငံ၏စစ်ရေးစွမ်းအား အားကောင်းခြင်းဖြင့် အခြားနိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး သို့မဟုတ် အရင်းအမြစ် အခြေခံစွမ်းအားတို့အပါအဝင် ကဏ္ဍများစွာတွင် လွှမ်းမိုးမှုရရှိစေနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးစွမ်းအားကို အဆုံးအဖြတ်ပေးနိုင်သည့် အချက်များတွင် ထိုးစစ်စွမ်းအား၊ ခံစစ်စွမ်းအား၊ ကြည်းတပ်စွမ်းအား၊ ရေတပ်စွမ်းအား၊ လေတပ်စွမ်းအား၊ အဆင့်မြင့်စစ်ရေး စွမ်းအားနှင့် မဟာမိတ်များ ပါဝင်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးစွမ်းရည် အဆင့်ကို မြှင့်တင်ထိန်းသိမ်းရာတွင် ယင်းနိုင်ငံ၏ အခြားသောစွမ်းရည်များ သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုအချက်များတွင် စီးပွားရေး၊ လူဦးရေ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝရင်းမြစ်များ၊ နိုင်ငံရေး၊ နည်းပညာ၊ ယဉ်ကျေးမှုတို့ ပါဝင်သည်။ စစ်ရေးစွမ်းအားတိုးမြှင့်ရန် ပံ့ပိုးပေးနိုင်သော အချက်များရှိသကဲ့သို့ နိုင်ငံ၏ စစ်ရေးစွမ်းအားသည် လည်း အခြားကဏ္ဍများ၏ စွမ်းအားမြှင့်တင်ရာတွင် အရေးပါသည့်ကဏ္ဍတွင် ရှိနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် စစ်ရေးစွမ်းအား တည်ဆောက်သည်ဆိုရာတွင် မိမိနိုင်ငံ အခြားသော စွမ်းအားများနှင့် လိုက်လျောညီထွေ တည်ဆောက်မှသာ ထိရောက်သော စွမ်းအားနှင့် အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်သည်။
ဆက်လက်မြှင့်တင်လျက်ရှိ
ယနေ့အခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံများအကြား စစ်ရေးစွမ်းအားအဆင့် ကွာဟမှုကြီးမားစွာ ရှိနေပါသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်နိုင်ရန် စစ်ရေးစွမ်းအားကို အပြိုင်အဆိုင် မြှင့်တင်နေကြသည်။ အလားတူ ဒေသတွင်းနိုင်ငံများ၊ ပြိုင်ဘက်နိုင်ငံများ အကြားတွင်လည်း စစ်ရေးစွမ်းအား မြှင့်တင်တည်ဆောက်နေကြပါသည်။ (၂၁) ရာစု ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်တွင် ကျယ်ပြန့်လာသောဈေးကွက်၊ နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့်အတူ နိုင်ငံမဟုတ်သော အကြမ်းဖက်မှုအန္တရာယ်များကြောင့် ကမ္ဘာ့နိုင်ငံများတွင် စစ်ရေးစွမ်းအားကို အပြိုင်မြှင့် တင်လျက်ရှိကြရာ ဆက်လက်၍လည်း တိုးမြှင့် လာဖွယ်ရှိနေပါသည်။
ဇင်ငြိမ်း
ကိုးကား
၁။ The Use of Military Power in Pursuit of National Interests၊ EDWIN J. ARNOLD, JR. From Parameters, Spring 1994, pp. 4-12.
၂။ https://www.isa-world.com/news/?tx_ttnews%5BbackPid% 5D=1&tx_ttnews%5 Btt_news %5D=411&cHash=3c3785562e 7d5a836189b87d09c8182e