Skip to main content

လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာမှ လူငယ်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအကြောင်း တစေ့တစောင်း

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ဖွဲ့စည်းခဲ့သည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတွင် ယခင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အားကစားနှင့် ကာယပညာ ဦးစီးဌာနအပြင် လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ ဦးစီးဌာနကိုပါ တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

လူငယ်ရေးရာဆိုင်ရာ မူဝါဒ၊ ခံယူချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးသည် အားကစားအောင်မြင် တိုးတက်ရေး ကဲ့သို့ပင် ယခုရေတွင်းတူး ယခုရေကြည်သောက် ဆိုသကဲ့သို့ ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ဆောင်ရွက်၍ ရနိုင်ကောင်းသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်စပ်ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အပါအဝင် အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အဆင့်ဆင့်သော ဦးစီးဌာနများ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များနှင့် အဆင့်ဆင့် အားကစားဆပ်ကော်မတီများ၊ မြန်မာ့လက်ရွေးစင် အားကစား သမားဟောင်းကြီးများ၊ အားကစား ဝါသနာရှင်များ၊ မီဒီယာလောက သားများ အပါအဝင် ပြည်သူတစ်ရပ်လုံးမှ အမျိုးသားရေးအသိဖြင့် အတိုင်းအတာတစ်ခုအထိ အချိန်ယူ၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာန အနေဖြင့်လည်း လူငယ်ရေးရာဆိုင်ရာ ခိုင်မာသည့် မူဝါဒ၊ ခံယူချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားရှိပြီး ဖြစ်ကြောင်းလည်း သိရှိရပါသည်။ အားကစားဆိုင်ရာခံယူချက် (၃) ရပ် သို့ဖြစ်၍လည်း ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အားကစား ဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းပြီးနောက် အားကစားဆိုင်ရာ ခံယူချက်အဖြစ် “အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဟူ၍ လည်းကောင်း၊ “အားကစားအောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အဆင့်အတန်းကို ရောင်ပြန်ဟပ်စေသည်” ဟူ၍ လည်းကောင်း၊ “အားကစား အောင်မြင်မှုသည် နိုင်ငံတော်ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် အခြေအနေကို ဖော်ပြသည်” ဟူ၍ လည်းကောင်း မြင့်မားသည့် ခံယူချက်များ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အားကစားဆိုင်ရာမူဝါဒ (၃) ရပ် အားကစားဝန်ကြီးဌာနအဖြစ် စတင် ဖွဲ့စည်းပြီးနောက် ဝန်ကြီးဌာန၏ မူဝါဒ (၃) ရပ်အဖြစ် “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည် (ယခုအခါ မြန်မာ့ အားကစားမှ ကမ္ဘာ့အားကစားသို့)” ဟူ၍ လည်းကောင်း၊ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာဖြင့် ပါဝင်လှုပ်ရှားကြရမည်” ဟူ၍လည်းကောင်း၊ “နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ဆောင်ရွက်နိုင်မည့် ထူးချွန် ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား လူရည်ချွန်များ မွေးထုတ်ရမည်” ဟူ၍ လည်းကောင်း ခိုင်မာသည့် မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ အထက်တွင် ဖော်ပြခဲ့သည့် ယခင် အားကစား ဝန်ကြီးဌာန၏ အားကစား ဆိုင်ရာ ခံယူချက် (၃) ရပ်၊ မူဝါဒ (၃) ရပ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည့် အားကစား ဝန်ကြီးဌာန၏ ရှေ့ လုပ်ငန်းစဉ် (၁၀) ရပ်ကိုလည်းကောင်း၊ ရှေ့လုပ်ငန်းစဉ် (၁၀) ရပ်နှင့် ပူးတွဲဆောင်ရွက်ရမည့် အောက်ပါအားကစားမူဝါဒ (၅) ရပ်ကို လည်းကောင်း လုပ်ငန်း လမ်းညွှန်အဖြစ် သတ်မှတ်ထားရှိခဲ့ပါသည် -

(၁) အားကစားနှင့် ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးလုပ်ငန်းကို ထိထိမိမိ ပူးပေါင်း ဆောင်ရွက်သွားရန်

(၂) မျိုးဆက်သစ်အားကစားသမားများအား ရေရှည်စနစ်တကျ ပြုစု ပျိုးထောင်သွားနိုင်ရေး အတွက် အသက်အရွယ်လျှော့ချပြီး ငယ်ရွယ်သူများကို (New Generation) အဖြစ် ထိထိရောက်ရောက် မွေးမြူရန်

(၃) အားကစား ပြုစုပျိုးထောင် လေ့ကျင့်မှု လုပ်ငန်းများကို နည်းစနစ်မှန်မှန်၊ ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားရန်

(၄) အမျိုးသမီး အားကစားလှုပ်ရှားမှုများကို အမျိုးသားများနည်းတူ ထိထိမိမိ အားပေးဆောင်ရွက်

(၅) အားကစားပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် တိုးချဲ့ဆောင်ရွက်ရန်

အထက်ဖော်ပြပါ အားကစားဆိုင်ရာ ခံယူချက် (၃) ရပ်၊ မူဝါဒ (၃) ရပ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် ရှေ့လုပ်ငန်းစဉ် (၁၀) ရပ်နှင့် ပူးတွဲဆောင်ရွက်သွားရမည့် အားကစားမူဝါဒ (၅) ရပ်မှာလည်း အားကစားလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အားကစား လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံရင့် ပုဂ္ဂိုလ်များ၏ အကြံပြုတင်ပြချက်များအပေါ် အားကစားဌာန တာဝန်ရှိသူများက တညီတညွတ်တည်း ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးအတည်ပြု ဆုံးဖြတ်ချက်များဖြစ်သည့်အတွက် အဆိုပါရှေ့ လုပ်ငန်းစဉ် (၁၀) ရပ်နှင့် ပူးတွဲဆောင်ရွက် သွားရမည့် အားကစားမူဝါဒ (၅) ရပ်အပေါ် အမြဲမပြတ် ဆင်ခြင်သုံးသပ် ဆောင်ရွက်သွားရန်လည်း လိုအပ်သကဲ့သို့ တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း အမြဲမပြတ် သုံးသပ်၍ ပြင်ဆင် တိုးချဲ့ သတ်မှတ် ဆောင်ရွက်နေရန်လည်း လိုအပ်ပါသည်။ အလားတူ အသစ်တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်မည့် လူငယ်ရေးရာ ဦးစီးဌာနအနေဖြင့်လည်း လူငယ်ရေးရာဆိုင်ရာ ခံယူ ချက်၊ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လည်း လိုအပ်သည် ဟု မြင်မိပါသည်။ ။

နိုင်ငံတော်အကြီးအကဲ၏ လူငယ်နှင့်အားကစားဆိုင်ရာ လမ်းညွှန်ချက်များ

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် အရှေ့တောင်အာရှ အဆင့်တွင်ပင် နိမ့်ကျလျက်ရှိနေသည့် မြန်မာ့အားကစား အဆင့်အတန်း မြင့်မားလာစေရေး အတွက် မကြာခဏဆိုသလို အားကစားနှင့်ပတ်သက်၍ လမ်းညွှန်ချက်များ ချမှတ်ပေးလျက် ရှိသည်ကို ကြားသိမြင်တွေ့နေရပြီး မှတ်သား မိသလောက် တင်ပြရမည်ဆိုပါလျှင် -

- ကျန်းမာရေးဆိုသည်မှာ အားကစား၊ ကြံ့ခိုင်ရေးတို့နှင့် ဆက်စပ်နေပါကြောင်း

- အားကစား မြှင့်တင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို တက်စေကြောင်း

- ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်မှုများရှိနေသော်လည်း အားကစား မြှင့်တင်ရေးကို မျက်ခြည်မပြတ် ကြည့်ပြီး ဆောင်ရွက်ပေးနေကြောင်း

- တိုင်းဒေသကြီးနှင့်ပြည်နယ်များ အားလုံးတွင် အားကစားကွင်း အားကစားရုံများ အဆင့်မီမီ ရှိရေး ဆောင်ရွက်ပေးနေကြောင်း

- အားကစားမြှင့်တင်မည်ဆိုလျှင် လူငယ်တို့၏ အင်အားသည် အဓိကကျသည့်အတွက် လူငယ် နှင့် အားကစားကဏ္ဍကို အားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အားကစား ဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာ တို့ကို ရှင်သန်ထက် မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစားနှင့် ပတ်သက်ပါက အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း

- လက်ရှိတွင် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှု အားနည်းလျက် ရှိသည်ကို တွေ့ရှိရပြီး အဆင့် အတန်းတစ်ခုသို့ ရောက်ရှိနိုင်ရေး အခြေခံကျကျ စဉ်းစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မိမိတို့နိုင်ငံ၏ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲမှစ၍ အားကစား အောင်မြင်မှုများသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း များစွာကျဆင်းခဲ့ကြောင်း

- အားကစားပြိုင်ပွဲများပြုလုပ်ခြင်းသည် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း

- အားကစားနှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အားပေး ဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း

- အားကစားပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှု ရှိမည်ဖြစ်ကြောင်း၊ အလွယ်ကူဆုံး အားကစားနည်း နှစ်ခုမှာ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းပင်ဖြစ်ကြောင်း

- အားကစားသည် နိုင်ငံတော်အတွက် အားပေးဆောင်ရွက်ကြရမည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း

- အားကစားကဏ္ဍ တိုးတက်စေရေး အားပေးခြင်းများ ဆောင်ရွက်၍ မြန်မာ့အားကစားကဏ္ဍ တစ်ခေတ်ဆန်းစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်

- SEA Games ပြိုင်ပွဲများတွင် မိမိတို့နိုင်ငံ၏ အားကစားအဆင့် အတန်း ပိုမိုတိုးတက် မြင့်မားရေး အားပေးဆောင်ရွက်သွားရန်

- မိမိတို့ နိုင်ငံ၏ အားကစားကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက်လည်း ကြိုးပမ်း လုပ်ဆောင်သွားရန်

- အားကစားမြင့်မားမှုမှတစ်ဆင့် အမျိုးသားရေးစိတ်ဓာတ် ခိုင်မာ မြင့်မားရေးကို ဆောင်ရွက်သွား

- အားကစားသည် ကျန်းမာရေးကို သာမက နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း၊ ထို့ကြောင့် အားကစား ကဏ္ဍ မြှင့်တင်ပြီး နိုင်ငံဂုဏ်ကို မြှင့်တင်ရန် လိုအပ်ကြောင်း မြန်မာ့အားကစားနည်းများ စနစ်ကျပြီး အဆင့်မီသည့် အားကစားနည်းများ ဖြစ်စေရန် ကြိုးပမ်း အားထုတ်၍ အာဆီယံပြိုင်ပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသ ကြီးများအလိုက် အားပေး ဆောင်ရွက်သွားရန် မိမိတို့ နိုင်ငံ၏ အမျိုးသား အားကစားတွင် မြန်မာ့သိုင်း အားကစားနည်းကို ထည့်သွင်း ကျင်းပရန်နှင့် မိမိတို့ ရိုးရာ အားကစား နည်းများကိုလည်း အားပေးရန်

- အားကစားမြှင့်တင် ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း နှင့် လူငယ်များ၏ စိတ်ဓာတ် (Mind Set) ကို ပြုပြင်ပေးခြင်း ဖြစ်သဖြင့် နောင်လာမည့် ဆယ်စု နှစ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာ စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း

အထက်ဖော်ပြပါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များသည် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း လမ်းညွှန်ချက်များ၊ လက်ရှိအနေအထားအရ နိမ့်ကျနေသည့် အားကစားကို မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များအား အခြေခံကျကျ စဉ်းစားဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ၊ အားကစားဌဌာန၏ အခြေခံလိုအပ် ချက်ဖြစ်သည့် အားကစားကွင်း အားကစားရုံများ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြန်မာ့အားကစား အောင်မြင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် အားပေးဆောင်ရွက်သွားရန် လမ်းညွှန်ချက်များ၊ အားကစားဌာန အနေဖြင့်လည်း မိမိတို့နိုင်ငံ၏ အားကစား အဆင့်မြှင့်တင်ရေးလုပ်ငန်းများ၊ SEA Games ပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်ချက်များအပြင် အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာများကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သဖြင့် အားကစားနှင့် ပတ်သက်ပါက အားပေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များ၊ အားကစားဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များအပါအဝင် ပြည်သူတစ်ရပ်လုံးမှ အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းမြင်သာစွာ မီးမောင်းထိုးပြထားခြင်းဖြစ်သဖြင့် အားကစား အောင်မြင်တိုးတက်စေရေး အတွက်လည်းကောင်း၊ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး အတွက် လည်းကောင်း ဘက်ပေါင်းစုံမှ ဝိုင်းဝန်းစုပေါင်းအဖြေရှာ၍ ခိုင်မာသည့် စီမံချက်များ ပြင်ဆင်ရေးဆွဲ ချမှတ် ဆောင်ရွက်သွားရန် အချိန်ရောက်ပြီဟုလည်း ရှုမြင်မိပါသည်။ လူငယ်လူရွယ်များ၏ အခန်းကဏ္ဍ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုနိုင်ငံ၏အနာဂတ် တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာ ဗဟုသုတ ပြည့်စုံ ကြွယ်ဝမှု၊ အရည်အချင်းပြည့်ဝမှု၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိမှု၊ စိတ်ဓာတ်ရေးရာ မြင့်မားမှု စသည့်အချက်များအပေါ် များစွာတည်မီနေပြီး လူငယ်လူရွယ်များကို ဘက်စုံထောင့်စုံမှ အရည်အသွေး မြှင့်တင်ပေးရန်မှာ နိုင်ငံတိုင်း အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း မှတ်သားဖူးပါသည်။ ။

လူငယ်ဘဝမှ လူကြီးဘဝသို့ ကူးပြောင်းပြီးကာလသည် လှုပ်ရှား ပြောင်းလဲမှုများ ဖြစ်လွယ်ပျက်လွယ်သော ကာလဖြစ်ခြင်းတို့ကြောင့် လူငယ်များကို မှန်ကန်သည့် လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်အား အကျိုးပြုမည့် နိုင်ငံ့သားကောင်းများအဖြစ် ရောက်ရှိစေရေး စနစ်တကျ ပြုစု ပျိုးထောင်ပေးရန် လိုအပ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရအဖွဲ့များ အနေဖြင့် လူငယ်ရေးရာကိစ္စရပ်များအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရေးအတွက် သီးခြားဝန်ကြီးဌာန ဖွဲ့စည်း ၍လည်းကောင်း၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာနအဖြစ် လည်းကောင်း၊ ယဉ်ကျေးမှု၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ် လည်းကောင်း၊ ပညာရေး၊ လူငယ်နှင့် သိပ္ပံဝန်ကြီးဌာန အဖြစ်လည်းကောင်း၊ မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြပါသည်။

လူငယ်လူရွယ်များ၏ အသက်အရွယ် ကန့်သတ်ချက်

ကမ္ဘာပေါ်တွင် လူငယ်များ၏ အသက်အပိုင်းအခြား သတ်မှတ်ချက် နှင့်ပတ်သက်၍ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိလည်းကောင်း၊ ဓနသဟာယ ဖွံ့ဖြိုးမှု အစီအစဉ်တွင် အသက် ၁၅ နှစ်မှ ၂၉ နှစ်အထိ လည်းကောင်း၊ အာဖရိကလူငယ် ပဋိညာဉ်စာတမ်းတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိလည်းကောင်း သတ်မှတ်ထားရှိကြောင်း နှင့် နိုင်ငံအသီးသီး၏ အစီအစဉ်များတွင် နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ကိုက်ညီမည့် အသက်အပိုင်း အခြားအလိုက်၊ သက်ဆိုင်ရာ နိုင်ငံများ၏ အခြေအနေအလိုက် ကျင့်သုံးကြကြောင်းလည်း စာတမ်း တစ်စောင်တွင် ဖတ်ရှုမှတ်သားဖူးပါသည်။

ပတ်ဝန်းကျင်နိုင်ငံများတွင် လူငယ်အဖွဲ့အစည်းများ

ဖွဲ့စည်းဆောင်ရွက်မှု တရုတ်နိုင်ငံတွင် တရုတ်နိုင်ငံလုံး ဆိုင်ရာ လူငယ်အဖွဲ့အစည်း (AII China Youth Federation) ကို ဖွဲ့စည်း၍ လူငယ်လူရွယ်များ၏ ပညာရေးနှင့် လေ့ကျင့်ရေး၊ စေတနာ့ဝန်ထမ်းလုပ်ငန်း များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၊ လူငယ်များ၏ အခွင့်အရေးနှင့် အကျိုး စီးပွားများ ကာကွယ်ရေး၊ ဆန်းသစ် တီထွင်ရေးနှင့် အလုပ်အကိုင်ရရှိစေရေး လုပ်ငန်းများကို အဖွဲ့အစည်းများ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

မလေးရှားနိုင်ငံတွင် လူငယ်နှင့် အားကစားဖွံ့ ဖြိုးတိုးတက်မှု အစီအစဉ်များ ရေးဆွဲ၍ စည်းလုံးညီညွတ်သော မျိုးချစ် မလေးရှားနိုင်ငံအား တည်ထောင်ရန် ရည်မှန်းချက်ဖြင့် လူငယ်နှင့် အားကစားဝန်ကြီးဌာန အောက်တွင် ဦးစီးဌာနနှင့် ဌာနခွဲ ၁၈ ခုအထိ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။ ။

စင်ကာပူနိုင်ငံတွင် အနုပညာနှင့် အားကစားမှတစ်ဆင့် နိုင်ငံသားများအား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်းလုပ်ငန်းများကို အားပေး မြှင့်တင်ရန် ရည်ရွယ်၍ ယဉ်ကျေးမှု၊ လူ့အဖွဲ့ အစည်းနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

အိန္ဒိယနိုင်ငံတွင် လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာနကို ဖွဲ့စည်းပြီး လူငယ်ရေးရာ ဦးစီးဌာနနှင့် အားကစား ဦးစီးဌာနတို့ကို အခြေခံဖွဲ့စည်းပြီး လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် သက်မွေးသိပ္ပံကျောင်းသား လူငယ် နှစ်သန်းကျော်အား စေတနာ့ ဝန်ထမ်းများအဖြစ် ပါဝင်လုပ်အားပေး နေသည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဆောင်ရွက်ခြင်း၊ လူငယ်ရေးရာလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရများနှင့် အမျိုးသားအဆင့် လူငယ်အဖွဲ့အစည်းများအတွက် လေ့ကျင့် သင်တန်းပေးမှုများ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ရာဂျစ်ဂန္ဒီလူငယ် ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံအား တည်ထောင်ထားခြင်း၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား လူငယ်များအား နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် နှစ်နှစ်ကြာ ပါဝင်ဆောင်ရွက်စေပြီး သင့်လျော်သည့် ဂုဏ်ပြုပေးအပ် ချီးမြှင့်သည့် အမျိုးသားလူငယ်အဖွဲ့အစည်း (National Youth Corps) အား တည်ထောင်ထားခြင်း၊ ကင်းထောက် လူငယ်အစီအစဉ်များ တိုးမြှင့်ဆောင်ရွက် ခြင်း၊ နိုင်ငံတကာလူငယ်အချင်းချင်း ပူးပေါင်းဖလှယ်ရေး အစီအစဉ်များ ပြုလုပ်ခြင်း၊ လူငယ်များအတွက် နိုင်ငံအဆင့် ထူးချွန်ဆုတံဆိပ်များ ချီးမြှင့်ခြင်း စသည့် လူငယ်လူရွယ်များ အားလုံး ပါဝင်စေသော အစီအစဉ်များဖြင့် လူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်ပေးလျက် ရှိကြောင်း မှတ်သားဖူးပါသည်။

လူငယ်လူရွယ်များအတွက် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ဝေသော “လူငယ်လူရွယ်များအတွက် ဆောင်ရွက်မည့် ကမ္ဘာလုံး ဆိုင်ရာ အစီအစဉ် (World Programme of Action for Youth)" တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ အောက်ပါခေါင်းစဉ်များအတိုင်း ခွဲခြားသတ်မှတ် ဆောင်ရွက် လျက်ရှိပါသည်

(က) လူငယ်နှင့် ကျန်းမာရေးကဏ္ဍ

(ခ) လူငယ်နှင့် ပညာရေးကဏ္ဍ

(ဂ) လူငယ်နှင့် အားကစားကဏ္ဍ

(ဃ) လူငယ်နှင့်အလုပ်အကိုင်ကဏ္ဍ

(င) လူငယ်နှင့် ဆင်းရဲမွဲတေမှု ကဏ္ဍ

(စ) လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ

(ဆ) လူငယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကဏ္ဍ

(ဇ) လူငယ်နှင့် ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် အကြမ်းဖက်မှုကဏ္ဍ

(ဈ) လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ်

(ည) မိန်းကလေးများနှင့် အမျိုးသမီးငယ်များကဏ္ဍ

(ဋ) လူငယ်နှင့် အားလပ်ချိန် အသုံးချမှုကဏ္ဍ

(ဌ) လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်ချမှု လုပ်ငန်းများတွင် လူငယ်များ ၏ အပြည့်အဝ ထိရောက်စွာ ပါဝင်ဆောင်ရွက်မှုကဏ္ဍ

(ဍ) လူငယ်နှင့် မျိုးချစ်စိတ်ကဏ္ဍ

(ဎ) လူငယ်နှင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့်နည်းပညာကဏ္ဍ

(ဏ) လူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခများကဏ္ဍ

(တ) လူငယ်နှင့် ပြည်သူ့နီတိ ကဏ္ဍ

(ထ) လူငယ်နှင့် ရပ်ရွာလူမှုရေးလုပ်ငန်းများကဏ္ဍ

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းဆောင်ရွက်

မိမိတို့နိုင်ငံအနေဖြင့်လည်း အမိမြန်မာနိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ် ပညာထက်မြက်မှု၊ လူမှုပေါင်းသင်း ဆက်ဆံရေးကောင်းမွန်မှု စသည့် အခြေခံကောင်းများ ပြည့်ဝရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့အပြင် လူငယ်လူရွယ်များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် ဗလငါးတန် ပြည့်ဝစေပြီး ဘက်စုံအရည်အသွေး မြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး အထူးအလေးထား ပြုစုပျိုးထောင်ရမည် ဖြစ်ပေသည်။ ထို့အပြင် လူငယ်များအား ခေါင်းဆောင်မှု အရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊ လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးရန်၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေး အပါအဝင် ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံသားကောင်းလူငယ်များ ပေါ်ထွန်းစေရန် အတွက်လည်း ဘက်ပေါင်းစုံမှ ပြုစု ပျိုးထောင်ပေးရမည်ဖြစ်သည့်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များမှာ များပြားကျယ်ဝန်း လှပါသည်။ ယခုအခါ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် တိုးမြှင့်ပြောင်းလဲ ဖွဲ့စည်းပေးပြီး ဖြစ်သဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။  ။

ကိုဌေး(ကနောင်)