Skip to main content

ကျွန်တော်နဲ့ အဝေးသင်ပညာရေး

တစ်လောက အစည်းအဝေးတစ်ခု တက်ရောက်ခဲ့တယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်မှာလုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေအကြောင်း တင်ပြဆွေးနွေးဖို့ တာဝန်ပေးခဲ့တာ။ အစည်းအဝေးလုပ်တဲ့ခန်းမထဲရောက် တော့ တစ်ရက်စောပြီး လုပ်ခဲ့တာတွေကို စီစဉ်သူတွေက ကျွန်တော့်ကို ရှင်းပြခဲ့တယ်။ အမှန်တော့ အစည်းအဝေး ဟာ မြန်မာနိုင်ငံရဲ့ အဝေးသင်ပညာရေးနဲ့ ပတ်သက်ပြီး မူဝါဒချမှတ်ဖို့အတွက် ပညာရေးလောကမှာ တာဝန်ရှိသူ တွေကို စုစည်းပြီး ဆွေးနွေးတာဖြစ်တယ်။

ကျွန်တော်တို့နိုင်ငံမှာ ပညာရေးပြုပြင်ပြောင်းလဲမှု တွေကို မကြာခဏဆောင်ရွက်ခဲ့ကြတယ်။ ဆောင်ရွက် လျက်ရှိတယ်။ ကျွန်တော့်အနေနဲ့ လူမှန်းသိကတည်းက ပြုပြင်ပြောင်းလဲမှုတွေကို ရင်ဆိုင်ခဲ့ရတာ။ ကိုယ်တိုင် ခံစားခဲ့ရတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီး မကြာ မီပဲ နေခဲ့တဲ့ကျောင်းကို ပြည်သူပိုင်သိမ်းခဲ့တာ။ ကျွန်တော်တို့ကျောင်းက တိုင်းပြည်မှာ နာမည်ကြီး။ အင်္ဂလိပ်မက်သဒစ်အထက်တန်းကျောင်း။ အလံပြဘုရား လမ်းမှာရှိတာ။ ဒီကျောင်းကို ခရစ်ယာန်သာသနာပြု တွေက ဖွင့်လှစ်ခဲ့တယ်။ ကျောင်းရဲ့နံဘေးမှာ ဘုရားရှိခိုးကျောင်းရှိတယ်။ တစ်ပတ်တစ်ခါ တက်ရတယ်။ ကျမ်းစာတွေ ဖတ်ရတယ်။ ဓမ္မသီချင်းတွေ သီဆို ကြရတယ်။ ခရစ္စမတ်ကာလမှာ ကျင်းပတဲ့ပြဇာတ်တွေမှာ ပါဝင်ကပြကြတယ်။ သင်ကြားတဲ့ဆရာ ဆရာမတွေက ဗုဒ္ဓဘာသာဝင်တွေလည်း ပါတယ်။ ခရစ်ယာန်တွေလည်း ရှိကြတယ်။ ထူးခြားတာက တစ်ကြိမ်တစ်ခါမှ ခရစ် ယာန်ဘာသာဝင်ပြောင်းဖို့ မတိုက်တွန်းခဲ့ဘူး။ ကျွန်တော့် မိဘအပါအဝင် ကျန်တဲ့ကျောင်းသား ကျောင်းသူတွေက ဘုရားရှိခိုးကျောင်းတက်တာ၊ သမ္မာကျမ်းစာဖတ်တာ၊ သီချင်းတွေဆိုတာကို မကန့်ကွက်ကြဘူး။

ကျွန်တော်တို့ ကျောင်းနဲ့ ခေတ်ပြိုင်က စိန့်ပေါ(လ်) အထက်တန်းကျောင်း၊ စိန်ဂျွန်းကွန်ဗင့် အထက်တန်း ကျောင်းတို့ဖြစ်တယ်။ မန္တလေးမြို့မှာ ကေစိန်ပီတာ။ မေမြို့မှာ စိန်အယ်(လ်) ဖတ်။ မော်လမြိုင်မှာ မော်တင် လိမ်းတို့ ဖြစ်ကြတာ။ ကျွန်တော်တို့ကျောင်းမှာ နိုင်ငံ ခေါင်းဆောင်တွေရဲ့ သားသမီးတွေ တက်ကြတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီး မန်းဝင်းမောင်နဲ့သားသမီးတွေ၊ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကလေးတွေ၊ ဦးကျော်ငြိမ်း၊ ဦးခင်မောင်လတ်၊ ဦးခင်မောင်လေး စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သားသမီးတွေ တက်ကြ တယ်။ ၁၉၆၄ ခုနှစ်မှာ ဒီကျောင်းအပါအဝင် သာသနာပြုကျောင်းတွေအားလုံးကို ပြည်သူပိုင် သိမ်းပိုက်ခဲ့ပြီး အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်း အစား အထက (၁) (ဒဂုံ) ဖြစ်လာခဲ့တယ်။ အင်္ဂလိပ်စာကို သူငယ်တန်းကတည်းက သင်ကြားခဲ့မှုကို ပိတ်ပင်ခဲ့ပြီး ၅ တန်းရောက်မှ အေဘီစီကို စတင်ပြီး သင်ခွင့်ရတယ်။ အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့မမြင်ဘဲ နိုင်ငံရေးရှုထောင့်နဲ့ ကြည့်ခဲ့တယ်။ အင်္ဂလိပ်ဘာသာ အဆင့်အတန်းဟာ အဲဒီအချိန် အဲဒီကာလကစတင်ပြီး ယိုယွင်းခဲ့တာဖြစ်တယ်။
ကျွန်တော် တက္ကသိုလ်ရောက်တော့ ပုဂံလမ်းမှာရှိတဲ့ ဘီအိုစီကောလိပ်မှာ ဥပစာဝိဇ္ဇာတန်းကို နှစ်နှစ်တက် ခဲ့ရတယ်။

သိပ္ပံဘာသာတွဲယူတဲ့သူငယ်ချင်းတွေကတော့ အနီးအနားမှာရှိတဲ့ လိပ်ခုံးလို့ခေါ်တဲ့ နေရာမှာ တက်ကြ ရတယ်။ ဥပစာတန်းက နှစ်နှစ်။ ဒီနှစ်နှစ်ပြီးမှ ကိုယ်အထူးပြုချင်တဲ့ ဆေးပညာ၊ စက်မှုပညာ၊ စီးပွား ရေးပညာတွေကို တက်ခွင့်ရတာ။ ကျွန်တော်က နှစ်နှစ် ပြီးရင် စီးပွားရေးဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှာ ယူမယ် ဆိုပြီး အားခဲခဲ့တာ။ တတိယနှစ်တက်နေရင်း ပညာရေးပြုပြင်ပြောင်းလဲမှုကြောင့် ရန်ကုန်တက္ကသိုလ် မဟုတ် တော့ဘဲ အသစ်ဖန်တီးလိုက်တဲ့ စီးပွားရေး တက္ကသိုလ် က ဘွဲ့ရခဲ့တယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အထောက်အကူဖြစ်စေတဲ့ တက္ကသိုလ်ပညာရေးကို ဖော်ဆောင်ခဲ့တယ်။ ၁၉၂၀ ပြည့်နှစ်က တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို တစ်ပိုင်းစီခွဲစိတ်ပြီး စီးပွားရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ဟာ မဟာဌာနကြီး တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ဒီမဟာဌာနတွေကို သီးခြား တက္ကသိုလ်တွေအဖြစ် ပြောင်းလဲခဲ့တယ်။ တစ်ကြိမ် တစ်ခါမှ မကြားဖူးတဲ့ Institute ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲပြီး ပြုပြင်ပြောင်းလဲခဲ့တယ်။ မြန်မာလိုဘာသာပြန်ရာမှာ တက္ကသိုလ်ဆိုတဲ့စကားလုံးကို သုံးပေမယ့် University လို့ မခေါ်တော့ဘဲ Institute အဖြစ် ပြောင်းလဲခဲ့တာ။ ကျွန်တော်က ၁၉၇၁ နှစ်မှာ နိုင်ငံခြားပညာတော်သင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတယ်။ ရှေ့နှစ်တွေမှာ နိုင်ငံခြားပညာ တော်သင်တွေကို ဆိုရှယ်လစ်နိုင်ငံတွေဆီ စမ်းသပ်ပြီး စေလွှတ်ခဲ့တယ်။ ရုရှား၊ ပိုလန်၊ ဟန်‌ဂေရီ၊ ချက်၊ အရှေ့ ဂျာမနီ အစရှိတဲ့ နိုင်ငံတွေ။ အဆင်မပြေလို့ ကျွန်တော်တို့ နှစ်မှာ အနောက်နိုင်ငံတွေကို ပြန်ပြီးစေလွှတ်ခဲ့တာ။ ကျွန်တော်က အင်္ဂလန်နိုင်ငံသွားဖို့ အခွင့်အရေးရခဲ့တော့ တစ်နေ့ကျရင် ငယ်ငယ်တုန်းကကြားဖူးတဲ့ ဘိလပ်ပြန် ဖြစ်ရတော့မယ်လို့ တွေးပြီး ပျော်နေမိတာ။ လျှောက်လွှာကို သံရုံးကတစ်ဆင့် တင်ရတယ်။ ရတဲ့ဘွဲ့က ဝါဏိဇ္ဇဝိဇ္ဇာဘွဲ့။ ရတဲ့တက္ကသိုလ်ကို ဖော်ပြရာမှာ အင်္ဂလိပ်အသုံးအနှုန်းအရ Institute of Economics လို့ ဖြည့်စွက်ခဲ့တယ်။ လက်ခံတဲ့ တက္ကသိုလ်တွေက Institute ဆိုရင် တက္ကသိုလ်မဟုတ်တာ ကြောင့် မဟာသိပ္ပံဘွဲ့ကို တိုက်ရိုက်တက်ခွင့်မပြုဘဲ ဘွဲ့လွန် ဒီပလိုမာသင်တန်းကို စမ်းသပ်မှုနဲ့ တစ်နှစ်တက်ဖို့ ပြောလာ တယ်။ စိတ်ထဲကမခံချင်ပေမယ့် အခုလို အမည်နာမ ပြောင်းလဲမှုရဲ့ဒဏ်ကို လှလှကြီးခံခဲ့ရတယ်။ အဆိုးထဲက အကောင်းလို့ စဉ်းစားရင် အင်္ဂလန်မှာ တစ်နှစ်ပိုပြီး နေခဲ့ရ တယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုရဲ့ သားကောင် ဖြစ်ခဲ့ တာ။
ကျွန်တော် ပါရဂူဘွဲ့ကို ယူဖို့ ခြောက်နှစ်ကြာမြင့်ခဲ့တယ်။ ကျွန်တော် နိုင်ငံခြားရှိစဉ် တက္ကသိုလ်ပညာရေးမှာ ဒေသ ကောလိပ်ဆိုတဲ့ အစီအမံကို လုပ်ခဲ့ပြန်တယ်။ အမေရိကန် နိုင်ငံမှာ ကျင့်သုံးတဲ့ Community College ပုံစံကို ယူထား တာ။ သူတို့ဆီမှာ ဒေသကောလိပ်တက်ရောက်တဲ့သူတွေက တက္ကသိုလ်ပညာရေးကို ဆက်ပြီးယူဖို့ စဉ်းစားကြတာ မဟုတ်ဘူး။ နှစ်နှစ်ပြီးရင် အလုပ်ခွင်ထဲ ဝင်ကြတာ။ ကျွန်တော်တို့ဆီမှာတော့ ဒေသကောလိပ် နှစ်နှစ်တက်ပြီးရင် တက္ကသိုလ်ကို တက်ကြတာကများတာ။ ပကတိ အခြေအနေနဲ့ မကိုက်ညီတဲ့ ပြုပြင်မှုတွေကြောင့် အားလုံး နစ်နာခဲ့တဲ့ ဆိုရှယ်လစ်ပုံစံကနေ အမေရိကန်ပုံစံကို ပြောင်းလဲခဲ့ခြင်းဖြစ်တယ်။ အခုတော့ ဒေသကောလိပ်တွေ မရှိတော့ဘူး။

ကျွန်တော်ပြန်ရောက်ပြီးမကြာမီ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ ခင်မောင်ညွန့်က အဝေးသင်ပညာရေး အစီအစဉ်နဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းခဲ့တယ်။ ကျွန်တော်က အဝေးသင်ပညာရေးစနစ်ကို အကောင် အထည်ဖော်ထုတ်ရင် အင်္ဂလန် နိုင်ငံက ကမ္ဘာကျော် Open University (OU) ပုံစံကိုယူဖို့ အကြံပြုခဲ့တယ်။ OU ဟာ အင်္ဂလန်နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးမှာ နာမည်ရ ခဲ့တာ။ ကျောင်းသား ကျောင်းသူတွေကို နေထိုင်တဲ့ နေရာ ဒေသတွေမှာ အနီးကပ်သင်ကြားမှုတွေ လုပ်ပေးခဲ့ပြီး ရုပ်မြင်သံကြားကတစ်ဆင့် သင်ကြားပို့ချမှုတွေကိုလည်း ဆောင်ရွက်ပေးခဲ့တယ်။ စာမေးပွဲနီးချိန်မှာတော့ တက္ကသိုလ် အသီးသီးမှာ သင်တန်းတွေ ထပ်မံတက်ပြီး ဖြေဆိုခွင့် ပေးတယ်။ ဘွဲ့ယူတဲ့ကာလကိုလည်း သတ်မှတ်ခြင်းမရှိဘဲ မိမိကိုယ်ရေးကိုယ်တာ အခြေအနေအပေါ်မူတည်ပြီး ရယူ နိုင်တာ။ OU ရဲ့ ပုံစံကို မြန်မာပြည်မှာ ယူခဲ့ပေမယ့် လက်တွေ့မှာ စိန်ခေါ်မှုတွေရှိခဲ့တယ်။

အဝေးသင်ပညာရေးစနစ်ကို အားပေးရာမှာ ပညာရေး ရည်ရွယ်ချက်ထက် နိုင်ငံရေးရည်ရွယ်ချက်ကို ဦးစားပေးခဲ့ တယ်။ အဝေးသင်ပညာရေးစနစ်ကြောင့် တက္ကသိုလ်တွေမှာ ကျောင်းသားတွေ နည်းလာတယ်။ နည်းလာတာမို့ အရေးအခင်း တွေလည်း လျော့ပါးခဲ့တယ်။ အရေးအခင်းဖြစ်ခြင်း၊ မဖြစ်ခြင်းပေတံနဲ့ တိုင်းတာရင် ပညာရေးပြုပြင်ပြောင်းလဲ မှုဟာ အောင်မြင်တယ်လို့ သုံးသပ်နိုင်တယ်။ ၁၉၈၈ နောက် ပိုင်းမှာ အရေးအခင်းတွေ ပပျောက်ခဲ့တယ်။ ရန်ကုန် တက္ကသိုလ်ကို ပိတ်ခဲ့တယ်။ အဆောင်စနစ်ကို ဖျက်ခဲ့တယ်။


တက္ကသိုလ်အသစ်တွေကို မြို့ပြင်တွေ၊ ဝေးလံတဲ့ နေရာတွေ မှာ ဖွင့်လှစ်ခဲ့တယ်။ တက္ကသိုလ်ဆိုတာကို အဆောက်အအုံရှိ ရင် လုံလောက်ပြီလို့ မှတ်ယူခဲ့တယ်။ အဆောင်စနစ်ဟာ ကျောင်းသား ကျောင်းသူတွေရဲ့ စည်းလုံးညီညွတ်မှုကို အထောက်အကူဖြစ် စေတာမို့ အဆောင်တွေ ပိတ်ခဲ့တယ်။ ကျောင်းသား ကျောင်းသူတွေဟာ တက္ကသိုလ်အနီးအနားမှာ ဖြစ်သလို နေထိုင်ကြရတယ်။ လုံခြုံမှု လုံးဝမရှိပေမယ့် ရွေးချယ်စရာမှမရှိတာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရန်ကုန်တက္ကသိုလ်မှာ တစ်နိုင်ငံလုံးက ကျောင်းသား ကျောင်းသူတွေနဲ့ ဆုံရတယ်။ ဆက်ဆံရတယ်။ ရင်းနှီးခဲ့ တယ်။ အခုတော့ စစ်တွေတက္ကသိုလ်တက်နေသူတွေက ကချင်ပြည်နယ်က ကျောင်းသား ကျောင်းသူနဲ့ ဆုံဖို့ခက် တယ်။ မြိတ်တက္ကသိုလ်တက်သူတွေက အထက်မြန်မာပြည် က ကျောင်းသားတွေနဲ့ မဆုံနိုင်တော့ဘူး။ တစ်ဖက်မှာလည်း ဝန်ကြီးဌာနတွေက ကိုယ်ပိုင်တက္ကသိုလ်တွေ တည်ထောင် လာခဲ့ကြတယ်။ “ခေတ်မီသူတိုင်း ပင်လယ်ငါးစား” တဲ့ ဆောင်ပုဒ်အတိုင်း ဝန်ကြီးဌာနတွေက တက္ကသိုလ်တွေကို တည်ထောင်ကြတယ်။ အမှန်တော့ တက္ကသိုလ်ဆိုတာ ဝန်ကြီးဌာနနဲ့ မပတ်သက်ဘူး။ မဆိုင်ဘူး။ ပညာရေးအဖွဲ့ အစည်းတစ်ရပ်ဖြစ်တယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင် ဖို့ လိုအပ်တယ်။ အုပ်ချုပ်ရေးယန္တရား‌အောက် မရှိသင့်ဘူး။ ဒါပေမယ့် ပညာရေးစနစ်ကို အုပ်ချုပ်ရေးပုံစံနဲ့ စီမံချင်တဲ့ ဆန္ဒက ရှေ့တန်းတင်ထားတာ။
အဝေးသင်ပညာစနစ်နဲ့ပတ်သက်ပြီး ကျွန်တော်က စိတ်ဝင်စားတော့ ဘွဲ့ယူခဲ့တဲ့ ကျောင်းသား ကျောင်းသူနဲ့ တွေ့ဆုံခဲ့တယ်။ တစ်ယောက်က ကျွန်တော်ရက် ၃၀ နဲ့ ဘွဲ့ရခဲ့တယ်လို့ ပြောတယ်။ ဒါကို ကြားလိုက်ရတော့ မယုံနိုင် အောင်ဘဲ တစ်လနဲ့ ဘွဲ့ရသလို ဖြစ်နေတာ။ ဘယ်လိုဖြစ် တာလဲမေးတော့ တစ်နှစ်မှာ အနီးကပ်သင်တန်း ၁၀ ရက် တက်ရတယ်။ သုံးနှစ်ဆိုတော့ ရက် ၃၀ ပေါ့လို့ သူက ပြောတယ်။ အနားကရှိတဲ့သူငယ်ချင်းက ရက် ၃၀ ဆိုတာက အချိန်ပြည့်တက်ရင် သူကတော့ ၁၀ ရက်မှာ ငါးရက်ပဲ တက်ခဲ့တာမို့ ဘွဲ့တစ်ခုကို ၁၅ ရက်နဲ့ ရခဲ့ကြောင်း ဂုဏ်ယူ ပြီး ဖောက်သည်ချခဲ့တယ်။ အံ့ဩမကုန်နိုင်အောင် ဖြစ်ခဲ့တာ။

ကျွန်တော်တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲမှာ OU စနစ်ကို မြန်မာ့ပညာရေးစနစ်မှာ အကောင်အထည်ဖော် နိုင်ဖို့ တိုင်ပင်ကြတာ။ မဟာဗျူဟာတွေ ဖော်ထုတ်ဖို့ဖြစ် တယ်။ ကျွန်တော်ကတော့ အားပေးချင်တယ်။ အစိုးရ အသစ်အနေနဲ့လည်း ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ကြိုးစားပြီး ဆောင်ရွက်နေတာ တွေ့ရတယ်။

အဖွဲ့အစည်းတွေ၊ ပွဲအစီအစဉ်အသစ်တွေ အကောင် အထည်ဖော်ထုတ်နေကြတာ။ ဒါပေမယ့် စနစ်တစ်ခုကို ဖျက်ရတာက လွယ်တယ်။ ဒါကြောင့်လည်း ခေတ်အဆက် ဆက်က ပုံစံမျိုးစုံနဲ့ လုပ်ခဲ့တာ။ စနစ်တကျ ဒါတွေကို ပြန်ပြင်ဖို့က မလွယ်လှဘူး။ ဘယ်ကစပြီး ပြင်ရမလဲဆိုတဲ့ မေးခွန်းက အဖြေခက်တယ်။ အခြေခံပညာရေး၊ အထက် တန်းပညာရေး၊ တက္ကသိုလ်ပညာရေး၊ အသက်မွေးဝမ်း ကျောင်းပညာရေးအားလုံးမှာ ပြင်စရာတွေချည်းပဲ။ အခုလို စဉ်းစားရာမှာ ပညာရေးကို ပညာရေးနည်းတွေနဲ့ ချဉ်းကပ်စေချင်တယ်။ နိုင်ငံရေးနဲ့ မကြည့်စေချင်ဘူး။ ကြည့်ခဲ့လို့မှားခဲ့ပြီ။
ပညာရေးနဲ့ ပတ်သက်လာရင် ရူပါရုံဖော်ထုတ်ဖို့ လိုမယ်။ လာမယ့် နှစ်ပေါင်း ၃၀၊ ၅၀ အတွင်း ပညာရေး စနစ်ကို ဘယ်လိုဖြစ်စေချင်မလဲ။ ပညာရေးလို့ပြောရင် အစိုးရသာမက အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပုဂ္ဂလိက ကဏ္ဍကိုပါ စဉ်းစားဖို့ လိုအပ်တယ်။ လက်ရှိအခြေအနေမှာ ပညာရေးဟာ စီးပွားရေးအခွင့်အရေးတစ်ရပ်ဖြစ်နေပြီး ဒါကို လက်ခံရမယ်၊ အသိအမှတ်ပြုရမယ်။ ပုဂ္ဂလိက ကဏ္ဍရဲ့ အင်အားကို အသုံးချဖို့ လိုအပ်တယ်။ ပညာရေးမှာ တာဝန်ယူနေတဲ့သူတွေဟာ ဝန်ဆောင်မှု ပေးတဲ့ ပုံစံက တစ်ဆင့် အရည်အသွေးထိန်းချုပ်မှုကို ဦးစားပေးဖို့ လိုအပ်တယ်။

အခုခေတ်မှာ ပညာရေးနဲ့ ပတ်သက်လာရင် အိုင်တီ နည်းပညာဟာ အခြေခံပဲ။ နောက်ဆုံးကိန်းဂဏန်းအရ မြန်မာပြည်မှာ လက်ကိုင်ဖုန်းပမာဏဟာ သန်း ၅၀ ကျော် တယ်။ လက်ကိုင်ဖုန်းတစ်ခုဟာ တက္ကသိုလ်တစ်ခုပဲ။ စာကြည့်တိုက်တစ်ခုပဲ။ ခေတ်မီနည်းပညာနဲ့ လူတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်းမှာ ပညာဆည်းပူးခွင့်ရှိနေပြီး ဒီနည်းပညာတွေကို အသုံးချတတ်ဖို့ လိုအပ်တယ်။ ပညာ ရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာ အခြေခံအကျဆုံးက စိတ်ကူးပဲ။ ပညာရေးပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက် နေသူတွေ ရဲရင့်ဖို့လိုတယ်။ သတ္တိရှိရမယ်။ ဖောက်ထွက် ပြီး စဉ်းစားရမယ်။ အတိတ်မှာနေရင် အဆင်မပြေလှဘူး။ အနာဂတ်ကို စိတ်ကူးယဉ်ပြီး ဆောင်ရွက်စရာရှိတာတွေ လုပ်ရမှာ။ ပညာရှင်စစ်စစ်ဖြစ်ဖို့လိုတယ်။ ပြောစရာရှိတာ ပြောရမယ်။ တင်ပြစရာတွေ တင်ပြရမယ်။ အမှန်တရားကို လက်ခံရမယ်။ “အားလုံးကောင်းပါသည်ခင်ဗျား” ဆိုတဲ့ ဉာဉ်ကို ပျောက်ဖို့လိုတယ်။ တစ်ချိန်က ဘာဖြစ်ခဲ့တာတွေ ကို စားမြုံ့ပြန်ရုံနဲ့ မပြီးဘူး။ ဟုတ်တယ်။ ရန်ကုန် တက္ကသိုလ်ဟာ တစ်ချိန်က အာရှတစ်ခွင်မှာ နာမည်ကြီး။ နောက်နှစ် ၅၀ မှာ ထိပ်ရောက်အောင် စဉ်းစားဖို့လိုအပ် တယ်။ အဝေးသင်ပညာရေးနဲ့ ပတ်သက်ပြီးလည်း စွန့်စား ဖို့လိုတယ်။ တီထွင်ဖို့လိုတယ်။ ဦးစားပေးဖို့ လိုအပ် ပါတယ်။ ပညာရေးဟာ လူတိုင်းနဲ့ ပတ်သက်နေတာမို့ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးရဲ့အင်အားကို အသုံးချနိုင်ဖို့ လိုအပ်တယ်။

အဝေးသင်ပညာရေးစနစ်ကို ပညာရေးစနစ်တစ်ခုရဲ့ အရေးပါလှတဲ့ အစိတ်အပိုင်းအနေနဲ့ သတ်မှတ်နိုင်ဖို့ လိုအပ်တယ်။ တိုင်းရင်းသားအများစုနေထိုင်တဲ့ ဒေသ တွေမှာ ပိုပြီးလိုအပ်တယ်။

ကျွန်တော်ကိုယ်တိုင်လည်း အဝေးသင်ပညာရေးမှာ ပါဝင်နေတယ်။ နာမည်ကြီးတက္ကသိုလ်မှာ တာဝန်ယူနေ တဲ့ ပါမောက္ခတွေရဲ့ ဟောပြောချက်တွေကို လက်ကိုင်ဖုန်း ကတစ်ဆင့် လေ့လာသင်ယူနေရတာ။ ကိုယ်ကိုယ်တိုင် လည်း မိမိရဲ့ ဟောပြောချက်တွေကို အင်တာနက်က တစ်ဆင့် လက်ဆင့်ကမ်းဖြန့်ဝေလျက်ရှိတာ။ အဝေးသင် ပညာရေးဟာ လူတိုင်းအတွက် ဖြစ်တာကို နားလည်ဖို့ လိုအပ်တယ်။ ပုံမှန်အတန်းတွေ မတက်နိုင်လို့ အဝေးက သင်ရတာမျိုးမဟုတ်ဘဲ ပညာကို လိုလားတဲ့သူတိုင်း လက်လှမ်းမီနိုင်တဲ့ ချဉ်းကပ်မှုတစ်ရပ် ဖြစ်ပါတယ်။

အဝေးသင်မှုနဲ့ အနီးကပ်သင်ကြားမှုကို ရောမွှေပြီး ပညာအတွက်ကို မျှဝေနိုင်အောင် ကြိုးစားရမှာသာ ဖြစ်တယ်။ အဝေးသင်ပညာရေးစနစ်ကို ဒုတိယတန်းစနစ် တစ်ရပ်အဖြစ် သတ်မှတ်တဲ့အမြင်ကို ပြောင်းလဲဖို့လို တယ်။ မိဘတွေ၊ အလုပ်ရှင်တွေသာမက အဝေးသင် တက်တဲ့ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေရဲ့ အမြင်တွေ ပြောင်းဖို့လိုအပ်ပါတယ်။ ။

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်