Skip to main content

အမျိုးသားနိုင်ငံရေးကို အခြေခံပြီး မွေးဖွားလာသည့် တပ်မတော်

၂၀၂၂ ခုနှစ် (၇၇) နှစ်မြောက် တပ်မတော်နေ့။

လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်ကာလ၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၌ စတင်ဆင်နွှဲခဲ့သော တော်လှန်ရေးကြီးတွင် ပြည်သူနှင့် တပ်မတော်တို့ တစ်သွေးတည်း တစ်သားတည်း ပူးပေါင်းလက်တွဲ၍ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ရာ နယ်ချဲ့ဖက်ဆစ်တို့ လက်နက်ချအရှုံးပေးပြီး မြန်မာ့မြေပေါ်မှ အပြီးတိုင် ထွက်ခွာသွားခဲ့ရပါသည်။ နယ်ချဲ့ ဖက်ဆစ်တို့အပေါ် အနိုင်ယူအောင်ပွဲဆင်နိုင်ခဲ့မှုမှာ မြန်မာ့သမိုင်းတွင် မမေ့နိုင်ဖွယ်ရာ သမိုင်းမှတ်တိုင်အဖြစ် မော်ကွန်း ရေးထိုးထားပြီးထိုနေ့ထိုရက်ကို အထူးဂုဏ်ပြုသောအားဖြင့် တပ်မတော်နေ့(တော်လှန်ရေးနေ့ အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိပါသည်။

သမိုင်းတွင် သမိုင်းဝင်သည့် ထူးခြားလေးနက်သည့် တပ်မတော်နေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခြင်းဖြင့် အမျိုးသားဇာတိမာန်နှင့် အမျိုးသားကာကွယ် ရေးစိတ်ဓာတ်တို့ အစဉ်မြင့်မားနေစေပါသည်။ တပ်မတော်၏ ထွန်းပြောင်သော သမိုင်းကြောင်း အစဉ်အလာကို ထပ်ဆင့် မြှင့်တင်သောအားဖြင့် နှစ်စဉ်နှစ်တိုင်း တပ်မတော်နေ့အခမ်းအနားကို တက်ကြွသော အမျိုးသားရေးအားမာန်များဖြင့် အင်တိုက်အားတိုက် ခမ်းခမ်းနားနား ထည်ထည်ဝါဝါ သိုက်သိုက်ဝန်းဝန်း ကျင်းပနေခြင်းဖြစ်သည်။

အမျိုးသားနိုင်ငံရေးစိတ်ဓာတ်

တပ်မတော်သည် မြန်မာတိုင်းရင်းသားပြည်သူတို့၏ အမျိုးသား လွတ်မြောက်ရေး သမိုင်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ပေါ်လာသော အမျိုးသားနိုင်ငံရေး အသိစိတ်ဓာတ်အပြည့်အဝဖြင့် ပေါက်ဖွားလာခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။ သူ့ကျွန်မခံသည့် စွန့်လွှတ်စွန့်စားသော လက်နက်ကိုင်တိုက်ပွဲများ၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်အပြည့်အဝဖြင့် လှုပ်ရှားသည့် နိုင်ငံရေးတိုက်ပွဲများ၊ ကျောင်းသားသပိတ်တိုက်ပွဲများ၊ တောင်သူလယ် သမားအရေး တော်ပုံ၊ အလုပ်သမားအရေးတော်ပုံ၊ လူထုတိုက်ပွဲများ၊ လက်ရုံးတပ်များ၊ အမျိုးသား ရဲတပ်ဖွဲ့များ၊ သံမဏိတပ်ဖွဲ့များ၏ အသွင်အမျိုးမျိုး လှုပ်ရှားမှုများနှင့် တစ်ဆက်တစ်စပ်တည်း ပေါ်ပေါက် လာသော အဖွဲ့အစည်းဖြစ်ပါသည်။

၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့တွင် သခင်အောင်ဆန်းသည် လွတ်လပ်ရေးကို တိုက်ယူရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သို့ ထွက်ခွာခဲ့ပါသည်။ ထိုမှတစ်ဆင့် မျိုးချစ်လူငယ်တစ်စုနှင့် ဂျပန်နိုင်ငံ သို့ ဆက်လက်ထွက်ခွာခဲ့သည်။ ကျန်ရှိသော မျိုးချစ်လူငယ်များလည်း ဂျပန်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာ သွားခဲ့ကြသည်။ အမျိုးသား လွတ်မြောက်ရေးစိတ်ဓာတ် ထက်သန်လှသည့် တို့ဗမာအစည်းအရုံးဝင် သခင်များသည် တပ်မတော် တစ်ရပ်ကို ထူထောင်၍ လက်နက်ကိုင်တော်လှန် ရေးကို ဆင်နွှဲရန် ကြိုးပမ်းခဲ့ကြသည်။ နိုင်ငံလွတ်လပ်ရေးအတွက် အသက်ပေးဆောင်ရွက်ကြမည့် လက်ရွေးစင် နိုင်ငံရေးသမားများ ဦးဆောင်လျက် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားမိဘ ပြည်သူများ၏ ရင်နှစ်သည်းချာ သားရတနာများဖြင့် တပ်မတော်ကို စတင်ဖွဲ့စည်းတည်ထောင်ရန် ကြိုးပမ်းခဲ့သည်။

ဘီအိုင်အေကို စတင်ဖွဲ့စည်း

မြန်မာနိုင်ငံမှ လျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ကြ သော မျိုးချစ်လူငယ်တစ်စု၊ ရဲဘော် သုံးကျိပ်သည် ၁၉၄၁ ခုနှစ်အတွင်း တရုတ်ပြည် ကန်တုံမြို့ နှင့် မျက်နှာချင်းဆိုင် ဟိုင်နန်ကျွန်းတွင် စစ်ပညာများကို အပြင်းအထန် လေ့ကျင့်သင်ကြားကြသည်။ ယင်းနောက် တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်ကို မဏ္ဍိုင်ပြု၍ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ် ရေးတပ်မတော် (ဘီအိုင်အေ)ကို စတင်ဖွဲ့စည်းခဲ့သည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းစဉ်က အင်အား ၂၀ သာရှိပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အင်အား ၅၀ ရှိလာသည်။ ဗမာ့တပ်မတော် ဘန်ကောက်မြို့မှ ပြန်လည်မထွက်ခွာမီတွင် အင်အား ၁၅၀ အထိ ရှိလာခဲ့သည်။ ဗမာ့တပ်မတော်တွင် “ဗိုလ်တေဇ”ဟု အမည်ခံယူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် မြန်မာ့တပ်မတော်၏ ရှေးထုံး စဉ်လာဇာတိသွေးကို ပြသကြသကဲ့သို့ လက်မောင်းသွေးဖောက်၍ သစ္စာသွေးကို သောက်ကြကာ သွေးသောက်ရဲဘော်များအဖြစ် ကတိသစ္စာပြုခဲ့ကြသည်။

စစ်ကြောင်းကြီးလေးကြောင်း

ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ ရဟိုင်း၊ မဲကန်၊ မဲဆောက်လမ်းမှတစ်ဆင့် ဖာပွန်သို့လည်းကောင်း၊ မြဝတီလမ်းမှတစ်ဆင့် မော်လမြိုင်သို့ လည်းကောင်း၊ ကန်ဇူရီမြစ်ဖျားမှတစ်ဆင့် ထားဝယ်သို့ လည်းကောင်း၊ ရနောင်းမှတစ်ဆင့် မြိတ်သို့ လည်းကောင်း စစ်ကြောင်းကြီး လေးကြောင်းခွဲ၍ မြန်မာပြည်သို့ ဝင်ရောက်ချီ တက်ကြပြီးနောက် နယ်ချဲ့ ဗြိတိသျှတပ်များကို တွန်းလှန်တိုက်ခိုက်  မောင်းထုတ်ခဲ့သည်။

နယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့သော ဗမာ့တပ်မတော်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက  လှိုက်လှိုက်လှဲလှဲ တစ်ခဲနက်ထောက်ခံ အားပေးပူးပေါင်းပါဝင်လာကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာပြည်အတွင်းသို့ ဝင်ရောက် လာသောအခါ အင်အား ၃၇၇၆ ယောက်အထိ  တိုးတက်လာပြီး ၁၉၄၂ ခုနှစ် မေလလယ်ခန့်တွင် အင်အား ၂၃၀၀၀ အထိ တိုးတက်လာခဲ့သည်။ ရဲဘော်သုံးကျိပ်ဦးဆောင်သည့် ဗမာ့တပ်မတော် ကြီးအား လမ်းတစ်လျှောက်တွင် တိုင်းရင်းသား ပြည်သူများ သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး လမ်းခရီးမှ ရဟန်းရှင်လူ ပြည်သူတို့သည် တပ်မတော်သို့ ဝင်ရောက်လာခဲ့ကြသည်။

ပြန်လည်တွန်းလှန်တိုက်ခိုက်

ထို့နောက် အင်အားသုံးသောင်းအထိ ရောက်ရှိလာသောအချိန်တွင် ဘီအိုင်အေ၏တစ်နေ့တခြား အင်အားကြီးထွားလာမှု အရှိန်အဟုန်ကို စိုးရိမ်ပူပန် လာသော ဖက်ဆစ်တို့သည် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို တပ်အင်အား ၃၀၀၀ ခန့်ဖြင့် ဗမာ့ | ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ဗမာ့တပ်မတော်သည် ဖက်ဆစ်တို့အား ချက်ချင်းပြန်လည်တွန်းလှန် တိုက်ခိုက်ရန် အခြေအနေအရ မဖြစ်နိုင်သေးသဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ခက်ခဲပင်ပန်း ဆင်းရဲမှုအမျိုးမျိုးတို့ကို သည်းခံရင်ဆိုင်ကျော်လွှား ကာ ဖက်ဆစ်တို့အား ပြန်လည်တွန်းလှန် တိုက်ခိုက်နိုင်ရန် ပြင်ဆင်နေခဲ့သည်။

၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖက်ဆစ် တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးကြောင်း ကြေညာလိုက်ပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကိုလည်း ဗမာ့တပ်မတော် (ဘီအင်အေ) ဟု အမည်ပြောင်းလိုက်သည်။ ထိုစဉ်က ဖက်ဆစ် တို့ပေးသော လွတ်လပ်ရေးသည် အတုအယောင် လွတ်လပ်ရေးသာဖြစ်ပြီး တိုင်းရင်းသား ပြည်သူတို့ ကိုဆက်လက်ဖိနှိပ်ရက်စက်သွေးစုပ်ခြယ်လှယ်ခဲ့ကြ သည်။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်သူများအား နှိပ်စက်ညှဉ်းပန်းအနိုင်ကျင့်မှုများကို မခံမရပ်နိုင်ဖြစ်သော်လည်း ကြိတ်မှိတ် သည်းခံခဲ့ရသည်။

တပ်မတော်ကို မဏ္ဍိုင်ပြု

ထို့နောက် ဗမာ့တပ်မတော်သည် ၁၉၄၃ ခုနှစ်မှစတင်၍ ဖက်ဆစ်တော်လှန်ရေးအတွက် လျှို့ဝှက်စည်း ရုံး လှုပ်ရှားခြင်းများ ပြုလုပ်ခဲ့သည်။ တပ်မတော်ကို မဏ္ဍိုင်ပြု၍ “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့” (ဖဆပလ) အဖွဲ့ကြီးကို ၁၉၄၄ ခုနှစ် သြဂုတ်လတွင် ဖွဲ့စည်းခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲ၍ ကမ္ဘာသိ ဖက်ဆစ်တော်လှန်ရေးကြီးကို တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် တွန်းလှန်ဆင်နွှဲခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲရာတွင် တပ်မတော်သည် တစ်နိုင်ငံလုံး၌ စစ်တိုင်းကြီး ခုနစ်တိုင်းခွဲကာ ဖက်ဆစ်များကို တိုက်ပွဲပေါင်း တစ်ထောင်ကျော်ဆင်နွှဲ၍ တွန်းလှန်တိုက်ခိုက်ခဲ့ကြ သည်။ နိုင်ငံအနှံ့တိုက်ပွဲများအတွင်း ဖက်ဆစ်ရန်သူပေါင်း နှစ်သောင်းခန့်မျှ ကျဆုံးခဲ့ပြီး စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့သည်။ ယင်းတော်လှန်ရေးကာလအတွင်း ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဗမာ့တပ်မတော်ကို မျိုးချစ် တပ်မတော် (ပီဘီအက်ဖ်) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ကန္ဒီစာချုပ် ချုပ်ဆို

ဖက်ဆစ်များ အရေးနိမ့်လက်နက်ချပြီးနောက် ဗြိတိသျှနယ်ချဲ့တို့ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက် လာသည့်အချိန်တွင် မျိုးချစ်ဗမာ့ တပ်မတော်ကြီး တစ်နေ့တခြား အင်အားကြီးထွား လာမှုကို နယ်ချဲ့ ဗြိတိသျှတို့က စိုးရိမ်မကင်းဖြစ်ကြ ပြန်သည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) ကန္ဒီမြို့၌ ဗြိတိသျှနှင့် မြန်မာတို့ ကန္ဒီစာချုပ် ချုပ်ဆိုကြသည်။ ကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့ တပ်မတော် တွင် အရာရှိ ၂၀၀ နှင့် စစ်သည် ၅၂၀၀ ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။

တပ်မတော်၏ စစ်ရေးစွမ်းရည်၊ တပ်မတော် အင်အားနှင့် တိုင်းရင်းသားပြည်သူတို့၏ ဖြိုခွဲ၍ မရသော စည်းလုံးညီညွတ်မှု စွမ်းအားများကို တွေ့မြင်လာရသောအခါတွင် နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်ရေးကို ပေးခဲ့ရသည်။

အထက်ဖော်ပြပါ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဖြစ်စဉ်အားကြည့်မည်ဆိုလျှင် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ တပ်မတော်ကြီး ပေါ်ပေါက်လာခဲ့ပြီး ပေါ်ပေါက်လာသော တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို အခြေခံပြီးဖွဲ့စည်းပေါ်ပေါက်လာသည်ကို မြင်တွေ့ရမည်ဖြစ် သည်။

အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ ပေါ်ပေါက်လာခဲ့သော ပြည်တွင်းရောင်စုံ သောင်းကျန်းသူများနှင့် ပြည်ပကျူးကျော်မှုများကို တပ်မတော်သည် ရင်ဆိုင်ဖြေရှင်း နှိမ်နင်းခဲ့ရပြန် သည်။ တပ်မတော်၏နောက်တွင် တိုင်းရင်းသား ပြည်သူတို့က မားမားမတ်မတ်ရပ်တည် ထောက်ခံခဲ့ကြပြီး တပ်မတော်၏ ကြံ့ခိုင်သော စိတ်ဓာတ်များ နှင့် ရဲဝံ့စွန့်စားသည့် တိုက်ပွဲဝင်မှုများကြောင့် သောင်းကျန်းမှုအမျိုးမျိုးမှာ ပြိုကွဲပျက်စီးသွားခဲ့သည်။ ၁၉၅၀ ပြည့်နှစ်မှစတင်၍ ပြည်ပမှ ကျူးကျော် ဝင်ရောက်ခဲ့သည့်ကူမင်တန် တရုတ်ဖြူများကို စစ်ဆင်ရေးကြီးများ ဆင်နွှဲ၍ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။

ထို့နောက်မြစ်ဝကျွန်းပေါ်ဒေသ၌လည်းကောင်း၊ ပဲခူးရိုးမ၌လည်းကောင်း၊ နိုင်ငံ၏ အရှေ့မြောက် ပဲခူးရိုးမဒေသနှင့် ရှေ့ပိုင်းဒေသများ စစ်ဆင်ရေးကြီးများကို ဆင်နွှဲကာ ဗကပ၊ ကေအင်ဒီအို၊ ကေအိုင်အေ၊ လွယ်မော် အစရှိသည့် သောင်းကျန်းသူအမျိုးမျိုးတို့ကို ချေမှုန်းနိုင်ခဲ့သည်။ ထို့အပြင် သောင်းကျန်းသူများနှင့်ဆက်နွှယ်နေသော မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး စစ်ဆင်ရေးကြီးများ ကိုလည်း ဆင်နွှဲခဲ့ရသည်။ ၁၉၆၂ ခုနှစ် နှစ်ဦးပိုင်းတွင် နိုင်ငံအတွင်း အဘက်ဘက်၌ ယိုယွင်းပျက်ပြားနေစဉ် ပဒေသရာဇ် စော်ဘွားအချို့၏ ပြည်နယ်ခွဲထွက်ရေး တောင်းဆိုမှုများကြောင့် ပြည်ထောင်စုပြိုကွဲပြီး လွတ်လပ်ရေးဆုံးရှုံးရမည့် အခြေအနေရောက်လာ၍ မလွှဲမရှောင်သာဘဲ နိုင်ငံ တော်အာဏာကို ထိန်းသိမ်းခဲ့ရသည်။

ရှေ့တန်းမှရပ်တည်ကာကွယ်

၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်တွင် နိုင်ငံတော်၌ အဘက်ဘက်တွင် ယိုယွင်းအားနည်းမှုများနှင့်အတူ ပြည်တွင်း ပြည်ပ မြေပေါ်မြေအောက် နိုင်ငံရေးသမားများက ထိုးဖောက်လှုပ်ရှားလာကြသည်။ ထိုအချိန်တွင် ဗကပနှင့်ကေအင်န်ယူလက်နက်ကိုင် သောင်းကျန်းသူများက အင်အားကြီးမားစွာဖြင့် ဟန်ချက်ညီညီ ထိုးဖောက်ထိပါးလာခဲ့သည်။ ယင်းတို့ကို တပ်မတော်သည် ရှင်းလင်းဖယ်ရှားပြီး နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာဘဲ ထပ်မံရယူခဲ့ရ ပြန်သည်။ နိုင်ငံရေးကို အခြေခံ၍ ပေါ်ပေါက်လာသော တပ်မတော်သည် တိုင်းပြည်ပြိုကွဲပျက်စီးစေ မည့်အရေး၊ အမျိုးသားအကျိုးစီးပွားကို ထိပါးလာမည့်အရေး၊ ပေါ်ပေါက်လာသော နိုင်ငံတော်၏ အရေးမှန်သမျှတွင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်၍ နိုင်ငံကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။

တပ်မတော်သည် ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက်နိုင်ငံရေးအသိဖြင့် ပေါ်ပေါက် လာသော တပ်မတော်အဖြစ် ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။ အမျိုးသား နိုင်ငံရေးအခန်းကဏ္ဍများတွင် တပ်မတော်သည် ( သမိုင်းပေးတာဝန်ကို ကျေပွန်စွာဖြင့် အစဉ်အဆက်  သယ်ပိုးထမ်းရွက်လျက်ရှိသည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှ နိုင်ငံရေးအသိဖြင့် မွေးဖွားလာသော တပ်မတော်သည် မျက်မှောက်ကာလ၏ ပကတိ လိုအပ်ချက်များဖြစ်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များဖြစ်သော အမျိုးသားရေးတာဝန်များကို ဦးလည်မသုန် ဆက်လက်အကောင် အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

အညတြ