တပ်မတော်သားမျိုးဆက်လေးဆက်
ယခု ၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရဲဘော်ရဲဘက်တစ်ဦးဖြစ်ခဲ့ဖူးသူ ကိုအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၏ လွတ်လပ်ရေးနေ့ဂုဏ်ပြုကဗျာကိုကြေးမုံ သတင်းစာတွင် ဖတ်လိုက်ရပြီး နောက် မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့် တပ်မတော်နေ့ကို ဂုဏ်ပြုဆောင်းပါးလေးဖြင့် ကြိုဆိုရန် ဆန္ဒပေါ်ပေါက်လာ၍ ဤဖြစ်ရပ်မှန်လေးကို ရေးသားလိုက်ရပါသည်။
ယခု ကျွန်တော့်အသက် ၈၀ ရှိပြီး တပ်မတော်တွင် သက်ပြည့်နှစ်ပေါင်း ၃၈ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် သင်္ဂဟတံဆိပ်ရရှိခဲ့ပါသည်။ ဆက်၍လည်း စစ်မှုထမ်းဟောင်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။
မျိုးဆက်လေးဆက်
၁၉၆၅ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၂၀၀၃ ခုနှစ် တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ကျွန်တော်၏ ဘီစီ (BC) နံပါတ်မှာ ၁၀၆၅၅ ဖြစ်ပြီး ကျွန်တော်သည် ကျွန်တော့်မျိုးဆက်တွင် ဒုတိယမြောက် စစ်သားတစ်ဦးဖြစ်ပါသည်။ ပထမမျိုးဆက်ကတော့ ကျွန်တော့်အဖေ။ နောက် ကျွန်တော်၏တစ်ဦးတည်းသော သမီး၏ ခင်ပွန်းနှင့် ကျွန်တော့်ညီလေး အရင်း၏သား ကျွန်တော်၏တူလေး မောင်ခိုင်လင်းတို့မှာ တတိယမျိုးဆက် ဖြစ်လာခဲ့ပါသည်။ စတုတ္ထမျိုးဆက်ကတော့ မြေးမလေး မယမင်းဖြစ်ပြီး အားလုံးမျိုးဆက်လေးဆက်ဖြစ်ပါသည်။
ကျွန်တော်၏အဖေသည် ပထမဆုံးသော လွတ်လပ်ရေးနှစ်ဖြစ်သည့် ၁၉၄၈ ခုနှစ်၏ နှစ်ဦးတွင် Direct Commission ဟုခေါ်သည့် ဝင်လျှင်ဝင်ချင်း ဗိုလ်ကြီးအဆင့်အဖြစ် ခန့်အပ်ခြင်းခံရပြီး ဘီစီ နံပါတ်မှာ ၅၅၁၅ ဖြစ်ပါသည်။ စစ်ဘက်ဥပဒေဌာနတွင် ဒုတိယလက်ထောက် စစ်ဥပဒေချုပ် (DAJAG) တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၄၉/၁၉၅၀ သို့ ရောက်သောအခါ ပြန်လည်ဖွဲ့စည်းခဲ့ သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (Northern Command) တွင် လက်ထောက်စစ်ဥပဒေချုပ် (AJAG) ဖြစ်လာခဲ့ပါသည်။
ကျွန်တော်၏အဖေ ဖြစ်သူမှာလည်း သက်ပြည့်တာဝန် ထမ်းရွက်ခဲ့သူတစ်ဦးပါ။ ကျွန်တော်၏ အဖေသည် စိတ်ဝင်စား ဖွယ်ရာကောင်းသူ တစ်ဦးဖြစ်သည့်အတွက် သူ့အကြောင်း အနည်းငယ် ပြောပြလိုပါသည်။ သူသည် ဘဝ ဆုတောင်းပြည့်သူ တစ်ဦးဖြစ်သည့် အတွက် ရုပ်ရည်တင့်တယ်ပြီး ခွန်အား ဗလနှင့် ပြည့်စုံသူတစ်ဦးဖြစ်ပါသည်။ ဉာဏ်ပညာ ထက်မြက်သူတစ်ဦး ဖြစ်သည့်အပြင် မိဘဖြစ်သူများကလည်း ဥစ္စာဓနကြွယ်ဝကြပါသည်။ အဖေသည် လူချစ်လူခင်ပေါများသူတစ်ဦး ဖြစ်သည် သာမက အားကစားမျိုးစုံမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါသည်။ ပဲခူးသားဖြစ်သည့် ကျွန်တော်၏အဖေသည် အသက် (၁၅) နှစ်အရွယ်မှာပင်ဆယ်တန်းကို အောင်မြင်ခဲ့သူလည်း ဖြစ်ပါသည်။ ကိုလိုနီခေတ်ဖြစ်သည့် ထိုခေတ်ထိုအခါက အသက် (၁၆) နှစ်ပြည့်မှ တက္ကသိုလ် ဝင်ခွင့်ရပါသည်။ အဖေ့အသက်က (၁၅) နှစ်၊ ၁၉၃၅ ခုနှစ်တွင် ဖြစ်ပါသည်။ အဖေ့ဆရာကြီးဖြစ်သူ ဦးသာဒင် (နောင်တွင် တော်လှန်ရေးအစိုးရခေတ်၊ နိုင်ငံတော်ကောင်စီဝင်) က တက္ကသိုလ်အာဏာ ပိုင်များကို လိုက်လံပြောဆိုပေးသည့်အတွက် အဖေသည် တက္ကသိုလ်ကို အသက်မပြည့်မီမှာပဲ တက်ရောက်ခွင့် ရသွားပါသည်။
အောင်မြင်သော ဝတ်လုံတစ်ဦး အဖေက ဆရာဝန်တစ်ဦးဖြစ်ချင်ခဲ့ သော်လည်း အဖေ၏မိဘများက သူ့ကို ICS (Indian Civil Service) ကိုလိုနီအစိုးရလက်ရွေးစဉ် အုပ်ချုပ်ရေးအရာရှိ ဖြစ်စေချင်ကြသည်။ ထို့ကြောင့် ဥပဒေ ဘာသာရပ်ကိုသင်ကြားခဲ့ပြီး ၁၉၄၁ခုနှစ် တွင် BABL ဝတ်လုံတော်ရဘွဲ့ရရှိခဲ့ပါသည်။ အဖေသည် ICS စာမေးပွဲကို အောင်မြင်ခဲ့ပါသည်။ သို့သော် မိဘများ က ကိုလိုနီအကျိုးပြုအမှုထမ်းမဟုတ် သည့်အတွက် အရွေးမခံခဲ့ရပါ။ BOC (ဗြိတိသျှရေနံကုမ္ပဏီ) မှာ အဖေ့ကို အရာရှိရာထူးပေးသော်လည်း အဖေ လက်မခံခဲ့ပါ။ အောင်မြင်သော ဝတ်လုံ တစ်ဦးဖြစ်လာခဲ့ပါသည်။
သို့သော်လည်း အဖေ၏စိတ်ဓာတ်က စစ်သားစိတ်။ အဖေ့သူငယ်ချင်း အတော်များများကလည်း စစ်သားကြီးများ ဖြစ်နေကြသည့်အချိန်။ ကိုကြည်မောင် (နောင်တော်လှန်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းမှူး၊ ဗိုလ်မှူးကြီး)၊ ကိုချစ်မြိုင် (သူသည်လည်း တော်လှန်ရေးကောင်စီဝင်၊ ဝန်ကြီး၊ ကုန်သွယ်ရေးဌာန တာဝန်ခံ)၊ ကိုတင်ဦး (ဘုတင်ဦး၊ သံအမတ်ကြီး) တို့ ဖြစ်ကြပါသည်။
ကိုချစ်မြိုင်ဆိုလျှင် ရွှေဘိုသားဖြစ်သော်လည်း စစ်ကိုင်းတွင် ကျောင်းတက်ပြီး အဖေနှင့်တစ်နှစ် တည်း ဆယ်တန်းကို အောင်မြင်ခဲ့သူဖြစ်ပါသည်။ သူသည်လည်း အသက်မပြည့် သေးသည့် အသက် (၁၅) နှစ်သာ ရှိသေးသောသူဖြစ်ပါသည်။ သူ့ကို လိုက်ပြော ပေးသည့်သူမရှိသည့်အတွက် တက္ကသိုလ် ဝင်ခွင့်မရခဲ့ပါ။ (၁၆) နှစ်ပြည့်အောင် စောင့်ရင်း ပဲခူးမှ စာရင်းကိုင်ပညာရှိ (Chartered Accountant) ကိုတင်အောင်ထံတွင် စာရင်းကိုင်ပညာကို သင်ကြားကာ တစ်နှစ်ကြာပြီးနောက် ၁၉၃၆ ခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့သူဖြစ်ပါသည်။ ကိုချစ်မြိုင်သည် ရွှေဘိုသားဖြစ်သည်နှင့်အညီ သတ္တိရှိသူတစ်ဦးလည်း ဖြစ်ပါသည်။ သူသည်ဉာဏ်ကောင်း သူတစ်ဦး၊ တက္ကသိုလ်တွင် ကျောင်းသား သံမဏိတပ် ဗိုလ်ချုပ်၊ တပ်မတော်တွင် ခေတ်အဆက်ဆက် တိုက်ပွဲကြီးပေါင်း များစွာနိုင်အောင် တိုက်ခဲ့သည့် တပ်မှူးကြီး၊ တပ်မင်း(တပ်မဟာမှူး) သူရဲကောင်း ကြီးတစ်ဦးဖြစ်ပါသည်။
အိန္ဒိယပညာရေး ပဋိညာဉ်ဝန်ထမ်းတစ်ဦး
အဖေသည်သူငယ်ချင်းဖြစ်သူများကို ကြည့်ပြီး ၁၉၄၇ ခုနှစ်သို့ရောက်ချိန်တွင် တပ်ထဲဝင်ရန် စိတ်ဓာတ်ထက်သန်လာ ပါတော့သည်။ ကျွန်တော့်အမေက သိပ်မကြိုက်သည့်အတွက် တားပါသည်။ ကျွန်တော့်အမေက ဧရာမကိုလိုနီ အရာရှိကြီးသမီး၊ သူ့အဖေ ဦးဇော်ဖေက ကိုလိုနီအစိုးရပညာမင်းကြီး၊ IES ဟု ခေါ်သော အိန္ဒိယပညာရေးပဋိညာဉ် ဝန်ထမ်းတစ်ဦး၊ ဘုရင်ခံ၏ CIE ဘွဲ့ထူးဖြစ်သည့် (Companion of Indian Empire) ရထားသူ ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး သခင်များ ဦးဆောင်နေသည့် စစ်တပ်ကို မနှစ်သက်ကြပါ။
ကျွန်တော်၏အဖေနှင့် အမေတို့ သည် ၁၉၄၁ ခုနှစ်တွင် မင်္ဂလာဆောင် ခဲ့ကြပါသည်။ အဖေက BABL အောင်စ၊ အမေကရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် ဆရာမ၊ BA English Hons ဘွဲ့ရတစ်ဦးဖြစ်ပါသည်။ အမေက အဖေ့ နောက် ပြင်ဦးလွင်(မေမြို့) သို့ လိုက်ပြောင်းခဲ့သည့်နှစ် ၁၉၄၉ ခုနှစ်တွင် | တိုင်းပြည်ဗရုတ်သုတ်ခဖြစ်နေဆဲအချိန်ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော့်အသက် မှာ ခုနစ်နှစ်သာရှိသေးပြီး မေမြို့ကို သောင်းကျန်းသူများလက်တွင်းမှ ပြန်သိမ်းပြီးခါစအချိန်၊ မိမိလုံခြုံရေးကို မိမိယူထားရသည့် အချိန်မျိုးလည်းဖြစ်သည်။ ထိုစဉ်က ကားလမ်း၊ မီးရထား လမ်းများ ပိတ်နေဆဲဖြစ်သည့်အတွက် အနီးစခန်း (မေမြို့) လေယာဉ်ကွင်းအထိ တပ်မတော်(လေ)မှ ဒါကိုတာ (Dakota) လေယာဉ်အကြုံဖြင့် လိုက်ပါခဲ့ရပါသည်။ ထိုင်ခုံမပါဘဲ လေယာဉ်ကိုယ်ထည် တွင်နောက်မှီကပ်ပြီး တပ်ဆင်ထားသည့် သံပန်းခုံတန်းများသာရှိပါသည်။ ကျွန်တော်တို့က လေယာဉ်ကြမ်းပြင်ပေါ် ပစ္စည်းများကြားကနေ လိုက်ပါခဲ့ရပါ သည်။ မေမြို့သို့ ရောက်ပြီးနောက် အမေလည်း စစ်သားစိတ်ဝင်သွားပါတော့ သည်။ ထိုစဉ်ကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် NBSD (North Burma Sub District) ဟုသာ ခေါ်ဆိုဆဲဖြစ်ပါသည်။
ပစ္စည်းမဲ့လူတန်းစားများ
အဖေသည်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ၁၉၆၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့ခဲ့သည်။ အဖေ၏ ထူးခြားချက်တစ်ခုမှာ ပစ္စည်းဥစ္စာကြွယ်ဝသည့် မိသားစုမှ ဆင်းသက်လာသူဖြစ်သော်လည်း ပစ္စည်းမဲ့လူတန်းစားများ ဘက်မှ လိုက်ပါဆောင်ရွက်ပေးလိုသောစိတ်ဓာတ်ရှိသူလည်း ဖြစ်ပါသည်။
အဖေ ရှေ့နေလိုက်ပေးခဲ့သော တပ်မတော်အရာရှိကြီးများအနက် ကျွန်တော်သတိရနေမိသည်မှာ နှစ်ဦး ရှိပါသည်။ တစ်ဦးက ဗိုလ်မှူးကြီးစောမြင့် (ဂျပန်ဘုရင့်စစ်တက္ကသိုလ်ကျောင်းဆင်း၊ ၊ စစ်ကိုင်းသား၊ စာရေးဆရာ “မှူးသမိန်”)နှင့် ဗိုလ်မှူးကြီးလွန်းတင် (နတခတိုင်းမှူး၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့) တို့ဖြစ်ပါသည်။
ကျွန်တော့်အဖေ၏ ထူးချွန်သော အားကစားတစ်ခုမှာ ဂေါက်သီးရိုက် (Golf) ခြင်းပင် ဖြစ်ပါသည်။ ၁၉၆၀ ပြည့်နှစ်အတွင်း မင်္ဂလာဒုံသို့ အဖေပြောင်းရ ချိန်တွင် တိုင်းမှူးဗိုလ်မှူးချုပ်စိန်ဝင်း (နောင်တွင်ဝန်ကြီးချုပ်) (ကျွန်တော့်ကို လက်ထပ်ပေးခဲ့သူကျေးဇူးရှင်) အမိန့်အရ အဖေနှင့် ဗိုလ်မှူးခင်မောင် (ဒုတိယ ဗိုလ်မှူးကြီးကွယ်လွန်)တို့ ဦးစီးပြီး တပ်ထဲရှိ ဒညင်းကုန်း ရွာသားများဖြစ်ကြသော Runga Swami (စံမင်း)၊ မြအေး၊ ထွန်းကြည်၊ ဂျော်နီ၊ ကျော်ဒွန်း (နောင် Caddy Master) တို့၏ အကူအညီဖြင့် တပ်မတော်ဂေါက်ကွင်း (ယနေ့ကွင်းကြီး နှစ်ကွင်း) ကျင်းပေါင်း ကိုးကျင်းကို စတင် ဖောက်လုပ်ခဲ့ပြီး club House လေး တစ်ခုပါ ဆောက်ပေးခဲ့ပါသည်။
(ယခုယင်း Club House လေးမရှိတော့ ပါ။ ထိုနေရာတွင် အဆောက်အအုံအသစ် ကြီးဖြစ်သွားပြီဖြစ်ပါသည်။)
ထိုစဉ်က ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သူရအောင်ဖေနှင့် ဗိုလ်မှူးစောဖြူ (၅၀၂ လေတပ်စခန်းမှူး) တို့အား အဖေက ဂေါက်ရိုက်သင်ပေးခဲ့ပါသည်။ ဂေါက်ကွင်းပြီးသွားသည်နှင့် ဗိုလ်ချုပ် ကြီးနေဝင်း (ဦးစီးချုပ်) လာကစားလေ့ ရှိပါသည်။ သူတို့အဖော်လေးဦးတွဲ ကစားကြသည်။ Foursome ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက သူ၏ ဆရာဝန် ဖြစ်သူ ဒေါက်တာ ဗိုလ်မှူးကျော်ညွန့် (နောင်တွင် ကကဆေး၊ ညွှန်မှူး) နှင့် တွဲလေ့ရှိသည်။ အဖေက ဗိုလ်မှူးချုပ် စိန်ဝင်း(တိုင်းမှူး)နှင့် တွဲရသည်။ အရာခံဗိုလ်စန်းမြင့်က ဗိုလ်ချုပ်ကြီး၏ သက်တော်စောင့်ဖြစ်ရာ ကွင်းထဲသို့ လိုက်ရသည်။ ဗိုလ်ချုပ်ကြီး၏ ကယ်ဒီ (Caddy)ကဒေါ်လှ(နာလန်ထတပ်မိသား စု)၊ အကယ်ဒီကကျွန်တော် (ကောလိပ် ကျောင်းသား၊ တိုင်းမှူးကယ်ဒီက ကျော်ဒွန်းတို့ဖြစ်ပြီးပွဲပြီးသည့်အခါ ဗိုလ်ချုပ်ကြီးက “ကလေးတွေကို မုန့်ဖိုး ပေးပါကွာ” ဟု ဆိုသည့်အတွက် ကျွန်တော်လည်းမုန့်ဖိုးရပါသည်။ ဗိုလ်ချုပ်ကြီးက ဒေါသကြီးသော်လည်း ခဏသာပင်ဖြစ်သည်။ အင်မတန်သဘော ကောင်းပါသည်။ ကျွန်တော်ကသူနှင့် ဗိုလ်ချုပ်စိန်ဝင်း (ကျွန်တော့်ကိုမင်္ဂလာဆောင်ပေးခဲ့သူ) ကို အလွန်ချစ်ပါသည်။ သူတို့နှစ်ယောက်လုံး သိပ်ကိုသဘော ကျွန်တော်ဗိုလ်ကြီးဖြစ်တော့ အရာခံဗိုလ် စန်းမြင့်လည်း မရှေးမနှောင်းမှာပင် ဗိုလ်မှူး (ထလရတပ်၊ နောက်ပုလဲနှင့် ငါးဌာန) ဖြစ်သွားခဲ့ပါသည်။ ထိုစဉ်က (၁၉၇၂ ခုနှစ်) တွင် ကျွန်တော်တို့ဆုံမိကြ သည့် ရှေ့တန်းနေရာက “လေးမျက်နှာ” မြို့နယ်အတွင်းရှိ “ပန်းတောကြီး” ရွာတွင် ဖြစ်ပါသည်။ သူပေးခဲ့သော ဗိုလ်ကြီး အဆင့်တံဆိပ်အဟောင်းကလေးသည် ကျွန်တော်တပ်ဆင်ရန် ဖြစ်သွားခဲ့ရပသည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးအာဏာ သိမ်းလိုက်ချိန်တွင် အဓိကအကောင် ( အထည်ဖော် ကွပ်ကဲ တာဝန်ယူ ဆောင်ရွက်ခဲ့သူမှာ ဗိုလ်မှူးချုပ်စိန်ဝင်း ဖြစ်ပါသည်။ သူက တော်လှန်ရေးကောင်စီဝင်၊ ဆောက်လုပ်ရေးဝန်ကြီး ဖြစ်လာသည့်အချိန်တွင် အဖေကသူ၏ ( လက်စွဲဖြစ်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့အိုးအိမ်ဦးစီးဌာနတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပါသည်။ ထိုစဉ်က အဖေသည် မြေတစ်ကွက်၊ အိမ်တစ်လုံးကိုမျှ ယူခဲ့ခြင်းမရှိဖူးပါ။ ထိုမျှအထိ အဂတိကင်းသူဖြစ်သည်။ ထိုက်တန်သူများကိုမူ ပေးခဲ့ပါသည်။ ဥက္ကလာပ၊ သာကေတ၊ သုဝဏ္ဏမြို့များ ဆောက်လုပ်ရာတွင်လည်း အဖေသည် ထိပ်ပိုင်းမှပါဝင်ခဲ့သူ ဖြစ်သည်။
ပြည်သူပိုင် တိုက်ခန်းများ
အဖေသည် သူ၏ စိတ်ဓာတ်အတိုင်း ပစ္စည်းမဲ့လူတန်းစားကို ဦးစားပေးလေ့ ရှိသည်။ ရန်ကုန်မြို့ အတွင်းရှိ ပြည်သူပိုင် တိုက်ခန်းများကို အချပေးနိုင်သည့် အာဏာ အဖေ့ထံတွင်ရှိသည်။ သာမန် အခြားအဆင့် အရွယ်ကြီးလာသူများကို အဖေကနေရာချပေးသည်။ အချို့ဆိုလျှင် တန်ဖိုးကြီး မဂိုလမ်း၊ မောင်လေး လမ်း၊ ပန်းဆိုးတန်းတို့တွင် ရကြသည်။ အဖေကမယူခဲ့ပါဘူး။ အဖေအငြိမ်းစား ယူချိန်တွင် ဗိုလ်ချုပ်က ခေါ်ပေးသည့် အတွက် ရန်ကုန်မြို့တွင်း မြေညီထပ် တိုက်ခန်းကလေး တစ်ခုကိုရခဲ့သည်။ ၎င်းသာလျှင်ဖြစ်ပါသည်။ တပ်မတော်က ပေးသည့်အမွေလေးပင်။ ကျွန်တော့်အမေ စစ်ဗိုလ်ဖြစ်လာခဲ့ ရပုံကိုလည်း အနည်းငယ်တင်ပြလိုပါသည်။
မေမြို့သို့ရောက်ပြီး ကျွန်တော့်အမေ စစ်သားစိတ်ဖြစ်သွားသည့် အကြောင်းအစမှာ စစ်ဗိုလ်၊ စစ်သားများနှင့် ခင်မင်ပတ်သက်ခဲ့ရမှုများသည့်အတွက် ဖြစ်ပါသည်။ ၁၉၅၆ ခုနှစ်တွင် အမေစစ်တပ်ထဲဝင်လိုက်ရာ ဘီစီနံပါတ်မှာ ကြည်း/၇၄၃၂ ဖြစ်ပါသည်။ အမေ့အသက်အလွန်မှပင် တိုရှာပါသည်။ ၁၉၆၁ ခုနှစ်တွင် ရင်သားကင်ဆာရောဂါ (Breast Cancer) ဖြင့် အသက် (၄၀) ကျော်တွင် ဆုံးပါးသွားခဲ့ရပါသည်။ အမေကတကယ့်အာဇာနည်ပင် ဖြစ်သည်။ တိုင်းပြည်ကို အကျိုးပြုမည့် သားချည်းပဲ ငါးယောက်မွေးပေးခဲ့သည်။
ကျွန်တော့်အဖေလည်း စစ်သား၊ အမေလည်း စစ်သား၊ အမေမွေးသည့် သားများတွင် ကျွန်တော်က အကြီးဆုံး၊ ကျွန်တော်လည်း စစ်သားဖြစ်လာသည်။ ကျန်ညီငယ်သုံးဦးကဆရာဝန်၊ တစ်ဦးက အင်ဂျင်နီယာ၊ BE Civil ဘွဲ့ရ မောင်ချစ်ခိုင်ဖြစ်ပြီး သူ၏သားအကြီးလေး မောင်ခိုင်လင်းကလည်း စစ်သားဖြစ်လာပါသည်။
မေမြို့သို့ရောက်ချိန်တွင် တိုင်းဦးစီးအရာရှိကြီးတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး စန်းယု၏ဇနီးက မော်လမြိုင်သူ၊ အမေနှင့် အမျိုးမကင်းသူဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီးစန်းယု (နောင်သမ္မတကြီး)၊ ပညာရေးဌာနက ဗိုလ်မှူးအောင် ကြီး၊ ဗိုလ်မှူးစံမြင့် (ပဲခူး) (နောင်ပညာ ရေးတက္ကသိုလ် ပါမောက္ခချုပ်) တို့ဦးစီးပြီး ထူထောင်ခဲ့သော ပထမဆုံး တပ်မတော် ကလေးများကျောင်း (အလယ်တန်းကျောင်း) တွင် အမေက ပထမဆုံးသော ကျောင်းအုပ်ဆရာမကြီးဖြစ်လာသည်။ ၁၉၅၁/၁၉၅၂ အချိန်လောက်တွင်ဖြစ်ပါသည်။ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇောနှင့်အဖေက ရင်းနှီးသည် ဖြစ်ရာ တရုတ်ဖြူ ကျူးကျော်သူများ ကို တိုက်ထုတ်ရန်ယူဂိုဆလပ် (Yugoslav) နိုင်ငံသမ္မတ မာရှယ်လ်တီးတိုးထံမှ ရောက်လာသော ၇၆ မီလီမီတာ တောင်ပေါ်ပစ်အမြောက် (76 mm mountain gun) အသုံးပြုခြင်းစာစောင်ငယ်များကို အမေက ဘာသာပြန်ပေးရပါသည်။ အမေစစ်ဗိုလ်ဖြစ်လာခဲ့ရသည်မှာ သူ့ကျောင်းကို ပိတ်လိုက်ပြီး မိတ္ထီလာ၊ ရန်ကုန် (မင်္ဂလာဒုံ) တို့တွင် တပ်မတော် ကလေးများကျောင်းများ ဖြစ်လာ၍ ဖြစ်ပါသည်။ အမေသည် စစ်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် အမှတ်စဉ် ၁ မှ ၃ အထိ ဗိုလ်လောင်းများ၏ ဆရာမ ဖြစ်ခဲ့ပါသည်။ ကျွန်တော် ၁၀ တန်း (Matric) အောင်သည့် ၁၉၅၈ ခုနှစ်တွင် D.S.A ဝင်ချင်သော်လည်း မိဘဆန္ဒအရ ဆရာဝန်ဖြစ်ရလေအောင် တက္ကသိုလ်သို့ တက်ရောက်ခဲ့ရပြီး ၁၉၆၅ ခုနှစ် ရောက်သည့်အချိန်တွင်မှ မှော်ဘီ တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း၊ သင်တန်းအမှတ်စဉ် (၃၂) ၊ ကျောင်းဆင်း ဖြစ်လာခဲ့ရပါသည်။ အဖေက အိမ်ထောင်သုံးဆက်ရှိခဲ့ရာတွင် တတိယအိမ်ထောင်ကလည်း (Lady | officer) စစ်ဗိုလ်မပင်ဖြစ်ပါသည်။ အမေနှင့် သင်တန်းတစ်ပတ်စဉ်တည်းလည်း ဖြစ်သည်။
ခုနစ်နှစ်ကြာတိုက်ပွဲ ကျွန်တော်၏ ပထမဆုံး Posting က ပုသိမ်မြို့အနီးရှိ ဝါးယားချောင်းအမည်ရှိ ရွာကလေးတွင်ရှိသော ခလရ (၃၈) ဖြစ်ပါသည်။ ထိုတပ်တွင် ခုနစ်နှစ်ကြာ တိုက်ပွဲအလီလီတိုက်၊ ကံကောင်းထောက်မစွာ သေကံမရောက် သက်မပျောက်ခဲ့ဘဲ ၁၉၇၂ ခုနှစ် မြစ်ဝ ကျွန်းပေါ်ဒေသအတွင်း သောင်းကျန်းသူများ အမြစ်ပြတ်အပြီးသတ်ချေမှုန်းရေး စစ်ဆင်ရေးကြီး များဖြစ်သော “ရွှေလင်းယုန်”၊ “မိုးဟိန်း” တို့တွင်အောင်ပွဲ(ပြည်သူ့စစ်အောင်ပွဲ) အလီလီခံပြီးနောက် တစ်တိုင်းလုံး (ဧရာဝတီ တိုင်း) သည် အဖြူရောင်နယ်မြေဖြစ်လာ ခဲ့ပါသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် စစ်ရုံးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ သုတေသနဌာနစု (ကြည်း/သု)တွင် စစ်ဦးစီးမှူး (တတိယတန်း) အဖြစ် ပြောင်းရွှေ့ခဲ့ရပါသည်။ ယင်းဌာနတွင် ( ရေစက်ပါသည့်အတွက် နှစ် ၃၀ ကြာ သည့်တိုင် စံချိန်တင်ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ထိုဌာနတွင် တာဝန်ထမ်း ဆောင်ရင်းနှင့်ပင် ဗိုလ်မှူး ကြီးအဆင့်အထိ တိုးမြှင့်ခန့်အပ်ခြင်း ခံရသည့်အပြင် “စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူး” အဖြစ်ပါ ပူးတွဲတာဝန်ယူခဲ့ရပါသည်။
(ဆက်လက်ဖော်ပြပါမည်)