လူမှုမီဒီယာကို အကျိုးရှိရှိအသုံးပြုဖို့ဆိုရင် ...
လူမှုမီဒီယာကို အကျိုးရှိရှိ ဘယ်လိုသုံးကြမလဲဆိုတဲ့မေးခွန်းက ထူးဆန်းတဲ့မေးခွန်းတော့ မဟုတ်ပါ ဘူး။ ဒီနေ့ခေတ် လူမှုမီဒီယာတွေကိုသုံးကြတဲ့ လူတိုင်းနီးပါးတွေးမိ၊ စဉ်းစားမိတဲ့မေးခွန်းပါ။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ သားသမီး လူငယ်တွေအတွက်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အသိုက်အဝန်း အတွက်ပဲဖြစ်ဖြစ် လူမှုမီဒီယာ အသုံးပြုနေတာတွေနဲ့ပတ်သက်လို့ စဉ်းစားမိလိုက်တိုင်း အဲဒီမေးခွန်းက ထိပ်ဆုံးရောက်လာတာပါပဲ။
အဲဒီလိုစဉ်းစားမိလို့လူမှုမီဒီယာတွေက အကျိုးမပြုလို့ မဟုတ်ပါဘူး။ လူမှုမီဒီယာတွေက ဘက်စုံအကျိုး ပြုပါတယ်။ ဒါပေမဲ့ လူမှုမီဒီယာတွေကို ဘယ်လိုပုံစံနဲ့ အသုံးပြုကြသလဲဆိုတဲ့ အခြေအနေ လိုက်ပြီး အကျိုးကျေးဇူးတွေရှိကြသလို ဘေးထွက်ဆိုးကျိုးတွေလည်းရှိနေပြန်တော့ လူမှုမီဒီယာကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုကြမလဲဆိုတာ လူမှုမီဒီယာ အသုံးပြုသူတိုင်းအတွက် လိုအပ်မယ်လို့ ထင်ပါတယ်။
လူမှုမီဒီယာတွေကလည်း တစ်နေ့တခြား လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေ၊ အကြိုက်တွေ၊ စိတ်ဝင်စားတာတွေကို အလိုလိုက်၊ အကြိုက်ဆောင်ဖို့ အသိဉာဏ်တုလို နည်းပညာတွေ အကူ အညီနဲ့ဖြည့်ဖို့ ကြိုးစားရင်းဖြစ်လာတဲ့အကျိုးဆက်တွေနဲ့ လူမှုမီဒီယာတွေကို အခြားရည်ရွယ်ချက် တွေအတွက် အသုံးချလာကြတာကြောင့် အကျိုးတွေရှိလာကြသလို တစ်ဖက်မှာဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို သတိပြုနိုင်မှ လူမှုမီဒီယာကို အကျိုးရှိရှိ အန္တရာယ်ကင်းကင်း အသုံးပြုရာ ရောက်မှာပါ။
နည်းပညာတိုးတက်ပြောင်းလဲမှုနှင့်အတူ
လူမှုကွန်ရက်ပေါက်ကွဲတဲ့ခေတ်လို့ တင်စားခေါ်ဝေါ်တဲ့ ၂၁ ရာစု နည်းပညာခေတ်ကြီးမှာ ဒစ်ဂျစ်တယ်နည်းပညာတွေ၊ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ဆိုတာ လူတစ်ယောက်အတွက် မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတွေ ဖြစ်နေပါပြီ။ အင်တာနက် ဆက်သွယ်မှုစနစ်တွေလည်း ကောင်းမွန်လာ တာမို့ ဆက်သွယ်ရေး၊ သတင်းဖြန့်ဝေရေးကအစ စီးပွား ရေး၊ ပညာရေးအဆုံး ခေတ်မီတယ်လီဖုန်း တစ်လုံးနဲ့တင် အလုပ်ဖြစ်နေပါပြီ။ ဒါ့အပြင် အခြားအင်တာနက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ နည်းလမ်းတွေလိုပဲ လူမှုမီဒီယာ ဟာလည်း လူတိုင်းရဲ့ နေ့စဉ်ဘဝ လိုအပ်ချက် တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ လူမှုမီဒီယာဟာ လူမှုရေးနဲ့ ဆက်သွယ်ရေးဆိုင်တာတွေတင်မကဘဲ အစစအရာရာတိုင်းလိုလိုမှာ အသုံးပြုလို့ရနေတော့ မရှိမဖြစ်လိုအပ်ချက်လိုဖြစ်လာတာ ထူးဆန်း တယ်လို့ မဆိုနိုင်တော့ဘူး။
လူတစ်ယောက်အတွက် ခေတ်နဲ့အညီ လိုအပ်ချက်တွေကို လူမှုမီဒီယာတွေက ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်နေတော့ လူသုံးများလာပြီး လူတို့ရဲ့ နေ့စဉ်ဘဝတွေမှာလည်း ကြီးမားတဲ့အပြောင်းအလဲ အင်အားတစ်ခုဖြစ်လာပါတယ်။ လူမှုမီဒီယာတွေကြောင့် လူတွေရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေ၊ ပညာရေးဆိုင်ရာတွေ၊ စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံရေးဆိုင်ရာအပြုအမူတွေ၊ အသက်မွေးဝမ်း ကျောင်း တွေနဲ့အလုပ်အကိုင်ရှာဖွေတာတွေကိုပါ အပြောင်းအလဲဖြစ်နေပါတယ်။ ဒီလိုအပြောင်းအလဲတွေဟာ လူတွေရဲ့ စမတ်ကျတဲ့နေထိုင်မှုပုံစံတွေကို ဖြစ်လာ စေတော့လူတိုင်းက လူမှုမီဒီယာတွေကို စွဲစွဲလမ်း လမ်း အသုံးပြုလာကြပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ကမ္ဘာမှာ လူမှု ကွန်ရက် အသုံးပြုသူ ပေါင်း ၄ ဒသမ ၆၂ ဘီလီယံ ရှိတယ်လို့သိရပါတယ်။ အဲဒီအသုံးပြုသူအရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၅၈ ဒသမ ၄ ရာခိုင်နှုန်း ရှိတယ်လို့ဆိုပါတယ်။ နောက်ပြီး အသုံးပြုတဲ့သူအရေ အတွက်ဟာလည်း တိုးမြင့်လာပြီး မနှစ်ကထက် အသုံးပြုသူ အသစ် ၄၂၄ သန်း တိုးလာတယ်လို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ရင် လူမှုမီဒီယာတွေအပေါ် လူတွေပိုပြီး အာရုံရောက်လာ တယ်လို့ ပြောရမှာပါ။ နည်းပညာ တွေ ပိုပိုပြီး တိုးတက်လာတော့လူမှုမီဒီယာတွေရဲ့ အသုံးဝင်မှုကအံ့မခန်းပြောင်းလဲလာပါတယ်။ လူမှုမီဒီယာတွေ တိုးတက်ကောင်းမွန်လာတော့ သာမန်ဈေးဝယ်တာ၊ ဈေးရောင်းတာတွေအပြင် ကမ္ဘာ့အရေးအခင်း ကိစ္စကြီးငယ်တွေကိုပါ အချိန်နဲ့တစ်ပြေးညီ သိနေနိုင်တော့ လူမှုမီဒီယာတွေဟာ ကင်းကွာလို့မရနိုင်တော့ဘူးပေါ့။
စိန်ခေါ်မှု
အဲဒီလိုအသုံးဝင်လာတာ၊ အသုံးများလာတာနဲ့အတူ လူမှုမီဒီယာတွေကို မှန်မှန်ကန်ကန် အသုံးပြုတဲ့ သူ၊ မမှန်မကန်အသုံးပြုတဲ့သူတွေဆိုတာလည်း ရှိလာပြန်ပါတယ်။ မီးဟာ လူတွေအတွက် ဘယ်လောက်အကျိုးရှိပါတယ်ပြောပြော မီးကို ပေါ့ပေါ့ဆဆသုံးရင်တော့ မီးကတော့လောင်မှာပါပဲ။ ဒါဟာ မီးရဲ့ ဆိုးကျိုးလို့ တစ်ဖက်အမြင်နဲ့ ပြောလို့မရပါဘူး။ သုံးတဲ့သူရဲ့ပေါ့ဆမှု၊ အလေးမထား မှုတွေနဲ့လည်း ဆိုင်မှာပဲ။ ဒီလိုပါပဲလူမှုမီဒီယာသုံးတဲ့သူတွေထဲမှာ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ အသက်အရွယ်၊ကျား/မ၊ ယဉ်ကျေးမှု၊ သဘောထား၊ ရည်ရွယ်ချက်၊ အပြုအမူတွေ အမျိုးမျိုးပါကြ တာဆိုတော့ အကောင်းအဆိုးတွေကတော့ ရောပြွန်းပါနေမှာပေါ့။ သုံးတဲ့ကာယကံရှင်က သတိနဲ့ ဆင်ခြင်သုံးမှပဲ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်နိုင်မှာပါ။ အထူး သဖြင့်လူငယ်တွေလိုထိခိုက် လွယ်တဲ့သူတွေအတွက်ဆို ပိုပြီးဂရုပြုကြရမှာပါ။
လူမှုမီဒီယာတွေကို မှန်မှန်ကန်ကန်သုံးတတ်ရင် အကျိုးများများရနိုင်မှာဖြစ်ပေမယ့် အသုံးပြုတာ လွဲရင်လည်းသူ့ရဲ့ ဆိုးကျိုးတွေကိုခံစားရနိုင်ပါတယ်။ အခုဆို လူမှုမီဒီယာတွေကို သာမန်အားဖြင့် ဘယ်လိုအကျိုးရှိရှိသုံးကြမလဲဆိုတာက ဒီကနေ့မှာ အလေးထားစဉ်းစားစရာတစ်ခုဖြစ်နေတာ တွေ့ရပါတယ်။ ဖေ့စ်ဘွတ်၊ တွစ်တာ၊ ယူကျု တို့လို လူမှုကွန်ရက်တွေ အတွက် မီဒီယာနည်းပညာ အသစ်တွေကြောင့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ သတင်းဆိုင်ရာတွေမှာ ကမ္ဘာတစ် ဝန်းမှာရှိတဲ့ တစ်ဦးချင်းရော၊ အဖွဲ့အစည်းတွေရောလုပ်နည်းလုပ်ဟန်ပုံစံတွေ ပြောင်းလဲနေပါတယ်။ ဒီလိုအပြောင်းအလဲတွေက နည်းပညာဆိုင်ရာ ကျင့်ဝတ်တွေနဲ့ အယူအဆတွေ အတွက် စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါ့အပြင် တိုးတက်ပြောင်းလဲလာတဲ့နည်းပညာတွေကြောင့် လူမှုမီဒီယာဆိုင်ရာ စိန်ခေါ်မှုတွေလည်း ဆက်ပြီး ဖြစ်လာနေပါတယ်။
လျင်မြန်တဲ့ နည်းပညာအပြောင်းအလဲတွေကြောင့် လူမှုမီဒီယာဆိုင်ရာ စိန်ခေါ်မှုတွေကို ကမ္ဘာ့စက်မှု ထိပ်သီးနိုင်ငံကြီးတွေမှာတောင် ရင်ဆိုင်နေကြဆဲပါပဲ။ အီးယူက ချမှတ်ထားတဲ့ the General Data Protection Regulation (GDPR) ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက်ကာကွယ်ရေးတွေ လုပ်ဆောင်နေကြတာတွေရှိပေမယ့် ကျင့်ဝတ်နဲ့ အပြုအမူဆိုင်ရာစံနှုန်းတွေ အားနည်းနေတာ တွေ့ရပါတယ်။ ဒီတော့ လူမှု ကွန်ရက်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ တိုးတက်နေတဲ့ အခြေအ နေကို တားဆီးမလား၊ ဒါမှမဟုတ် အသုံးပြုတဲ့နည်းလမ်းကို ပြောင်းလဲမလား၊ အခြားဘယ်လိုနည်း လမ်းနဲ့ထိန်းသိမ်းကြ မလဲဆိုတာက လူမှုမီဒီယာရေစီးအတွက် စိန်ခေါ်မှု တစ်ခု ဖြစ်နေပါတယ်။
ကျင့်ဝတ်နှင့် လူမှုမီဒီယာ
အရင်တုန်းကတော့ ကျင့်ဝတ်ဆိုတာ အပြင်လောကလူမှုဆက်ဆံရေးအတွက် လိုအပ်ချက် တစ်ခုပါ ပဲ။ ဒါပေမဲ့ ဒီကနေ့တော့ အပြင်လောက မှာတင်မကတော့ဘူး။ အင်တာနက်ပေါ်က လူမှု မီဒီယာ တွေမှာပါ လိုအပ်လာပါပြီ။
ကျင့်ဝတ်ကို အကြမ်းဖျင်းအားဖြင့် မှန်တဲ့အရာကိုပြုလုပ်ခြင်း ဒါမှမဟုတ် တစ်ဦးချင်း လူ့အဖွဲ့ အစည်းတစ်ခုရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်လို့ ဆိုကြပါတယ်။ အများအားဖြင့်တော့ လူတစ်ဦးချင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်း တစ်ခုကကောင်းတယ်၊ ဆိုးတယ်လို့ ရှုမြင်တဲ့အရာ တွေကို ဆိုလေ့ရှိကြတာတွေ့ရပါတယ်။ ကျင့်ဝတ် တန်ဖိုးတွေ လိုက်နာကျင့်သုံးကြရာမှာ လူ့အသိုက် အဝန်းအတွင်းမှာ သဟဇာတဖြစ်တဲ့ အခြေအနေတွေ၊ ပြုမှုဆက်ဆံရေးတွေရရှိလာစေဖို့ ရည်ရွယ်ကြ တာဖြစ်ပါတယ်။ ဥပမာအားဖြင့် “ငါဘယ်လို ပြုမူနေထိုင်သင့်သလဲ” ဆိုတဲ့မေးခွန်းမျိုး၊ အသိ ပညာနဲ့ ပျော်ရွှင်မှုတွေ ဒါမှမဟုတ် ကိုယ်တန်ဖိုးထား တဲ့အရာတွေကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲ ဆိုတာမျိုးတွေဟာ ကျင့်ဝတ်နဲ့ဆိုင်တဲ့ စဉ်းစားစရာတွေပဲဖြစ်ပါတယ်။
လူမှုမီဒီယာမှာလည်း ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသင့်တာတွေရှိပါတယ်။ ဒီပို့စ်ကို မျှဝေသင့်သလား၊ ဒီပို့စ်က သတင်းအချက်အလက်တွေက မှန်နိုင်၊ မမှန်နိုင်၊ ဒီပို့စ်ကြောင့် အခြားသူတွေကို ဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုအကျိုးရှိစေနိုင် သလဲဆိုတာတွေဟာလူမှုမီဒီယာသုံးသူတွေအတွက် စဉ်းစားဖို့လိုအပ်တဲ့ ကျင့်ဝတ်ဆိုင်ရာတွေပဲ ဖြစ်ပါတယ်။ ဒီလို လူမှုမီဒီယာဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာကြမှလည်း ကိုယ်တစ်ဦးတစ်ယောက်ကြောင့် အခြားသူတွေကို မထိခိုက်မနစ်နာစေဘဲ ကိုယ်လည်းအကျိုးရှိ အခြားသူတွေကိုလည်း အကျိုးရှိစေမှာပါ။
လူမှုမီဒီယာဆိုင်ရာ သတိပြုစရာ
လူမှုမီဒီယာတွေဟာ ကိုယ်ဘယ်လိုအသုံးပြု သလဲဆိုတာအပေါ်မူ တည်ပြီး အကောင်းအဆိုး ရလဒ်မတူညီနိုင်ပါဘူး။ ကိုယ်အသုံးချတဲ့ပုံစံ၊ နည်းလမ်း၊ ရည်ရွယ်ချက်၊ အပြုအမူတွေအလိုက် အကျိုးသက်ရောက်မှု အတိမ်အနက်လည်း မတူညီနိုင်ပါဘူး။ အဲဒီအကျိုး သက်ရောက်မှုတွေထဲကမှ သတိပြုသင့်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ အချက်အချို့ကို ဖော်ပြလိုပါတယ်။
၁။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ မလုံခြုံခြင်း၊
လူမှုမီဒီယာအသုံးပြုသူတွေဟာ အများအား ဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေ တင်တတ် ကြပါတယ်။ ဒီလိုတင်လိုက်တဲ့အတွက် အခြားဒုစရိုက်တွေလိုပဲ ကိုယ့်ရဲ့ ကိုယ်ရေးအချက် အလက်တွေကို အတုအယောင်လုပ်တာ၊ ခိုးယူခံရတာ၊ မျှဝေခံရတာ၊ အသုံးချခံရတာ စတဲ့အန္တရာယ်တွေ ရှိနေပါတယ်။ “အင်တာနက်ဟာ ဘယ်တော့မှမမေ့ဘူး” (the internet never forgets) ဆိုတဲ့စကားလိုပဲ လူမှုမီဒီယာပေါ်မှာ အသုံးပြုလိုက်တဲ့ ကိုယ့်ရဲ့အချက်အလက်တွေ၊ အကြိုက်တွေ၊ စိတ်ဝင်စားတာတွေ၊ အပြုအမူတွေနဲ့ ရှာဖွေမှုတွေကို လူမှုမီဒီယာတွေမှာရှိတဲ့ အသိဉာဏ်တုတွေက မှတ်သားထားပြီး အသုံးချတာ၊ မျှဝေတာတွေကြောင့် လူတစ်ဦးချင်းစီရဲ့ လုံခြုံမှုဟာ ကျိုးပေါက်သွားပါတယ်။
၂။ ဒုတိယအချက်ကတော့ လူမှုမီဒီယာတွေဟာလူတွေကို စွဲလမ်းစေခြင်းပါ
လူမှုမီဒီယာတွေကို လူတွေစွဲလမ်းလာစေဖို့အတွက် တစ်ဦးချင်းစီရဲ့ အကြိုက်တွေကို မှတ်သား ထားပြီး သူ့ရဲ့အကြိုက်နဲ့အညီ သတင်းတွေ၊ ပုံတွေ၊ အချက်အလက်တွေ၊ ဗီဒီယိုတွေကို ရှာဖွေပြီး မျှဝေ ပေးနေပါတယ်။ ဥပမာ လူတစ်ဦးက ဘောလုံးပွဲ ကြိုက်တယ်၊ ဘောလုံးပွဲပို့စ်တွေကို ခဏခဏ ကြည့်တယ်ဆိုရင် AI တွေက မှတ်သားထားပြီး ဘောလုံးပွဲနဲ့ပတ်သက်တာတွေကို အဲဒီလူဆီကို ရှာဖွေပေးနေခြင်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အကြိုက်အလိုက် ရှာဖွေပေးနေတာမို့ လူမှုမီဒီယာ တွေအပေါ် လူတွေ ပိုပြီးစွဲလမ်းလာစေပါတယ်။
၃။ လူမှုမီဒီယာတွေကို လူတွေစွဲလမ်းလာတဲ့နောက်မှာတော့ အချိန်ကုန်ဆုံးခြင်းနဲ့ လုပ်အား ဆုံးရှုံးစေခြင်းတွေ ဖြစ်စေပါတယ်
လုပ်အားဆုံးရှုံးတဲ့အထဲမှာ ကျောင်းသားက ကျောင်းသားအလုပ် ဖြစ်တဲ့ စာမကြည့်တာ၊ မလေ့ လာတာ၊ စိတ်မဝင်စားတာတွေလို လုပ်ငန်းခွင်မှာ ဆိုလည်း လုပ်အားဆုံးရှုံးတာ၊ ထုတ်လုပ်မှု စွမ်းအားတွေကျဆင်းတာ၊ လုပ်ငန်းအရှုံးပေါ်စေတာ စတဲ့ အပျက်သဘော အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။
၄။ အချို့အခြေအနေမှာဆိုရင် လူတချို့မှာ အမှတ်တမဲ့ဖြစ်တတ်ကြတာက တကယ့်အစစ်အမှန် ကမ္ဘာကြီးကိုမေ့သွားပြီး လူမှုမီဒီယာတွေကို အစစ်အမှန် ကမ္ဘာကြီးလို ထင်မြင်လာခြင်း ဖြစ်ပါတယ်။
လူမှုမီဒီယာတွေဟာ သူတို့ရဲ့ဘဝအစိတ်အပိုင်းတစ်ခုလို အားကိုးလာခြင်းပါပဲ။ လူမှုမီဒီယာကို တကယ့်ကမ္ဘာလိုထင်လာတဲ့အခါ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်လာတဲ့နောက် အထီးကျန် ဆန်လာပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။
၅။ လူမှုမီဒီယာတွေက လူတွေရဲ့ စိတ်ခံစားချက်ကို နှိုးဆွပေးခြင်းဖြစ်ပါတယ်
လူမှုမီဒီယာတွေက လူတွေရဲ့အကြိုက်အလိုက် ဖြည့်ဆည်းပေးနေပါတယ်။ အချိုကြိုက်သူအတွက် အချို၊ အခါးကြိုက်သူအတွက် အခါး၊ အငန်ကြိုက်သူအတွက် အငန်၊ အချဉ်ကြိုက်သူအတွက် အချဉ်၊ အစပ် ကြိုက်သူအတွက် အစပ်ဆိုတာတွေ ဖြည့်ဆည်း ပေးနေတာကြောင့်မို့ ကိုယ်သုံးနေတဲ့လူမှု မီဒီယာတွေက ကိုယ့်ရဲ့စိတ်ခံစားမှုကို ပိုမိုမြင့်တက်နေစေတာ ဖြစ်ပါတယ်။ အဲဒီလို လူတွေရဲ့ စိတ်ခံစားမှုကို မြင့်တက်စေတာကြောင့် လူမှုမီဒီယာတွေကို နိုင်ငံရေးလို နေရာတွေမှာ လက်နက် တစ်ခုအနေနဲ့ အသုံးချလာကြတာ တွေ့ရပါတယ်။
၆။ နောက်ထပ်စိုးရိမ်စရာတစ်ခုကတော့ ဆိုက်ဘာ အနိုင်ကျင့်မှုပဲဖြစ်ပါတယ်
လူမှုမီဒီယာဆိုတာ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး သုံးနေကြတာဖြစ်ပါတယ်။ အပြင်မှာ လူချင်းတွေ့ရတာလိုမဟုတ်ဘဲလူမှုမီဒီယာ အပေါ်မှာသာ တွေ့ကြရတာဖြစ်လို့ တစ်ဦး အကြောင်း တစ်ဦး ခရေစေ့တွင်းကျသိဖို့ ခက်ခဲပါတယ်။ အဲဒီလိုလူပေါင်းစုံနေတဲ့နေရာမှာ ဆိုက်ဘာ အနိုင်ကျင့်မှု တွေကို ဖြစ်စေပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့သူတွေ၊ အတွေ့အကြုံနည်းပါးသူတွေ အတွက် ဆိုက်ဘာအနိုင်ကျင့်မှုရဲ့ သားကောင်ဖြစ် သွားတတ်ကြပါတယ်။
၇။ ထပ်ပြီးသတိထားသင့်တာကတော့ သတင်း အမှား/အမှန်ရောထွေးနေတတ်ခြင်း ဖြစ်ပါတယ်
လူမှုမီဒီယာတွေမှာ သတင်းအချက်အလက် တွေ အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန်သွားနေတာ မို့ သတင်းအမှန်တွေပါသလို အမှားတွေလည်း ပါလာတတ်ပါတယ်။ ကိုယ်ကျိုးစီးပွားရှာကြတဲ့ သူတွေ က ရည်ရွယ်ချက်ရှိရှိ သတင်းအမှားတွေ တင်ကြသလိုအချို့ကလည်း ရည်ရွယ်ချက်မရှိဘဲ သတင်း အမှားတွေ တင်ကြ၊ ရှယ်ကြ လုပ်မိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းအမှားတွေ လူမှု မီဒီယာပေါ်မှာ ပျံ့နှံ့လာတာကြောင့် ဆက်စပ်နေသူတွေကို စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ အထိတ် တလန့်ဖြစ်စေတတ်ပါတယ်။
၈။ ကျန်းမာရေးထိခိုက်မှုဖြစ်ပါတယ်။ လူမှုမီဒီယာ က သုံးတတ်ရင် အသုံးတည့်တဲ့ နည်းလမ်းနဲ့ နည်းပညာတွေပါ
ဒါပေမဲ့ လူမှုမီဒီယာတွေကို အလွန်အကျွံ အသုံးပြုတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ ကျန်းမာရေးထဲမှာ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာတွေ ပါပါတယ်။ အချိန်အကန့်အသတ်နဲ့ သုံးတာ ဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ညီအောင်အသုံးပြုတဲ့ နည်းလမ်းနဲ့ဖြစ်ဖြစ် အသုံးမပြုကြဘူးဆိုရင် အချိန် ကြာလာတာနဲ့အမျှ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာ ရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
အကျိုးရှိစေဖို့
လူမှုမီဒီယာဟာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဆိုတဲ့ စကားလိုပါပဲ။ “ဆေး” အဖြစ်ကနေ “ဘေး” အဖြစ်ကို ပြောင်းလဲသွားစေတာက အကျိုး ရှိရှိသုံးတတ်ခြင်း၊ မသုံးတတ်ခြင်းနဲ့ ဆိုင်ပါ တယ်။ နည်းပညာခေတ်ကြီးမှာ တိုးတက်လာတဲ့နည်းပညာ ပစ္စည်းတွေ၊ နည်းလမ်းတွေနဲ့ လူသား တွေဆိုတာ ရှေ့ဆက်ယှဉ်တွဲရှိနေကြဦးမှာပါ။ ဒီနည်းပညာ လောကကြီးမှာ ငါဘယ်လိုရှင်သန်ရပ် တည်မလဲဆိုတဲ့ မေးခွန်းလို လူမှုမီဒီယာတွေကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုမလဲဆိုတာကလည်း လိုအပ်တဲ့ မေးခွန်းတစ်ခုလို့ထင်ပါတယ်။ ဒီတော့ ကိုယ့်အတွက်လည်းအကျိုးရှိ၊ အများအတွက် လည်း အကျိုးရှိစေဖို့ဆိုရင် လူမှုမီဒီယာဆိုင်ရာ အန္တရာယ်တွေကို သတိထားရှောင်ရှားကြရမှာပဲ ဖြစ်ပါတယ်။
ကိုးကား
၁။ https://datareportal.com/social-media-users