PROFESSOR MR STEFAN TALMON ၏ ဒုတိယအကြိမ်မြောက် လျှောက်လဲတင်ပြချက် ကနဦးကန့်ကွက်လွှာ ဒုတိယအချက်
Genocide Convention အရ လျှောက်ထားသောအမှု
(ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ)
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်
PROFESSOR MR STEFAN TALMON ၏ ဒုတိယအကြိမ်မြောက် လျှောက်လဲတင်ပြချက်
ကနဦးကန့်ကွက်လွှာ ဒုတိယအချက်
ဥက္ကဋ္ဌနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ၊
၁။ ကျွန်တော့်အနေဖြင့် ဂမ်ဘီယာက မြန်မာနိုင်ငံ၏ ကနဦး ကန့်ကွက်လွှာဒုတိယအချက်အပေါ် တုံ့ပြန်ချက် (Observations) နှင့်စပ်လျဉ်း၍ ပြန်လည်တုံ့ပြန် လျှောက်လဲတင်ပြမှာ ဖြစ်ပါတယ်။ ဤအမှုတွင် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားရုံး၌ တရားစွဲဆို ဆောင်ရွက်ခွင့်မရှိကြောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
၂။ ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ၏ လျှောက်လဲတင်ပြချက်ကို အဓိပ္ပာယ်မရှိဘူး (Absurd)၊ ဆိုးရွားတယ် (Abject)၊ သမိုင်းကြောင်းနှင့်မကိုက်ညီဘူး (Ahistorical)၊ မှားယွင်းနေတယ် (Erroneous) အလွန်အားနည်းတယ် (Tenuous), ရောမွှေလုပ်ကြံထားတယ် (Concocted) အကြောင်းမသင့်ဘူး (Unfortunate) ဟု ပြောသွားတာကို တရားသူကြီးမင်းများ ကြားရမည်ဖြစ်သော်လည်း ဤအမှုကိစ္စတွင် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားရုံး၌ တရားစွဲဆို ဆောင်ရွက်ခွင့်ရှိကြောင်းနှင့်စပ်လျဉ်း၍ ကောင်းမွန်စွာလျှောက်လဲ တင်ပြနိုင်ခြင်းမရှိတာကို တရားသူကြီးမင်းများအနေဖြင့် ကြားသိမှာ ဖြစ်ပါတယ်။
တာဝန်ရှိမှုဆိုင်ရာတောင်းဆိုချက် (Invocation of Responsibility) နှင့် နိုင်ငံတစ်နိုင်ငံက တရားရုံး၌ တရားစွဲဆိုဆောင်ရွက်ခွင့် (Standing) ကွာခြားချက်
၃။ ဂမ်ဘီယာနိုင်ငံက ၎င်း၏ စာဖြင့် တုံ့ပြန်ချက် (Written Observation) ကဲ့သို့ပင် နှုတ်ဖြင့် လျှောက်လဲတင်ပြချက်တွင်လည်း တာဝန်ရှိမှုဆိုင်ရာ တောင်းဆိုချက် (Invocation of Responsibility) နှင့် နိုင်ငံတတရားရုံး၌ တရားစွဲဆိုဆောင်ရွက်ခွင့် (Standing) တို့ကို ထပ်ကာထပ်ကာ ရောထွေးဖော်ပြထားကြောင်းပြောကြားရင်း မိမိလျှောက်လဲတင်ပြချက်ကို စတင်လိုပါတယ်။ ဥပမာအားဖြင့် ဂမ်ဘီယာနိုင်ငံက“လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် သူများအပေါ် နိုင်ငံအနေဖြင့် တာဝန်ရှိမှု ” (Standing...to invoke the State responsibility of the perpetrator of genocidal violence) ကို ပြောဆိုထားပါတယ်။ ကျွန်တော့်အနေဖြင့် ရှင်းပြလိုသည်မှာ တာဝန်ရှိမှုဆိုင်ရာ တောင်းဆိုချက် (Invocation of Responsibility) နှင့် တရားရုံး၌ တရားစွဲဆို ဆောင်ရွက်ခွင့် (Standing) တို့သည် မတူညီသည့်သဘောတရားများ ဖြစ်ပါတယ်။ တနင်္လာနေ့က ကျွန်တော်ကိုးကားဖော်ပြထားသည့် LC မှ Articles on State Responsibility နှင့်စပ်လျဉ်း၍ ILC ၏ ရှင်းလင်းချက် (Commentary) တွင် အတိအလင်းဖော်ပြထားပြီး ဖြစ်ပါတယ်။
၄။ မြန်မာအနေဖြင့် ဂမ်ဘီယာနိုင်ငံမှ နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုနှင့် တရားရုံး၌ တရားစွဲဆိုဆောင်ရွက်ခွင့် (standing) ကို တန်းတူထားလျက် မမှန်မကန်ဖော်ပြထားခြင်းကြောင့် လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံက နိုင်ငံတစ်နိုင်ငံမှ တာဝန်ရှိမှုအတွက် တောင်းဆိုခွင့် ရှိလာပါက တရားရုံး၌ အလိုအလျောက် တရားစွဲဆိုဆောင်ရွက်ခွင့် ရှိသည်ဟု ပြောဆိုထားခြင်းကြောင့် လည်းကောင်း တာဝန်ရှိမှုဆိုင်ရာ တောင်းဆိုချက် (invocation of Responsibility) နှင့်စပ်လျဉ်းသည့် မေးခွန်းကိုသာ ရှင်းလင်းမှာဖြစ်ပါတယ်။ အမှုမှာတော့ အဲ့ဒီလောက် လွယ်ကူခြင်းမရှိပါ။ တာဝန်ရှိမှုဆိုင်ရာတောင်းဆိုချက် (Invocation of Responsibility) နှင့် နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်း (the Nationality of Claims Rule)
၅။ တာဝန်ရှိမှုဆိုင်ရာတောင်းဆိုချက်နှင့်စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံ၏ လျှောက်လဲတင်ပြချက်အပေါ် ပြန်လည်ရှင်းလင်းတင်ပြ လိုပါတယ်။
၆။ ပထမအချက်အနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ ပြောဆိုချက်နှင့် ဆန့်ကျင်လျက် မြန်မာနိုင်ငံမှ ယခုအမှုတွင် ဂမ်ဘီယာနိုင်ငံက ၎င်း၏ အပြည်ပြည်ဆိုင်ရာတာဝန်ရှိမှုအရ တောင်းဆိုခွင့်ရှိသည် ဆိုသော အချက်ကို လက်မခံပါ။ “ဂမ်ဘီယာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံက နိုင်ငံ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ချိုးဖောက်ခံရမှုမရှိဘဲ စာချုပ်ဝင်အခြားနိုင်ငံအားလုံး အတွက်တာဝန်ရှိခြင်း (erga omnes partes) နှင့်စပ်လျဉ်း၍ လိုက်နာရန်တာဝန်အပေါ် အကျိုးသက်ဆိုင်မှုရှိသည်ကို မြန်မာနိုင်ငံက လက်ခံထားတယ်” ဆိုတာ တရားရုံးက ၎င်း၏ ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) အမိန့်တွင် ဖော်ပြထားခြင်းမရှိသည့်အပြင် ထိုကဲ့သို့သော ဝန်ခံမှုကို ပြုလုပ်ခဲ့ခြင်း မရှိပါ။
၇။ ယခုတင်ပြမည့် ဒုတိယအချက်သည် ပို၍အရေးကြီးပါတယ်။ ဂမ်ဘီယာနိုင်ငံအနေဖြင့် နိုင်ငံသားအတွက် တောင်းဆိုပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းအရ မိမိနိုင်ငံပြင်ပရှိနိုင်ငံသားမဟုတ်သူများကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခြင်းခံရသည်ဟူသောစွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံက တာဝန်ရှိကြောင်း တောင်းဆိုခြင်းမပြုနိုင်ပါ။
၈။ ဂမ်ဘီယာနိုင်ငံသည် အောက်ဖော်ပြပါ နိုင်ငံ၏တာဝန်ရှိမှု (State Responsibility) ဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ် ၄၄ အပိုဒ်ခွဲ (က) တွင် ပြဋ္ဌာန်းထားချက်နှင့်ပတ်သက်ပြီး ရှင်းလင်းနိုင်ခြင်းမရှိပါ -“တောင်းဆိုချက်တစ်ရပ်သည် နိုင်ငံသားအတွက်တောင်းဆို ပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းနှင့်အညီ တောင်းဆိုခြင်းမဟုတ်လျှင် နိုင်ငံတစ်နိုင်ငံ၏တာဝန်ရှိမှုကို တောင်းဆိုခွင့်မရှိ”
၉။ ယင်းပြဋ္ဌာန်းချက်မှာ ရှင်းလင်းတိကျပြီး ILC ၏ ရှင်းလင်းချက် (Commentary) တွင်လည်း ယင်းအတိုင်းပင် ဖော်ပြထားပါတယ်။ နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းတွင် ထိုစာချုပ်များအတွက်ဖြစ်စေ ထိုသို့သောတာဝန်ဝတ္တရားအတွက်ဖြစ်စေ ခြွင်းချက်မရှိပါ။
၁၀။ ဂမ်ဘီယာနိုင်ငံက “ နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုဆိုင်ရာ စည်းမျဉ်း (Rule Relating to the Nationality of Claims) တစ်ခုခုနှင့် နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းသည် သက်ဆိုင် သည့်အမှုကိစ္စများတွင် တာဝန်ရှိကြောင်း တောင်းဆိုခွင့်အတွက် ယေဘုယျစည်းမျဉ်းဖြစ်သည်” ဟုဆိုသော ယင်းကိစ္စရှင်းလင်းချက် (Commentary) တွင် ဖော်ပြထားချက်ကို အဓိကထား၍ တင်ပြထားပါတယ်။ ကျွန်တော့်အနေဖြင့် အဆိုပါဖော်ပြချက်ကို မီးမောင်း ထိုးပြရလျှင် ILC ကိုယ်တိုင်က နိုင်ငံသားအတွက်တောင်းဆိုနိုင်ခွင့်ကို “တာဝန်ရှိမှုဆိုင်ရာတောင်းဆိုချက် (Invocation of Responsibility) အတွက် ယေဘုယျစည်းမျဉ်း” ဟု ခေါ်ဆိုသည်ဖြစ်ရာ နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းဆိုင်ရာ လိုအပ်ချက်များတွင် ခြွင်းချက်မရှိပါ။ ယင်းနှင့်သက်ဆိုင်သည့်ကိစ္စတိုင်းအတွက် စည်းမျဉ်းဖြစ်ပါတယ်။
၁၁။ နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းကို နိုင်ငံ၏ တာဝန်ရှိမှုဆိုင်ရာ အမှုကိစ္စများအားလုံးတွင် အသုံးမပြုနိုင်သည်မှာ မှန်ကန်သော်လည်း နိုင်ငံတစ်နိုင်ငံ၏ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ အပြည်ပြည်ဆိုင်ရာတာဝန်ရှိမှုများ ချိုးဖောက်မှုကြောင့် နစ်နာမှုအတွက် တာဝန်ရှိမှုအပေါ် အခြားနိုင်ငံတစ်နိုင်ငံက တောင်းဆိုသည့်ကိစ္စရပ်များတွင် အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ထိုစည်းမျဉ်းသည် ရှင်းလင်းစွာပဲ ယခုအမှုနှင့်သက်ဆိုင်ပါတယ်။ ဂမ်ဘီယာနိုင်ငံသည် ၎င်းကိုယ်တိုင်နစ်နာမှုရှိသည်မဟုတ်ဘဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တစ်ဦးတစ်ယောက်စီတိုင်းတွင် နစ်နာမှုခံစားနေရသည်ဟူသောစွပ်စွဲချက်အတွက် မြန်မာနိုင်ငံ၌ တာဝန်ရှိသည်ဟု တင်ပြထားပါတယ်။
၁၂။ ဒါဆိုရင် နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းသည် Genocide Convention တွင် သက်ဆိုင်မှုမရှိကြောင်းကို ဂမ်ဘီယာက တရားရုံးရှေ့မှောက်တွင် မည်သို့လျှောက်လဲတင်ပြ ထားပါသလဲ။ ပထမအချက်အနေဖြင့် ၎င်းက “ကွန်ဗင်းရှင်း၏မည်သည့်အချက်ကမျှ နိုင်ငံသားအတွက်တောင်းဆိုနိုင်မှု စည်းမျဉ်းနှင့် သက်ဆိုင်နေသည်ဟု ညွှန်ပြထားခြင်းမရှိပါ” ဟု ငြင်းဆိုထားခဲ့ပါတယ်။ သို့သော် မေးစရာရှိသည်မှာ နိုင်ငံသားအတွက်တောင်းဆိုနိုင်မှုစည်းမျဉ်း သက်ဆိုင်ခြင်း ကို ကွန်ဗင်းရှင်းတွင် ရည်ညွှန်းချက် သို့မဟုတ် ဖော်ပြချက် ပါရှိနေဖို့ လိုအပ်ပါသလား။ Genocide Convention သည် အဓိကတာဝန် ဝတ္တရားများနှင့်သာ သက်ဆိုင်ပါတယ်။ နိုင်ငံသားဆိုင်ရာတောင်းဆိုပိုင်ခွင့် စည်းမျဉ်းသည် နိုင်ငံ၏တာဝန်ရှိမှုတွင် ဆင့်ပွားစည်းမျဉ်း (Secondary Rule) ဖြစ်ပြီး ယင်းသည် နိုင်ငံတစ်နိုင်ငံက တာဝန်ရှိသည်ဟု မှတ်ယူရမည့် အပြည်ပြည်ဆိုင်ရာဥပဒေအရ ယေဘုယျ စည်းမျဉ်း ဖြစ်ပါတယ်။ ဤဆင့်ပွား စည်းမျဉ်းများသည် စာချုပ်များအား ချိုးဖောက်မှုတွင်အကျုံးဝင်သောကြောင့် ဤယေဘုယျစည်းမျဉ်းသည် စာချုပ်တိုင်း ဖော်ပြပါရှိနေရန်မလိုပါဘူး။ ဂမ်ဘီယာနိုင်ငံအနေဖြင့် ယင်းကဲ့သို့ သက်ဆိုင်ကြောင်းပါရှိသည့် အတိအလင်းဖော်ပြထားသည့် မည်သည့်စာချုပ်ကိုမျှ ဥပမာအနေဖြင့် တင်ပြနိုင်ခြင်းမရှိပါဘူး။ အကြောင်းပြချက်က ရိုးရှင်းပါတယ်။ အကြောင်းပြစရာမရှိလို့ ဖြစ်ပါတယ်။ နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းကို ကျင့်သုံးခြင်းသည် စာချုပ်အပေါ်တွင်မူတည်မှုရှိမနေဘဲ နိုင်ငံတစ်နိုင်ငံ ချင်းစီ၌ ထိခိုက်နစ်နာမှု ရှိ မရှိနှင့်သာ သက်ဆိုင်ပါတယ်။
၁၃။ ဒုတိယအချက်အနေဖြင့် ဂမ်ဘီယာနိုင်ငံက နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းကို Genocide Convention နှင့်သက်ဆိုင်သည့် အမှုကိစ္စတွင် ကျင့်သုံးခြင်းသည် “ကွန်ဗင်းရှင်း၏ ရည်ရွယ် ချက်နှင့် သွေဖည်နေမည်” ဟု ပြောထားပါတယ်။ သို့သော် ဂမ်ဘီယာ အနေဖြင့် ယေဘုယျ စည်းမျဉ်းအသုံးပြုခြင်းသည် ကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်နှင့် မည်ကဲ့သို့သွေဖည်နေသည် ကိုရှင်းပြနိုင်ခြင်းမရှိပါဘူး။ ရှေးဦးစွာ ကွန်ဗင်းရှင်း၏ရည်ရွယ်ချက်ကို ရှင်းပြခြင်းမရှိဘဲ လူမျိုးတုံး သတ်ဖြတ်ခြင်းသည် “ကမ္ဘာ့ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် အနှစ်သာရတို့နှင့် သွေဖည်နေသည့်အပြင်” “၎င်းသည် လူသားတို့၏ အသိစိတ်ကို တုန်လှုပ်စေပါတယ်” ဟုသာ ဖော်ပြထားပါတယ်။ ထိုသို့ပြောဆိုချက်သည် ကွန်ဗင်းရှင်း၏ရည်ရွယ်ချက်ကို မည်ကဲ့သို့ သွေဖည်ကြောင်း ဖော်ပြနေခြင်းမဟုတ်သည့်အပြင် မည်သည့်အတွက်ကြောင့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ ဆင့်ပွားစည်းမျဉ်းဖြစ်သည့် ယေဘုယျစည်းမျဉ်းသည် ယခုအမှုနှင့် သက်ဆိုင်ခြင်းမရှိဘူးဆိုတာကိုလည်း ပြောဆိုထားခြင်း မရှိပါဘူး။
၁၄။ ၎င်းကတင်ပြထားသည်မှာ ကွန်ဗင်းရှင်း၏ရည်ရွယ်ချက်သည် လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သူများကို တရားစီရင်မှုခံယူစေခြင်းဖြင့် “အပြည်ပြည်ဆိုင်ရာဥပဒေအရလူမျိုးတုံးသတ်ဖြတ်မှုကို ပြစ်မှုအဖြစ် ရှုတ်ချ၍ အပြစ်ပေးအရေးယူရန် ဖြစ်ပါတယ်။ ဤကွန်ဗင်းရှင်းသည် Nuremberg နှင့် တိုကျို စစ်ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ နောက်ခံအကြောင်းအချက်များနှင့် ဆန့်ကျင်လျက်ရှိသည်ဟု မှတ်ယူ နိုင်သော်လည်း တရားရုံးရှေ့မှောက် နိုင်ငံအချင်းချင်း (Inter-State) တောင်းဆိုမှုများနှင့်မူ ဆန့်ကျင်ခြင်းမရှိကြောင်း မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ၏ လျှောက်လဲတင်ပြချက်သည် သမိုင်းကြောင်း နှင့်မညီဘူး (Ahistorical) လို့ မပြောနိုင်ပါဘူး။ ကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်သည် မိမိနိုင်ငံပြင်ပရှိ နိုင်ငံသားမဟုတ်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မည်သည့်စာချုပ်ဝင်နိုင်ငံမှမဆို အခြားစာချုပ်ဝင်နိုင်ငံများ၏ တာဝန် ရှိမှုကို တောင်းဆိုနိုင်ခွင့်ကို ခွင့်မပြုထားပါဘူး။
၁၅။ နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းသည် ကွန်ဗင်းရှင်း ၏ ရည်ရွယ်ချက်နှင့် သွေဖည်နေသည်ဆိုပါက ကွန်ဗင်းရှင်းအပိုဒ် ၈ နှင့် အပိုဒ် ၉ကို ခြွင်းချက်ထားခြင်းသည်လည်း ကွန်ဗင်းရှင်း၏ ရည်ရွယ် ချက်နှင့် သွေဖည်မှုမရှိနေသင့်ဘူးလားဟု မေးခွန်းထုတ်စရာရှိပါတယ်။ ယင်းခြွင်းချက်များသည် စာချုပ်ဝင်နိုင်ငံများကို လူမျိုးတုံးသတ်ဖြတ်မှု ကို ကျူးလွန်နေသည်ဟု စွပ်စွဲချက်များကို တရားရုံး၌ တရားစွဲဆိုခြင်းကို တားဆီးထားပါတယ်။
၁၆။ ဂမ်ဘီယာနိုင်ငံ၏တင်ပြမှုတွင် လူတစ်ဦးစီကိုနစ်နာစေမှုတွင် တာဝန်ရှိမှုဆိုင်ရာ တောင်းဆိုချက်ဖြင့် နိုင်ငံသားအတွက် တောင်းဆို နိုင်မှုစည်းမျဉ်းကို အသုံးပြုခြင်းသည် “ကံအကြောင်းမလှ” (Unfortunate) သည့်ရလဒ်ကို ဖြစ်ပေါ်စေကြောင်းဖြင့် ပြောထားသော်လည်း ဂမ်ဘီယာနိုင်ငံက ယခုအမှုတွင် မည်သည့်အတွက်ကြောင့် အသုံးမပြုနိုင်သလဲဆိုသော ပြီးပြည့်စုံသည့် လျှောက်လဲချက်ကို တင်ပြနိုင်ခြင်းမရှိပါဘူး။
၁၇။ နိုင်ငံသားအတွက်တောင်းဆိုနိုင်မှုစည်းမျဉ်းသည် ဂမ်ဘီယာ နိုင်ငံက ၎င်း၏ နိုင်ငံသားမဟုတ်သူများအပေါ် မြန်မာနိုင်ငံလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်လျက်ရှိသည်ဆိုသောစွပ်စွဲချက်ဖြင့် မြန်မာ နိုင်ငံမှတာဝန်ရှိကြောင်း တောင်းဆိုနိုင်ခွင့်ကို ဟန့်ထားထားပါတယ်။ ဒါကြောင့် တာဝန်ရှိမှုဆိုင်ရာ တောင်းဆိုချက်သည် တရားရုံးတွင် တရားစွဲဆိုနိုင်ခွင့်အပေါ် သက်ဆိုင်မှုရှိခဲ့သော်လည်း ယခုအမှုတွင် တရားရုံး၌ တရားစွဲဆိုနိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။
အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်သက်ဆိုင်သော အကျိုးစီးပွားသည် အမှုစွဲဆိုခွင့်အခြေအနေအဖြစ် သတ်မှတ်ရန် မလုံလောက်ခြင်း
ဥက္ကဋ္ဌကြီးနှင့် လေးစားအပ်ပါသော တရားသူကြီးမင်းများခင်ဗျာ၊
၁၈။ ဂမ်ဘီယာနိုင်ငံက Genocide Convention နှင့်ပတ်သက်သော အမှုကိစ္စတွင် အမှုစွဲဆိုနိုင်ခွင့်နှင့်စပ်လျဉ်း၍ တစ်နိုင်ငံချင်းစီ၏ တရားဝင် အကျိုးစီးပွားရှိဖို့ မလိုအပ်ဘဲ ယင်း Convention ကို လိုက်နာစေဖို့အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်သက်ဆိုင်သော ဘုံအကျိုးစီးပွားရှိလျှင် လုံလောက်ပြီဟု ဆိုထားပါတယ်။
၁၉။ တရားရုံးက ၎င်း၏ ဖြတ်စီမံဆောင်ရွက်ချက်အမိန့်မှာ Genocide Convention အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့်သက်ဆိုင်သော ဘုံအကျိုးစီးပွားရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ယင်းအချက်အပေါ်အခြေခံ၍ ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်၍ တရားရုံးသို့ အမှုလျှောက်ထားတင်သွင်းရန်အတွက် ထင်သာမြင်သာသော အမှုစွဲဆို ပိုင်ခွင့်အခြေအနေရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်ဆိုတာ မှန်ပါတယ်။ တနင်္လာနေ့က ကျွန်တော် တင်ပြခဲ့သလိုပါပဲ တရားရုံးအနေနဲ့ အကြောင်းခြင်းရာနှင့် ဥပဒေကြောင်း အခြေအနေနှစ်ခုစလုံးကို ခွဲခြားလို့ ရနိုင်တယ်ဆိုတဲ့ Belgium v. Senegal အမှုမှ သုံးသပ်တွေ့ရှိချက် များကို အခြေခံပြီးတော့မှ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပဲဖြစ်ပါတယ်။
၂၀။ ကျွန်တော့်အနေနဲ့ တရားရုံးကချမှတ်ခဲ့တဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့်၏ အပိုဒ် ၈၅ပါဖော်ပြချက်ကို အောက်ဖော်ပြပါ အတိုင်း ထပ်လောင်းတင်ပြချင်ပါတယ် -
“လက်ရှိအမှုစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးကချမှတ် ခဲ့သော ဆုံးဖြတ်ချက်သည် လျှောက်ထားချက်အား လက်ခံ ခြင်းဆိုင်ရာ ကိစ္စရပ်များကိုဖြစ်စေ၊ ပင်မအမှုဆိုင်ရာ ကိစ္စရပ် များကိုဖြစ်စေ ထိခိုက်ခြင်းမရှိစေရ။ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ အမှုမှာပါဝင်သောနိုင်ငံများ၏ လျှောက်လဲတင်ပြ ခြင်းနှင့် သက်သေခံချက်များ တင်သွင်းခြင်းဆိုင်ရာ အခွင့် အရေးကိုလည်း ထိခိုက်ခြင်းမရှိစေရ”
၂၁။ ဂမ်ဘီယာနိုင်ငံ သတိပြုမိသလိုပါပဲ အမှုလက်ခံခွင့်နှင့်ပတ်သက် တဲ့မေးခွန်းအပေါ် ဤကနဦးကြားနာမှုတွင် မြန်မာ၏တင်ပြချက် အသစ်တင်ပြမှုသည် ဂမ်ဘီယာ၏ ယခုအမှုမှာ တရားစွဲဆိုနိုင်ခွင့် မရှိကြောင်းကို ပြသနေပါတယ်။
၂၂။ ကျွန်တော့်အနေဖြင့် ဖြည့်စွက်ပြောလို့ရမယ်ဆိုရင် တရားရုံးက ကြားဖြတ်စီမံဆောင်ရွက်ချက်အဆင့်တွင် တရားရုံးက စီရင်ပိုင်ခွင့် မရှိကြောင်း သို့မဟုတ် တောင်းဆိုချက်ကို ခွင့်ပြုနိုင်ခြင်း မရှိကြောင်း ကို နောက်ပိုင်းတွင်မှ ဆုံးဖြတ်ရမည့်အစား ထင်သာမြင်သာသော အချက်ကို အခြေခံပြီး တရားရုံးက စီရင်ပိုင်ခွင့်ရှိကြောင်း သို့မဟုတ် တောင်းဆိုချက်ကို ခွင့်ပြုနိုင်ကြောင်းဆုံးဖြတ်ခဲ့တာဟာ ဒီအမှုက ပထမဆုံးအမှု မဟုတ်ပါဘူး။ ဒါကြောင့် ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ကို ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များက ကြိုဆိုခြင်းဖြင့် ဂမ်ဘီယာနိုင်ငံတွင် အမှုစွဲဆိုနိုင်ခွင့်ရှိကြောင်း အတည်ပြုဖို့ဆိုတာက အလွန်တရာပင် အလှမ်းကွာဝေးပါတယ်။
၂၃။ ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားရုံးကဆုံးဖြတ်ခဲ့သော Barcelona Transaction အမှု၏ စီရင်ချက်အပိုဒ် ၉၁ တွင် Genocide Convention ကို အတိအလင်းဖော်ပြထားခြင်းမရှိတဲ့အတွက်ကြောင့် ယင်းအပိုဒ်အပေါ် အခြေခံထားတဲ့ မြန်မာနိုင်ငံ၏ လျှောက်ထားချက်ကို ပယ်ချနိုင်ဖို့ ကြိုးစားနေပါတယ်။
၂၄။ သို့သော်လည်း ယင်းအပိုဒ်သည် ဥပမာအနေဖြင့်သာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များအရ ယင်းတာဝန်များကိုဆောင်ရွက်ခြင်းသည် နိုင်ငံ၏ကိုယ်ပိုင်အခွင့် အရေးနှင့် အကျိုးစီးပွားကို ချိုးဖောက်ခံရမှုမရှိဘဲ စာချုပ်ဝင်အခြားနိုင်ငံအားလုံးအတွက် တာဝန်ရှိခြင်း (erga omnes partes) ကို ချိုးဖောက်သည့် အမှုကိစ္စများ တွင် အမှုစွဲဆိုနိုင်ခွင့်နှင့်စပ်လျဉ်းသော ယေဘုယျပြဿနာနှင့် သက်ဆိုင်နေပါတယ်။ တရားရုံးက ယင်းတာဝန်များ၏ ဝိသေသ လက္ခဏာဖြစ်သည့် နိုင်ငံ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ချိုးဖောက်ခံရမှုမရှိဘဲ စာချုပ်ဝင်အခြားနိုင်ငံအားလုံးအတွက် တာဝန် ရှိခြင်း (erga omnes partes) သည် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်သော အကျိုးစီးပွား (Common Interest) ကို ကာကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဆိုတာကို ဆုံးဖြတ်ခဲ့သော်လည်း အဆိုပါ စာချုပ်များက -
“နိုင်ငံများအား နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေဘဲ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို ကာကွယ်စောင့်ရှောက်ရန် လုပ်ပိုင်ခွင့်ပေးထားခြင်းမရှိပါ”ဟု ဆိုထားပါသည်။
၂၅။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များတွင် နိုင်ငံ၏ကိုယ်ပိုင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ချိုးဖောက်ခံရမှုမရှိဘဲ စာချုပ်ဝင်အခြားနိုင်ငံအားလုံးအတွက်တာဝန်ရှိခြင်း (erga omnes partes) သည် နိုင်ငံသားအတွက် တောင်းဆိုနိုင်မှုစည်းမျဉ်းတွင် ဘာကြောင့် အသုံးပြုနိုင်သလဲဆိုတဲ့ မေးခွန်းကို မေးလာနိုင်ပါတယ်။ Genocide Convention အရ အဲ့ဒီတာဝန်ရှိမှုတွေဟာ တူညီသော သက်ဆိုင်မှုရှိတယ်လို့ မမှတ်ယူသင့်ပါဘူး။ ဒီပြဿနာနှင့်စပ်လျဉ်းလို့ ဂမ်ဘီယာနိုင်ငံက အဖြေတစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိပါဘူး။
၂၆။ Barcelona Transaction အမှုတွင် တရားရုံးက ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များအရ အခြေအနေနှင့် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ စုပေါင်းအကျိုးစီးပွားကို ကာကွယ်ဖို့ ချုပ်ဆိုထားသည့် အခြားသောစာချုပ်တစ်ခုဖြစ်သည့် ဥရောပလူ့အခွင့်အရေးဆိုင်ရာ စာချုပ်အခြေအနေတို့ကို နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ ဥရောပလူ့အခွင့် အရေးဆိုင်ရာစာချုပ် (European Convention) ၏ အပိုဒ် ၃၃ တွင် Convention ကို ချိုးဖောက်ကြောင်း စွပ်စွဲမှုများအတွက် စာချုပ်ဝင် နိုင်ငံအားလုံးသည် လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (The European Courtof Human Rights) သို့ လွှဲအပ်နိုင်သည့် အခွင့်အရေး ကို အတိအလင်း အပ်နှင်းထားပါတယ်။ ဒါဟာ အမှုစွဲဆိုနိုင်ခွင့်ရှိကြောင်း အတိအလင်းခွင့်ပြုထားခြင်းမရှိဘူးဆိုတာ ပြသနေပြီး အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်သက်ဆိုင်သော အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့စာချုပ်တစ်ခုက မည်သည့်အမှုကိစ္စရပ်မှာ မဆို အမှုစွဲဆိုပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ရန် မလုံလောက်ဘူး ဆိုတာကိုသာ ပြဆိုနေပါတယ်။
၂၇။ ဂမ်ဘီယာနိုင်ငံအနေဖြင့် “နိုင်ငံသားမဟုတ်သူများနှင့် ပတ်သက်သည့် တောင်းဆိုချက်သည် လျှောက်ထားသူ၏တရားဝင် အကျိုးစီးပွား သို့မဟုတ် အမှုစွဲဆိုနိုင်ခွင့်အခြေအနေနှင့်စပ်လျဉ်း၍ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေနိုင်သည်” ဆိုသည့် Bosnian Genocide အမှု၏ အပိုဒ် ၁၈၅ ပါ တရားရုံး၏ဆုံးဖြတ်ချက်ပယ်ချဖို့ ကြိုးစားနေပါတယ်။ ဂမ်ဘီယာနိုင်ငံအတွက်တော့ အဆိုပါ စာပိုဒ်သည် တရားရုံးက ယင်းပြဿနာများကို ဆုံးဖြတ်ပေးခဲ့ခြင်းမရှိသဖြင့် သက်ဆိုင်မှု မရှိဘူးလို့ဆိုမှာပါ။ သို့သော် ဒါဟာ အရေးကြီးတဲ့ အချက်တစ်ခုကို လွဲချော်သွားစေပါတယ်။ အကြောင်းခြင်းရာကတော့ Genocide Convention အဖွဲ့ဝင်နိုင်ငံများ၏ ဘုံအကျိုးစီးပွားသည် တရားစွဲဆိုခွင့်ဆိုင်ရာပြဿနာကို မဖြေရှင်းပေးကြောင်း တွေ့ရှိချက်ကို မေးခွန်းထုတ်ဖို့ လိုအပ်တယ်လို့ တရားရုံးက ယူဆခဲ့တာပဲဖြစ်ပါတယ်။
အမှုစွဲဆိုနိုင်ခွင့်အခြေအနေအပေါ် ဂမ်ဘီယာနိုင်ငံ၏ဆန်းသစ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်
ဥက္ကဋ္ဌကြီးနှင့် လေးစားအပ်ပါသော တရားသူကြီးမင်းများခင်ဗျာ၊
၂၈။ ဆက်လက်ပြီး အမှုစွဲဆိုနိုင်ခွင့်အခြေအနေအပေါ်ဂမ်ဘီယာနိုင်ငံ၏ ဆန်းသစ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်ပြီး တင်ပြပါ့မယ်။ တရားရုံးကအမှုစွဲဆိုပိုင်ခွင့်အခြေအနေကို “အမှုမှာပါဝင်တဲ့နိုင်ငံများ၏ တောင်းဆိုသော အကြောင်းအရာနှင့်ပတ်သက်၍ တရားဝင်ရပိုင်ခွင့် သို့မဟုတ် တရားဝင်အကျိုးစီးပွား”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ယခု ဂမ်ဘီယာနိုင်ငံကတော့ တရားရုံးကို အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ် ပေးနေပါတယ်။ ယခုအမှုစွဲဆိုနိုင်ခွင့်အခြေအနေသည် အငြင်းပွားမှု၏ အဓိကအကြောင်းအရာနှင့်ပတ်သက်သော စည်းမျဉ်းတွေနှင့်စပ်လျဉ်း၍ လေးစားလိုက်နာရမည့် အကျိုးစီးပွားထက် မပိုရန်လိုအပ်ပါတယ်။
၂၉။ ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်အား လေ့လာဆန်းစစ်စရာတွေအများကြီး ဖြစ်ပေါ်စေပါတယ်။
၃၀။ ပထမအချက်အနေနဲ့ ဒါဟာ လိုသလိုဆွဲယူထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်၏ အင်္ဂါရပ်များသည် လက်ရှိအမှုနှင့်ကိုက်ညီပါတယ်ဆိုပြီး သက်သေပြနိုင်ရန် ရည်ရွယ်ပြီး ဖန်တီးထားသောအဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပါတယ်။
၃၁။ ဒုတိယအချက်အနေနဲ့ SS Wimbledon အမှုသည် အမှုစွဲဆို နိုင်ခွင့် အခြေအနေနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာအသစ်သစ်သော ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် ဆိုးရွားသည့် တာထွက်မှု တစ်ခု ဖြစ်ပါတယ်။ အဆိုပါအမှုတွင် အမှုစွဲဆိုခွင့်နှင့်စပ်လျဉ်း၍ စာချုပ်ပါ ပြဋ္ဌာန်းချက်တချို့ကို ချိုးဖောက်မှုရှိလျှင် အကျိုးစီးပွား သက်ဆိုင်သောနိုင်ငံက အမြဲတမ်းအပြည်ပြည်ဆိုင်ရာတရားရုံး (Permanent Court of International Justice) ၌ အမှုစွဲဆိုနိုင်သည်ဟု ပြဋ္ဌာန်းထားသည့် ဆိုင်းငြိမ်းချမ်းရေးစာချုပ်၏ အပိုဒ် ၃၈၆၊ စာပိုဒ် ၁ အပေါ် အခြေခံခဲ့တာ ဖြစ်ပါတယ်။ ဥရောပလူ့အခွင့်အရေး စာချုပ်၊ အပိုဒ် ၃၃ ကဲ့သို့ပင်အပိုဒ်၃၈၆ သည် အမှုစွဲဆိုနိုင်ခွင့်အခြေအနေ နှင့်ပတ်သက်ပြီး ထူးခြားသောအခွင့်အာဏာကို သတ်မှတ်ပြဋ္ဌာန်း ပေးထားတာဖြစ်ပါတယ်။
၃၂။ တတိယအချက်အနေနဲ့ ဂမ်ဘီယာနိုင်ငံ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အသစ်အတွက် တရားရုံး၏ ဥပဒေစနစ်မှာ မည်သည့်အထောက်အပံ့ တစ်စုံတစ်ရာမျှမတွေ့ရတာဘဲ ဖြစ်ပါတယ်။ အမှန်တော့ တရားရုံးက အမှုစွဲဆိုနိုင်ခွင့်အခြေအနေ (Standing) နှင့် တရားဝင်အကျိုးစီးပွား (Legal Interest) ဆိုတဲ့ စကားရပ်တွေကို Bosnian Genocide အမှုမှာ ဖော်ပြခဲ့သလို အပြန်အလှန် သုံးစွဲနေပါတယ်။
ဥက္ကဋ္ဌကြီးနှင့် လေးစားအပ်ပါသော တရားသူကြီးမင်းများခင်ဗျာ၊
၃၃။ ကနဦးကန့်ကွက်လွှာတတိယအချက်အပေါ် မိမိ၏တင်ပြချက်ကို ယေဘုယျ လေ့လာဆန်းစစ်ချက်တွေနဲ့ ထပ်မံနိဂုံးချုပ်ခွင့်ပြုပါ။
၃၄။ ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာနိုင်ငံ၏ နိဂုံးချုပ်လျှောက်ထားချက်ကို နားထောင်ရသည့်အခါ ဂမ်ဘီယာနိုင်ငံမှ တခြားသောတွေ့ရှိချက် တွေက Genocide Convention ၏ တန်ဖိုးကို ဆိုးရွားစွာ ယုတ်လျော့စေနိုင်ခြင်းကြောင့် မြန်မာနိုင်ငံကို အမှုစွဲဆိုနိုင်ခွင့် အခြေအနေရှိသည်ဟု လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကျွန်တော့်အနေဖြင့် ဂျာမန်ကဗျာဆရာ ChristianMorgenstern ၏ မဖြစ်နိုင်သောအကြောင်းအရာ “The Impossible Fact” ကဗျာထဲက “သူပြတ်ပြတ်သားသား ဆင်ခြေပေးဖို့အတွက် ဒါဟာ မဖြစ်ရဘူး၊ မဖြစ်နိုင်ဘူး လို့” “For, he reasons pointedly / That which must not, cannot be.”) ဆိုတဲ့ စာကြောင်းလေးကို သွားပြီးသတိရမိပါတယ်။
၃၅။ သို့သော်လည်း ဒါဟာ တရားရုံးက ကိုးကားကျင့်သုံးဖို့ ဆင်ခြင် စဉ်းစားစရာနည်းလမ်းတော့ မဟုတ်ပါဘူး။ ထို့ကြောင့် မြန်မာနိုင်ငံမှ ဂမ်ဘီယာနိုင်ငံသည် လက်ရှိအမှုတွင် အမှုစွဲဆိုနိုင်ခွင့်မရှိသဖြင့် ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်ကို လက်မခံဘဲ ပလပ်ရမည် ဖြစ်ကြောင်းကို အမှုစွဲဆိုခွင့်ပြုခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ တရားရုံးမှ ဆုံးဖြတ်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။
၃၆။ စိတ်ပါဝင်စားစွာနားထောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါတယ်။
၃၇။ ဥက္ကဋ္ဌခင်ဗျာ၊ ဆက်လက်၍ ကနဦးကန့်ကွက်လွှာ တတိယအချက်ကို လျှောက်လဲဖို့အတွက် မြန်မာနိုင်ငံ၏ရှေ့နေ PROFESSOR Mr ROBERT KOLB ကို လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ် ပါတယ်။