Skip to main content

မြန်မာနိုင်ငံ၏ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့် ယှဉ်တွဲဖြတ်ကျော်ခြင်း

မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ဝန်ဆောင်မှုပေးသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများလည်း အရေအတွက်နှင့် ဝန်ဆောင်မှုပေးသည့် ငွေကြေးပမာဏပါ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများနည်းတူ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ငွေရေးကြေးရေး သမဝါယမအသင်းများကလည်း ငွေကြေးဝန်ဆောင်မှုများပေးသဖြင့် ချေးငွေတစ်ခု ထက်ပိုမိုရယူရန် အခွင့်သာသည့် အခြေအနေမျိုး ဖြစ်စေခဲ့သည်။

အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ တွဲဖက်ပါရှိလာသော အလေးထားစောင့်ကြည့်ရမည့် အခြေအနေများမှာ အသင်းဝင်တစ်ဦးက ချေးငွေတစ်ခုထက် ပိုမိုရယူခြင်း (Multiple Borrowing) နှင့် အသင်စင်များ အကြွေးဝန်ပိမှု (Over Indebtedness) တို့ဖြစ်သည်။ ဤအခြေအနေကို ဆန်းစစ်နိုင်ရန် အိန္ဒိယနိုင်ငံမှ Micro-Credit Rating International Limited ၂၀၁၈ ခုနှစ် ဇွန်လတွင် စစ်တမ်းကောက်ယူခဲ့ပါသည်။ စစ်တမ်းကောက်ယူခြင်းအရ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းအများအပြား လုပ်ငန်းဆောင်ရွက်သည့်ဒေသများဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းအများဆုံး လုပ်ငန်းဆောင်ရွက်သည့် မြို့နယ် ၁၀ ခုတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ စစ်တမ်းကောက်ယူ တွေ့ရှိချက်အရ ဖြေကြားသူများ၏ ၃၁ ရာခိုင်နှုန်းက ၎င်းတို့သည် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေသုံးခုနှင့်အထက် ရယူထားကြောင်း ဖြေကြားခဲ့သည်ကို တွေ့ရပါသည်။

အထက်ပါ ချေးငွေသုံးခုနှင့်အထက် ရယူထားမှု ဇယားတွင် ဖော်ပြချက်များအရ အသင်းသားတစ်ဦးသို့ ချေးငွေအရေအတွက် သုံးခုနှင့်အထက် ထုတ်ချေးထားသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃ ဖွဲ့ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄၁ ရာခိုင်နှုန်းရှိ၍ အခြား ဒေသများနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးသို့ ရောက်ရှိနေပါသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း ၁၀ ဖွဲ့ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ၁၈ ဖွဲ့ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၅ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း ၁၀ ဖွဲ့ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း ၁၃ ဖွဲ့ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၇ ရာခိုင်နှုန်းအထိ ရှိနေကြောင်း တွေ့ရှိရပါသည်။

အထက်ပါ အသင်းသားများ ကြွေးနွံနစ်မှုနှင့် သက်ဆိုင်သည့် ညွှန်ကိန်းဖော်ပြချက်ဇယားတွင် ဖော်ပြထားချက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် ကြွေးနွံနစ်မှုညွှန်ကိန်းသည် အမြင့်ဆုံးဖြစ်ပြီး ၃ ဒသမ ၇၊ မြစ်ဝကျွန်းပေါ်ဒေသတွင် ၂ ဒသမ ၈၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ဒသမ ၆၊ မွန်ပြည်နယ်တွင် ၃ ဒသမ ၁၂၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ ဒသမ ၀၅ ရှိကြောင်း တွေ့ရှိရပါသည်။ (မှတ်ချက်။ ချေးငွေအရေအတွက် တစ်ခုအား ညွှန်ကိန်း (Weight) တစ်၊ ချေးငွေအရေအတွက် နှစ်ခုအား ညွှန်ကိန်း(Weight) နှစ်၊ ချေးငွေအရေအတွက်သုံးခုအား ညွှန်ကိန်း (Weight) ၃ ဒသမ ၅၊ ချေးငွေအရေအတွက် လေးခုအား ညွှန်ကိန်း(Weight) ငါး၊ ချေးငွေအရေအတွက် ငါးခုနှင့်အထက်အား ညွှန်ကိန်း (Weight) ခုနစ် ဟု သတ်မှတ်ထားပါသည်။)

ဖော်ထုတ်ရရှိချက်မှာ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ထုတ်ချေးသော ချေးငွေပမာဏသည် အသင်းဝင်များလိုအပ်သည့် ချေးငွေပမာဏသို့ မပြည့်မီသေးကြောင်း တွေ့ရပြီး ပျမ်းမျှချေးငွေအရွယ်အစား ယခုထက်ပို၍ ထုတ်ချေးနိုင်သေးကြောင်း တွေ့ရပါသည်။ သို့ရာတွင် အသင်းဝင်များက ချေးငွေတစ်ခုထက် ပိုမိုရယူခြင်း စောင့်ကြည့်ရန် လိုအပ်သည့်အပြင် အသေးစားထား ငွေရေးကြေးရေး အဖွဲ့အစည်းအားလုံးက အသင်းဝင်များ၏ ချေးငွေရယူမှု သတင်းအချက်အလက်ကို မျှဝေသုံးစွဲနိုင်သည့် သတင်းအချက်အလက် မျှဝေခြင်းစနစ်တစ်ခု တည်ထောင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ ဤလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းနှင့် Thitsar Works IT Co.,Ltd တို့ပူးပေါင်း၍ Myanmar Credit Information Exchange (MCIX) Platform တစ်ခုတည်ထောင်၍ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်တွင် MCIX လုပ်ငန်းစဉ်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ပူးပေါင်းပါဝင်၍ သတင်းအချက်အလက်အခြေပြု ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော COVID-19 ကမ္ဘာ့ကပ်ရောဂါ (Covid-19 Pandemic) သည် နိုင်ငံအားလုံးရှိ စီးပွားရေးလုပ်ငန်းများအပါအဝင် ပြည်သူများ၏ လူမှုစီးပွားဘဝများကို များစွာထိခိုက်ပျက်စီးစေခဲ့သည်။ အထိအနာဆုံးမှာ ဝင်ငွေနည်းပြည်သူများ ဟုဆိုနိုင်သည်။ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းစဉ်များတွင် နယ်မြေအချို့ ကိုဖြစ်စေ၊ ဒေသအားလုံးကိုဖြစ်စေ သွားလာမှုပိတ်ပင်ခြင်း၊ (Lock down)၊နေအိမ်တွင်သာ နေထိုင်ရန် (Stay at Home) သတ်မှတ်ခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်း (Travel Restriction)၊ ပြည်ဝင်ခွင့် ဗီဇာများယာယီပိတ်ပင်ခြင်း၊ လူစုလူဝေးပြုလုပ်မှု ကန့်သတ်ခြင်း၊ ဈေးဆိုင်/ ကုန်တိုက်များတွင် ရောင်းဝယ်မှုစည်းမျဉ်းများ သတ်မှတ်ခြင်း စသည့် ကန့်သတ်ချက်များ ချမှတ်ကြသည်။ အထူးသဖြင့် Stay at Home သတ်မှတ်ခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်း၊ လူစုလူဝေး ပြုလုပ်မှုကန့်သတ်ခြင်းနှင့် ဈေးဆိုင်များတွင် ရောင်းဝယ်မှုစည်းမျဉ်း သတ်မှတ်ချက်များကြောင့် ပုံမှန်လည်ပတ်နေသော အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းများ တုန့်နှေးကျဆင်းခြင်း၊ အချို့ရပ်ဆိုင်း/ ပိတ်သိမ်းခြင်းကို တွေ့ကြုံခံစားခဲ့ရသည်။

ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသောလုပ်ငန်းများတွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အသေးစား ငွေရေးကြေးရေးလုပ်ငန်းသည် ကျေးလက်နှင့် မြို့ပြနေဝင်ငွေနည်းပြည်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် မကြာခဏ ထိတွေ့ဆက်ဆံ ဆောင်ရွက်ရသည်။ လုပ်ငန်းသဘောသည် ကိုဗစ်ကွယ်ရေးအတွက် လူချင်းထိတွေ့ ဆက်ဆံမှုရှောင်ကြဉ်ရန်အချက်နှင့် ဆန့်ကျင်နေသည့် သဘောရှိသည်။ Lock downı Stay at Home ကာလ၊ ခရီးသွားကန့်သတ်ချက်များကြောင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်မှု ရပ်တန့်မသွားစေရန်နှင့် သတ်မှတ်ရောဂါ ကာကွယ်ရေးစည်းမျဉ်းနှင့် ညီညွတ်စေရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက လိုအပ်သောအမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ထိန်း ညှိဆောင်ရွက်ပေးခဲ့ပါသည်။

ကိုဗစ်ရောဂါ ဖြစ်ပွားမှုအကျိုးဆက်ကြောင့် အသင်းဝင် ဝင်ငွေနည်းပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းများ တုံ့နှေးကျဆင်းသဖြင့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ၎င်းတို့ချေးယူထားသောချေးငွေများ ပုံမှန်ပြန်လည် ပေးဆပ်ရန် အခက်ကြုံကြရသည့်အပြင် အချို့ဒေသများ၌ နယ်မြေတည်ငြိမ် အေးချမ်းမှုအခြေအနေကြောင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းဝန်ဆောင်မှု ပေးခြင်းလုပ်ငန်းများ ကျဆင်းရသည်။ အသင်းဝင်များမှ ချေးငွေများ ပြန်လည်ပေးဆပ်ရန် အခက်ကြုံရသကဲ့သို့ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများကလည်း ချေးငွေအသစ်များ ထပ်မံထုတ်ချေးရန် ကန့်သတ်ချက်များ ဖြစ်စေခဲ့သည်။ အထက်ပါ ကန့်သတ်ချက်များကြောင့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လစဉ်ထုတ်ချေးငွေ လက်ကျန် ကျပ်ဘီလီယံ ၂၀ မှ ဘီလီယံ ၄၀ ကြား လစဉ်လျော့ကျလျက်ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျပ် ၂၇၂၁ ဒသမ ၄၉၄ ဘီလီယံရှိရာမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ကျပ် ၂၄၃၃ဒသမ ၇၉၃ ဘီလီယံထိ ကျဆင်းသွားသည်။ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် Ongo ၊ Wave Money ၊ True Money ၊ Quick Pay ၊ KBZ Pay ၊ MPT Pay အစရှိသည်တို့နှင့် ပူးပေါင်း၍ Mobile Digital ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြင့် ချေးငွေပြန်လည်ကောက်ခံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် အသင်းဝင်များကို ငွေကြေး ဝန်ဆောင်မှု​ပေးရာတွင် Digital Financial Services အသုံးပြုမှုကို ပိုမိုဆောင်ရွက်လာကြောင်း တွေ့ရသည်။

ဆန္ဒရှိလျှင် နည်းလမ်းရှိသည်ဆိုသည့် ဆိုရိုးစကားအတိုင်း အခက်အခဲပြဿနာရှိလျှင် အဖြေ ရှိစမြဲပင်။

အသင်းဝင်များ၏ချေးငွေ ပြန်လည်ပေးဆပ်နိုင်မှုကို သက်သောင့်သက်သာဖြစ်စေရန် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်နှင့်အညီ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ၎င်းတို့ထုတ်ချေးထားသည့် ချေးငွေများအတွက် ချေးငွေသက်တမ်းပြင်ဆင်ပေးခြင်း၊ ချေးငွေအသစ်ထုတ်ချေးပြီး အဟောင်းပြန်ဆပ်စေခြင်း၊ အတိုးကိုသာပေးဆပ်၍ ချေးငွေအရင်း ပေးဆပ်မှုကိုကာလ ရွှေ့ဆိုင်းပေးခြင်း၊ အသင်းဝင်များ၏ စုဆောင်းငွေများ ပြန်လည်ထုတ်ပေးခြင်းဖြင့် ပြေလည်မှုကို ရစေခဲ့သည်။ ထို့ပြင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ စားသောက်ဆိုင်လုပ်ငန်းများ လည်ပတ်စေရန် လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် ချေးငွေကို တစ်နှစ်လျှင်အတိုးနှုန်း နှစ်ရာခိုင်နှုန်း၊ သက်တမ်း တစ်နှစ်ဖြင့် ထုတ်ချေးရေး ဆောင်ရွက်ရာတွင် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း ၅၃ ဖွဲ့မှ ကျပ် ၆၅ ဒသမ ၃၀၃ ဘီလီယံထုတ်ယူခဲ့ပြီး ယင်းအဖွဲ့အစည်းများမှ လက်ဖက်ရည်ဆိုင် ၅၉၉၄ ဆိုင်နှင့် စားသောက်ဆိုင်ငယ် ၁၁၆၅၂ ဆိုင်သို့ ထုတ်ချေးပေးခဲ့ပါသည်။ ထို့အပြင် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ ကြုံတွေ့နေရသည့် လှည့်ပတ်ငွေ ကျဆင်းနေမှုကို အဆင်ပြေစေရန် လိုအပ်သည့် အတိုးနှုန်းသက်သာသော စီးပွားရေးချေးငွေကာလ သုံးနှစ်၊ တစ်နှစ်ဆိုင်းငံ့၊ အတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း (အာမခံပစ္စည်းမဲ့)ဖြင့် ငွေကျပ် ၁၀၀ ဘီလီယံကို ထုတ်ချေးခဲ့ရာတွင် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း ၃၆ ဖွဲ့မှကျပ် ၁၃ ဒသမ ၇၆၅ ဘီလီယံ ထုတ်ယူခဲ့ပါသည်။ ထို့အပြင် ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းမြင့်မားသည့် ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အသင်းဝင်များက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ပေးဆပ်ရန် အချိန်စေ့ရောက်သည့် ချေးငွေရင်းနှင့် အတိုးကို ၂၀၂၁ ခုနှစ် ဧပြီလသို့ ရွှေ့ဆိုင်းပေးရန်အတွက် လိုအပ်သည့်လည်ပတ်မတည်ငွေ ကျပ် ၂၃၉ ဒသမ ၉၁၇ ဘီလီယံကို နိုင်ငံတော်က အတိုးမဲ့ကာလတို တစ်နှစ်ချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ရာ အသေးစား ငွေရေးကြေးရေးအဖွဲ့ အစည်း ၂၆ ဖွဲ့မှ ကျပ် ၂၅ ဒသမ ၈၂၁ ဘီလီယံသာ ထုတ်ယူခဲ့သဖြင့် ထုတ်ချေးရန် ခွင့်ပြုထားရှိပြီး ဖြစ်ပါသည်။ ထို့အပြင် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ငွေကြေးအခြေအနေ ခိုင်မာရန်နှင့် ချေးငွေပြန်လည် ကောက်ခံမှုများ အဆင်ပြေချောမွေ့စေရန် ချေးငွေအတန်းအစား ခွဲခြားခြင်းနှင့် ချေးငွေဆုံးရှုံးမှု လျာထားချက်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကောက်ခံရန်ကျန်ရှိသော ချေးငွေလက်ကျန်များအပေါ် ချေးငွေဆုံးရှုံးမှု လျာထားရာတွင် ချေးငွေလက်ကျန်ပမာဏ၏ တစ်ရာခိုင်နှုန်း လျာထားဆောင်ရွက်ခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ပထမအကြိမ်၊ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ခြင်းမရှိမီ ချေးငွေဆုံးရှုံးမှု လျာထားခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၂၁ ခုနှစ်ဇွန်လကုန်အထိ တတိယအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ စတုတ္ထအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ပဉ္စမအကြိမ်အဖြစ် လည်းကောင်း ဖြေလျှော့ဆောင်ရွက်ပေးမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

ချေးငွေဆုံးရှုံးမှု လျာထားခြင်းကို ဖြေလျှော့၍ ချေးငွေလက်ကျန်၏ တစ်ရာခိုင်နှုန်း လျာထားခွင့်ပြုခြင်းဖြင့် ချေးငွေအသစ် ထုတ်ချေးမှုပုံစံဖြင့် မူလချေးငွေကို ပြင်ဆင်ခြင်း၊ ထပ်ဆောင်းချေးငွေ ထုတ်ချေးခြင်းဖြင့် ချေးငွေစာချုပ် ပြင်ဆင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်များကို လျော့နည်းစေမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင်နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ယေဘုယျအားဖြင့် ကျေးလက်ဒေသသည် လူဦးရေသိပ်သည်းမှု နည်းပါးသဖြင့် ကိုဗစ်ရောဂါကူးစက်မှု နှုန်းနည်းပါးသည့်အခြေအနေဖြစ်သည်။ ကိုဗစ်-၁၉ ၏ထိခိုက်မှုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်ထုတ်လုပ်မှုကို ထိခိုက်မှုနည်းပါးသဖြင့် ချေးငွေထုတ်ချေးသည့် ကဏ္ဍကို အဆိုပါကဏ္ဍများတွင် ပိုမိုတိုးချဲ့ ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

အချုပ်အားဖြင့်ဆိုရသော် တရားဝင်ဘဏ်ဝန်ဆောင်မှုရရန် ခက်ခဲသည့် ကျေးလက်နှင့် မြို့ပြနေ ဝင်ငွေနည်းပြည်သူများနှင့် MSME များအတွက် သင့်တင့်​သောကုန်ကျစရိတ်ဖြင့် လက်လှမ်းတစ်မီ ငွေကြေးဝန်ဆောင်မှုရရှိရေးသည် အရေးပါသော ပကတိလိုအပ်ချက် တစ်ရပ်ဖြစ်သည်။ သို့မှသာ ၎င်းတို့လိုအပ်သော လည်ပတ်မတည်ငွေရင်း ရရှိခြင်းမှတစ်ဆင့် အပိုဝင်ငွေရရှိစေသော အသက်မွေးဝမ်း ကျောင်းနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ သက်ဆိုင်သူများအားလုံး အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။ ယခုအချိန်တွင် ကိုဗစ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီး မကြာမီ နယ်မြေဒေသတည်ငြိမ် အေးချမ်းလာတော့မည်ဖြစ်၍ ဝင်ငွေနည်းပြည်သူများ၏ လူမှုစီးပွားဘဝပန်းခင်းများ လန်းဆန်းဝေဖြာစေရန် လိုအပ်သည့် ရေကြည်၊ ရေအေး၊ ရေသန့်နှင့်တူသော ငွေကြေးဝန်ဆောင်မှုများ အရှိန်အဟုန်ဖြင့် ပြန်လည်စီးဆင်း သွန်းဖျန်းနိုင်ရန် အဘက်ဘက်က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် အားထုတ်ကြပါစို့ဟု ဆန္ဒပြုတိုက်တွန်း လိုက်ရပါသည်။ ။

မောင်ငွေကြေး