Skip to main content

ဗိဿနိုးမြို့ဟောင်း သမိုင်းပုံရိပ်

ယမန်နေ့မှအဆက်

၂၀၀၃ ခုနှစ် ဗိဿနိုးမြို့ဟောင်း တူးဖော်မှုတွင် ဗိဿနိုးမြို့ဟောင်း ကုန်းအမှတ်-၁၃ (BTO-13) မြေလွှာအမှတ် ()နှင့် () အကြား မြေအနက် နှစ်ပေ နှစ်လက်မတွင် အုတ်အကျိုးအပဲ့များနှင့်အတူ ကြေးဗုဒ္ဓဆင်းတုတော် တစ်ဆူ၊ ကြေးခေါင်းလောင်း တစ်လုံး၊ ကြေးဆီ မီးခွက်အရွယ်စုံ လေးခု စသည့်ဗုဒ္ဓဘာသာဆိုင်ရာ သာသနိကပစ္စည်းများကို တူးဖော်တွေ့ရှိရပါသည်။    

ကုန်းအမှတ်-၁၃ (BTO-13) မှ တူးဖော်တွေ့ရှိရသော ကြေးဗုဒ္ဓဆင်းတုတော်မှာ ဗိဿနိုးမြို့ဟောင်း အတွင်း  ပထမဦးဆုံး  တူးဖော်တွေ့ရှိရသော ဗုဒ္ဓဘာသာဆိုင်ရာ ဆင်းတုတော်ဖြစ်ပါသည်။ ကြေးဗုဒ္ဓ ဆင်းတုတော်မှာ   ခြေနှစ်ဖက်ကိုချ၍   သက်သောင့်သက်သာစွာ ထိုင်နေတော်မူဟန် ပရလမ္ဘနသန (Pralambanasana) ပုံစံဖြစ်ပါ သည်။ ဘယ်လက်တော်မှာ ဘယ်ဘက်ဒူးပေါ်တွင်အုပ်၍ အသာအယာ တင်ထားဟန်ရှိပါသည်။ ညာဘက်လက်တော်မှာ ညာဘက်ပေါင်တော်ပေါ်မှ အနည်းငယ်မြင့် တက်လျက် လက်ဖဝါးကို အရှေ့ဘက်သို့ဖြန့်၍ လက်ညှိုးနှင့် လက်မကို ကွေးဝိုက်လျက် ထိထားသောဟန် ဝိတက္ကမုဒြာ (Vitarka mudra) ဖြင့် ရှိပါသည်။  ဝိတက္ကမုဒြာမှာ  ပျူခေတ် ဆင်းတုတော်တို့တွင်   ထင်ရှားသော   မုဒြာဖြစ်၍     တစ်ခါတစ်ရံ လက်တော် နှစ်ဖက်လုံးတွင်လည်း ဝိတက္ကမုဒြာ (Double Vitarka Mudra) ဖြင့် သရုပ်ဖော် သွန်းလုပ်လေ့ရှိပါသည်။

ကြေးဗုဒ္ဓဆင်းတုတော်နှင့် သာသနိကပစ္စည်းများသည် ခရစ်နှစ် ရာစုအတွင်း  ဗိဿနိုးမြို့ဟောင်းမှ  ဗုဒ္ဓဆင်းတုကိုးကွယ်သော ဂိုဏ်းတစ်ခုခုမှ  ပစ္စည်းများဖြစ်နိုင်ပါသည်။  ဗိဿနိုးမြို့ဟောင်းမှ ကြေးဗုဒ္ဓဆင်းတုတော်နှင့် သာသနိကပစ္စည်းများက  ဗိဿနိုးမြို့ဟောင်း ပျူတို့၏ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုဆိုင်ရာ သာသနိက ပစ္စည်းများအဖြစ်သာမက ဘာသာရေးဆိုင်ရာ အနုပညာ (Religious Arts) ကိုလည်း ညွှန်ပြနေပါသည်။ ယခင်က ဗိဿနိုးမြို့ဟောင်းတွင် ဗုဒ္ဓဆင်းတုတော် ကိုးကွယ်မှုမရှိဟူသောအယူအဆကို ယခုတွေ့ရှိချက်က   ကျော်လွန်ပယ်ဖျက်လိုက်ပြီဖြစ်သည်။   ဗိဿနိုးခေတ်တွင် ဗုဒ္ဓဆင်းတုကို ထုလုပ်ကိုးကွယ်မှုရှိကြောင်းလည်း မှတ်ယူနိုင်ပါသည်။

ဗိဿနိုးမြို့စာပေအထောက်အထား

ပျူတို့မှာ တိဗက်-မြန်မာအနွယ်ဝင်များဖြစ်ပြီး တိဗက်ကုန်းပြင်မြင့်မှ ရှေးဦးစွာ ဝင်လာသူများ ဖြစ်ကြသည်။ ဘာသာဗေဒဆန်းစစ်ချက်အရ  ပျူဘာသာသည်  အဆုံးသတ်ဗျည်းမဲ့၍  သံနေသံထား ရှစ်ခုခန့်ရှိသော တိဗက်-မြန်မာ ဘာသာမျိုးဖြစ်သည်။ မြန်မာနှင့် နီးစပ်သည်ဟု ဆိုပါသည်။ ပျူတို့ဝင်လာသော ကာလကို ခရစ်တော်မပေါ်မီ  ပထမနှစ် တစ်ထောင်ဖြစ်မည်ဟု ခန့်မှန်းပါသည်။ ခရစ်နှစ် ရာစုခန့်ကစတင်၍ ပျူများမှာ  ထင်ရှားလာသည်။  ဗိဿနိုးမြို့ဟောင်းကုန်းအမှတ် ()တူးဖော်ရာမှရရှိသော မြေမီးဖုတ် တံဆိပ်တုံးတွင်  “သံဃသီရိဟူသော ဗြဟ္မီအက္ခရာဖြင့် ရေးသားထားသည်။  ထိုမြေမီးဖုတ်တံဆိပ်တုံးကို အေဒီ ရာစုက လက်ရေးလက်သားဖြစ်ကြောင်း ပညာရှင်တို့က သတ်မှတ်ကြပါသည်။

ဗိဿနိုးအိုးနှင့် မြေမီးဖုတ်အနုပညာ

ပျူအိုးများကို အိုးထိန်းစက်ဖြင့်ပြုလုပ်ကြောင်း တွေ့ရှိရသည်။ ပျူအိုးများကို သိုလှောင်အိုး၊ ချက်ပြုတ်အိုး၊ စားခွက်အိုး၊ သောက်ခွက်အိုး၊ အရိုးအိုးဟူ၍ ငါးမျိုး ခွဲခြားနိုင်သည်။ အမွမ်းအမံ၊ အိုးငယ်နှင့် ဆီမီးခွက်များကို လက်ဖြင့်ပုံဖော်လေ့ရှိသည်။ အိုးပေါ်တွင် သီရိဝစ္ဆ၊ ကလသာအိုး၊ ငါးနှစ်ကောင်၊ ဟင်္သာ၊ မြင်းအမှတ်အသား၊ လူရုပ်များကို တံဆိပ်ရိုက်ရေးခြယ်သထားသည်။ အရိုးအိုးများကို အရောင်တင်ခြင်း မရှိပေ။ အရိုးအိုးများကို လည်ရစ်၊ ဖောင်းရစ်၊ အရေးအကြောင်းများ၊ စောင်းတွန့်များ၊ အချို့အရိုးအိုးများတွင် အဖုံးနှင့် အိုးမနှုတ်ခမ်းအောက် ခြေပိုင်းတွင်   ငှက်ရုပ်ကလေးများပျံသန်းနေပုံ   ပြုလုပ်ထားသည်။ ချက်ပြုတ်အိုး၊ ရေအိုး၊ ရေထည့်အိုးနှင့် အရိုးအိုးဟူ၍ ခွဲခြားသိနိုင်သည်။ ရေအိုးမှလွဲ၍ ကျန်အိုးများကို အိုးထိန်းစက်ဖြင့် ပြုလုပ်ထားသည်။ အိုးများကို  လည်တံတို၊  လည်တံရှည်၊ နှုတ်ခမ်းပက်၊  နှုတ်ခမ်းထူ ပြုလုပ် ထားသည်။

ယခင်တူးဖော်မှုများက  မြေကိန္နရီရုပ်၊  ခွေးရုပ်နှင့် ဖားရုပ်စသော မြေမီးဖုတ်ရုပ်ကြွအချို့ကို     ရခဲ့ဖူးပါသည်။   သို့သော်  ယခုကဲ့သို့ မြေမီးဖုတ်ကနုတ်လက်ရာ အဆင်တန်ဆာများမှာ ယခု ပထမဦးဆုံး တူးဖော်ရရှိခဲ့ခြင်း  ဖြစ်ပါသည်။   ဗိဿနိုးမြို့ဟောင်းမြောက်ဘက် မြို့ရိုးအပြင်ဘက်ရှိ အိုးထိန်းတောင်နေရာမှ ကုန်းအမှတ်-၁၉ (BTO-19)နှင့် ကုန်းအမှတ်-၂၀ (BTO-20) တို့ကို တူးဖော်ရာတွင် ပျူအရိုးအိုးပေါင်း အများအပြားတွေ့ရှိခဲ့ရပါသည်။ ထိုအရိုးအိုးများအနက် အိုးအဖုံးနှင့်   အိုး၏နှုတ်ခမ်းနှင့်   အောက်ခြေပိုင်းတို့တွင်   ငှက်ရုပ်ကလေးများ  ပျံနေဟန်  သရုပ်ဖော်ထားသော အရိုးအိုးခြောက်လုံးကို ထူးထူးခြားခြားတွေ့ရှိရပါသည်။ ထိုငှက်ရုပ်ကလေးများ မှာလည်း တစ်အိုးနှင့်တစ်အိုး ဖွဲ့စည်းပုံ၊ အဆင်တန်ဆာပြုလုပ်ပုံမတူဘဲ ချိုးငှက်၊ ဥဒေါင်းငှက်၊ ငန်းငှက်  စသည်ဖြင့်  သရုပ်ဖော်ပြုလုပ်ထားကြောင်း တွေ့ရှိရပါသည်။ အိုးများကို အိုးထိန်းစက်ဖြင့် ပုံသွင်းပြုလုပ်ထား ကြောင်း သိသာပါသည်။ သို့သော်  အိုးများတွင်ပါရှိသော  ငှက်ရုပ်ကလေးများ၊ ပန်းခက်များ၊ ဖောင်းလုံးများနှင့် ဖောင်းရစ်များ စသော အဆင်တန်ဆာအချို့ကို  လက်ဖြင့်ပြုလုပ်ကာ   အိုးကိုမီးမဖုတ်မီ တွဲကပ်အောင် စီရင်ပြုလုပ်ထားကြောင်း တွေ့ရှိရပါသည်။ အိုးသားမှာ အနည်းငယ်ကြမ်းတမ်းလှပါသည်။

ထူးခြားသောအိုးတစ်လုံးကိုမူ ကုန်းအမှတ်-၃၃ (BTO-33)တွင် တူးဖော်တွေ့ရှိခဲ့ပါသည်။ ထိုအိုးမှာ သင်္ကြန်အတာအိုးအရွယ်ခန့်ရှိပြီး အိုး၏ကိုယ်ထည်အပေါ်ပိုင်းတွင်  လေးထောင့်ပုံစတုရန်း ကွက်အတွင်းတွင်  သမင်နှစ်ကောင်ရုပ်၊  ငါးနှစ်ကောင်ရုပ်၊ ခရုသင်းရုပ်၊  ငှက်ဖို ငှက်မရုပ် စသည့်ရုပ်ပုံများကို တံဆိပ်တုံး (Stamp)ဖြင့် တံဆိပ်ရိုက် နှိပ်၍ ပုံဖော်ထားသည်ကို တွေ့ရှိရသည်။ ထို့ပြင် အထူးခြားဆုံးအနေဖြင့် ဆေးရေးခြယ်ထားသောအိုး (Painted Pottery)ကို တူးဖော် တွေ့ရှိခြင်းဖြင့် ဗိဿနိုးမြို့ဟောင်း ပျူလူမျိုးတို့၏ ပန်းချီအနုပညာဖန်တီးနိုင်မှု စွမ်းရည်ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။  ထိုအရိုးအိုးများသည် ဗိဿနိုးပျူတို့၏ အိုးအတတ်ပညာကျွမ်းကျင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုအနုပညာ အရည်အသွေးကို   ကောင်းစွာဖော်ညွှန်းလျက်ရှိပါသည်။   ဗိဿနိုး မြို့ဟောင်းရှိ ပျူလူမျိုးတို့၏ အိုးအတတ်ပညာသည် ဟန်လင်း၊ သရေခေတ္တရာနှင့် မိုင်းမောဒေသရှိ ပျူလူမျိုးတို့၏ အိုးအတတ်ပညာထက်သာကြောင်း နှိုင်းယှဉ်တွေ့ရှိရပါသည်။

ဗိဿနိုးပျူဒင်္ဂါး

မြန်မာနိုင်ငံတွင်   အစောဆုံးဒင်္ဂါးကို   ဗိဿနိုးမြို့ဟောင်းတွင် တွေ့ရှိရပါသည်။ ဒင်္ဂါးများကို အများအားဖြင့် ငွေဖြင့်ပြုလုပ်ကြသည်။ တစ်ခါတစ်ရံ ရှားပါးပြီး တွေ့ရခဲသော မြေမီးဖုတ်ဒင်္ဂါးများကိုလည်း တွေ့ရသည်။ တရုတ်မှတ်တမ်း (တန်ရာဇဝင်မင်းဆက်)တွင် ရွှေဒင်္ဂါး များတွေ့ရသည်။ ဒင်္ဂါးများကို ကျက်သရေမင်္ဂလာရှိသော  အမှတ်အသားများ ထည့်သွင်းသုံးစွဲလေ့ ရှိကြသည်။ ပျူဒင်္ဂါးများတွင် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော အမှတ်အသားများဖြစ်သည့် သီရိဝစ္ဆပုံ၊ ဘဒ္ဒပိဌပုံ၊ ဗိန္ဒုပြောက်၊ တက်နေဝန်း၊ ရောင်ခြည်ဖြာပုံ၊ ခရုသင်းပုံ၊ စကြာပုံတို့ ပါရှိကြသည်။ ဒင်္ဂါးများမှာ ယနေ့ခေတ်ကာလ ကျပ်စေ့အရွယ်၊ ငါးမူးစေ့အရွယ်များထက် အနည်းငယ်ကြီးသည်ကို တွေ့ရှိရ ပါသည်။  ဒင်္ဂါးများကို ငွေကြေးအဖြစ် သုံးစွဲခဲ့ဟန်တူပါသည်။ 

ဗိဿနိုးပျူအုတ်

ပျူတို့သည်   မြို့ရိုးများ၊   နန်းတော်များ၊  ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို အုတ်ချပ်များဖြင့် ခိုင်မာစွာ တည်ဆောက်ကြသည်။ ဗိဿနိုးမြို့ဟောင်းတွင် (၁၈ လက်မ x လက်မ x လက်မ) အရွယ်အစားရှိသော   အုတ်ချပ်ကြီးများဖြင့်   တည်ဆောက်ထားသည်ကို တွေ့ရှိရပါ သည်။ မျက်နှာပြင်မှာ အုတ်ချပ်ကြီးများကိုသုံးပြီး အတွင်းဝမ်းစာမှာ အုတ်ချပ်ငယ်များ သုံးထားသည်ကို တွေ့ရှိရပါသည်။ ဗိဿနိုးတွင်    ပုံသဏ္ဌာန်အမျိုးမျိုးနှင့်    အုတ်ချပ်များကိုတွေ့ရပြီး အဆောက်အအုံများဆောက်ရာ အလှဆင်အုတ်များအဖြစ် အသုံးပြုခဲ့ကြဟန်တူသည်။ ပျူအုတ် များတွင် လက်ရေးစင်းရာပါသော အုတ်ချပ်များကိုတွေ့ရပြီး ပျူစာများရေးထိုးထားသည်ကိုလည်း တွေ့ရပါသည်။ အုတ်ချပ်များအတွင်းတွင် မီးအကျက်ညီစေရန်အတွက် စပါးခွံများကို  ထည့်သွင်းမီးဖုတ်ထားကြောင်းတွေ့ရပြီး   ငစိန်မျိုးရင်းဝင်  စပါးမျိုးများဖြစ်ကြောင်း သိရသည်။

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သည် ဗိဿနိုးမြို့ဟောင်း၏ အရှေတောင်ထောင့်တွင် တည်ရှိသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာ ရက်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့သည်။ ပြတိုက်အတွင်းတွင်   ဗိဿနိုးမြို့ဟောင်း တူးဖော်မှုမှရရှိသော ရှေးဟောင်းပစ္စည်းများကိုသာမက ဗိဿနိုးမြို့ဟောင်းပတ်ဝန်းကျင်မှ  စုဆောင်းရရှိသော  ရှေးဟောင်းပစ္စည်းများကိုလည်း ပြသထားသည်။ ပျူတို့အသုံးပြုခဲ့သောအိုးများ၊ အရိုးအိုးများ၊ ရွှေ၊ ကျောက်၊ မြေမီးဖုတ်ပုတီးများ၊  ရွှေလက်စွပ်၊ ကြေး ထည်၊ သံထည်ပစ္စည်းများကို ပြသထားသည်။

ဗိဿနိုးမြို့ဟောင်းသမိုင်းပုံရိပ်ကို ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသည့်   ခရီးသွား ဧည့်သည်များ    ပိုမိုနားလည်သဘောပေါက်စေရန်အတွက်   ရှေးဟောင်းသုတေသနနှင့်  အမျိုးသား ပြတိုက်ဦးစီးဌာနက  လူထုဆွေးနွေးပွဲများ  ကျင်းပခြင်း၊  ပျက်စီးလျက်ရှိသော ကုန်းဟောင်းများကို   ပြုပြင်ခြင်း၊    ခရီးသွားများ၊    လေ့လာသူများ သွားလာရေးလွယ်ကူချောမွေ့စေရန်  လမ်းများဖောက် လုပ်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ   စိုက်ထူခြင်း၊  လက်ကမ်းစာစောင်များ ရိုက်နှိပ်ဝေငှခြင်း၊ ပြတိုက် အဆင့်မြှင့်တင်ခြင်း၊ သုတေသနပြု တူးဖော်ခြင်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပျူယဉ်ကျေးမှုအမွေအနှစ် ဒေသများဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာပျူမြို့ဟောင်းများကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်မှ   ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းခဲ့ရာတွင် ၂၀၁၄ ခုနှစ် ဇွန်လ  ၂၂ ရက်က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပြီး ဖြစ်ပါသည်။         

မြန်စာမြေသိန်းလွင်