Skip to main content

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ပါ မြန်မာနိုင်ငံ၏ မြို့တော်

7

မြန်မာစကားပုံတွင် “နှုတ်တစ်ရာစာတစ်လုံး” ဟု အဆိုရှိသည့်အတိုင်း စကားအခွန်းပေါင်းတစ်ရာ ပြောဆိုခြင်းထက် စာတစ်လုံးရေးမှတ်ခြင်းသည်သာ မှတ်တမ်းမှတ်ရာအဖြစ် ကျန်ရှိခြင်းနှင့် ပိုမိုထိရောက် ခိုင်မာမှုရှိခြင်းတို့ကြောင့် ရှေးရာစုခေတ်များကတည်းကပင် မှတ်တမ်းမှတ်ရာများကို ကိုးကား၍ ရှေ့ဆက် ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ မြန်မာအဘိဓာန်တွင် “မှတ်တမ်း”၏ အဓိပ္ပာယ်ကို “အရှည်သဖြင့် သိမှတ်ဖွယ်ရာတို့ကို ရေးမှတ်ထားသောစာ” ဟု ဖွင့်ဆိုထားသည်။

ယနေ့ကမ္ဘာသည် ကိုယ်ပိုင်အသိဉာဏ်ပညာဖြင့် ဦးဆောင်သောခေတ်ဖြစ်ရာ ၎င်းကိုမှီငြမ်းမှုပြု၍ ဖန်တီးဖော်ဆောင်နိုင်စေရန် မှတ်တမ်းမှတ်ရာများပါ ဖော်ပြချက်များ၏ ကဏ္ဍတစ်ခုစီတိုင်းသည် အရေး ပါလာသည်ကိုတွေ့ရသည်။ အထူးသဖြင့် ယုံကြည် စိတ်ချရသော သတင်းအရင်းအမြစ်များမှ ထုတ်ပြန် သည့် မှတ်တမ်းမှတ်ရာများနှင့် အစီရင်ခံစာများကို အလေးထား ရှာဖွေဖတ်ရှုပြီး နိုင်ငံတော်၏မူဝါဒ များချမှတ်ရာတွင် ကောက်နုတ်အသုံးချလာကြ သည်အထိ တန်ဖိုးထားလာကြသည်။

မှတ်တမ်းဟုဆိုရာတွင် ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် သက်ရှိသက်မဲ့တို့၏ ထူးခြားသော အကြောင်း အရာများ၊ ဖြစ်စဉ်များနှင့်ပတ်သက်သည့် စံချိန်များ ကို စုစည်းဖော်ပြထားသော ဂင်းနစ်မှတ်တမ်းသည် အကြောင်းအရင်း မှန်ကန်ခိုင်မာမှု အရှိဆုံး ဖြစ်ကြောင်း တစ်ကမ္ဘာလုံးမှ ယုံကြည်လက်ခံလာ သည်အထိ ကောင်းသတင်း ကျော်ကြားလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ခန့် ရှိပြီဖြစ်သည်။

ဂင်းနစ် မှတ်တမ်းအစ

၁၉၅၁ ခုနှစ် နိုဝင်ဘာလတွင် Guniness Brewery ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ မစ္စတာ Hug Beaver သည် ၎င်း၏အဖော်များနှင့်အတူ အိုင်ယာလန်၌ တောပစ်ထွက်ကြရင်း golden pover (မြန်မာ လူမျိုးတို့ သိကြသည့် တလိုင်းကောင်းငှက်ဟုခေါ်သော နှုတ်သီးတိုငှက်) ငှက် တစ်ကောင်ကို ပစ်မိခဲ့ကြရာမှ ဆက်စပ်၍ ဥရောပတွင် အပြေးအမြန်ဆုံးငှက်သည် မည်သည့်ငှက်ဖြစ်ကြောင်း စကားရည်လု၍ အဖြေရှာခဲ့ကြရာ မည်သည့်စာအုပ်တွင်မှ ၎င်းတို့လိုချင်သော အဖြေကို ရှာမတွေ့ခဲ့ကြပေ။ ထို့ကြောင့် Hug Beaver သည် အလားတူ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လူသားတို့ကို အကျိုးပြုနိုင်ရန်အလို့ငှာ မှတ်တမ်းတစ်ခု အဖြစ် ထားရှိသင့်သည့်အပြင် အများပြည်သူများ ဖတ်ရှုနိုင်ရေး စာအုပ်အဖြစ် ထုတ်ဝေသင့်ကြောင်း စတင်စိတ်ကူးဖြစ်ပေါ်သည်။

၎င်း၏ စိတ်ကူးအား အကောင်အထည်ဖော်နိုင်ရန်အတွက် လန်ဒန်အခြေစိုက် အေဂျင်စီတည်ထောင်သူ လည်းဖြစ်၊ ကြော်ငြာတာဝန်ခံလည်းဖြစ်သော ၎င်းနှင့်ညီအစ်ကိုတော်စပ်သူ အမြွှာညီအစ်ကို Norrirs နှင့် Ross McWhirter တို့နှင့်တိုင်ပင်ပြီး ၎င်း၏ကုမ္ပဏီအမည်ဖြစ်သော Guniness Brewery အား အစွဲပြု၍ ဂင်းနစ် မှတ်တမ်းစာအုပ်(Guniness Record Book) ကို ၁၉၅၅ ခုနှစ် သြဂုတ် ၂၇ ရက်တွင် ဂရိတ်ဗြိတိန်၌ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သည်။

အဆိုပါစာအုပ်သည် စာဖတ်သူများအကြား တစ်ဟုန်ထိုး လူကြိုက်များခဲ့ပြီး ရောင်းအား အကောင်းဆုံး စာအုပ်အဖြစ် ရပ်တည်ခဲ့သည်။ ပထမဦးဆုံးအကြိမ် စာအုပ်ထုတ်ဝေပြီး လပိုင်းအကြာ ၁၉၅၆ ခုနှစ်တွင် အမေရိကန်နိုင်ငံသားတစ်ဦးက အကြောင်းအရာအချို့ကို ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ထပ်မံဖြည့်စွက် ပေးခဲ့သည်။ ထိုသို့ထုတ်ဝေပြီး အခြားသောနိုင်ငံများမှလည်း ထပ်မံ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြသည်။ Ross McWhirter ကိုယ်တိုင်လည်း ဂင်းနစ် မှတ်တမ်းစာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများ၏ အဖြေရရှိရန် တစ်ကမ္ဘာလုံးအနှံ့ ခြေဆန့်ပြီး သုတေသနများပြုလုပ်ခြင်း၊ အထောက်အထား မှတ်တမ်း များ စုဆောင်းခြင်းတို့ကို ၁၉၇၅ခုနှစ် Irish republic Army စစ်ပွဲဖြစ်ပွားသည့်အချိန်မှ ကွယ်လွန်သွား သည်အထိ စိတ်ဝင်တစား ဆောင်ရွက်သွားသည်။

၎င်းကွယ်လွန်သွားချိန်တွင် စာအုပ်စတင်ထုတ် ဝေစဉ်ကပင် ပါဝင်ဆောင်ရွက်ခဲ့သော ၎င်းနှင့် ညီအစ်ကို တော်စပ်သူ Norirs က ၁၉၈၆ ခုနှစ်အထိ ဆက်လက်တာဝန်ယူထုတ်ဝေခဲ့သည်။ ဂင်းနစ် မှတ်တမ်းစာအုပ် စတင်ထုတ်ဝေပြီး နောက်နှစ် ၁၉၅၆ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ စာအုပ်ဆိုင်များ၌ မိတ်ဆက်ရောင်းချခဲ့ရာ စာဖတ်သူများ လက်ထဲသို့ အုပ်ရေ ၇၀၀၀၀ ရောက်ရှိခဲ့သည်။ ဂင်းနစ် မှတ်တမ်းစာအုပ်ကို နှစ်စဉ်ထုတ်ဝေလျက် ရှိရာ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဘာသာစကား ၃၇ မျိုးဖြင့် ရောင်းချနေသည်။ ယနေ့အထိ အုပ်ရေသန်းပေါင်း ၁၀၀ ကျော် ရောင်းချခဲ့ရသည်အထိ ဂင်းနစ်မှတ်တမ်းစာအုပ်သည် စာဖတ်သူများအကြား ရေပန်းစားမှု မြင့်မားနေသည့် မှတ်တမ်းစာအုပ်အဖြစ် ရပ်တည်လျက်ရှိသည်။

ဂင်းနစ် မှတ်တမ်းပါ နိုင်ငံ့မြို့တော်

မြို့တော်ဟူသော ဝေါဟာရသည် လက်တင် ဘာသာစကားမှ ဆင်းသက်လာပြီး “အခေါင် အထွတ်"ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် အများနှင့်မတူ ထူးခြား ကောင်းမွန်သည့် သဘာဝတရားက ဖန်တီးပေး ထားသော မြေပြင်အနေအထားများ၊ အခြားသောမြို့များနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်သော အလယ်ဗဟိုကျရာ ဆုံမှတ်များ၊ အားကိုးအား ထားပြုရသည့် ကုန်းလမ်းရေလမ်းတို့၏ နီးရာနေရာများ၊ ကူးသန်းရောင်းဝယ်ရေး စည်ကားရာအရပ်များတွင် နိုင်ငံအုပ်ချုပ်သူများ ရုံးစိုက်လေ့ရှိကြပြီး အဆိုပါ နေရာများတွင် နိုင်ငံ့မြို့တော်များ တည်ထောင်ကြသည်။ ထို့ပြင် နိုင်ငံ့မြို့တော်၏ တည်နေရာသည် လုံခြုံမှုရှိရန်သာမက တိုင်းပြည် အင်အားစုစည်းရာတွင် လွယ်ကူသည့်နေရာဖြစ်ရန် ဟူသောအချက်ကို လည်း ထည့်သွင်းစဉ်းစားလေ့ရှိသည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရအုပ်ချုပ်စဉ် ၁၈၈၆ ခုနှစ်မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ အစိုးရအုပ်ချုပ်သည့် ၂၀၀၀ ပြည့်နှစ် ကာလလွန်အထိ ရေကြောင်းသွားလာမှု အားထားရာ ပင်လယ်ထွက်ပေါက်နှင့်နီးသော နိုင်ငံ့တောင်ဘက်ပိုင်းရှိ ရန်ကုန်မြို့ကို မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်ခဲ့ရာမှ ပဲခူးရိုးမနှင့် ရှမ်းရိုးမအကြား ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ နှင့် မန္တလေးမြို့မှ ၂၄၈ ကီလို မီတာအကွာ နိုင်ငံအလယ်ပိုင်းတွင် မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်၍ ၂၀၀၅ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။

မြို့တော်သစ် တည်ဆောက်ခြင်းတွင် နိုင်ငံသားများပေးဆပ်ကြသည့် အရင်းအနှီးများ အရှိန်အဟုန် ကောင်းခဲ့သဖြင့် အချိန်တိုအတွင်း တည်ဆောက်နိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာ့ ထူးခြားမှတ်တမ်းများဖော်ပြသော ဂင်းနစ်စာအုပ်တွင် မြန်မာနိုင်ငံ၏ မြို့တော်သစ်ဖြစ်သည့် နေပြည်တော်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံ၏ မြို့တော်သစ်အင်္ဂါရပ်များ တည်ဆောက်ပြီးစီးမှု ၅၇ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သဖြင့် ကမ္ဘာပေါ်ရှိ မြို့တော်များတည်ဆောက်မှုတွင် အမြန်ဆုံးတည်ဆောက်နိုင်သည့် မြို့တော်အဖြစ် စံချိန်တင် မှတ်တမ်းပြုခြင်းခံခဲ့ရသည်။ ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ထုတ်ဝေခဲ့သော ဂင်းနစ်မှတ်တမ်း စာအုပ်များတွင် မည်သည့်နိုင်ငံရှိ မြို့တော်ကမှ နေပြည်တော်ရရှိခဲ့သော စံချိန်ကိုချိုး၍ စံချိန်အသစ် တင်နိုင်ကြောင်း ထပ်မံမှတ်တမ်း တင် ဖော်ပြထားခြင်း မရှိပါ။

ထို့ကြောင့် အများပြည်သူများအား အသိပေး သတင်းစကားပါးနိုင်သည့် နည်းလမ်းများကို ဟန်ချက် ညီစွာ ချိတ်ဆက်အသုံးပြု၍ ၂၀၁၀ ပြည့်နှစ် ဂင်းနစ် မှတ်တမ်းစာအုပ်တွင် အသိအမှတ်ပြု မှတ်တမ်းတင် ဖော်ပြထားသည့် နေပြည်တော်၏ ဂုဏ်ဒြပ်အား ဖော်ထုတ်မြှင့်တင်ပေးနိုင်ကြမည်ဆိုပါက ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးသောဒေသဖြစ်ရန် အခြေခံလိုအပ်ချက် ငါးချက်ဖြစ်သည့် ဆွဲဆောင်မှုရှိသော သဘာဝ အလှအပများနှင့် ထူးခြားသမိုင်းဖြစ် စဉ်များရှိခြင်း (Attraction)၊ ခရီးသွားများ တည်းခိုနိုင်ရန်နေရာများ စီစဉ်ခြင်း(Accommodation)၊ လည်ပတ်လိုသည့်နေရာအားလုံးသို့ သွားလာနိုင်ရန် ဆောင်ရွက်ခြင်း (Accessibility)၊ ခရီးသွားလုပ်ငန်း များအဆင်ပြေစေရန် အထောက်အကူပြု ပစ္စည်းများရှိခြင်း (Amenities)၊ လိုအပ်သော ကူညီစောင့်ရှောက်မှုများစီမံခြင်း (Administration) တို့ကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်း အေဂျင်စီများက ဆောင်ရွက်ပေးနိုင်သောကြောင့် နေပြည်တော် အခြေပြု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါသည်။

ထို့ပြင် နိုင်ငံတော်က မျှော်မှန်းဆောင်ရွက်နေသော မြန်မာနိုင်ငံ၏စံပြမြို့တော် ဖြစ်စေရေး Baozas Green City ၊ Clean City နှင့် Smart City အင်္ဂါရပ် များနှင့်အညီ မြို့ပြစီမံကိန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ ထိုနည်းတူစွာ ကမ္ဘာပေါ်ရှိ သက်တမ်း အနုဆုံး နိုင်ငံ့မြို့တော် ၁၀ မြို့တွင် တစ်မြို့အပါအဝင်ဖြစ်သော နေပြည်တော်သည် အခြားနိုင်ငံများရှိ မြို့တော်များအကြား ယခုထက် ပို၍ လှပတင့်တယ်လာ နိုင်မည် ဖြစ်ပါသည်။

ကိုးကား

https://en.wikipedia.org/wiki/Guinness_World_Records

https://www.history.com/this-day-inhistory/the-guinness-book-of-recordsdebuts

https://www.bumalibrary.org/sites/burmalibrary.org/files/obl/mal_26.9.21.pdf

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်၏ ၅-၁၁-၂၀၂၁ ရက်နေ့ ဆွေးနွေးပို့ချချက်

www.nptdc.gov.com

ယုဇနစံ