အဂတိကင်းစင်သော အနာဂတ်နိုင်ငံတော်အတွက် မျိုးဆက်သစ်များ သိကောင်းစရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဦးတည်ချက်(၉)ရပ်ချမှတ် အကောင်အထည်ဖော်လျက်ရှိပါသည်။ လမ်းခရီးတွင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးမျှခြေကို ပျက်စီးစေသော၊ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပေါ်စေသော၊ နိုင်ငံ၏အင်စတီကျူးရှင်း (စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာအဖွဲ့အစည်းများ) အပေါ် ယုံကြည်မှုလျော့နည်းစေသော၊ နှစ်ကာလရှည်ကြာစွာ ရှင်သန်အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုပြဿနာ (Endemic Corruption) ကိုလည်း ကိုင်တွယ်ဖြေရှင်းနေရပါသည်။ အဂတိလိုက်စားမှုကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်ရာတွင် ပြည်သူလူထု၏လက်တွဲ ပူးပေါင်း ဆောင်ရွက်မှုနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေး သိမြင်နားလည်မှု ရေချိန်မြင့်မားရန်လည်း အထူးလိုအပ်လှပါသည်။
အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ
သာမန်ပြည်သူ အများစုတို့က “အဂတိလိုက်စားမှုဆိုတာ အစိုးရရုံးဌာနနှင့် ဆက်စပ်ပတ်သက်ပြီး ဆောင်ရွက်ရာတွင် အလုပ်လျင်မြန်ပြီးမြောက်စေရေး အတွက် လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာရှိသူနှင့် အစိုးရအရာရှိများကို တံစိုးလက်ဆောင် (သို့မဟုတ်) ငွေကြေးပေးခြင်း (လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း)” ဟု သာရိုးရှင်းစွာ နားလည်လက်ခံထားကြပါသည်။ နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Transparency International (TI)က အဂတိလိုက်စားမှုအဓိပ္ပာယ်နှင့် ပတ်သက်၍ ယုံကြည်စွာ အပ်နှင်းထားသော အခွင့်အာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခြင်း (The abuse of entrusted power for private gain) ဟု ဖွင့်ဆိုထားပါသည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို ပုဒ်မ-၃ (က) (၁)၌ “မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံး စားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦး တစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကိုတစ်ဦးတစ်ယောက် အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းဟု ဖွင့်ဆို ထားပါသည်။
ပုဒ်မ-၃ (က)(၂)တွင် မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်း စဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံ ဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း”ဟု ပြည့်စုံစွာ ဖွင့်ဆိုထားပါသည်။
အဂတိလိုက်စားမှုပုံစံများ
နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍအသီးသီးတွင် နယ်ပယ်အလိုက် အဂတိလိုက်စားမှုပုံစံ အမျိုးမျိုးရှိပါသည်။ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အကြီးစားအဂတိလိုက်စားမှု (Grand corruption) အသေးစားအဂတိလိုက်စားမှု (Petty corruption) ဟု အကြမ်းဖျင်းဖော်ပြလေ့ရှိပြီး အကြီးစားအဂတိ လိုက်စားမှုသည် ချင့်ချိန်ပိုင်ခွင့အပ်နှင်းခြင်းခံရသော လုပ်ပိုင်ခွင့်အာဏာရှိသူ အဆင့်များတွင် ပျံ့နှံ့ဖြစ်ပေါ်ပြီး အသေးစားအဂတိလိုက်စားမှုသည် အစိုးရ ဌာနများ၏ နိစ္စဓူဝ၊ နေ့စဉ်အုပ်ချုပ် ရေးလုပ်ငန်းများတွင် ဖြစ်ပွားလေ့ရှိပါသည်။ သာမန်ပြည်သူတို့အနေဖြင့် အဂတိလိုက်စားမှုသည် အစိုးရရုံးဌာနများနှင့် ပတ်သက်ဆက်စပ်၍ ဆောင်ရွက်ရသော ကိစ္စရပ်များတွင် ဥပဒေစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ပေးရေး (သို့) ဥပဒေနှင့်ဆန့်ကျင်၍ ဆောင်ရွက်ပေးရေး အတွက် ငွေကြေး၊ တံစိုး လက်ဆောင်ပေးရသည်ဟုသာ နားလည်သဘောပေါက်ကြသည်။ လူအများနားလည်သည့် အဂတိလိုက်စားမှုပုံစံသည် လာဘ်ပေး၊ လာဘ်ယူပုံစံ (Bribery) သာဖြစ်ပြီး သာမန်ပြည်သူအများ လွယ်ကူစွာ နားမလည်နိုင်သော ရှုပ်ထွေးသည့် နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သော အဂတိ လိုက်စားမှုပုံစံများစွာလည်း ရှိနေပါသေးသည်။
အထက်တန်းလွှာများ၏ အဂတိလိုက်စားမှု (Elite Cartels)
ဤအဂတိလိုက်စားမှုပုံစံတွင် ထိပ်ပိုင်းနိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အစိုးရအရာရှိကြီးများပါဝင်၍ စီးပွားရေးလုပ်ငန်းများ၊ ရပိုင် ခွင့်များနှင့် အကျိုးအမြတ်များကို ၎င်း တို့ကြားတွင် မျှဝေယူကြပြီး ၎င်းတို့၏ နိုင်ငံရေးဩဇာအာဏာ ခိုင်မာရေး အတွက် ကြိုးပမ်းကြသည်။ ၎င်းလူတန်း စားတို့ကြားတွင် ကွန်ရက်များချိတ်ဆက်ကာ နိုင်ငံရေးသမားနှင့် ၎င်းတို့၏ပါတီအတွက် လိုအပ်သော အထောက်အပံ့နှင့် ရန်ပုံငွေများကို စီးပွားရေးသမား ဘက်မှ အပြန်အလှန် အပေးအယူသဘောဖြင့် ထောက်ပံ့ပေးထားပါသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ ငွေကြေး၊ ဥစ္စာအတွက် လာဘ်ပေးလာဘ် ယူခြင်း ပုံစံမျိုးထက် အုပ်ချုပ်ရေးအစိုးရယန္တရား ကိုနောက်ကွယ်မှ မူဝါဒများကိုကြိုးကိုင်ခြင်း၊ စီးပွားရေးနှင့် လူမှုရေးအင်စတီကျူးရှင်းများကို ခြယ်လှယ်ခြင်း စသည့် ပုံစံမျိုးဖြစ်ပါသည်။ ၎င်းတို့၏ ပါတီအဖွဲ့အစည်းများ ရေရှည်အာဏာတည်တံ့ခိုင်မြဲရေးအတွက် သီးခြားအထက်တန်းအလွှာများ၊ နိုင်ငံရေးနှင့် ဆက်နွယ်နေသူများသာပါဝင်သည့် ပုံစံမျိုးဖြစ်၍ ရုံးပြင်ကနားများတွင် ပုံမှန်တွေ့နေကျ ငွေကြေး၊ လက်ဆောင်ပေးခြင်းသကဲ့သို့ သိသာရှင်းလင်းသည့် အဂတိလိုက်စားမှု ဖြစ်စဉ်မျိုးမဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုသည့် အဂတိလိုက်စားမှုပုံစံဖြစ်ကြောင်း မှတ်သားရပါသည်။
လူနည်းစုအုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဂတိလိုက်စားမှု (Oligarch and Clans)
အားနည်းသောအုပ်ချုပ်ရေး အင်စတီ ကျူးရှင်းများတွင် ဖြစ်ပေါ်လေ့ရှိသည့် အဂတိလိုက်စားမှု ဖြစ်ပါသည်။ အုပ်ချုပ်သူလူနည်းစု ( နိုင်ငံရေးသမား၊ မတော်လောဘစီးပွားရေးသမားနှင့် အဆင့်မြင့် အစိုးရအရာရှိကြီးများ)မှ နိုင်ငံရေးနှင့် စီးပွားရေးကိုချုပ်ကိုင်ထားပြီး အစိုးရထံတွင် အာဏာမရှိဘဲ နောက်ကွယ်မှ ကြိုးကိုင်နေသူ လူတစ်စုထံတွင်သာလျှင် အုပ်ချုပ်ရေးနှင့် စီးပွားရေးအာဏာရှိနေပါ သည်။ အာဏာရပါတီ(အစိုးရ)၏ ထိပ်ပိုင်းရာထူးများ တွင် ၎င်းတို့အကျိုး စီးပွားကို ကူညီဖြည့်ဆည်းပေးသည့် သစ္စာခံများကို ရာထူးနေရာများပေးထားကာ အတွင်းအကျဆုံးသော အီလိုက် လူနည်းစု ကွန်ရက် (Intra -Elite Network) ပုံစံသဖွယ် အုပ်ချုပ်ကြပါသည်။
နိုင်ငံတကာမှသင်ခန်းစာများ
ဖော်ပြပါနိုင်ငံရေးနှင့် ဆက်နွှယ်နေသော အကြီးစားအဂတိလိုက်စားမှုပုံစံမျိုးကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း တွေ့ရှိရပြီး (အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ တရားစွဲဆိုပြီး ပြစ်မှုထင်ရှားစီရင်ခံရသော ရာထူးကြီးမားသည့် ပုဂ္ဂိုလ်များစွာရှိပါသည်။ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်းဟီ (၂၀၁၃-၂၀၁၇) သည် ၂၀၁၇ ခုနှစ်တွင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ရာထူးမှ ဖယ်ရှားခံခဲ့ရကာ တောင်ကိုရီးယား နိုင်ငံသမိုင်း၌ ရွေးကောက်ခံသမ္မတတစ်ဦးအနေဖြင့် ပထမဆုံးရာ ထူးမှဖယ်ရှားခံရသူ ဖြစ်လာခဲ့ပါသည်။ ပြစ်မှုဆိုင်ရာစွဲချက် (၁၀) ချက်နှင့် တရားစွဲဆိုပြီး (၁၆) ချက်မှာပြစ်မှုထင်ရှားခဲ့သည်။ ဆမ်ဆောင်းကုမ္ပဏီအပါအဝင် ကုမ္ပဏီများထံမှ လာဘ်ရယူမှု၊ ၂၀၁၈ ခုနှစ်တွင် National Intelligence Service မှ ရန်ပုံငွေများကို တရားမဝင် ရယူမှု၊ မလျော်မကန် ဩဇာအာဏာသုံးပြီး မဲဆွယ်စည်းရုံးမှုနှင့် နိုင်ငံ၏အရေးကြီးသော သတင်းအချက်အလက် ပေါက်ကြားမှု အတွက် အဂတိလိုက်စားမှုနှင့် တရားစွဲဆိုခံရကာ ၂၀၁၈ ခုနှစ်တွင် ထောင်ဒဏ်(၂၅)နှစ်ချမှတ် ခံခဲ့ရပါသည်။ အီလိုက်လူတန်းစားအလွှာ ကွန်ရက်ပုံစံဖြင့် အဂတိလိုက်စားမှုကို ဖိလစ်ပိုင်နိုင်ငံတွင် အရေးယူ နိုင်ခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသမီး သမ္မတဟောင်း ဂလိုဒီယာမာကာပါကယ် အာရွိုင်ယို (Gloria Macapagal Arroyo) နှင့် ၎င်း၏ခင်ပွန်းဖြစ်သူသည် တရုတ်ဆက်သွယ်ရေးကုမ္ပဏီနှင့်ပတ်သက်သည့် ကန်ထရိုက်ကိစ္စရပ်တွင် အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မဲမသမာမှု၊ လာဘ်စားမှု၊ ထီလက်မှတ်ရန်ပုံငွေ ဒေါ်လာ ၈ ဒသမ ၈ သန်းကျော် အလွဲသုံးစားမှု စသည် တို့ဖြင့် တရားစွဲခံခဲ့ရပါသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးရောထွေး လျက်ရှိ၍ ကိုယ်ကျိုးစီးပွားပဋိပက္ခ၊ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် နိုင်ငံနှင့်လူမျိုးတို့ အကျိုးဖြစ်ထွန်းစေမည့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုပါဝင်သည့် ဥပဒေနှင့်မူဝါဒများကို ချမှတ်နိုင်ရေးအတွက် အဟန့်အတား ဖြစ်စေပါသည်။
အင်ဒိုနီးရှားနိုင်ငံမှ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်ဖြစ်သည့် The Corruption Eradication Commission(KPK)သည် ၎င်းစတင်တည်ထောင် သည့် ၂၀၀၃ ခုနှစ်မှစတင်၍ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုများကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်ခဲ့ရာ ပါလီမန် အမတ် ၂၅၀၊ မြို့တော်ဝန် ၁၀၀၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ၂၀၊ ဝန်ကြီးနှင့် ထိပ်ပိုင်းနိုင်ငံရေးသမား၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တရားစီရင်ရေးပိုင်းမှအရာရှိ ၂၇ ဦးကို အရေးယူနိုင်ခဲ့သည်ဟု မှတ်သားခဲ့ရပါသည်။
အကြီးစားအဂတိလိုက်စားမှုသည် တစ်ဦးတစ်ယောက်စီက ကျူးလွန်သော အဂတိလိုက်စားမှု (Individual corruption) ပုံစံထက် အင်စတီကျူးရှင်း တစ်ခုလုံးက စာမျက်နှာ ၁၆ မှ လှိုက်စားပျက်စီး နေသည့် အဂတိလိုက်စားမှုပုံစံမျိုး (Institutional corruption) ဖြစ်သည်။ ဝိသမလောဘ စီးပွားရေးသမား များမှ အကျင့်ပျက် နိုင်ငံရေးပါတီများကို နောက်ကွယ်မှထောက်ပံ့ကူညီပြီး ၎င်းတို့ စီးပွားရေး လုပ်ငန်းများတွင် အပြန်အလှန် ပိုမိုအဆင်ပြေလာစေရေး၊ မတရားအကျိုး အမြတ်ရရှိရေးအတွက် နိုင်ငံ၏စီးပွား ရေး၊ လူမှုရေးနှင့် တရားစီရင်ရေးမူဝါဒ များကို ၎င်းတို့အကျိုးစီးပွားအတွက် လိုသလိုမသိ မသာ ပြောင်းလဲစေခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ဤသို့ ကိုယ်ကျိုးစီးပွားအတွက် အပြန်အလှန် အပေးအယူပြုပြီးနောက်ကွယ်မှ အင်စတီကျူးရှင်း တစ်ခုလုံးကို ကိုင်တွယ်ထားခြင်းသည် တိုင်းပြည်၏ လူမှုစီးပွားဘဝများနှင့် တရားစီရင်ရေးမဏ္ဍိုင်ကို ယိုင်နဲ့စေခြင်း၊ ဆင်းရဲနွမ်းပါးမှု မြင့်မားလာခြင်း၊ ပြည်သူတို့၏ အစိုးရယန္တရားအပေါ် အယုံအကြည်ကင်းမဲ့ခြင်းကို ပေါ်ပေါက်စေရုံသာမကတိုင်းပြည်၏ ရွေးကောက်ပွဲစနစ်နှင့် နိုင်ငံရေးဆိုင်ရာယဉ်ကျေးမှု (Political Culture)ကိုပါအပျက်စီးစေပါသည်။
မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကြိုးပမ်းခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လာဘ်ပေး လာဘ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၈.၁.၂၀၁၃ ရက်စွဲပါစာ အမိန့်ကြော်ငြာစာ အမှတ် ၉/၂၀၁၃ ဖြင့် “လာဘ်ပေး လာဘ်ယူမှု အရေးယူရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၇.၈.၂၀၁၃ တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃/၂၀၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတ က အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည့် ၁၇.၉.၂၀၁၃ မှ စတင်ကာ အာဏာတည်ခဲ့ပါသည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သော ၂၀၁၄ ခုနှစ်မှစ၍ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးအရေးယူခြင်းများ ပြုလုပ်နိုင်ရေး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပညာပေးရေးအစီအစဉ်များကို ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ အဂတိလိုက် စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်များချမှတ်ခြင်း၊ ကော်မရှင်တွင်ခေတ်ကာလနှင့် လျော်ညီသော လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ ရေးဆွဲထုတ်ပြန်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်း ဥပဒေများရေးဆွဲခြင်း၊ တိုင်ကြားစာများအား စနစ်တကျ စိစစ်ကိုင်တွယ်ခြင်း၊ အဂတိလိုက်စား မှု တားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units) ဖွဲ့စည်းပြီး ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုနှင့် ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့တွင် ကော်မရှင်ရုံးခွဲ များဖွင့်လှစ်ခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပထမအကြိမ် ကော်မရှင်မှ ယခု တတိယကော်မရှင် သက်တမ်းအထိ အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိကြောင်းကို မြင်တွေ့ရပါသည်။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့အစည်း(Transparency International )၏ အဂတိလိုက်စားမှု ညွှန်းကိန်းဖော်ပြချက်အရ ကော်မရှင်စတင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် မြန်မာနိုင်ငံ၏ အဆင့်မှာ ၁၅၆ ရှိခဲ့ရာ ၊ ၂၀၂၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ ရရှိခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုညွှန်းကိန်း (Global Corruption Barometer) ၏၂၀၂၀ ပြည့်နှစ်တွင်ကောက်ယူသော စစ်တမ်းတွင် မြန်မာနိုင်ငံ၏ ၉၃ ရာခိုင်နှုန်းသော ပြည်သူလူထုမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ကော်မရှင်အပေါ် ယုံကြည်ကိုးစားမှုရှိကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ကျေနပ်အားရမှုရှိကြောင်း တွေ့ရှိရသည်။
တတိယအကြိမ် ကော်မရှင်ကာလ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်တတိယကော်မရှင် သက်တမ်းကာလမှ စတင်ကာ အသေးစားအဂတိလိုက်စားမှုများ သာမက အကြီးစားအဂတိလိုက်စားမှုများကို ပိုမိုစိစစ်တိုက်ဖျက်လာသည်ကို တွေ့ရပါသည်။ ရာထူးတာဝန်များကိုအလွဲသုံးစား ပြုလုပ်ခြင်း၊ တည်ဆဲဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းများကို ဖောက် ဖျက်ခြင်းကြောင့် နိုင်ငံတော်အတွက် ငွေကြေးနှင့် ပစ္စည်းများစွာ ဆုံးရှုံးစေသော နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအာဏာရှိသူများ၏ အကြီးစားအဂတိလိုက်စားမှုများကို ဖော်ထုတ်အရေးယူလျက်ရှိပါသည်။ အကြီးစားအဂတိလိုက်စားမှုများအား စုံစမ်းစစ် ဆေးအရေးယူခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့သူတစ်ဦး၊ အဆင့်မြင့်အရာရှိ သုံးဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲဆိုအရေးယူနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူနှင့် အဆင့်မြင့်အရာရှိတို့ကို အရေးယူခဲ့ခြင်းမတွေ့ရသော်လည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူ ၅၇ ဦးနှင့် အဆင့်မြင့်အရာရှိ လေးဦးတို့ကို အရေးယူနိုင်ခဲ့သည်ကို မှတ်သားရ ပါသည်။
ကောင်းမွန်သော နိုင်ငံရေးဆန္ဒ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်အခြေအနေ ကာလတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍများကို တိုးတက်မှုရရှိစေရန် ဆောင်ရွက်ရာတွင် အရေးကြီးသည့် အဂတိလိုက်စားမှု ကင်းစင်ရေးကို အလေး ထားကြိုးပမ်းလျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းရေး၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာ နှင့် တာဝန်ယူ၊ တာဝန်ခံမှု မြင့်မားလာစေရေးအတွက် နိုင်ငံရေးဆန္ဒ ပြင်းပြမှု (Political will) နှင့် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူလျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ဖော်ပြပါရှိသည့် “အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး” ရည်မှန်း ချက်အတိုင်း နိုင်ငံ၏အုပ်ချုပ်ရေးပိုင်းတွင် ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်တည်ကြည်မှုစသည့် နိုင်ငံရေးဆိုင်ရာယဉ်ကျေးမှုကို တည်ဆောက်ကာ နောင်လာ မည့် အနာဂတ်မျိုးဆက်သစ်များအတွက် အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သည့် အဂတိကင်းစင်သော နိုင်ငံတော်ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးဆန္ဒ အပြည့်အဝဖြင့် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ထင်ရှားလှပါသည်။ ။
ကိုးကား
- Global Corruption Barometer
(2020) ASIA 2020 CITIZENS
- https://www.transparency.org/
en/publications/gcb-asia-2020
- Syndrome of Corruption by Mi chael Johnston
- www.accm.gov.mm (အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်)