ဒီမိုကရေစီဆိုတာ...
ဒီမိုကရက်တစ် အစိုးရတစ်ခုအတွက် လိုအပ်သည့်အခြေခံအချက်များကို ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အမျိုးမျိုးသတ်မှတ်ကြပါသည်။ ဤအခြေခံအချက်များသည် ဒီမိုကရေစီပြည့်ဝသော လူ့အဖွဲ့အစည်းအတွက် အလွန်လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် အခြားနိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရက်တစ် အစိုးရတစ်ခုအတွက် လိုအပ်သည့်စံနှုန်းများ ထပ်တူထပ်မျှ တူညီချင်မှ တူညီမည်ဖြစ်သော်လည်း အောက်ဖော်ပြမည့် အခြေခံအချက်များ အားလုံးလိုလို ပြည့်စုံမှသာ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်ပါမည်။
၁။ နိုင်ငံသားတိုင်း ပါဝင်မှု
နိုင်ငံသားများ အစိုးရအဖွဲ့တွင် ပါဝင်ခွင့်ရှိခြင်းသည် ဒီမိုကရေစီ၏ အရေးပါသော အချက်ဖြစ်ပါသည်။ နိုင်ငံသားများပါဝင်ခြင်းသည် အခွင့်အရေးထက် တာဝန်ဖြစ်ပါသည်။ ပါဝင်ခြင်းဟုဆိုရာတွင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးခြင်း၊ လူထုဆွေးနွေး ပွဲများကို တက်ရောက်ခြင်း၊ လူမှုရေး အဖွဲ့အစည်းများတွင် ပါဝင်ခြင်း၊ အခွန်ပေးဆောင်ခြင်း၊ မီတာခပေးဆောင်ခြင်း စသည်တို့ ဖြစ်ပါသည်။ နိုင်ငံသား တိုင်းပါဝင်မှ သာပြည့်စုံကောင်းမွန်သော ဒီမိုကရေစီ ဖြစ်ပါမည်။
၂။ တန်းတူညီမျှမှု
နိုင်ငံသားတိုင်း တန်းတူညီမျှမှုရှိရမည်။ နိုင်ငံသားတစ်ဦးသည် လူမျိုးကြောင့်သော်လည်း ကောင်း၊ ဘာသာကြောင့်သော်လည်းကောင်း၊ ကျား/မ ကွဲပြားမှုကြောင့်သော်လည်းကောင်း၊ ကိုယ်ခန္ဓာ ချို့ယွင်းမှုကြောင့်သော်လည်းကောင်း ခွဲခြားဆက်ဆံမှုမရှိစေဘဲ တန်းတူညီမျှသော အခွင့် အရေးရရှိရပါမည်။ တစ်ဦးချင်းဖြစ်စေ၊ လူမျိုးစု - တစ်ခုဖြစ်စေ ကွဲပြားခြားနားသော ယဉ်ကျေးမှု၊ ဘာသာစကားနှင့် မိရိုးဖလာ ယုံကြည်မှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိရပါမည်။
၃။ နိုင်ငံရေး သဘောထားကြီးမှု
ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းများသည် နိုင်ငံရေး သဘောထားကြီးမှု ပြည့်စုံရမည်။ ဆိုလိုသည်မှာ အများစု၏ သဘောထားကို လိုက်နာရမည် ဖြစ်သော်လည်း အနည်းစု၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးရပါမည်။ အနိုင်ရသည့်ပါတီ မဟုတ်သည့် ပါတီငယ်များသည် သဘောထား များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိရပါမည်။ နိုင်ငံသားတိုင်းသည်လည်း မိမိနှင့်သဘောထား မတူသည့် အမြင်များကို သဘောထားကြီးစွာ လေးစားအသိ အမှတ်ပြုရမည်။ ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟု သတ်မှတ်ခြင်းသည် ဒီမိုကရေစီ မဟုတ်ပါ။
အထူးသဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် စုစည်းထားသော မြန်မာနိုင်ငံတွင် လူမျိုးကွဲပြားမှု ဘာသာရေးကွဲပြားမှု၊ ယဉ်ကျေးမှု ကွဲပြားမှုတို့ များစွာရှိပါမည်။ အမြင်များလည်း ကွဲပြားခြားနား ပါမည်။ ကွဲပြားခြားနားမှုသည် အားဖြစ်ပါသည်။ အားကြီးသည့် လူများစု၊ အနိုင်ရသည့်ပါတီက လူနည်းစု သို့မဟုတ် အတိုက်အခံပါတီ၏ အခွင့်အရေးများကို လက်မခံခြင်း၊ ဖြိုဖျက်ရန် ကြိုးစားခြင်းသည် ဒီမိုကရေစီကို ဖြိုလှဲခြင်းဖြစ်ပါသည်။
ဒီမိုကရေစီ၏ ရည်မှန်းချက်မှာ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးအရာများကို ဖော်ဆောင် ပေးမည့် ဆုံးဖြတ်ချက်များ ချရန်ဖြစ်ပါသည်။ ဤသို့လုပ်ဆောင်ရန်အတွက် နိုင်ငံသားတိုင်း၏ အမြင်နှင့် သဘောထားကိုသိရန်နှင့် လေးစားရန်အရေးကြီးပါသည်။ ဆွေးနွေးခွင့်၊ ငြင်းခုံခွင့်၊ မေးခွန်းထုတ် ခွင့်များရရှိခဲ့လျှင် သဘောမတူသည့် ဆုံးဖြတ်ချက် ဖြစ်သည့်တိုင် လူနည်းစုက လက်ခံလာမည်ဖြစ်ပါသည်။
၄။ တာဝန်ခံခြင်း
ရွေးကောက်ခံကိုယ်စားလှယ်များ ပါဝင်သော ရွေးကောက်ခံအစိုးရသည် ပြည်သူကို တာဝန်ခံရပါမည်။ ရွေးကောက်ခံအစိုးရသည် မိမိလုပ် ဆောင်ချက်များကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေတာဝန်ခံရပါမည်။ ပြည်သူ၏အသံကို နားထောင်ပြီး ပြည်သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရ ပါမည်။
၅။ ပွင့်လင်းမြင်သာမှုရှိခြင်း
အစိုးရသည် ပွင့်လင်းမြင်သာမှုရှိရပါမည်။ အဂတိတရား ကင်းရှင်းရပါမည်။ လူထုအစည်း အဝေးများလုပ်ပြီး အစိုးရ၏ လုပ်ဆောင်ချက်များ ပြည်သူကို အသိပေးရပါမည်။ ဆုံးဖြတ်ချက်များကို မည်သို့ချသည်၊ မည်သူချသည်ကို ပြည်သူနှင့်မီဒီယာအား အသိပေးရပါမည်။ မီဒီယာလွတ်လပ်ခွင့် ရှိရပါမည်။
၆။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ခြင်း
ပြည်သူများက ပြည်သူကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရပါမည်။ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကာလ တွင် ခြိမ်းခြောက်ခြင်း၊ မဲမသမာမှုပြုလုပ်ခြင်း၊ မဲစာရင်း မှားခြင်းတို့သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ပါ။ ရွေးကောက်ခံကိုယ်စား လှယ်အားလုံးသည်လည်း အခွင့်အရေး တူညီစွာမဲဆွယ်စည်းရုံးခွင့် ရရပါမည်။
၇။ တရားသော စီးပွားရေး လုပ်ဆောင်ခွင့်
တရားဥပဒေက ခွင့်ပြုထားသော စီးပွားရေး လုပ်ငန်းများကို ပြည်သူတိုင်း လုပ်ပိုင်ခွင့်ရှိရမည်။ ဒီမိုကရေစီနိုင်ငံ အများစုတွင် ဈေးကွက်စီးပွား ရေးစနစ်ကို ကျင့်သုံးသည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁)နိုင်ငံတော်အခြေခံ မူများ အပိုဒ် ၃၅ တွင် “ မြန်မာနိုင်ငံ၏ စီးပွားရေး စနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါသည်။ အစိုးရက စီးပွားရေးဝင်ရောက် လုပ်ခွင့်ရှိသည်၊ မရှိသည်ကတော့ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားမှုများရှိပါသည်။ စီးပွားရေးလုပ် သည့်အခါ တရားသောယှဉ်ပြိုင်မှု ဖြစ်ရန်ကိုမူ အစိုးရက ထိန်းကျောင်းရမည်ဖြစ်ပါသည်။
၈။ အာဏာကို အလွဲသုံးစားခြင်း အာဏာအလွဲသုံးစားခြင်းကို ကာကွယ်နိုင်မှသာ နိုင်ငံတစ် နိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ပါမည်။ အာဏာရှိသူ၊ သြဇာရှိသူက အာဏာကိုသုံးပြီး အဂတိလိုက်စားခြင်းများ ပြုလုပ်ခဲ့လျှင် ပြည်သူ့ဘဏ္ဍာများဆုံးရှုံးရမည် ဖြစ်ပါသည်။ နိုင်ငံ တော်တော်များများတွင် ဤအချက်ကိုကာကွယ်ရန်၊ တားဆီးရန်၊ အရေးယူရန်၊ လွတ်လပ်သော အဖွဲ့အစည်းများ၊ ကော်မရှင်များ၊ တရားရုံးများဖွဲ့စည်း ထားရှိပါသည်။
၉။ လူ့အခွင့်အရေး
ဒီမိုကရက်တစ် နိုင်ငံတိုင်းသည်လူ့အခွင့်အရေးကို လေးစားရပါမည်၊ ကာကွယ်ရပါမည်။ လူ့အခွင့်အရေးဆိုသည်မှာ လွတ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုစည်းခွင့်၊ တန်းတူညီမျှမှုအတွက် တောင်းဆိုခွင့်နှင့် ပညာသင်ကြား ခွင့်တို့ဖြစ်ပါသည်။ သို့ရာတွင် တစ်ဖက်သားကို ထိခိုက်အောင်ပြောဆို ရေးသားခြင်းသည် ဒီမိုကရေစီစံနှုန်းဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွင် အကျုံးမဝင်ပါ။ ထိုနည်းတူ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုစည်းခွင့်တို့သည်လည်း ဥပဒေနှင့်အညီ လုပ်ဆောင်မှသာ ဒီမိုကရေစီစံနှုန်း ဖြစ်ပါသည်။
၁၀။ ဥပဒေကို လေးစားလိုက်နာခြင်း။
ဒီမိုကရေစီဆိုသည်မှာ ဥပဒေကို လေးစားလိုက်နာမှသာ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်ပါသည်။ မည်သူမျှ ဥပဒေအထက်တွင် မရှိရပါ။ နိုင်ငံသားတိုင်းသည် တည်ဆဲဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိပြီး ချိုးဖောက်ပါက အပြစ်ပေးခြင်းကို ခံရမည်ဖြစ်ပါသည်။ တရား ဥပဒေသည်လည်း ပြည်သူတိုင်းအပေါ်တွင် တရားမျှတမှုနှင့် တစ်သမတ်တည်းရှိမှသာ ဒီမိုကရေစီ ဖြစ်ပါသည်။
ကျွန်တော်တို့အားလုံး ဒီမိုကရေစီကို အလိုရှိကြပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်မှ နိုင်ငံရေးဦးတည်ချက်တွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး”ဟု ရှေ့ဆုံးမှ ဦးစားပေးဖော် ပြထားပါသည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုက ရေစီစနစ်ကိုရရှိရန် ပြည်သူတိုင်း၏ တာဝန်ဖြစ်ပါ သည်။ အထက်ဖော်ပြပါ ဒီမိုကရေစီအတွက် လိုအပ် သော အခြေခံအချက်များကို နိုင်ငံသားတိုင်း သိရှိ လေးစားလိုက်နာခြင်းဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ကြပါစို့။ ။
ကျော်ကျော်လှိုင် (SMART)