Skip to main content

ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို့

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် များစွာအရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုများ အကြား၊ တောင်တန်းနှင့် ပြည်မအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် နယ်ချဲ့တို့ကို တိုင်းပြည်အတွင်းမှ မောင်းထုတ် နိုင်ခဲ့သည်။ နယ်ချဲ့တို့သည် တိုင်းပြည်အတွင်းမှ ထွက်ခွာသွားရသော်လည်း တိုင်းရင်းသား ညီအစ်ကိုများအကြားတွင် သပ်လျှိုသွေးခွဲသည့် မျိုးစေ့ကို ချထားခဲ့သည်။ လက်ရှိအချိန်အထိ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်စွမ်း မရှိသေးပေ။ များစွာကြိုးပမ်းရဦးမည်ဖြစ်သည်။

အားလုံးအတွက် ထာဝရငြိမ်းချမ်းရေး

အမှန်တော့ ပင်လုံစာချုပ်ဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ခဲ့သော်လည်း လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများအကြား စိတ်ဝမ်း ကွဲပြားခဲ့ကြသည်။ နယ်ချဲ့တို့၏ သပ်လျှိုသွေးခွဲ မှုကြောင့် အစိုးရအပေါ် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့သာလျှင် NCA လက်မှတ်ရေးထိုးနိုင်သေးသည်။ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် NCA တွင် ပါဝင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသွားမှသာ လျှင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆက်လက်ရပ်ဆိုင်း ထားရှိမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ၂၀၂၂ ခုနှစ် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ တိုးတက်မှုရှိအောင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံဆွေးနွေးလျက်ရှိသည်။ ညီနောင် တိုင်းရင်းသားများအနေဖြင့် တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးအမှန်တကယ် တည်ဆောက်သွားလိုလျှင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ် သင့်ပြီဖြစ်သည်။ အစိုးရနှင့် အကျေအလည် ဆွေးနွေးသင့်ပြီဖြစ်သည်။ ညီအစ်ကိုများ အကြား မတူညီမှုများကို ဖယ်ရှားလျက် တူညီသည့် အကြောင်းအရာများမှ စတင်ဆွေးနွေးသင့်ပြီဖြစ်သည်။

တိုင်းရင်းသားညီအစ်ကိုများအကြား အပြန် အလှန်နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကို အခြေခံလျက် စည်းလုံးညီညွတ်မှုကို တည်ဆောက်သွား ကြရန်လိုအပ်သည်။ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး တစ်ရက်စောပြီး တည်ဆောက်နိုင်လျှင် ပြည်သူများ အတွက် တစ်ရက်စောပြီး အကျိုးရှိနေမည်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်ဆန်လေ ကောင်းမွန်လေပင်ဖြစ် သည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ် က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှု ပုံစံမျိုးကို ပြန်လည်ရရှိအောင် တည်ဆောက်သွားသင့်ပါသည်။

သို့သော်၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ တွင် ကြီးမားသော မဲမသမာမှု ဖြစ်ပေါ်ခဲ့ရာမှ လက်ရှိအချိန်တွင် CRPH နှင့် NUG တို့၏ သွေးထိုး လှုံ့ဆော်မှုများ၊ ပြည်ပနိုင်ငံများ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် NLD အစွန်းရောက်များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ များက ဒေသအချို့တွင် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြသည်။ ပြည်သူပိုင် လမ်း၊ တံတား၊ စာသင်ကျောင်းများ၊ တပ်၊ လုံခြုံရေး စခန်းများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဆရာ ဆရာမများ၊ ရဟန်းသံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ် ခြင်းများကို လူမဆန်စွာ လုပ်ဆောင်လျက်ရှိကြသည်။ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို လူမဆန်စွာ သတ်ဖြတ်လျက်ရှိကြသည်။ ထိုသို့ အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်းသည် ဒီမိုကရေစီနှင့် လုံးလုံးလျားလျားဆန့်ကျင်လျက် ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လိုသော ပြည်သူများကို လည်း ဒုက္ခပေးနေသလိုဖြစ်နေသည်။

စုပေါင်းလုပ်ဆောင်သင့်

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲနေစေရန်အတွက် အသက်တမျှအရေးပါလျက်ရှိသည်။ စည်းလုံးညီညွတ်မှု အင်အားချည့်နဲ့ယိုယွင်းလာသော နိုင်ငံသည် အဘက်ဘက်မှ အနုတ်လက္ခဏာဆောင် လာမည်ဖြစ်သည်။ ထို့အပြင် စည်းလုံးညီညွတ်မှုပြိုကွဲလျှင် နိုင်ငံလည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်ပေသည်။ တိုင်ရင်းသား စည်းလုံးညီညွတ်ရေးသည် နိုင်ငံတစ်နိုင်ငံတိုးတက်ရေး တွက် မောင်းနှင်အား တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားရန် လိုအပ်နေမည် ဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုများအကြား ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကိုသာ ခိုင်မာစွာ တည်ဆောက်ထားနိုင် မည်ဆိုလျှင် တိုင်းပြည်အင်အား တောင့်တင်းခိုင်မာ နေမည်ဖြစ်သည်။ အင်အားတောင့်တင်းခိုင်မာနေ သောနိုင်ငံကို မည်သည့်နိုင်ငံကမျှ ကျူးကျော်ရန်စ ဝံ့မည်မဟုတ်ချေ။ ဆိုလိုသည်မှာ ထိုနိုင်ငံသည် စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အမြဲတစေ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးတို့တွင် စုပေါင်းအားဖြင့် ကြိုးပမ်း အားထုတ်ရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်ညက ပင်လုံမြို့၌ပြုလုပ်သည့် စော်ဘွားများ ထမင်းစားပွဲတွင် မြွက်ကြားခဲ့သည့် အချက်များ အနက်မှအချို့ကို ကောက်နုတ်ဖော်ပြရလျှင် “တစ်တိုင်းပြည်လုံး ကြီးပွားတိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ ပူးပေါင်းပြီး အင်တိုက်အား တိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြ မှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်း တို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ် ဟု တိုက်တွန်းပြောကြားခဲ့ သည်။

ပင်လုံစိတ်ဓာတ်ကို အခြေခံသင့်

စင်စစ်အားဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူ ရှိအတူ၊ အေးအတူပူအမျှ အတူတကွနေခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုများသည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း သာတူညီမျှ အခွင့်အရေးမရရှိ ကြဘူးဆိုသော အမြင်သဘော ထားများ ကိန်းအောင်း လာကြသည်။ ထိုသဘောထားကြောင့် တိုင်းရင်း သားညီအစ်ကိုများ သည် ယနေ့အချိန်အထိ စိတ်ဝမ်းကွဲပြားနေကြဆဲ၊ လက်နက်စွဲကိုင် တော်လှန်နေ ကြဆဲပင်ဖြစ်သည်။ ထို့ကြောင့် အစိုးရအဆက် ဆက်သည် တိုင်းရင်းသားညီအစ်ကိုများနှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ခဲ့ကြသည်။ စိတ်ရှည်သည်းခံစွာဖြင့် အလျှော့အတင်းလုပ်ခဲ့ ကြသည်။ ချော့တစ်ခါခြောက်တစ်လှည့် လုပ်ခဲ့ရသည်။ စားပွဲဝိုင်းတွင် အပြန်ပြန် အလှန်လှန်ဆွေးနွေးခဲ့ကြသည်။ စင်စစ်အားဖြင့် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင် လျက်ရှိသော နိုင်ငံသားအားလုံးသာတူညီမျှ အခွင့်အလမ်းများ ခံစားခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်တွင် အတိအလင်း ပြဋ္ဌာန်းထားရှိသည်။

အထူးသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများတွင် ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၁၊၂ ၊ ၃တို့အရ စုစုပေါင်း သဘောတူညီချက် ၇၁ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ ထိုသဘောတူညီချက်များသည် ထာဝရငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူများပင်ဖြစ်သည်။ မည်သို့ပင် ဆိုစေ တိုင်းရင်းသားညီအစ်ကိုများ အကြား ပင်လုံတွင် သန္ဓေတည်ခဲ့သော စည်းလုံးညီညွတ်မှုကို အခြေခံ၍ ငြိမ်းချမ်းရေး တည်ဆောက်သွားမည်ဆိုလျှင် မြေကြီးလက်ခတ် မလွဲ အောင်မြင်မှုရရှိလိမ့်မည့်အပြင် တိုင်းရင်းသားအားလုံး လိုလားတောင့်တ နေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကိုလည်း အခိုင်အမာ တည်ဆောက်နိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို့

“စိတ်ဓာတ်ဆိုသည်မှာ စိတ်ထား၊ သဘောထား၊ နှလုံးသွင်းပုံနှင့် စိတ်၏အမူအကျင့်ဖြစ်သည် ဟု မြန်မာ့အဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုထားသည်ကို လေ့လာမှတ်သားရသည်။ ပြည်ထောင်စု စိတ်ဓာတ်ဟူသည် ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်ထောင်တည်းဟု စွဲမြဲ ခိုင်မာစွာ လက်ခံမှတ်ယူထားသော သဘောထား ခံယူချက်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စု တိုင်းရင်းသားအားလုံးဥမကွဲသိုက်မပျက်အေးအတူပူအမျှ ပူးပေါင်းနေထိုင်လိုသည့် တစ်စည်း တစ်လုံး တည်းသောစိတ်ဓာတ်ပင် ဖြစ်ပေသည်။

မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးအား လေ့လာကြည့်မည်ဆိုပါက ပြည်ထောင်စုစိတ်ဓာတ် ကို ခိုင်မာစွာထိန်းသိမ်းထားနိုင်ခြင်းမရှိသော နိုင်ငံအချို့သည် ပြည်ပသြဇာလွှမ်းမိုးမှု အမျိုးမျိုး အကြားတွင် အချင်းချင်း သွေးကွဲလျက်ရှိသည်ကို စိတ်မချမ်းမြေ့ ဖွယ်ရာ တွေ့မြင်နေရသည်။ ထိုသို့သွေးကွဲလာပါက ပြည်တွင်းပဋိပက္ခများ၊ စစ်ပွဲများဖြစ်ပွား၍ အင်အားချည့်နဲ့ ယိမ်းယိုင်ပြို ကွဲသွားသည်ကို သင်ခန်းစာ ယူဖွယ်တွေ့မြင်နေရသည်။ ထို့ကြောင့် ပြည်ထောင် စုဖွားတိုင်းရင်းသားအားလုံးသည် တိုင်းပြည်၏ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ တိုင်းရင်း သားညီအစ်ကို မောင်နှမများအကြား ကျဉ်းမြောင်းသည့်ဝါဒများနှင့် သံသယများကို ချေဖျက်ကာ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ကာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံးပါဝင် ကြိုးပမ်းသွားရန် လိုအပ်ပါကြောင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုရေးသား အပ်ပါသည်။ ။

မောင်သောင်းဝင်း (တမန်ဟောင်း)