ဒီမိုကရေစီအနှစ်သာရများ ကျင့်သုံး၍ မျှော်လင့်ချက်အိပ်မက်မှ လက်တွေ့အကျိုးတရား ဖော်ဆောင်
ဒီမိုကရေစီအပြောင်းအလဲ
ဒီမိုကရေစီစနစ်သည် ကမ္ဘာတစ်ဝန်းလူကြိုက်များသော နိုင်ငံရေး စနစ်တစ်ရပ်ဖြစ်ပါသည်။
ကုလသမဂ္ဂ၏ ပင်မတန်ဖိုးတစ်ခုမှာ ဒီမိုကရေစီဟုဆိုပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲကိုကြည့်လျှင် ဖြစ်စဉ်ဖြစ်ရပ်များသည် မဝေးကွာလှသေးသည်ကို တွေ့ရပါသည်။ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သော အသွင်ကူးပြောင်းရေးသည် ယနေ့ဆိုလျှင် ဆယ်စုနှစ်တစ်ခုကျော် သာ ရှိနေပါသေးသည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၏ အမှတ်လက္ခဏာ တစ်ရပ်ဖြစ်သော ပြည်ထောင်စုလွှတ်တော်ကြီး စတင် ခေါ်ယူ ကျင်းပခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စုလွှတ်တော်ကြီး သည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
ယင်းနေ့မှစ၍ အသက်ဝင်လာသော ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံအတွက် မျှော်လင့်ချက်များကို ယူဆောင်လာခဲ့ပါသည်။
ပြည်သူလူထု၏ ထိုမျှော်လင့်ချက်များနှင့်အတူ နိုင်ငံရေးအတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ခြင်း၊ သတင်းလွတ်လပ်ခွင့်များ ဖြေလျှော့ပေးခြင်း၊ အဖွဲ့အစည်းဆိုင်ရာများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ နိုင်ငံတကာ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ နိုင်ငံရေးမျက်နှာစာများ ဖွင့်လှစ်ခြင်းကဲ့သို့သော နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါသည်။ ထိုအပြောင်းအလဲတို့မှာ ဆက်လက်၍ ဆောင်ရွက်နေကြရပါဦးမည်။
မိုင်ပေါင်းများစွာသောခရီးကို ခြေတစ်လှမ်းဖြင့် စတင်သကဲ့သို့ပင်ဖြစ်ပါ၏။ ဒီမိုကရေစီ ခရီးပန်းတိုင်ရောက်ရန် လက်တွဲညီညီ ခြေလှမ်း မှန်မှန်ဖြင့် ဆက်၍လျှောက်လှမ်းနေမှသာ ခရီး ပေါက်၍ လိုရာပန်းတိုင်ရောက်ကြမည် ဖြစ်ပါသည်။
ဆက်လက်လုပ်ဆောင်ရန်များ
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုများနှင့်အတူ ပညာ ရေး၊ ကျန်းမာရေး လူမှုရေးဆိုင်ရာများအပြင် ဒီမိုကရေစီ၏အခြေခံ ဒေါက်တိုင်တစ်ခုဖြစ်သော မီဒီယာအခန်းကဏ္ဍကိုပါ တစ်ပါတည်း ပြောင်းလဲလာခဲ့သဖြင့် အချိန်တိုအတွင်း လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်လာခဲ့ပါသည်။
ထိုသို့ ပြောင်းလဲတိုးတက်လာသော်လည်း နိုင်ငံတွင် ဆက်လက်ပြောင်းလဲရန်များ၊ ဖြေရှင်းရန်များနှင့် တည်ဆောက်ရန်များ ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်ရခြင်းသည် မိမိတို့နိုင်ငံ တစ်နိုင်ငံတည်းတွင်သာမဟုတ်ပါ။ ကမ္ဘာ့အခြားနိုင်ငံများတွင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမျိုးမျိုးသော အခက်အခဲများကြားမှ တည်ဆောက်ကြရပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် နိုင်ငံရေးစနစ်ပြောင်းလဲခြင်းနှင့်အတူ နိုင်ငံရေး စိတ်သဘောထားများ၊ ယဉ်ကျေးမှုများ၊ အကျင့်စရိုက်များလည်း ပြောင်းလဲကြရသည်ဖြစ်ရာ ရှုပ်ထွေးနက်နဲလှသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။
ထိုအသွင် ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်တို့မှာ သက်ဆိုင်ရာနိုင်ငံ၏ အခြေအနေအလိုက် လုပ်ဆောင်ကြရသည်ဖြစ်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အတိမ်အနက်မတူညီနိုင်ချေ။ သို့သော်လည်း မိမိတို့နိုင်ငံ၏ အသွင်ကူးပြောင်းရေး အောင်မြင်စေရန်နှင့် ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်း လာစေရန်တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် ဒီမိုကရေစီ အလေ့အကျင့်နှင့် အနှစ်သာရများ ပိုမိုပြည့်ဝလာစေရေး ဆက်လက် လုပ်ဆောင်ခြင်းဖြင့်သာ ဆောင်ရွက်ဆဲ အသွင်ကူးပြောင်း ရေးကို တဖြည်းဖြည်း တိုးတက်လာစေမည် ဖြစ်ပါသည်။
ပြောင်းလဲမှုအချိန်ကာလ
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်း ရေးအချိန်ကာလသည် မြန်မာနိုင်ငံ၏ ပြောင်းလဲရမည့် အခြေအနေနှင့် လုပ်ငန်းပမာဏနှင့်နှိုင်းစာလျှင် အချိန်ယူလုပ်ဆောင်ကြရဦးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်တည်နေဆဲ ပဋိပက္ခများဖြေရှင်းရန် ကျန်ရှိနေသကဲ့သို့ အခြားနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြောင်းလဲရမည့်လုပ်ငန်းများ ရှိနေဆဲဖြစ်ပါသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် အသွင်သဏ္ဌာန်အားဖြင့် ပြောင်းလဲရသည်များ ရှိသကဲ့သို့ ဒီမိုကရေစီအနှစ်သာရများ၊ တန်ဖိုးများ၊ အလေ့ အကျင့်များကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်သည် နိုင်ငံတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးစနစ်တစ်ခု ဖြစ်သည့်အတွက် ယင်းစနစ်နှင့် အသားတကျနှင့် အရည်အသွေးပြည့်ဝစေရန် အချိန်ယူ တည်ဆောက်ကြရပါသည်။
နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီအရည် အသွေးပြည့်ဝစေရန်နှင့်ပတ်သက်၍ IDEA ၏ လေ့လာချက်အရ -
၁။ ဒီမိုကရေစီပြုရေးသည် အချိန်နှင့် စိတ်ရှည်သည်းခံမှု လိုအပ်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။
၂။ ဒီမိုကရေစီကို ရွေးကောက်ပွဲ ကျင်းပရုံတစ်ခုတည်းဖြင့် မရရှိနိုင်ပါ။
၃။ ဒီမိုကရေစီ ကျင့်သုံးမှုများကို နှိုင်းယှဉ် သုံးသပ်နိုင်သော်လည်း ပြဌာန်း၍ မရနိုင်ပါ။
၄။ ဒီမိုကရေစီကို လူ့အဖွဲ့အစည်းများ၌ပင် တည်ဆောက်ရပါသည်။
၅။ ဒီမိုကရေစီကို တင်သွင်း၍မရသလို တင်ပို့၍လည်းမရပါ၊ သို့သော် ပံ့ပိုးမှု ပေးလို့သာရပါသည် ............... ဆိုသည့် ဒီမိုကရေစီဆိုင်ရာ သုံးသပ်ချက်နှင့် ချိန်ထိုးသုံးသပ်ကြည့်နိုင်ပါသည်။
ဒီမိုကရေစီအလေ့အကျင့်
ဒီမိုကရေစီအလေ့အကျင့်များသည် ဒီမိုကရေစီအနှစ်သာရများ ဖော်ဆောင်ရာတွင် လိုအပ်သော လိုက်နာကျင့်သုံးမှု များဖြစ်ပါသည်။ ဒီမိုကရေစီ စနစ်သည် အုပ်ချုပ်မှုပုံစံစနစ်တစ်ခုဖြစ်ရာ ယင်းစနစ် မှန်ကန်စွာလည်ပတ်နိုင်ရေးအတွက် တစ်ဦးချင်းစီတိုင်းကဖြစ်စေ၊ အဖွဲ့အစည်းများက ဖြစ်စေ လက်တွေ့ကျင့်သုံးကြရပါသည်။ ထို့အပြင် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းများသည် သည်းခံမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပေးအယူလုပ်မှုတို့၏ တန်ဖိုးများကို အာမခံကြရသည်။ သည်းမခံနိုင်ခြင်းသည် အကြမ်းဖက်မှုပုံစံတစ်ခုဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီ စိတ်ဓာတ် ကြီးထွားလာစေရန် အတားအဆီးတစ်ခုဖြစ်ကြောင်း မဟတ္တမဂန္ဒီက ဆိုဖူးပါသည်။ ဒီမိုကရေစီ စိတ်သဘောထားဟု ယင်းစိတ်ထား နှင့် ဆန့်ကျင်ဘက်မှာ တစ်ဖက်စွန်းစိတ်ထားနှင့် စိတ်ခံစား ချက်များအပေါ် ရပ်တည်လုပ်ဆောင်ချက်အဖြစ် တွေ့ရပါသည်။ လူတစ်ဦး တစ်ယောက်၏ ရှိရင်းစွဲစိတ်နေသဘော ထား၊ အကျင့်စရိုက်တို့ကို ပြုပြင်ပြောင်းလဲရန်မှာ လက်တွေ့တွင် ခက်ခဲတတ်ကြပါသည်။ သို့သော် လည်း ပတ်ဝန်းကျင်နှင့် ဆက်နွှယ်ပတ်သက် လာရသည့်အခါတွင် ဖြစ်စေ၊ မိမိအကျိုး၊ အများအကျိုး ဖော်ဆောင်ရန်အတွက်ဖြစ်စေ မိမိကိုယ်ကိုမိမိ ပြုပြင် ပြောင်းလဲယူကြရပါသည်။ ဒီမိုကရေစီအလေ့ အကျင့်များသည်လည်း ထိုနည်းတူစွာပင် ဖြစ်ပါသည်။ နိုင်ငံသားအားလုံး၏ လူမှုစီးပွားများ တိုးတက်ရန်နှင့် အနာဂတ်မျိုးဆက်များ ပိုမိုတိုးတက် လာစေရန်အတွက် မိမိတို့တစ်ဦးချင်းစီက စတင်ကြရမည်ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်နှင့် အလေ့အကျင့်များသည် အကောင်းဆုံးနှင့် နောက်ဆုံးနည်းလမ်းဟု မဆိုနိုင်သော်လည်း လက်တွေ့လူမှုဘဝများ တိုးတက်ရန်နှင့် ငြိမ်းချမ်းသော အသိုက်အဝန်း တည်ဆောက်ရန်အတွက် ထိရောက်သောနည်းလမ်းများကို ရရှိစေပါသည်။
ငြိမ်းချမ်းရေးနည်းလမ်းတစ်ရပ်
လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားသည့်ပဋိပက္ခများကို ဖြေရှင်းရန် ဒီမိုကရေစီနည်းလမ်းများကို အသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်းဖြင့် အပြုသဘော ရလဒ်များကို ရရှိစေနိုင်ပါသည်။ ဒီမိုကရေစီ နည်းလမ်းများသည် အားလုံးပါဝင်နိုင်မှု၊ တရားမျှတမှု၊ တာဝန်ယူ တာဝန်ခံဖိုင်မှု၊ စေ့စပ်ညှိနှိုင်းမှု နှင့် ပျော့ပျောင်းညင်သာ၍ အပြုသဘောငြိမ်းချမ်းစွာ ဖြေရှင်းခြင်းတို့အပေါ် အခြေခံ လုပ်ဆောင်ခြင်းဖြစ်၍ ရေရှည်ခိုင်မာမှုကို ရရှိစေနိုင်ပါသည်။ ဒီမိုကရေစီနည်းလမ်းများသည် အကောင်းဆုံးနှင့် မည်သည့်ပဋိပက္ခကိုမဆို ဖြေရှင်းနိုင်သည်ဟု မဆိုနိုင်သော်လည်း ပဋိပက္ခစီမံခန့်ခွဲမှုအတွက် ထိရောက်သော နည်းလမ်းများကို အထောက်အကူဖြစ်စေပါသည်။ ဒီမိုကရေစီ၏သဘောတွင်ပင် ငြင်းခုံမှု။ တွေ့ဆုံဆွေးနွေးမှု၊ အပြန်အလှန် နားလည်ပေးနိုင်မှု၊ ဆွေးနွေးအဖြေရှာမှုဖြစ်ရာ အကြမ်းဖက်မှုအသွင်မဆောင်ဘဲ ပဋိပက္ခများကို လျှော့ချဖိုင်ပါသည်။
ထိုသို့ ဒီမိုကရေစီနည်းလမ်းများကို ပဋိပက္ခများဖြေရှင်းရေးအတွက် အသုံးပြုရာတွင် လူမှု အဖွဲ့အစည်းအတွင်း ဒီမိုကရေစီယဉ်ကျေးမှုများနှင့် အလေ့အကျင့်များ အားနည်းနေပါက ဆေးကြောင့် ပို၍ လေးသွားတတ်သည်များလည်း ရှိပါသည်။
သို့ဖြစ်ရာ ဒီမိုကရေစီအလေ့အကျင့်များနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဟန်ချက်ညီလည်ပတ်နိုင်ရေး မှာ အခြေခံ လိုအပ်ချက်တစ်ရပ်ဖြစ်လာပါသည်။ လူမှုအဖွဲ့အစည်းအတွင်းရှိ တစ်ဦးချင်းစီတိုင်းက ဒီမိုကရေစီအလေ့အကျင့်များ ကျင့်ကြံ လိုက်နာကြရန်လိုအပ်သကဲ့သို့ အခြားတစ်ဖက်တွင် အုပ်ချုပ်မှုစနစ်များ၊ အင်စတီကျူးရှင်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများအတွင်း ဒီမိုကရေစီလုပ်ထုံး လုပ်နည်းများ ဟန်ချက်ညီတိုးတက်ရန် လိုအပ်ပါသည်။
သို့မှသာ ပြဿနာစီမံခန့်ခွဲမှုတွင် ဒီမိုကရေစီနည်းလမ်းများကို ထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်ပြီး ပဋိပက္ခအလွန် နိုင်ငံတည်ဆောက်ရေးကိုပါ ဆက်လက် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။
ဒီမိုကရေစီအနှစ်သာရများအခြေခံ
ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီ ကျင့်သုံးရာ၌ ဒီမိုကရေစီအပြည့်အဝ ကျင့်သုံးသောငိုင်ငံ၊ ချို့ယွင်းချက် အားနည်းချက်များရှိသောနိုင်ငံ၊ တစ်ဝက် တစ်ပျက် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံအဖြစ် ပိုင်းခြားထားသည်ကို တွေ့ရပါသည်။ ယင်းသို့တိုင်းတာ သတ်မှတ်မှုများသည် နိုင်ငံတိုင်း၏ အခြေအနေများနှင့် ကိုက်ညီရန် ခက်ခဲနိုင်ပါသည်။ ဒီမိုကရေစီကို တင်သွင်း၍ မရသလို တင်ပို့၍လည်းမရ ဆိုသကဲ့သို့ ယင်းစံနှုန်းများနှင့် တိုင်းတာသတ်မှတ်ခြင်းထက် မိမိတို့ နိုင်ငံအတွက် အထောက်အကူဖြစ်စေသည့် ဒီမိုကရေစီအနှစ်သာရများနှင့် အလေ့အကျင့်များကို ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ပါသည်။
ပြည်သူလူထု၏ လူမှုစီးပွားဘဝများ တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူတိုင်း၏ မျှော်လင့်ချက် အိပ်မက်များ ဖြစ်ကြပါသည်။ ထိုမျှော်လင့်ချက် အိပ်မက်များ လက်တွေ့အကောင်အထည် ပေါ်လာစေရန်ဆိုပါက ဒီမို ကရေစီအနှစ်သာရများကို ကိုယ်စီကိုယ်စီ လိုက်နာကျင့်သုံးကြခြင်းဖြင့် မျှော်လင့်ချက်အိပ်မက်မှ လက်တွေ့အကျိုးခံစားရမှုသို့ ပြောင်းလဲလာနိုင်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပါသည်။ ။
သိန်းထွန်း (IR)