ငြိမ်းချမ်းသော ပြည်ထောင်စုဆီ
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု နှလုံးသွင်းထားသင့်သည်။
ငြိမ်းချမ်း”ကို ဆူပူလှုပ်ရှားထကြွခြင်း၊ နှောင့်ယှက်ခြင်းကင်းသည် ဟုလည်းကောင်း၊ “ငြိမ်းချမ်းရေး” ကို ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက်စသည်တို့ ကင်းမဲ့သောအဖြစ်ဟုလည်းကောင်း မြန်မာ အဘိဓာန်ကဖွင့်ဆိုသည်။ စင်စစ်ရန်လိုမှုနှင့် အကြမ်းဖက်မှုကင်းစင်လျက် လူမှုအသိုက်အဝန်း၌ ချစ်ကြည်မှုနှင့် သဟဇာတဖြစ်မှုကိုရှေးရှုသည့် သဘောတရားပင်ဖြစ်တော့သည်။ စားကောင်း သောက်ဖွယ်တို့ကို စားသောက်ရ၍ ဝမ်းဝကျေနပ်ရသလို စီးဆင်းနေသောသွေးတို့ ပေါင်းစပ်ရာမှ ရလာသောစကားလုံးသည် ချိုမြိန်သည်သာဖြစ်သည်။ ချိုမြိန်သောနှုတ်ဖျားမှ “ငြိမ်းချမ်းရေး” သည် လူတစ်ဦးချင်းစီ၏ လွတ်မြောက်မှုပင်ဖြစ်သည်ဟု ပြောနိုင်သည်။
“ပြည်ထောင်စု”ကို ပြည်နယ်နှင့် တိုင်းများပေါင်းစည်း၍ ဗဟိုအာဏာပိုင်အဖွဲ့က စီမံခန့်ခွဲသည့် နိုင်ငံဟု မြန်မာအဘိဓာန်က ဖွင့်ဆိုသည်။ “a whole formed from parts or members” ဟုလည်းဆိုနိုင်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တိုင်းဒေသကြီးခုနစ်ခုနှင့် ပြည်နယ်ခုနစ်ခုတို့ဖြင့် ပေါင်းစည်းသတ်မှတ် ပြဋ္ဌာန်းထားသည်။ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ မှီတင်းနေထိုင်ကြသည်။
ပြည်ထောင်စုကိုမွေးဖွားခြင်း
ပြည်ထောင်စုနေ့သည် ပြည်ထောင်စု ပေါ်ပေါက်လာရခြင်း၏ နောက်ခံသမိုင်းကြောင်း လည်းဖြစ်သည်။ ဗြိတိသျှအစိုးရလက်အောက်တွင် ၎င်းတို့သည် မြန်မာနိုင်ငံကြီးအား ရေရှည်အုပ်ချုပ်နိုင်ရန် တိုင်းရင်းသားများအပေါ်သွေးခွဲအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ဗြိတိသျှတို့၏အုပ်ချုပ် ရေးပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးမရှိဘဲ သွေးကွဲမှုများပင်ရှိခဲ့သည်။ ဗြိတိသျှတို့လက် အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလ ပတ်လုံး ကြိုးစားရုန်းကန်ခဲ့ကြ ရသည်။ ထိုနှစ်ကာလများအတွင်း မြေပြန့်သားနှင့် တောင်တန်း သားတို့တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက် ခြင်းပင်မရှိခဲ့ကြချေ။ ဖက်ဆစ်ကိုတော်လှန်ချိန်မှ စကာ သွေးစည်းညီညွတ်ရေး လမ်းစပွင့်လာခဲ့ကြသည်။ ဖက်ဆစ်ကိုတော်လှန်ပြီး လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းကြရာတွင်မူတောင်ပေါ် မြေပြန့် မခွဲခြားတော့ဘဲ တိုင်းရင်းသား ပေါင်းစုံတို့၏ ညီညွတ်မှုသည် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည်အထိ ဖြစ်တည်ကြတော့သည်။
၁၉၄၇ ခုနှစ်ဇန်နဝါရီလ ၂၇ ရက်နေ့ (တနင်္လာနေ့) တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန် ကြီး ချုပ်အက်တလီတို့သည် မြန်မာပြည်အား လွတ်လပ်ရေးပန်းတိုင်ကို ပို့ဆောင်ပေးမည့် စာချုပ်ကို လက်မှတ် ရေးထိုးကြသည်။ ထိုစာချုပ်သည် “အောင်ဆန်းအက်တလီ” စာချုပ်ဟု ရာဇဝင်တွင်လေသည်။ ဘိလပ်မှ ပြန်ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တောင်တန်းသားများကို ထပ်မံစည်းရုံးရပြန်သည်။
နယ်ချဲ့တို့ကလည်း အလျှော့မပေးပါချေ။ တောင်တန်း ဒေသများကို ပြည်မမှခွဲထွက်နိုင်အောင် အစွမ်းကုန် ကြိုးစားလျက်သွေးခွဲလျက်ပင်ရှိသည်။ တောင်တန်းဒေသများ၏ဆန္ဒကို စုံစမ်း လေ့လာရန်ဟုဆိုကာ ဗြိတိသျှအစိုးရသည် ဗြိတိသျှဒိုမီနီယန်ကလေး အာသာဘော်တွန်မ်လီ (Arthur Bottomley, M.P.)ကို မြန်မာပြည်သို့ စေလွှတ်လိုက်လေသည်။
သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုကို အကြွင်းမဲ့ယုံကြည်ကြသော တောင်တန်း သားများသည် ဗြိတိသျှတို့၏စကားကို နားမယောင်ကြတော့ချေ။ ဗိုလ်ချုပ်၏ သမိုင်းဝင် စကားဖြစ်သည့် “လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ မည်သူ့ကိုမျှ မကြောက်မရွံ့နှင့်။ ၎င်းတို့က တောင်တန်း သားများကိုမေးခဲ့လျှင် တောင်တန်းလူမျိုးများက လွတ်လပ်ရေးကိုလိုချင်တယ်ဟု ပြောရမည်ဖြစ်ကြောင်း၊ ခြောက်လျှင်လည်း မကြောက်ကြနှင့်၊ ချော့လျှင်လည်း မပျော့ကြနှင့်၊ တောင်တန်းသား လူမျိုးများသည်မြန်မာပြည်ကဲ့သို့တူညီသောအဆင့် အတန်းကို လိုချင်သည်ဟု ပြောရမည်ဖြစ်ကြောင်း၊ ဒါကို ယနေ့ပြောလိုက်ရင် နက်ဖြန်အဆွေတို့ လွတ်လပ်ရေးရမည်” ဟူသည့်စကားကို နားထောင် ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် “ပင်လုံစာချုပ်” ကို လက်မှတ်ရေးထိုးလိုက်ကြလေသည်။ ထိုနေ့ ထိုအချိန်မှ စတင်ကာ ပြည်ထောင်စုဟူသော စကား လုံးကို မွေးဖွားခဲ့ကြသည်။ “ပြည်ထောင်စု မြန်မာ နိုင်ငံ”ဟု ခေါ်ဆိုနိုင်ခဲ့ကြသည်။
ပြည်ထောင်စုကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတည်းဟူသော လောက ပါလတရားတို့အပေါ်တွင် အခြေခံ၍ နိုင်ငံရေး အသိုက်အမြုံတစ်ခုအား တည်ဆောက်လိုက်ကြ ခြင်းပင်ဖြစ်သည်။ မတူညီသောအမြင်များဖြင့် အသိုက်အမြုံအတွင်း ယှဉ်တွဲနေထိုင်သူ အချင်း ချင်း ပွတ်တိုက်ထိခိုက်မှုများရှိကြလင့်ကစား သွေးစည်းညီညွတ်မှုသည် အင်အားဟူသော ခံယူချက်ကို တည်ဆောက်နိုင်ခဲ့ကြသည်။ သို့ကြောင့်ပင် လွတ်လပ်ရေးသည် စိန်ရတုနှစ်ကာလ များထိ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြနိုင်ခြင်းဖြစ်သည်။ တည်တံ့ခိုင်မြဲသည့် ပြည်ထောင်စု ကြီးကို ငြိမ်းချမ်းသာယာစေလိုသည့် စိတ်ဆန္ဒသည် ပြည်ထောင်စုသား တိုင်းရင်းသားတို့၏ ရင်ဝယ် အမြဲတည်ရှိနေလေသည်။ လက်ငါးချောင်းပင်တိုသောလက်ချောင်း ကတို၍ ရှည်သော လက်ချောင်းက ရှည်သည်ကို တွေ့မြင်နေကြရသည်။ လူ့စိတ်လူ့သဘောဆိုသည်က ပိုမိုကွဲပြား ခြားနားသည်ပင်ရှိတော့သည်။ မတူညီသော အမြင်များ၏နောက်ဝယ် မငြိမ်းချမ်းမှုနှင့် ပဋိပက္ခများသည် ထက်ကြပ်လိုက်ပါ လာတော့သည်။ ခါးသီးသောဖြစ်ရပ်များသည် သမိုင်း ကြောင်းတစ်လျှောက် သင်ခန်းစာအဖြစ် ချန်ရစ်ကျန်ရစ်ခဲ့သည်။ ပြည်ထောင်စုသား တိုင်းရင်း သားတို့က ဆင်ခြင်ဉာဏ်သတိ၊ ညီညွတ်မှုရှိသော ဝီရိယတို့ကြောင့်သာ ငြိမ်းချမ်းသော ပြည်ထောင်စုကြီးအဖြစ် တည်တံ့ခိုင်မြဲနေ ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးကို ဖော်ဆောင်သင့်သည်
လွတ်လပ်ပြီးဖြစ်သော်လည်း ဝါဒအမြင်များ ကြောင့်ပင်ပဋိပက္ခများသည်ပိုမိုရှင်သန်လာခဲ့သည်။ စကားလုံးများဖြင့် ဖြေရှင်းနေရာမှ လက်နက်စွဲ ကိုင်ဖြေရှင်းလာကြသည်။ လက်နက်ကိုင်ပဋိပက္ခသက်တမ်းရှည်ကြာလာသည်နှင့်အမျှ လက်နက်ကိုင်အဖွဲ့အစည်းဦးရေမှာလည်း တိုးပွားလာခဲ့ သည်။ တိုင်းရင်းသားတို့ကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ် အသီးသီးတွင် မိမိတို့လူမျိုးအတွက် မိမိတို့ကိုယ်တိုင် လွတ်လပ်စွာဆုံးဖြတ်ခွင့်နှင့် တာဝန်ယူပိုင်ခွင့်တာဝန်ခံပိုင်ခွင့် အပြည်အဝရရှိရေးဟူသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လိုလားကြသည်။ ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းအောက်ဝယ် ပဋိပက္ခများကို နိုင်ငံရေးနည်း ဖြင့် ဆွေးနွေးအဖြေရှာသည့်ခေတ်ကို ရောက်လာကြသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေးရရှိရန်အတွက် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည် အရေးပါလာ တော့သည်။ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသည့်နေ့သည် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရသည့်နေ့ဖြစ်ပါလိမ့်မည်။ ငြိမ်းချမ်းမှုနှင့်အတူ မလိုအပ်တော့သည့် ဥပဒေများ လည်း အလိုအလျောက် ရုပ်သိမ်းသွားမည်မှာ အသေအချာပင်ဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများစည်းလုံးချစ်ကြည်ညီညွတ်နေသရွေ့ ငြိမ်းချမ်းရေးတေးသံသည် ပျံ့လွင့် နေမည်သာဖြစ်သည်။
ပဋိပက္ခများသည် နှောင်းကာလမှ ဖြစ်ပေါ်လာ ခြင်းမဟုတ်ပါချေ။ နယ်ချဲ့တို့၏ သွေးထိုးစကားကြောင့် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပါလာ ခြင်းပင်ဖြစ်လေသည်။ နယ်ချဲ့သမားတို့၏ လက်ပါးစေများကလည်း “ဗမာတွေကခင်ဗျားတို့ကိုလိုက်လျော လှချည်လား၊ ဒါလောက် လွယ်တာဟာအကြောင်းတစ်ခုတော့ရှိမယ်၊ အရမ်းမလုပ်ဘဲ စဉ်းစဉ်းစားစား လုပ်ရင်ကောင်း မယ်” ဟုလည်းကောင်း၊ “ဗိုလ်ချုပ်ကို ကြည့်ပါလား၊ ဂျပန်စိတ်မပျောက်သေးဘူး၊ တော်တော်ကြာ ခင်ဗျားတို့ ဖက်ဆစ်လက်အောက် ရောက်သွားမှာပဲ”ဟုလည်းကောင်း ပြောဆို သတင်းလွှင့်ချက်များက သက်သေပင်ဖြစ်သည်။ ထိုစကားကို ယုံသည့်လူများလည်း ရှိသည်။ အမှား၊ အမှန် ချင့်ချိန်နိုင်သူတို့လည်းရှိသည်။
ချင်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝမ်ကိုဟော မဆလခေတ် နိုင်ငံတော်ကောင်စီဝင်ထိတိုင် တာဝန်ထမ်းဆောင်ခဲ့သူ)က “အမှန်က ဗမာ ခေါင်းဆောင်များနှင့် တောင်တန်းခေါင်းဆောင်များ ကြားတွင်ကြီးမားသော အထင်လွဲမှုမရှိခဲ့ပါ။ အထင်လွဲမှု အနည်းငယ်ရှိခဲ့သည်မှာ တစ်ဦးနှင့် တစ်ဦး နားလည်မှုမရှိသောကြောင့်ဖြစ်ပါသည်။ ပညာမဲ့သော ဗမာများနှင့် ပတ်ဝန်းကျင်အနီး အနားရှိ တောင်တန်းသားများ၊ ခေတ္တခဏမျှသာ တွေ့ခွင့်ရခဲ့ရာ အပြန်အလှန် မယုံသင်္ကာ ဖြစ်မှုများ ရှိခဲ့ပါသည်။ သို့သော်လည်း လုရုံ၊ မီးရှို့ရုံမှတစ်ပါး အကြီးအကျယ် တိုက်ခိုက်မှုများ မရှိခဲ့ပါ။ ဤသို့ဖြစ်ရသည်မှာလည်း နယ်ချဲ့သမားများက သွေးခွဲအုပ်ချုပ်ရေးပေါ်လစီအရ အချင်းချင်းကို ခွဲထားသောကြောင့် ဖြစ်သည်ဟု ဗိုလ်ချုပ်က ကောက်ချက်ချပါသည်” ဟူသူ၏ profile of a Burma Frontier Man စာအုပ်တွင် ရေးသားထားသည်ကို တွေ့ရသည်။
တိုင်းရင်းသားတစ်ဦး၏ စကားကရှင်းလှ သည်။ တိုင်းရင်းသားများကြားတွင် ကြီးမားသော အထင်လွဲမှုမရှိခဲ့ပါ။ တစ်ဦးနှင့်တစ်ဦး နားလည်မှု မရှိသောကြောင့် အထင်လွဲမှုအနည်းငယ် ရှိခဲ့သည်မှာလည်း သဘာဝကျပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ကောက်ချက်စကားလာ နယ်ချဲ့သမားများက သွေးခွဲအုပ်ချုပ်ရေးပေါ်လစီအရ အချင်းချင်းကို ခွဲထားသောကြောင့်ဖြစ်သည်ဆိုသည်ကိုလည်း နားလည်လက်ခံထား ကြသည်။ ထို့ကြောင့်ပင် တစ်ခေတ်တစ်ခါတစ်ချိန်ထိတိုင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှည်ကြာ စွာ တည်ဆောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၁၀-၂၀၂၀ ပြည့်နှစ်များအတွင်း ဗိုလ်ချုပ်အောင် ဆန်း မျှော်မှန်းခဲ့သည့် “အနာဂတ်မှာဖြစ်ပေါ်လာမယ့် ပြည်ထောင်စု မြန်မာနိုင်ငံသမ္မတရာထူးကို လူမျိုးစုအသီးသီးက အလှည့်ကျယူရမယ်၊ တစ်နေ့သောအခါ ရှမ်းဖြစ်စေ၊ ချင်းဖြစ်စေ၊ ဗမာပြည်ရဲ့ဝန်ကြီးချုပ် ဖြစ်နေတာကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်၊ ဗမာပြည်လွတ်လပ် ရေးရတဲ့အခါ၊ လွတ်လပ်ပြီးအချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့နိုင်ငံများမှာ ရနိုင်တဲ့ အခွင့်အလမ်း အားလုံးကို ခင်ဗျားတို့ ရကြပါလိမ့်မယ်”ဟု မိန့်မှာစကားနှင့် ညီညွတ်ခဲ့သည်ကို တွေ့မြင်ခဲ့ကြရသည်။
“နိုင်ငံများ၏သမိုင်းကြောင်းကို လေ့လာကြည့်ပါက ပဋိပက္ခများနှင့် မတည်ငြိမ်မှုအကြား လူးလွန့်လျက်ရှိသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်ကို ထိခိုက်နေသည်သာဖြစ်သည်။ ပဋိပက္ခ များနှင့် မတည်ငြိမ်မှုများက အရိပ်ပမာအုပ်မိုးထားသောကြောင့် ပတ်ဝန်းကျင်နှင့် အခြားရပ်ဝန်း ကမ္ဘာတို့က သံသယအမြင်နှင့် ကြည့်ခြင်းကို ခံရတတ်သည်။ သံသယအမြင်သည် အကူအညီပေးရေးကိုတွန့်ဆုတ် စေပါသည်။ ကြာရှည်တည်မြဲ သည့်တိုးတက်မှုနှင့် သာယာဝပြောမှုကို ပိုမိုဝေးကွာစေသည်။ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားတို့ စိတ်ချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် အမှန်တကယ်လိုအပ်သည်။ ပါဝင်ပတ်သက်သူအားလုံးက တန်းတူညီမျှမှုကို အခြေခံပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မတူညီခြင်းကို ခေတ္တမေ့ကာ တူညီရာများကို ပေါင်းစပ်လိုသော စိတ်ဆန္ဒ၊ စေတနာ၊ မေတ္တာတို့အပေါ်တွင် အခြေခံသင့်သည်။ သို့မှသာ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကာလတွင် ငြိမ်းချမ်းသော ပြည်ထောင်စုအဖြစ် ဖြစ်သင့်ဖြစ်ထိုက် မြင်အပ်သော နိုင်ငံရေး ဇာတ်ညွှန်းကောင်းတစ်ပုဒ်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။
ပဋိပက္ခစည်းဝိုင်းအတွင်း ရောက်ရှိနေကြသူတို့သည် ငြိမ်းချမ်းရေးအတွက် ဘက်အလိုက် အလျော့ပေးကာ သဘောတူညီမှုရယူခြင်းဖြင့် စတင်ကြသည်။ သဘောတူညီခြင်းသည် ယုံကြည် ခြင်းပင်ဖြစ်သည်။ ယုံကြည်ခြင်းသည် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ခွင့်လွှတ်မှု တို့ကိုဖြစ်ပေါ်စေသည်။ သဘောထားသေးသိမ်ပါက ငြိမ်းချမ်းရေးသည် ဝေးကွာသွား တတ်ပြီး ခွဲခြားဆက်ဆံခံရပါက ရေပေါ်အရုပ်ရေးသည့်ပမာ ဖြစ်တည်သွားရသည်။ စည်းဝိုင်းအတွင်းရှိနေကြသူအားလုံးသည် တစ်ဦးကိုတစ်ဦး ယုံကြည်ကြခြင်း သည်သာ လက်ချင်းတွဲ ကြခြင်းသဘောကို ဆောင်စေပါလိမ့်မည်။ စာချုပ်စာတမ်းလာ ဥပဒေ စကားလုံးများထက် ပြည်ထောင်စုစိတ်ဓာတ်ကိန်းဝပ်သော ပြည်ထောင်စုသား ညီနောင်သွေးချင်းများ၏ နှလုံးသား သည်သာ ငြိမ်းချမ်းသောပြည်ထောင်စုကြီးကို ထာဝရတည်မြဲစေမည်ဖြစ်သည်။
စိန်ခေါ်မှုများ ကားရှိဆဲပင်ဖြစ်သည်။ ပေးထားသောပုစ္ဆာကို ရအောင်အဖြေထုတ်တတ်ဖို့ လိုပါမည်။ ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ပြောကြားထားသည်။ သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လာသည်။ မြန်မာနိုင်ငံကြီး ပိုမိုတည်ငြိမ် အေးချမ်းပြီး သာယာဝပြောရန်နှင့် စားရေရိက္ခာဖူလုံစေရန်တိုင်းရင်းသားပြည်သူများနှင့်တက် ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်းဆိုသည်။ ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်နိုင်ငံ ပေါ်ထွန်းလာရေးကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဟု ပြောကြားသည်။ ပြောင်းလဲဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေကြောင့် လှိုင်းဂယက်တို့ ထနေချိန်ဝယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏ ထုတ်ဖော်ပြော စကားသည် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခါသမယနှင့် ထူးခြားတိုက်ဆိုင် နေလေသည်။ တိုင်းရင်းသားတို့ အတွက်စိတ်အေးစရာပင်ဖြစ်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံမည်တွင်သော ပြည်ထောင်စုကိုညီအောင်ပြုထားပါသည်။ ပြည်နယ် နှင့်တိုင်းများ တည်ထောင်စုပေါင်းထားပါသည်။ တိုင်းရင်းသားများ စည်လုံးညီညွတ်စွာ၊ ချစ်ကြည်စွာ မပြိုမကွဲ လက်တွဲထားပါသည်။ ဤပြည်ထောင်စုကြီးသည် ငြိမ်းချမ်းသော ပြည်ထောင်စုကြီးပင် ဖြစ်ပါသည်။ (၇၅) နှစ်မြောက် စိန်ရတုကာလမှသည် ကာလ ကာလများ ထိတိုင် စည်ပင်သာယာဝပြောပြီး ငြိမ်းချမ်းသောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ရောက်သည့်တိုင် တွဲလက်များ ခိုင်မြဲပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက် ရပါတော့သည်။
ကိုးကား ၁။ အောင်သန်း၏ အောင်ဆန်း၊ ၁၉၆၉ ခုနှစ်၊ သြဂုတ်လ၊ စတုတ္တ အကြိမ်၊ ချစ်ကြည်ရေးစာပေတိုက်။
၂။ သုတပဒေသာစာစောင်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ အတွဲ(၄၅)၊ အမှတ်(၂)၊ စာပေဗိမာန်ထုတ်။
ကိုဇော်ဌေး (ယဉ်ကျေးမှု)