Skip to main content

လျှပ်စစ်ဓာတ်အားချွေတာဖို့ LED ကိုသုံးကြစို့

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရေး ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင်ပြု ပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ မဟာဓာတ်အားခွဲရုံအသစ်များ တိုးချဲ့တည်ဆောက်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ခွဲရုံများအား အသစ်တိုးချဲ့တည်ဆောက်ခြင်း တို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

မြို့ပြနေပြည်သူများသာမက ကျေးလက်နေပြည်သူများကို ဓာတ်အားရရှိသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းနှင့် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေသော ပြည်သူများအား တည်ငြိမ်၍ အရည်အသွေး ပြည့်ဝသော လျှပ်စစ်ဓာတ်အားရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို သိသိသာသာ ပိုမိုသုံးစွဲလာခဲ့ကြပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားသုံးစွဲမှုများ မြင့်တက်လာခဲ့ပြီး ဓာတ်အားလိုအပ်ချက်များ ဖြစ်ပေါ်လာခဲ့သဖြင့် နိုင်ငံတော် ဓာတ်အားစနစ်ကို တည်ငြိမ်စွာထိန်းသိမ်းမောင်းနှင်နိုင်ရန် ဝန်အားထိန်းညှိလျှော့ချခြင်းများကို ဆောင်ရွက်နေရပါ သည်။

စီမံဆောင်ရွက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဝန်အားထိန်းညှိလျှော့ချခြင်းများ မပြုလုပ်ရဘဲ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို ပြည့်ဝစွာဖြည့် ဆည်းပေးနိုင်ရေးအတွက် အရင်းအမြစ်မျိုးစုံကို အခြေခံ၍ ဓာတ်အားပေးစက်ရုံစီမံကိန်းသစ်များကို နိုင်ငံပိုင်ရန်ပုံငွေ၊ နိုင်ငံခြားချေးငွေနှင့် အထောက်အပံ့ငွေများ ကိုရယူ၍ နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု ပုံစံ Independent Power Producer (IPP)1 Build-Operate-Transfer (BOT). Build-Operate-Own စနစ်များဖြင့်လည်း အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် ပြည်သူအများစုအတွက် သင့်တင့်သောဓာတ်အားခနှုန်းထားဖြစ်စေရန် ရည်ရွယ်၍ ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ် သက်သာ သောစွမ်းအင်အရင်းအမြစ်မျိုးစုံဖြင့် ဓာတ်အား ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆောင်ရွက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများ နှောင့်နှေးခဲ့ခြင်းစသည့် ကန့်သတ်ချက်များ ကြုံတွေ့ရလျက်ရှိပါသည်။

ထို့ပြင် ၃-၁-၂၀၂၂ ရက်နေ့တွင် ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)- ရွှေမြို့ ဓာတ်အားလိုင်းအား လေးကြိမ်မြောက် မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရခြင်း၊ ၁၈-၁၂-၂၀၂၁ ရက်နေ့တွင် ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းအား လေးကြိမ်မြောက် မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရခြင်း နှင့် ၉-၁-၂၀၂၂ ရက်နေ့တွင် ၁၃၂ ကေဗွီ ဘီလူးချောင်း (၂)- တီကျစ် ဓာတ်အားလိုင်းအား နှစ်ကြိမ်မြောက် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းတို့ကြောင့် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်မှုမရှိခြင်းကြောင့်လည်းကောင်း၊ ကမ္ဘာ့ LNG ဓာတ်ငွေ့ဈေးနှုန်း စံချိန်တင်မြင့်တက်နေ သဖြင့် LNG ဓာတ်အားပေး စက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်မှာ ရပ်တန့်ထားရခြင်း ကြောင့်လည်းကောင်း စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှု ၉၇၀ မဂ္ဂါဝပ်ခန့်မှာ လျော့နည်းနေ လျက်ရှိသောကြောင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားထိန်းညှိလျှော့ချခြင်းများ ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

ချွေတာသုံးစွဲရန် မေ့လျော့၍နေ

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားခမှာ အိမ်နီးချင်းနိုင်ငံများ၊ ASEAN နိုင်ငံအများစုရှိ ဓာတ်အားခများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေ သည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနေသော နိုင်ငံလူဦးရေ၏ ၆၁ ရာခိုင်နှုန်းခန့်သော ပြည်သူများသည် ဈေးနှုန်း ချိုသာသော လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနေရသဖြင့် လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ ချွေတာသုံးစွဲရန် မေ့လျော့၍နေသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေသော အိမ်ထောင်စုတစ်စုချင်းစီက လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ ချွေတာသုံးစွဲပါက မိသားစုအတွက် ဓာတ်အားခကျသင့်ငွေ (မီတာခ)များ ပေးချေရမှုလျော့နည်း ရုံသာမက နိုင်ငံတော်ဓာတ်အား စနစ်အတွင်း ဝန်အားထိန်းညှိလျှော့ချရမည့်ပမာဏ လျော့နည်း သွားခြင်းနှင့် လျှပ်စစ်မီး မရရှိသေးသောပြည်သူများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေး နိုင်ခြင်း အစရှိသော လက်ငင်းအကျိုးကျေးဇူးများကို ပြည်သူတစ်ရပ်လုံး သာတူညီမျှရရှိခံစားရ မည်ဖြစ်ပါသည်။

ထို့ကြောင့်နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး နည်းလမ်းများအား လိုက်နာဆောင်ရွက်ပေးကြပါ ရန် အသိပေးတိုက်တွန်းနှိုးဆော်လျက်ရှိသကဲ့ သို့ ဓာတ်အားသုံးစွဲမှုများသော မီးသီး၊ မီးချောင်းများအစား LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးခြင်း၊ မလိုအပ်သောနေရာများ၊ အချိန်များတွင် မီးပိတ်ထားပြီး လိုအပ်သောနေရာများ ကိုသာ မီးခလုတ်ဖွင့်ခြင်း အစရှိသော လျှပ်စစ်ဓာတ်အား ချွေတာရေးနည်းလမ်းများကို ပညာပေးဆောင်ရွက်လျက်ရှိပါသည်။

လျှပ်စစ်ဓာတ်အား ချွေတာရေးနည်းလမ်းများအနက် လက်ငင်းအကျိုးကျေးဇူးများပြီး ထိရောက်မှု အရှိဆုံးနည်းလမ်းမှာ ဓာတ်အားသုံးစွဲမှုများ သောမီးသီး၊ မီးချောင်းများအား ဓာတ်အားသုံးစွဲမှု နည်းသော LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးအသုံးပြုခြင်းဖြစ်ပါသည်။ LED မီးသီး၊ မီးချောင်းများသည် စွမ်းအင်သုံးစွဲမှု သက်သာခြင်း၊ သက်တမ်းရှည်ကြာခြင်း၊ အဖွင့်အပိတ် အကြိမ်ရေများခြင်း အပေါ်ခံနိုင်ရည်ရှိခြင်း၊ ဗို့အားနိမ့်တွင် သုံးစွဲနိုင်ခြင်း၊ အလင်းအားကို လိုသလိုလျှော့ချအသုံးပြုနိုင်ခြင်း၊ အပူနှင့်ခရမ်းလွန်ရောင်ခြည်ထုတ်လွှတ်မှုမရှိခြင်းနှင့် အလင်း ရောင်အေးမြခြင်း အစရှိသော အားသာချက်များ ရရှိသွားမည်ဖြစ်ပါသည်။

LED မီးချောင်းဖြင့် အစားထိုးအသုံးပြု

လက်ရှိ အိမ်ထောင်စုအများစုတွင် တပ်ဆင်အသုံးပြုနေသော လေးပေမီးချောင်းတစ်ချောင်း၏ ဓာတ်အားသုံးစွဲမှုမှာ ဝပ် ၄၀ ဖြစ်သော်လည်း လင်းအားတူ LED မီးချောင်း၏ ဓာတ်အားသုံးစွဲမှု မှာ ၁၆ ဝပ်သာရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေသော အိမ်ထောင်စု ၆ ဒသမ ၆ သန်းအနက် အိမ်ထောင်စုတစ်စုလျှင် ဝပ် ၄၀ လေးပေမီးချောင်း နှစ်ချောင်းအား LED မီးချောင်းဖြင့် အစားထိုးအသုံးပြုမည်ဆိုပါက အိမ်ထောင်စုတစ်စုလျှင် ဝပ် ၄၀ သက်သာပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတ်အားသုံးစွဲမှု ၃၁၆ ဒသမ ၈ မဂ္ဂါဝပ် သက်သာသွားမည်ဖြစ်သောကြောင့် ဝန်အားထိန်းညှိလျှော့ချရမည့်ပမာဏ လျော့နည်းသွားမည့် အပြင် လျှပ်စစ်မီးမရရှိသေး သော ပြည်သူများအား လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင် ရွက်သွားနိုင်မည်ဖြစ်ပါသည်။ LED မီးလုံး၊ မီးချောင်းများ၏ ကနဦးတပ်ဆင်စရိတ် မှာကြီးမားသော်လည်း စွမ်းအင်သုံးစွဲမှု ထက်ဝက်ကျော်ခန့် လျော့ကျသွားသောကြောင့် ဓာတ်အားခမီတာခပေး ဆောင်ရမှု ထက်ဝက်ကျော်ခန့် သက်သာသွားမည်ဖြစ်ပါသည်။

ထို့အပြင် လက်ရှိလမ်းမီးအဖြစ် အသုံးပြုနေသော ဝပ် ၁၅၀၊ ဝပ် ၂၅၀ နှင့် ဝပ် ၄၀၀ ဆိုဒီယမ် မီးသီးများနှင့် ရိုးရိုးအိမ်သုံး ဝပ် ၄၀၊ ဝပ် ၆၀ နှင့် ဝပ် ၁၀၀ ရှိ မီးသီး၊ လေးပေမီးချောင်းများအား LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ်အသုံးပြုပါက သက်တမ်းပိုမိုကြာရှည်ခံခြင်း၊ အလင်းအား ပိုမိုကောင်းမွန်ခြင်းနှင့် စွမ်းအင်သုံးစွဲမှု ထက်ဝက်ကျော်လျော့ကျသွားသောကြောင့် ဓာတ်အားခ (မီတာခ) ကုန်ကျစရိတ် ထက်ဝက် (၅၀ ရာခိုင်နှုန်း) ကျော်ခန့်သက်သာသွားခြင်း အစရှိသော လက်ငင်းအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

မှတ်ချက်။ ယခုတွက်ချက်မှုသည် ဖော်ပြပါဇယားအရ ဝပ် (၃၆၀) ပမာဏရှိသော မီးသီး၊ မီးချောင်းများ၏ ဓာတ်အားသုံးစွဲမှုကိုသာ တွက်ချက်ထားခြင်းဖြစ်ပြီး အခြားအိမ်သုံးလျှပ်စစ် ပစ္စည်းများ၏ ဓာတ်အားသုံးစွဲမှုကို တွက်ချက်မထားသောကြောင့် စွမ်းအင်သုံးစွဲမှု လျော့နည်း သောအိမ်သုံးပစ္စည်းများကို လျှော့ချသုံးစွဲပါက ပိုမိုသက်သာစေမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိလျှော့ချရမည့်ပမာဏ လျော့နည်းသွားမည်ဖြစ်ခြင်း၊ လျှပ်စစ်မီး မရရှိသေး သောပြည်သူများအား လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ခြင်းနှင့် အိမ်ထောင်စုအလိုက် ဓာတ်အားခဖိုးပေးဆောင်ရမှု သက်သာသွားမည်ဖြစ်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့နေအိမ်၊ ရုံး၊ အဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံများရှိ လက်ရှိအသုံး ပြုနေသော မီးသီး၊ မီးချောင်းများနှင့် လမ်းမီးများကို LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ်အသုံးပြုခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပညာပေးတိုက် တွန်းအပ်ပါသည်။ ။

ကိုချမ်း