Skip to main content

ကြိုတင်ကာကွယ် မီးဘေးအန္တရာယ်

၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုး သည် ကျပ်၆၄၇၆သန်းရှိခဲ့ပြီး၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ၁၁ လအတွင်း မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၂၈၂၆ ဒသမ ၂၈၃ သန်းရှိသောကြောင့် ဆုံးရှုံးမှုတန်ဖိုး မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၏စာရင်းများအရ သိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ မီးလောင်မှု ၁၉၄၉ ကြိမ် ရှိပြီး ၂၀၂၀ ပြည့်နှစ်အတွင်း အကြိမ်ရေ ၁၉၉၀ ရှိခဲ့သည်ဟု ဆိုသည်။ နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့သည် မီးလောင်မှုများသည့်ကာလ ဖြစ်သောကြောင့် မီးလောင်မှုမဖြစ်အောင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မီးဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်များရေးဆွဲပြီး ဆောင်ရွက်လျက်ရှိသည်။

သုံးတတ်လျှင်မိတ်ဆွေ၊ မသုံးတတ်လျှင်ရန်သူ

မီးသည်လူသားတို့အတွက် မရှိမဖြစ်သော လိုအပ်ချက်ပင် ဖြစ်သည်။ ရှေးခေတ်လူသားတို့သည် “မီးကို မတွေ့မီကာလက အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို အစိမ်းသက် သက်သာ စားသောက်ခဲ့ကြရသည်။ ထို့နောက် “မီးကို စတင်တွေ့ရှိချိန်မှစ၍ လူသားတို့၏ယဉ်ကျေးမှုသည် တိုးတက်ပြောင်းလဲလာခဲ့သည်။ သို့သော် မီးသည် “သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင်ရန်သူ၊ “လူခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ ဆိုသောစကားများသည်လည်း မီးဘေးအန္တရာယ်ကို ကြိုတင်သတိပေးခြင်းပင် ဖြစ်သည်။ ထို့အပြင် ဗုဒ္ဓစာပေများတွင် ပါရှိသည့် “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ"ဆိုသော ရန်သူမျိုးငါးပါးတွင်လည်း မီးဘေးအန္တရာယ်သည် ပါရှိနေပြန်သည်။

ကြိုတင်ပြင်ဆင်ခြင်း

“ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ လူတစ်ဦး တစ်ယောက်၏ ပေါ့ဆမှုကြောင့် ဆုံးရှုံးမှု များစွာဖြစ်ပေါ်စေသည့် မီးလောင်မှုများကို မကြာခဏကြုံတွေ့ရသည်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့သောကာလတွင် ပြည်သူတိုင်း “မီးအသိ၊ မီးသတိရှိနေရန် လိုအပ်သည်။ ရုံး၊ ဌာန၊ ကုမ္ပဏီများ၊ နေအိမ်၊ အဆောက်အအုံများတွင် မီးသတ်ဆေးဘူးများ၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကပ် စသည့် မီးငြိမ်းသတ်ရေးအထောက်အကူပစ္စည်း များကို လုံလောက်စွာထားရှိရမည် ဖြစ်သည်။

မီးသတ်ဆေးဘူးများကို နှစ်စဉ်ဆေးဖြည့် ထားရန် လိုအပ်သည်။ ဝန်ထမ်းအားလုံးကိုလည်း မီးသတ်ဆေးဘူး ကိုင်တွယ်နည်း သင်တန်းများ ပို့ချထားသင့်သည်။ သို့မှသာ မီးဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်တွင် ထိုပစ္စည်းများကို ထိရောက်စွာကိုင်တွယ် အသုံးပြုကာ မီးဘေးအန္တရာယ်ကာကွယ်နိုင်မည် ဖြစ်သည်။

ရပ်ကွက်၊ ကျေးရွာတို့တွင်လည်း အိမ်တိုင်း ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်၊ လှေကား စသည့် မီးငြိမ်းသတ်ရေးအထောက်အကူ ပစ္စည်းများကို လုံလောက်စွာထားရှိရန် လိုအပ်သည်။  ထို့အပြင် အိမ်တိုင်းတွင် သဲများ စုပုံထားသင့်သည်။  သစ်တော၊ သစ်ပင်များနှင့်နီးသော ရုံးများ၊ စက်ရုံ များနှင့် လူနေအိမ်များ၊ အဆောက်အအုံများ၏ ပတ်ပတ်လည်တွင် မီးတားလမ်းများ ကြိုတင် ရှင်းလင်းထားသင့်သည်။ ထို့အပြင် ကျေးလက်ဒေသများတွင်လည်း ထမင်းဟင်းချက်ရန်အတွက် 'မီးကျင်းများကို ခပ်နက်နက် တူးထားသင့်သည်။ အထူးသဖြင့် ထမင်း၊ဟင်းကို သတ်မှတ်ချိန်တွင်သာ ချက်ပြုတ်စေပြီး မီးကြွင်းမီးကျန်များကိုလည်း စနစ်တကျစစ်ဆေးရန် လိုအပ်သည်။

ဇာတ်တိုက်လေ့ကျင့်

မီးလောင်မှုဖြစ်လျှင် မီးငြိမ်းသတ်နည်းများကို ရပ်ကွက်၊ ကျေးရွာအလိုက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားသင့်သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးသတ်ကားများဝင်၊ ထွက်နိုင်အောင် လမ်းများ ရှင်းလင်းခြင်း၊ ရောဂါသည်များ၊ သက်ကြီးဘိုးဘွားများနှင့် ကလေးများကို ဦးစားပေးကယ်ဆယ်ရေး အတွက် စနစ်တကျ ဇာတ်တိုက်ထားသင့်သည်။ ထို့အပြင် ရပ်ကွက်၊ ကျေးရွာအလိုက်လည်း အရန်မီးသတ်တပ်ဖွဲ့များ စနစ်တကျဖွဲ့စည်းထားသင့်သည်။ ရပ်ကွက်မီးကင်းတဲများသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင် ရပ်ကွက်လုံခြုံရေးကိုလည်း များစွာအထောက်အကူပြုပါသည်။

လျှပ်စစ်ပစ္စည်းများကိုစစ်ဆေးရန်လို

ပူပြင်းခြောက်သွေ့သောကာလတွင် လျှပ်စစ် ဝိုင်ယာကြိုးများ၊ မီးပလပ်များ၊ ခလုတ်များ၊ ဖြူးစ်များ၊ ဘရိတ်ကာများ စသည့်လျှပ်စစ်အထောက်အကူပြုပစ္စည်းများကို ကျွမ်းကျင်သူများနှင့် စစ်ဆေးပြီးလိုအပ်ပါက အသစ်လဲလှယ်ရပါမည်။ ငွေကုန်မည်ကိုနှမြောပြီး လျှပ်စစ်ပစ္စည်း အဟောင်းများကိုသာ ဆက်လက်သုံးစွဲနေပါက ပိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့် လျှပ်စစ်မီးကို လွန်ကဲစွာ အသုံးပြုပါက ဝိုင်ယာကြိုးများ ခံနိုင်ရည်မရှိသဖြင့် အရည်ပျော်ပြီး ရှော့ခ်ဖြစ်တတ်ပါသည်။ နှစ်စဉ် ဝိုင်ယာရှော့ခ်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် လူပေါင်းမြောက်မြားစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ပေါ်လျက်ရှိသည်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည်လည်း လွန်စွာပင်များပြားလျက်ရှိသည်။

ထို့အပြင် လုပ်ငန်းတာဝန်ဖြင့် အပြင်သို့သွားနေပကလည်း လျှပ်စစ်မီးခလုတ်အားလုံးကို ပိတ်ထားသင့်ပါသည်။ တတ်နိုင်ပါက အဆောက်အအုံအတွင်း သို့ဝင်သည့် ဘရိတ်ကာကို ချထားခဲ့ရမည်။ အဝင် မီးခလုတ်အားလုံးပိတ်ထားမည်ဆိုလျှင် လုံးဝစိတ်ချ နိုင်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လျှပ်စစ်မီးကို ပေါ့ပေါ့ဆဆမထားဘဲ သတိရှိရှိဖြင့် သုံးစွဲသွားရန် လိုအပ်ပေသည်။ မီးလောင်မှုဖြစ်ပွားခဲ့လျှင်လည်း ဆုံးရှုံးမှုနည်းအောင် ကြိုတင်စီမံထားဖို့ လိုပါသည်။ အထူးသဖြင့် မီးသတ်တပ်ဖွဲ့ကို ချက်ချင်းအကြောင်း ကြားရန်လိုသည်။ နွေရာသီတွင် ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မီးသတ်ကားများလွယ်လင့်တကူ ၀င်၊ ထွက်နိုင် အောင်လမ်းကြောင်းများ ရှင်းထားသင့်ပါသည်။

ဖြစ်လေ့ဖြစ်ထရှိ

ပူပြင်းခြောက်သွေ့သော ကာလများတွင်အောက်ဖော်ပြပါ အကြောင်းတရားများကြောင့် မီးလောင်ဆုံးရှုံးမှု မြင့်မားလျက်ရှိသဖြင့် ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်-

(က) ချက်ပြုတ်ကြော် လှော်ခြင်း။  ။ လူနေအိမ်၊တိုက်ခန်းများတွင် ထမင်း၊ ဟင်း ချက်ပြုတ်ရာ၌ လျှပ်စစ်ကွိုင်များ ဖွင့်ထားပြီး မီးပိတ်ရန်မေ့လျော့ရာမှ ရှော့ခ်ဖြစ်လောင်ကျွမ်းတတ်သဖြင့် လူကိုယ်တိုင် စောင့်ကြည့်ချက်ပြုတ်သင့်ပါသည်။ လူမရှိချိန်တွင် လျှပ်စစ်မီးဖြင့် ဟင်းအိုးများ တည်ထားခဲ့ရာမှ ရေခန်းပြီး ရှော့ခ်ဖြစ်လောင်ကျွမ်းတတ်သဖြင့် မီးပိတ်ပြီးမှသာ အခြားလုပ်ငန်း များလုပ်ကိုင်ခြင်းနှင့် အပြင်သို့သွားလာခြင်း များပြုလုပ်သင့်ပါသည်။

(ခ) ဆေးလိပ်သောက်သုံးခြင်း။ ။ ဆေးလိပ်သောက်သုံးမှုကြောင့် မီးလောင်မှုဒုတိယအများဆုံး ဖြစ်ပွားလျက်ရှိသည်။ ဆေးလိပ်သောက်သုံးသူများအနေဖြင့် မီးမငြိမ်းသေးသော ဆေးလိပ်တို များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ ဆေးလိပ်ပြာခွက်များကို လိုက်ကာခန်းဆီး၊ ပရိဘောဂများနှင့် ဝေးကွာသည့်နေရာတွင်ထားရှိရပါမည်။ လမ်းလျှောက်ရင်း ဆေးလိပ်သောက်ခြင်းသည်လည်း မီးလောင်စေနိုင်သည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။

(ဂ) ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေတို့မှ လောင်ကျွမ်းခြင်း။ ။ မြန်မာတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ် သည့်အားလျော်စွာ မြတ်စွာဘုရားကို မီးပူဇော်လေ့ရှိကြသည်။ ထိုမီးပူဇော်သည့် ဖယောင်းတိုင်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်နိုင်သည်။ ထို့ကြောင့် ဘုရားမီးပူဇော်ချိန်တွင် စောင့်ကြည့်သင့်ပါသည်။ ထို့အပြင် အိပ်ရာပေါ်နှင့် လောင်စာများပေါ်တွင် ခြင်ဆေးခွေများ ထွန်းညှိရာမှ မီးလောင်ကျွမ်းမှု ဖြစ်တတ်သဖြင့် အောက်ခံခွက်ဖြင့် စနစ်တကျ ထွန်းညှိပါ။ မီးလောင်ကျွမ်းမှုဖြစ်နိုင်သော မီးခြစ်များကိုလည်း ကလေးများလက်လှမ်းမမီသည့် နေရာများ တွင် သိမ်းဆည်းထားရပါမည်။

ဆုံးရှုံးမှုများ

နှစ်စဉ် သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားနေရသည့် ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါရှိနေသည်။ ထိုသဘာဝဘေး အန္တရာယ်အမျိုးမျိုးအနက် မီးဘေးအန္တရာယ်သည် ၇၀ ရာခိုင်နှုန်း ခန့် ရှိနေသည်။ လူသားတို့၏ပေါ့ဆမှုကြောင့် နှစ်စဉ် မီးလောင်ဆုံးရှုံးမှုတန်ဖိုးသည် လွန်စွာပင် များပြား လျက်ရှိသည်။ ထိုမီးလောင်မှုကြောင့် ဘဝပျက် သွားသောမိသားစုများလည်း ရှိမည်ဖြစ်သည်။ အထူးသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် အသက်စွန့်လွှတ်ခဲ့ရသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များလည်းရှိနေမည်ဖြစ်သည်။ ထိုသို့မီးဘေးအန္တရာယ်နှင့် ရုတ်တရက် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ထိရောက်စွာ ကြိုတင်တားဆီးကာကွယ် ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန် နှင့် တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ဆောင်ရွက် နိုင်ရန်အတွက် ၁၉၉၇ ခုနှစ် မီးသတ်တပ်ဖွဲ့ဥပဒေကို ရုပ်သိမ်း၍ ခေတ်စနစ်နှင့်ကိုက်ညီသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေကို အသစ်ရေးဆွဲလျက် ၂၀၁၅ ခုနှစ် မတ်လ၁၇ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်း နိုင်ခဲ့သည်။

ဆိုရလျှင် ပူပြင်းခြောက်သွေ့သော ကာလရောက်ရှိချိန်တွင် မီးဘေးအန္တရာယ်ကိုလည်း ကြုံတွေ့ရလေ့ရှိသည်။ ထို့ကြောင့်မီးဘေး အန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရပါမည်။ နိုင်ငံတစ်ဝန်းတွင် အကြောင်း အမျိုးမျိုးကြောင့် မီးလောင်မှုများ ကြုံတွေ့ရ တတ်သည်။ မီးလောင်မှုအများဆုံးမှာ ပေါ့ဆမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ဆောင်းတွင်းကာလကတည်းက ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်ထားရမည်ဖြစ်သည်။ မီးလောင်ခံရလျှင် ပိုင်ဆိုင်မှုအားလုံးဆုံးရှုံးနိုင်သဖြင့် နိုင်ငံသားတစ်ဦး တစ်ယောက်ချင်း စီအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အလေးထားလုပ်ဆောင်သွားရန် တိုက်တွန်းလိုက်ရပါသည်။ ။

မောင်သောင်းဝင်း (တမန်ဟောင်း)